မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အထက်အရပ်ရှိအရာများကို စွဲလမ်းနေပါ’

‘အထက်အရပ်ရှိအရာများကို စွဲလမ်းနေပါ’

“မြေကြီးပေါ်ရှိအရာများကို မစွဲလမ်းဘဲ အထက်အရပ်ရှိအရာများကို စွဲလမ်းနေကြလော့။”—ကော. ၃:၂

၁၊ ၂။ (က) ကောလောသဲအသင်းတော် ဘယ်လိုတိုက်ခိုက်ခံနေရသလဲ။ (ခ) ဘုရားသခင့်မိတ်ဆွေဆက်ဖြစ်နေဖို့ ကောလောသဲအသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေကို ဘယ်အကြံပြုချက်က အထောက်အကူဖြစ်စေခဲ့သလဲ။

ပထမရာစုတုန်းက ကောလောသဲအသင်းတော်ရဲ့ စည်းလုံးမှု တိုက်ခိုက်ခံနေရတယ်။ ညီအစ်ကိုတချို့က မောရှေပညတ်ကို လူတိုင်းနာခံသင့်တယ်လို့ ပြောနေတယ်။ တချို့ကလည်း ဘဝမှာ ပျော်ပျော်ပါးပါးနေတာ မှားတယ်လို့ ပြောနေကြတယ်။ ဒါကြောင့် အဲဒီအတွေးအခေါ်တွေရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး ပေါလု အခုလိုသတိပေးခဲ့တယ်– “ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကို လိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။”—ကော. ၂:၈

အဲဒီဘိသိက်ခံခရစ်ယာန်တွေသာ လူ့အတွေးအခေါ်တွေနောက် လိုက်ခဲ့မယ်ဆိုရင် ဘုရားသခင့်သားတွေဖြစ်ရတဲ့ အခွင့်ထူး ဆုံးၡုံးသွားပါလိမ့်မယ်။ (ကော. ၂:၂၀-၂၃) ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ဆက်ရှိနေစေဖို့ သူတို့ကို ပေါလုက “မြေကြီးပေါ်ရှိအရာများကို မစွဲလမ်းဘဲ အထက်အရပ်ရှိအရာများကို စွဲလမ်းနေကြလော့” ဆိုပြီး ပြောခဲ့တယ်။ (ကော. ၃:၂) ဒီခရစ်ယာန်တွေဟာ ကောင်းကင်မှာ ထာဝစဉ်အသက်ရှင်ရမယ့် အထူးမျှော်လင့်ချက်ကို အမှတ်ရနေဖို့လိုတယ်။—ကော. ၁:၄၊ ၅

၃။ (က) ဘိသိက်ခံခရစ်ယာန်တွေမှာ ဘယ်မျှော်လင့်ချက်ရှိသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။

ဒီနေ့ခေတ် ဘိသိက်ခံခရစ်ယာန်တွေလည်း ဘုရားသခင့်နိုင်ငံတော်နဲ့ ကောင်းကင်မှာ ‘ခရစ်တော်ရဲ့ အမွေခံဖက်’ ဖြစ်ရမယ့် မျှော်လင့်ချက်ကို စွဲလမ်းနေကြတယ်။ (ရော. ၈:၁၄-၁၇) ဒါဆို မြေကြီးပေါ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့သူတွေကော။ ပေါလုရဲ့စကားတွေက သူတို့နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ ‘အထက်အရပ်ရှိအရာတွေကို’ စွဲလမ်းတယ်ဆိုတာ သူတို့ ဘယ်လိုဖော်ပြနိုင်သလဲ။ (ယော. ၁၀:၁၆) အာဗြဟံနဲ့ မောရှေဟာ ခက်ခဲတဲ့အချိန်တွေမှာတောင် အထက်အရပ်ရှိအရာတွေကို စွဲလမ်းခဲ့တယ်။ သူတို့ကို ဘယ်လိုတုပနိုင်သလဲ။

အထက်အရပ်ရှိအရာတွေကို စွဲလမ်းတယ်ဆိုတာ ဘာကိုဆိုလိုသလဲ

၄။ မြေကြီးမျှော်လင့်ချက်ရှိတဲ့ ခရစ်ယာန်တွေဟာ အထက်အရပ်ရှိအရာတွေကို စွဲလမ်းကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

မြေကြီးပေါ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေဟာ အထက်အရပ်ရှိအရာတွေကို စွဲလမ်းရမယ်။ ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံတော်ကို ဘ၀မှာ ဦးစားထားခြင်းအားဖြင့် အဲဒီလိုစွဲလမ်းကြောင်း သူတို့ဖော်ပြနေကြတယ်။ (လု. ၁၀:၂၅-၂၇) ခရစ်တော် အဲဒီလိုပဲလုပ်ခဲ့တယ်။ ကျွန်တော်တို့လည်း အဲဒီလိုလုပ်ဖို့ လိုအပ်တယ်။ (၁ ပေ. ၂:၂၁) ပထမရာစုခရစ်ယာန်တွေရဲ့ ဝန်းကျင်မှာ မှားယွင်းတဲ့ လောကအတွေးအခေါ်တွေ၊ ပစ္စည်းဥစ္စာအဓိကထားတဲ့ သဘောထားတွေ လွှမ်းမိုးနေတယ်။ ဒီနေ့ခေတ် စာတန့်လောကမှာလည်း အဲဒီလိုပဲ။ (၂ ကောရိန္သု ၁၀:၅ ကိုဖတ်ပါ။) ဒါကြောင့် ကျွန်တော်တို့က ယေရှုကို တုပဖို့လိုတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးပျက်စေနိုင်တဲ့ အရာမှန်သမျှကနေ ကာကွယ်ဖို့လိုတယ်။

ငွေကြေး၊ ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ လောကရဲ့သဘောထားက ကျွန်တော်တို့ကို မသိမသာ ထိခိုက်နေသလား

၅။ ငွေကြေး၊ ပစ္စည်းဥစ္စာအပေါ် ကျွန်တော်တို့ရဲ့ သဘောထားနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးဖို့လိုသလဲ။

ငွေကြေး၊ ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ လောကရဲ့သဘောထားက ကျွန်တော်တို့ကို မသိမသာ ထိခိုက်နေသလား။ ကျွန်တော်တို့စဉ်းစားတဲ့အရာနဲ့ လုပ်တဲ့အရာတွေက ကိုယ်တကယ်နှစ်သက်မြတ်နိုးရာကို ဖော်ပြတယ်။ ယေရှုက “သင်၏ဘဏ္ဍာရှိရာအရပ်တွင် သင်၏စိတ်နှလုံးလည်း ရောက်တတ်၏” လို့ ပြောခဲ့တယ်။ (မ. ၆:၂၁) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးဖို့လိုတယ်– ‘ငါ့အတွက် အရေးကြီးဆုံးအရာက ဘာလဲ။ ငွေများများရဖို့၊ အလုပ်ကောင်းကောင်းရဖို့၊ ဇိမ်ကျကျနေနိုင်ဖို့ပဲ အချိန်အများကြီးပေးပြီး စဉ်းစားနေသလား။ ဒါမှမဟုတ် ဘဝကို ရိုးရိုးရှင်းရှင်းထားပြီး ယေဟောဝါနဲ့ဆက်ဆံရေးကို အဓိကထားဖို့ ကြိုးစားနေသလား။’ (မ. ၆:၂၂) ‘မြေကြီးဘဏ္ဍာ’ စုဆောင်းဖို့ပဲ အာရုံစိုက်နေမယ်ဆိုရင် ယေဟောဝါနဲ့ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်ဆိုပြီး ယေရှုပြောခဲ့တယ်။—မ. ၆:၁၉၊ ၂၀၊ ၂၄

ကျွန်တော်တို့က အထက်အရပ်ရှိ အရာတွေကို စွဲလမ်းနေမှ မစုံလင်တဲ့ သဘောထားတွေကို တိုက်လှန်ရာမှာ အောင်နိုင်မယ်

၆။ မစုံလင်တဲ့သဘောထားတွေကို တိုက်လှန်ရာမှာ ဘယ်လိုအောင်နိုင်သလဲ။

ကျွန်တော်တို့က မစုံလင်သူတွေဖြစ်တာကြောင့် မကောင်းတာလုပ်ဖို့ သိပ်လွယ်တယ်။ (ရောမ ၇:၂၁–၂၅ ကိုဖတ်ပါ။) ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကို အားမကိုးဘူးဆိုရင် ‘ဆူဆူညံညံပွဲခံတာ၊ သောက်စားမူးယစ်တာ၊ အကျင့်ပျက်တာတွေ’ လုပ်မိနိုင်ပြီး ဘုရားသခင့်ပညတ်ကို မလေးစားတဲ့သူ ဖြစ်သွားနိုင်တယ်။ (ရော. ၁၃:၁၂၊ ၁၃) ကျွန်တော်တို့က မစုံလင်တဲ့ သဘောထားတွေနဲ့ အမြဲတိုက်လှန်နေရတယ်။ အထက်အရပ်ရှိအရာတွေကို စွဲလမ်းနေမှ ဒီတိုက်ပွဲကို အောင်နိုင်မယ်။ ကိုယ့်ဘက်က ကြိုးစားအားထုတ်ဖို့တော့ လိုအပ်တယ်။ ဒါကြောင့် ပေါလုက “ငါ၏ခန္ဓာကိုယ်ကို ထိုးနှက်၍ ကျွန်ဖြစ်စေ၏” လို့ပြောခဲ့တယ်။ (၁ ကော. ၉:၂၇) ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့လိုတယ်။ ဘုရားသခင့်နှစ်သက်မှုရဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တဲ့ သစ္စာရှိသူနှစ်ယောက်ရဲ့ ပုံနမူနာကို လေ့လာကြည့်ကြစို့။—ဟေဗြဲ ၁၁:၆

အာဗြဟံဟာ ‘ယေဟောဝါကို ယုံကြည်’

၇၊ ၈။ (က) ဘယ်လိုအခက်အခဲတွေကို အာဗြဟံနဲ့စာရာ ကြုံတွေ့ခဲ့ရသလဲ။ (ခ) ဘယ်အကြောင်း အာဗြဟံ အမြဲစဉ်းစားခဲ့သလဲ။

ယေဟောဝါက အာဗြဟံကို မိသားစုလိုက် ခါနာန်ပြည်ကိုပြောင်းဖို့ ပြောတဲ့အခါ အာဗြဟံ လိုလိုလားလား နာခံခဲ့တယ်။ ယေဟောဝါက အာဗြဟံရဲ့ ယုံကြည်ခြင်းနဲ့ နာခံမှုကို ဆုချတဲ့အနေနဲ့ သူနဲ့ ပဋိညာဉ်တစ်ခု ဖွဲ့ခဲ့တယ်။ ‘ငါက မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်’ လို့ ယေဟောဝါ ပြောတယ်။ (က. ၁၂:၂ကဘ) တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားပေမဲ့ အာဗြဟံနဲ့စာရာမှာ သားသမီးတစ်ယောက်မှ မရှိသေးဘူး။ ယေဟောဝါက သူပေးထားတဲ့ကတိကို မေ့သွားပြီလား။ ဥရမြို့က ချမ်းသာတဲ့ဘဝကိုစွန့်ပြီး မိုင် ၁,၀၀၀ (ကီလိုမီတာ ၁,၆၀၀) ကျော်ဝေးတဲ့ ခါနာန်ပြည်ကို သူတို့ခရီးထွက်လာခဲ့တာ။ အခုတော့ အာဗြဟံရဲ့ ဘဝအခြေအနေ ခက်ခဲလာပြီ။ သူနဲ့ သူ့မိသားစုဟာ တဲတွေနဲ့နေရတယ်။ ၀၀လင်လင်မစားရတဲ့ အချိန်တွေလည်း ရှိတယ်။ လုယက်တိုက်ခိုက်သူတွေရဲ့ အန္တရာယ်ကိုလည်း ကြုံရတယ်။ (က. ၁၂:၅၊ ၁၀; ၁၃:၁၈; ၁၄:၁၀-၁၆) ဒါပေမဲ့ အာဗြဟံနဲ့ မိသားစုဟာ ချမ်းသာတဲ့ဥရမြို့ကို ပြန်သွားဖို့ စိတ်မကူးခဲ့ဘူး။—ဟေဗြဲ ၁၁:၈–၁၂၊ ၁၅ ကိုဖတ်ပါ။

အာဗြဟံဟာ ‘ယေဟောဝါကို ယုံကြည်’ တယ်။ ‘မြေကြီးပေါ်ရှိအရာတွေကို’ အာရုံမစိုက်ဘူး။ (က. ၁၅:၆ကဘ) ဘုရားသခင့်ကတိတွေအကြောင်းပဲ အမြဲစဉ်းစားတယ်။ အာဗြဟံရဲ့ ယုံကြည်ခြင်းကို ယေဟောဝါမြင်ပြီး အခုလိုပြောတယ်– “မိုးကောင်းကင်ကို မျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်။” (က. ၁၅:၅) သူ့ကို ယေဟောဝါမမေ့သေးဘူးဆိုတာ အာဗြဟံ သိလိုက်ပါပြီ။ ကြယ်တွေကို မော့ကြည့်တိုင်း သူ့အမျိုးအနွယ်ကို များပြားစေမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိကို သတိရနေမှာပဲ။ အချိန်တန်တဲ့အခါ ယေဟောဝါက ကတိပြုထားတဲ့အတိုင်း အာဗြဟံကို သားတစ်ယောက် ရရှိစေခဲ့တယ်။—က. ၂၁:၁၊ ၂

၉။ အာဗြဟံကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။

ကျွန်တော်တို့လည်း အာဗြဟံလိုပဲ ယေဟောဝါရဲ့ကတိတွေ ပြည့်စုံလာဖို့ စောင့်မျှော်နေကြတယ်။ (၂ ပေ. ၃:၁၃) ဒါပေမဲ့ အထက်အရပ်ရှိအရာတွေကို စွဲလမ်းမနေဘူးဆိုရင် အဲဒီကတိတွေ ပြည့်စုံဖို့ သိပ်နှေးတယ်လို့ ခံစားလာနိုင်တယ်။ ယေဟောဝါရဲ့အမှုတော်မှာ အရင်ကလောက် ဇွဲမရှိတော့ဘဲ ဖြစ်လာနိုင်တယ်။ အရင်ကတော့ သင်ဟာ ရှေ့ဆောင်လုပ်ဖို့ ဒါမှမဟုတ် တခြားနည်းတွေနဲ့ အမှုဆောင်ဖို့ ကိုယ်ကျိုးစွန့်ခဲ့တာတွေ ရှိနိုင်တယ်။ အခုကော ဘယ်လိုလဲ။ ယေဟောဝါအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့တဲ့၊ အနာဂတ်ကောင်းချီးတွေကို အာရုံစိုက်ခဲ့တဲ့ အာဗြဟံလို သင် လုပ်ဆောင်နေသလား။ (ဟေဗြဲ ၁၁:၁၀) အာဗြဟံဟာ “ယေဟောဝါဘုရားကို ယုံကြည်” တဲ့အတွက် ဘုရားသခင့်မိတ်ဆွေအဖြစ် ယူမှတ်ခံခဲ့ရတယ်။—ရော. ၄:၃

မောရှေဟာ “မမြင်ရသောအရှင်ကို မြင်”

၁၀။ မောရှေ ဘယ်လိုကြီးပြင်းလာသလဲ။

၁၀ အထက်အရပ်ရှိအရာတွေကို စွဲလမ်းခဲ့သူ နောက်တစ်ယောက်ကတော့ မောရှေဖြစ်တယ်။ အီဂျစ်နိုင်ငံ တန်ခိုးအာဏာအကြီးမားဆုံးအချိန်မှာ မောရှေဟာ အီဂျစ်နန်းတွင်းသားအဖြစ် ကြီးပြင်းလာတယ်။ “အီဂျစ်အတတ်ပညာအလုံးစုံကို သင်ယူ” ခဲ့ရတယ်။ အဲဒီအဆင့်မြင့်ပညာကြောင့် “နှုတ်သတ္တိ၊ လက်သတ္တိနှင့် အထူးပြည့်စုံ” ခဲ့တယ်။ (တ. ၇:၂၂) ဒါကြောင့် အီဂျစ်ပြည်မှာ အရေးပါအရာရောက်သူဖြစ်ဖို့ အခွင့်အရေးအများကြီး ရခဲ့တယ်။ ဒါပေမဲ့ မောရှေဟာ နောက်ပညာတစ်မျိုးကို ပိုတန်ဖိုးထားခဲ့တယ်။

၁၁၊ ၁၂။ မောရှေအတွက် ဘယ်ပညာရေးက အရေးကြီးဆုံးဖြစ်သလဲ။ ဒါကို ကျွန်တော်တို့ ဘယ်လိုသိရသလဲ။

၁၁ မောရှေ ကလေးဘဝတုန်းက အမေဖြစ်သူ ယောခေဗက်ဟာ ဟီဘရူးလူမျိုးရဲ့ ဘုရားသခင်အကြောင်း သူ့ကို သင်ပေးခဲ့တယ်။ ယေဟောဝါနဲ့ပတ်သက်တဲ့ ဒီအသိပညာဟာ မောရှေအတွက် တခြားအရာအားလုံးထက် ပိုအရေးကြီးတယ်။ ဒါကြောင့် ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်နိုင်ဖို့အတွက် ချမ်းသာကြွယ်ဝပြီး အာဏာရမယ့် အခွင့်အရေးကို လိုလိုလားလား စွန့်လွှတ်ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၄–၂၇ ကိုဖတ်ပါ။) ငယ်ငယ်ကတည်းကရခဲ့တဲ့ လေ့ကျင့်မှုနဲ့ ယေဟောဝါအပေါ် ယုံကြည်ခြင်းက အထက်အရပ်ရှိအရာတွေကို စွဲလမ်းဖို့ မောရှေကို ကူညီပေးခဲ့တယ်။

မောရှေဟာ ဘုရားသခင့် အလိုတော်ကို လုပ်ဆောင်နိုင်ဖို့အတွက် ချမ်းသာကြွယ်ဝပြီး အာဏာရမယ့် အခွင့်အရေးကို လိုလိုလားလား စွန့်လွှတ်ခဲ့တယ်

၁၂ မောရှေဟာ အီဂျစ်ပြည်မှာ အကောင်းဆုံးပညာတွေ သင်ခဲ့ရပေမဲ့ အဲဒါကို အာဏာရဖို့၊ ထင်ပေါ်ဖို့၊ ချမ်းသာဖို့အတွက် အသုံးမချခဲ့ဘူး။ အဲဒီအစား “ဖာရောဘုရင့်သမီး၏သားတော်ဟု အခေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်၍ အပြစ်နှင့်ဆိုင်သောပျော်မွေ့ခြင်းကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်” ခဲ့တယ်လို့ ကျမ်းစာပြောတယ်။ နောက်ပိုင်း အတော်ကြာတဲ့အခါ ယေဟောဝါရဲ့လူမျိုးကို ဦးဆောင်ဖို့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကို အသုံးပြုခဲ့တယ်။

၁၃၊ ၁၄။ (က) ယေဟောဝါရဲ့လူမျိုးကို ကျွန်ဘဝကနေ လွတ်မြောက်အောင်မလုပ်ပေးခင် မောရှေ ဘာတွေသင်ယူဖို့ လိုအပ်သလဲ။ (ခ) ကျွန်တော်တို့လည်း ဘာတွေသင်ယူဖို့ လိုအပ်သလဲ။

၁၃ မောရှေဟာ ယေဟောဝါကိုချစ်တယ်။ အဲဒီတုန်းက အီဂျစ်ပြည်မှာ ကျွန်ဘဝရောက်နေတဲ့ ကိုယ်တော့်လူမျိုးကိုလည်း ချစ်တယ်။ ဒါကြောင့် အသက် ၄၀ ရောက်တဲ့အခါ ကိုယ်တော့်လူမျိုးကို ကျွန်ဘဝကနေ လွတ်မြောက်အောင်လုပ်ပေးဖို့ အသင့်ဖြစ်ပြီလို့ ထင်ခဲ့တယ်။ (တ. ၇:၂၃-၂၅) ဒါပေမဲ့ မောရှေ အသင့်မဖြစ်သေးဘူးဆိုတာ ယေဟောဝါသိတယ်။ နှိမ့်ချမှု၊ စိတ်ရှည်မှု၊ နူးညံ့သိမ်မွေ့မှုနဲ့ ချုပ်တည်းမှု အရည်အသွေးတွေ လိုနေသေးတယ်။ (သု. ၁၅:၃၃) ရှေ့မှာကြုံရမယ့် ပြဿနာကြီးတွေကို ဖြေရှင်းတတ်အောင်လည်း လေ့ကျင့်မှုလိုသေးတယ်။ သိုးထိန်းဘဝနဲ့နေထိုင်ခဲ့ရတဲ့ နောက်ထပ်အနှစ် ၄၀ အတွင်း အဲဒီအရည်အသွေးတွေကို မောရှေ ရလာတယ်။

၁၄ အဲဒီလေ့ကျင့်မှုကနေ မောရှေ အကျိုးရခဲ့သလား။ ရခဲ့ပါတယ်။ သူဟာ “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” လာတယ်လို့ ကျမ်းစာပြောတယ်။ (တော. ၁၂:၃) နှိမ့်ချမှုရှိလာတဲ့အတွက် လူအမျိုးမျိုး၊ ပြဿနာအမျိုးမျိုးနဲ့ ကြုံရချိန်မှာ စိတ်ရှည်တတ်လာတယ်။ (ထွ. ၁၈:၂၆) ကျွန်တော်တို့လည်း “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်ပြီး ဘုရားသခင့်ကမ္ဘာသစ်ထဲ ဝင်နိုင်အောင် ကူညီပေးမယ့် အရည်အသွေးတွေ လိုအပ်တယ်။ (ဗျာ. ၇:၁၄) ကျွန်တော်တို့ဟာ စိတ်ဆိုးလွယ်၊ စိတ်ထိခိုက်လွယ်တယ်လို့ ကိုယ်ထင်ထားသူတွေ အပါအဝင် လူအားလုံးနဲ့ တည့်အောင်ပေါင်းသလား။ “လူအမျိုးမျိုးတို့ကို ရိုသေ၍ ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ကြလော့” လို့ တမန်တော်ပေတရု အားပေးထားတယ်။—၁ ပေ. ၂:၁၇

အထက်အရပ်ရှိအရာတွေကို ဆက်စွဲလမ်းနေပါ

၁၅၊ ၁၆။ (က) မှန်ကန်တဲ့အရာတွေကို ဘာကြောင့် ဆက်စွဲလမ်းနေရမလဲ။ (ခ) ခရစ်ယာန်တွေဟာ အမူအကျင့်ကောင်းရှိနေဖို့ ဘာကြောင့်လိုအပ်သလဲ။

၁၅ ကျွန်တော်တို့ဟာ “ခက်ခဲကျပ်တည်းသောကာလ” မှာ အသက်ရှင်နေရတယ်။ (၂ တိ. ၃:၁) ဒါကြောင့် ဘုရားသခင်နဲ့ နီးကပ်နေဖို့ မှန်ကန်တဲ့အရာတွေကို ဆက်စွဲလမ်းနေရမယ်။ (၁ သက်. ၅:၆-၉) အဲဒီလိုလုပ်နိုင်တဲ့ နည်းသုံးနည်းကို ကြည့်ကြစို့။

၁၆ အမူအကျင့်အားဖြင့်– အမူအကျင့်ကောင်းရှိဖို့ သိပ်အရေးကြီးတယ်ဆိုပြီး ပေတရုပြောတယ်။ “လောကရှိလူများရှေ့တွင် ကောင်းမွန်စွာ ကျင့်ကြံလျက်နေကြလော့” လို့ သူ ပြောတယ်။ ယေဟောဝါကို မသိတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ အမူအကျင့်ကို သတိထားမိပြီး “ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်း” လာနိုင်တယ်လို့ သူ ဆက်ပြောတယ်။ (၁ ပေ. ၂:၁၂) အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာ၊ အားကစားလုပ်ချိန်မှာ၊ သတင်းကောင်းဟောပြောချိန်မှာ ကျွန်တော်တို့ရဲ့ အမူအကျင့်အားဖြင့် ယေဟောဝါကို ဂုဏ်တင်ဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ရမယ်။ ကျွန်တော်တို့အားလုံး မစုံလင်သူတွေဖြစ်ပြီး အမှားတွေ လုပ်တတ်တယ်ဆိုတာ မှန်ပါတယ်။ (ရော. ၃:၂၃) ဒါပေမဲ့ စိတ်ဓာတ်မကျသင့်ဘူး။ ယေဟောဝါရဲ့ အကူအညီနဲ့ “ယုံကြည်ခြင်းတိုက်ပွဲကို ကောင်းစွာတိုက်” နိုင်ပါတယ်။—၁ တိ. ၆:၁၂

ကျွန်တော်တို့လည်း ခရစ်တော်လို စဉ်းစားမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ နှိမ့်ချမှုနဲ့ ထက်သန်မှု ပိုရှိလာပါလိမ့်မယ်

၁၇။ ယေရှုရဲ့ စိတ်သဘောထားကို ဘယ်လိုတုပနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၇ စိတ်နေသဘောထားအားဖြင့်– အမူအကျင့်ကောင်းရှိဖို့ဆိုရင် သဘောထားမှန်ရှိဖို့ လိုအပ်တယ်။ “ခရစ်တော်ယေရှုတွင်ရှိသော ထိုစိတ်သဘောထားမျိုးကို သင်တို့တွင်လည်း ရှိစေကြလော့” လို့ တမန်တော်ပေါလု ပြောတယ်။ (ဖိ. ၂:၅) ယေရှုမှာ ဘယ်လိုသဘောထားမျိုး ရှိသလဲ။ ယေရှုမှာ နှိမ့်ချတဲ့သဘောရှိတယ်။ ဒါကြောင့် ယေဟောဝါအတွက် အကောင်းဆုံးပေးဆက်ချင်ခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းက သူ့စိတ်ထဲမှာ အဓိကစွဲလမ်းနေတဲ့အရာပဲ။ (မာ. ၁:၃၈; ၁၃:၁၀) ယေရှုအတွက် အကောင်းဆုံးလမ်းညွှန်ဟာ သမ္မာကျမ်းစာပဲ။ (ယော. ၇:၁၆; ၈:၂၈) ယေရှုဟာ ကျမ်းစာကို သေချာလေ့လာတဲ့အတွက် ကျမ်းချက်တွေကို ကိုးကားနိုင်တယ်၊ ခုခံကာကွယ်နိုင်တယ်၊ ရှင်းပြနိုင်တယ်။ ကျွန်တော်တို့လည်း ခရစ်တော်လို စဉ်းစားမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ နှိမ့်ချမှုနဲ့ ထက်သန်မှု ပိုရှိလာပြီး ကျမ်းစာလေ့လာရာမှာ ပိုဝီရိယရှိလာပါလိမ့်မယ်။

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဟာ ယေရှုအတွက် အဓိက ဦးစားထားရာဖြစ် (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၈။ ယေဟောဝါရဲ့လုပ်ငန်းကို ဘယ်အရေးကြီးနည်းလမ်းတွေနဲ့ ထောက်ကူပေးနိုင်သလဲ။

၁၈ ထောက်ကူမှုအားဖြင့်– ဘုရားသခင့်ရည်ရွယ်ချက်က ‘ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသူတွေ’ ယေရှုကို လက်အောက်ခံဖို့ဖြစ်တယ်။ (ဖိ. ၂:၉-၁၁) ယေရှုဟာ သိပ်အရေးပါတဲ့အနေအထား ရရှိထားပေမဲ့ သူ့ဖခင်ကို နှိမ့်ချစွာ လက်အောက်ခံတယ်။ ကျွန်တော်တို့လည်း အဲဒီလိုဖြစ်သင့်တယ်။ (၁ ကော. ၁၅:၂၈) ‘လူမျိုးတကာမှလူတို့ကို တပည့်ဖြစ်စေ’ တဲ့လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ယေဟောဝါရဲ့လုပ်ငန်းကို ထောက်ကူပေးနိုင်တယ်။ (မ. ၂၈:၁၉) လူသားချင်းကိုရော၊ ညီအစ်ကိုညီအစ်မတွေကိုပါ ကောင်းမှုပြုခြင်းအားဖြင့်လည်း ထောက်ကူပေးနိုင်တယ်။—ဂလ. ၆:၁၀

၁၉။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၁၉ အထက်အရပ်ရှိအရာတွေကို စွဲလမ်းနေဖို့ ယေဟောဝါ သတိပေးတဲ့အတွက် ကျေးဇူးတင်စရာပဲ။ ကျွန်တော်တို့ဟာ “ခံနိုင်ရည်ရှိစွာပြေး” ပြီး မှန်ကန်တဲ့အရာတွေကို အာရုံစိုက်နေဖို့ လိုအပ်တယ်။ (ဟေဗြဲ ၁၂:၁) ‘ယေဟောဝါရဲ့အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့’ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ အဲဒီလိုလုပ်မယ်ဆိုရင် ကောင်းကင်ဖခင်က ကျွန်တော်တို့ကို ကြွယ်ဝစွာ ဆုချပါလိမ့်မယ်။—ကော. ၃:၂၃၊ ၂၄