မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော်တို့ ဘာကြောင့် သန့်ရှင်းရမလဲ

ကျွန်တော်တို့ ဘာကြောင့် သန့်ရှင်းရမလဲ

“သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။”—ဝတ်. ၁၁:၄၅

၁။ ဝတ်ပြုရာကျမ်းက ကျွန်တော်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

ယေဟောဝါဟာ သူ့ကျေးကျွန်အားလုံး သန့်ရှင်းနေဖို့ မျှော်လင့်တယ်။ သန့်ရှင်းမှုအကြောင်း ကျမ်းစာတစ်အုပ်လုံးမှာ ဖော်ပြထားပေမဲ့ ဝတ်ပြုရာကျမ်းမှာတော့ အများဆုံးဖော်ပြထားတယ်။ ဒီကျမ်းကို နားလည်ပြီး တန်ဖိုးထားလေးမြတ်ခြင်းက ကျွန်တော်တို့ကို သန့်ရှင်းနေဖို့ ကူညီပေးပါလိမ့်မယ်။

၂။ ဝတ်ပြုရာကျမ်းမှာ ဘာတွေတွေ့ရမလဲ။

မောရှေရေးသားခဲ့တဲ့ ဝတ်ပြုရာကျမ်းဟာ ‘သွန်သင်ခြင်းတွင် အကျိုးရှိ’ တဲ့ “ကျမ်းဂန်ရှိသမျှ” ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ (၂ တိ. ၃:၁၆) မူရင်းကျမ်းထဲက ဝတ်ပြုရာကျမ်းရဲ့ အခန်းကြီးတိုင်းမှာ ယေဟောဝါရဲ့နာမည်ကို ဆယ်ကြိမ်လောက်ဖော်ပြထားတယ်။ ဝတ်ပြုရာကျမ်းကို နားလည်ခြင်းက ဘုရားသခင့်နာမည်ကို ရှုတ်ချစရာဖြစ်စေနိုင်တဲ့ အရာအားလုံးကိုရှောင်ဖို့ ခွန်အားပေးနိုင်တယ်။ (ဝတ်. ၂၂:၃၂) ဒီကျမ်းမှာ ‘ငါဟာ ယေဟောဝါပဲ’ ဆိုတဲ့စကားစု အကြိမ်ကြိမ်ပါတယ်။ ဒါက ဘုရားသခင်ကိုနာခံဖို့ ကျွန်တော်တို့ကို သတိပေးတယ်။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဝတ်ပြုရာကျမ်းထဲက အဖိုးတန်ရတနာတွေကို ရှာဖွေကြပါမယ်။ ဒါက ဘုရားသခင်ကို ဝတ်ပြုရာမှာ သန့်ရှင်းနေဖို့ ကူညီပေးပါလိမ့်မယ်။

သန့်ရှင်းဖို့ တောင်းဆိုထား

၃၊ ၄။ အာရုန်နဲ့ သူ့သားတွေ ရေချိုးတာက ဘာကို ကိုယ်စားပြုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဝတ်ပြုရာ ၈:၅၊ ၆ ကိုဖတ်ပါ။ ယေဟောဝါက အာရုန်ကို အစ္စရေးလူမျိုးရဲ့ ယဇ်ပုရောဟိတ်မင်းအဖြစ်၊ သူ့သားတွေကို လက်ထောက်ယဇ်ပုရောဟိတ်တွေအဖြစ် ခန့်အပ်ခဲ့တယ်။ အာရုန်ဟာ ယေရှုကို ကိုယ်စားပြုတယ်။ အာရုန်ရဲ့သားတွေဟာ ဘိသိက်ခံခရစ်ယာန်တွေကို ကိုယ်စားပြုတယ်။ အာရုန် ရေချိုးတာက ဘာအဓိပ္ပာယ်လဲ။ ယေရှုလည်း သန့်ရှင်းအောင်လုပ်ဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ ယေရှုဟာ အပြစ်ကင်းပြီး “အပြစ်အနာအဆာမရှိ” ဘူး။ (ဟေဗြဲ ၇:၂၆; ၉:၁၄) တကယ်တော့ အာရုန်ရေချိုးပြီးလို့ သန့်စင်သွားပြီးနောက်မှသာ ဖြောင့်မတ်သန့်ရှင်းသူ ယေရှုကို ကိုယ်စားပြုတာဖြစ်တယ်။ ဒါဆို အာရုန်ရဲ့သားတွေ ရေချိုးတာက ဘာကို ကိုယ်စားပြုသလဲ။

အာရုန်ရဲ့သားတွေ ရေချိုးတာက ကောင်းကင်မှာ ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့ ရွေးချယ်ခံရသူတွေရဲ့ သန့်ရှင်းခြင်းကို ကိုယ်စားပြုတယ်။ ဒီသန့်ရှင်းခြင်းက နှစ်ခြင်းခံတာနဲ့ ဆက်စပ်သလား။ မဆက်စပ်ပါဘူး။ နှစ်ခြင်းက အပြစ်တွေကို ဆေးကြောပေးတာ မဟုတ်ဘူး။ အဲဒီအစား ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံတဲ့ အထိမ်းအမှတ်ပဲဖြစ်တယ်။ ဘိသိက်ခံတွေဟာ ‘တရားစကားတော်အားဖြင့်’ သန့်စင်ခံရတာဖြစ်လို့ ခရစ်တော်ရဲ့ သွန်သင်ချက်တွေကို ဘဝမှာ အပြည့်အဝလိုက်နာရမယ်။ (ဧ. ၅:၂၅-၂၇) ဒီနည်းအားဖြင့် သူတို့ သန့်ရှင်းစင်ကြယ်လာကြတယ်။ ဒါဆို “အခြားသိုး” တွေကော ဘယ်လိုလဲ။—ယော. ၁၀:၁၆

ယေဟောဝါက သူ့ကျေးကျွန်အားလုံး သန့်ရှင်းနေပြီး စည်းလုံးနေတာကိုမြင်တဲ့အခါ ပျော်ရွှင်တယ်

၅။ အခြားသိုးတွေဟာ ဘုရားသခင့်တရားစကားတော်အားဖြင့် သန့်စင်ခံရတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

အာရုန်ရဲ့သားတွေက အခြားသိုးတွေထဲက “လူအုပ်ကြီး” ကို ကိုယ်စားမပြုဘူး။ (ဗျာ. ၇:၉) ဒါပေမဲ့ အခြားသိုးတွေလည်း ဘုရားသခင့်တရားစကားတော်အားဖြင့် သန့်ရှင်းစင်ကြယ်လာကြတယ်။ ဒီမြေကြီးမျှော်လင့်ချက်ရှိသူတွေဟာ ယေရှုပူဇော်သကာရဲ့ အစွမ်းတန်ခိုးအကြောင်း ကျမ်းစာသွန်သင်တာကို ယုံကြည်လာတဲ့အခါ ယေဟောဝါကို “နေ့ညမပြတ်” ဝတ်ပြုဖို့ လှုံ့ဆော်ခံရတယ်။ (ဗျာ. ၇:၁၃-၁၅) ဘိသိက်ခံတွေနဲ့ အခြားသိုးတွေဟာ သန့်ရှင်းအောင်အမြဲလုပ်နေရတယ်။ ဒါကြောင့် သူတို့ရဲ့အကျင့်ဟာ အချိန်တိုင်းမှာ သန့်ရှင်းနေတယ်။ (၁ ပေ. ၂:၁၂) ယေဟောဝါက သူ့ကျေးကျွန်အားလုံး သန့်ရှင်းနေပြီး စည်းလုံးနေတာကို မြင်တဲ့အခါ၊ သိုးထိန်းယေရှုရဲ့စကားကို နားထောင်ပြီး သူ့နောက် သစ္စာရှိရှိလိုက်နေတာကို မြင်တဲ့အခါ ပျော်ရွှင်တယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် မှန်မှန်ဆန်းစစ်နေရမလဲ။

အစ္စရေးယဇ်ပုရောဟိတ်တွေ ရုပ်ပိုင်းအရ သန့်ရှင်းနေရမယ်ဆိုတဲ့အချက်က ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ ကျွန်တော်တို့ သန့်ရှင်းသပ်ရပ်ပြီး ဝတ်ပြုရာနေရာတွေကိုလည်း သန့်သန့်ရှင်းရှင်းထားတယ်ဆိုတာ ကျမ်းစာလေ့လာသူတွေ သတိထားမိလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလောက်ပဲ မဟုတ်ပါဘူး။ ယေဟောဝါကို ဝတ်ပြုလိုသူတွေဟာ “ဖြူစင်သောနှလုံး” လည်း ရှိရမယ်။ (ဆာလံ ၂၄:၃၊ ၄ ကိုဖတ်ပါ; ဟေရှာ. ၂:၂၊ ၃) ဒါကြောင့် ယေဟောဝါကို သန့်ရှင်းတဲ့ကိုယ်ခန္ဓာနဲ့သာမက သန့်ရှင်းတဲ့စိတ်နှလုံးနဲ့ ဝတ်ပြုရမယ်။ ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ဆန်းစစ်နေဖို့လိုတယ်။ သန့်ရှင်းနေဖို့အတွက် အပြောင်းအလဲကြီးတွေ လုပ်ဖို့လိုတဲ့အခါတွေလည်း ရှိနိုင်တယ်။ (၂ ကော. ၁၃:၅) ဥပမာ၊ နှစ်ခြင်းခံပြီးသူတစ်ယောက်ဟာ ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်နေတယ်ဆိုရင် ‘ငါ သန့်ရှင်းနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အဲဒီလိုဆန်းစစ်ပြီးနောက် ဒီအကျင့်ဆိုးကိုဖြတ်ဖို့ အကူအညီရယူသင့်တယ်။—ယာ. ၅:၁၄

နာခံမှုရှိခြင်းအားဖြင့် သန့်ရှင်းနေပါ

၇။ ဝတ်ပြုရာ ၈:၂၂-၂၄ မှာဖော်ပြထားတဲ့ ယဇ်ပုရောဟိတ်တွေလိုပဲ ယေရှု ဘယ်ပုံနမူနာချမှတ်ခဲ့သလဲ။

အစ္စရေးနိုင်ငံမှာ ယဇ်ပုရောဟိတ်တွေကိုခန့်အပ်တဲ့အခါ သိုးထီးရဲ့သွေးကို ယဇ်ပုရောဟိတ်မင်းအာရုန်နဲ့ သူ့သားတွေရဲ့ ညာဘက် နား၊ လက်မ၊ ခြေမတွေပေါ်မှာ သုတ်ပေးတယ်။ (ဝတ်ပြုရာ ၈:၂၂–၂၄ ကိုဖတ်ပါ။) သွေးကို အဲဒီလိုနည်းနဲ့ အသုံးပြုတာက ယဇ်ပုရောဟိတ်တွေဟာ တာဝန်တွေကို နာခံမှုအပြည့်နဲ့ ထမ်းဆောင်မယ်ဆိုတာ ဖော်ပြတယ်။ အဲဒီလိုပဲ ယဇ်ပုရောဟိတ်မင်းယေရှုဟာ ဘုရားသခင့်လမ်းညွှန်မှုကို နာခံတယ်။ ယေဟောဝါရဲ့အလိုတော်အတိုင်း လုပ်ဆောင်တယ်။ သန့်ရှင်းတဲ့လမ်းစဉ်အတိုင်း တစိုက်မတ်မတ်လိုက်တယ်။ ဒီနည်းအားဖြင့် ဘိသိက်ခံတွေနဲ့ အခြားသိုးတွေအတွက် အကောင်းဆုံးပုံနမူနာ ချမှတ်ခဲ့တယ်။—ယော. ၄:၃၁-၃၄

၈။ ကျွန်တော်တို့အားလုံး ဘာလုပ်ရမလဲ။

ယေဟောဝါကိုဝတ်ပြုသူတွေဖြစ်တဲ့ ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်အပေါ် သမာဓိစောင့်သိခဲ့တဲ့ ယေရှုရဲ့ပုံနမူနာကို လိုက်လျှောက်ရမယ်။ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်လမ်းညွှန်မှုကို တိတိကျကျ နာခံရမယ်။ ဒီနည်းအားဖြင့် ‘ဘုရားသခင်ရဲ့ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းနည်းစေ’ တဲ့အဖြစ်မျိုးကို ရှောင်ရှားနိုင်တယ်။ (ဧ. ၄:၃၀) ကိုယ်သွားတဲ့လမ်းတွေကို ဖြောင့်စေဖို့ စိတ်ပိုင်းဖြတ်ထားပါ။—ဟေဗြဲ ၁၂:၁၃

ကျမ်းစာမှာပါတဲ့ ဘုရားသခင့် လမ်းညွှန်မှုကို တိတိကျကျ နာခံရမယ်။ ဒီနည်းအားဖြင့် ‘ဘုရားသခင်ရဲ့ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းနည်းစေ’ တဲ့အဖြစ်မျိုးကို ရှောင်ရှားနိုင်တယ်

၉။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ အနီးကပ်လုပ်ဆောင်ခဲ့တဲ့ ညီအစ်ကိုသုံးယောက် ဘာပြောခဲ့သလဲ။ သူတို့ရဲ့စကားတွေက သန့်ရှင်းမှုရှိနေဖို့ သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ နှစ်ပေါင်းများစွာ အနီးကပ်လုပ်ဆောင်ခဲ့တဲ့ ညီအစ်ကိုသုံးယောက်ပြောခဲ့တဲ့ စကားတွေကို သုံးသပ်ကြည့်ကြစို့။ ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “ဒီညီအစ်ကိုတွေနဲ့ လုပ်ဆောင်ရတာ တကယ့်အခွင့်ထူးဖြစ်ပေမဲ့ အနီးကပ်နေရတဲ့အခါ သူတို့ဟာ ဘိသိက်ခံတွေဖြစ်ပေမဲ့ မစုံလင်ဘူးဆိုတာ သိလာတယ်။ ဒါပေမဲ့ ဦးဆောင်နေသူတွေကို နာခံဖို့ ကျွန်တော် ပန်းတိုင်ထားတယ်။” နောက်ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “‘ခရစ်တော်ကိုနာခံပါ’ ဆိုတဲ့ ၂ ကောရိန္သု ၁၀:၅ လိုကျမ်းချက်တွေက ဦးဆောင်နေသူတွေကို နာခံပြီး သူတို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ ဒါဟာ နှလုံးသားထဲကထွက်ပေါ်လာတဲ့နာခံမှုပဲ။” နောက်ညီအစ်ကိုတစ်ယောက်လည်း အခုလိုပြောတယ်– “ယေဟောဝါချစ်တဲ့အရာကို ချစ်ပြီး မုန်းတဲ့အရာကို မုန်းတာ၊ ကိုယ်တော့်လမ်းညွှန်မှုကို အမြဲရှာတာ၊ ကိုယ်တော်နှစ်သက်တာကို အမြဲလုပ်ဆောင်တာဟာ အဖွဲ့အစည်းကို နာခံရာကျသလို မြေကြီးပေါ်မှာ ရည်ရွယ်ချက်ဖြစ်မြောက်လာဖို့ ကိုယ်တော်အသုံးပြုနေသူတွေကိုလည်း နာခံရာကျတယ်။” ဒီညီအစ်ကိုက ညီအစ်ကိုနေသန်နောရ်ရဲ့ ပုံနမူနာကို သတိရမိတယ်။ ၁၉၂၅ ကင်းမျှော်စင် ရဲ့ “လူမျိုးတစ်မျိုး မွေးဖွားခြင်း” ဆောင်းပါးမှာ ဖော်ပြထားတဲ့အချက်တွေကို တချို့ မေးခွန်းထုတ်ကြပေမဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာတဲ့ ညီအစ်ကိုနောရ်ကတော့ လက်ခံခဲ့တယ်။ ညီအစ်ကိုနောရ်နဲ့ နာခံမှုကို အဲဒီညီအစ်ကို အထင်ကြီးလေးစားသွားတယ်။ ဒီညီအစ်ကိုသုံးယောက်ရဲ့စကားတွေကို သုံးသပ်ခြင်းက ဘုရားသခင်ကိုနာခံပြီး သန့်ရှင်းမှုရှိနေဖို့ သင့်ကိုကူညီပေးနိုင်ပါတယ်။

သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကို အပြည့်အဝနာခံပါ

၁၀။ သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကို နာခံဖို့ ဘယ်လောက်အရေးကြီးသလဲ။

၁၀ ဝတ်ပြုရာ ၁၇:၁၀ ကိုဖတ်ပါ။ ယေဟောဝါဟာ အစ္စရေးတွေကို ဘယ်သွေးကိုမှမစားဖို့ မိန့်မှာခဲ့တယ်။ ခရစ်ယာန်တွေကိုလည်း လူသွေးနဲ့ တိရစ္ဆာန်သွေးတွေကို ရှောင်ဖို့ မိန့်မှာထားတယ်။ (တ. ၁၅:၂၈၊ ၂၉) ကျွန်တော်တို့ကို ဘုရားသခင် ပစ်ပယ်ပြီး အသင်းတော်ကနေ နှင်ထုတ်လိုက်မယ့်အရာတစ်ခုခုကို လုပ်မိတယ်လို့ တွေးလိုက်ရုံနဲ့တင် နာကျင်ကြေကွဲစရာပဲ။ ယေဟောဝါကို ကျွန်တော်တို့ချစ်ပြီး နာခံချင်တယ်။ အသက်အန္တရာယ်ကြုံရချိန်မှာတောင် ယေဟောဝါကို မသိတဲ့၊ ဂရုမစိုက်တဲ့သူတွေကို ကျွန်တော်တို့ အလျှော့ပေးမှာမဟုတ်ဘူး။ သူတို့က ယေဟောဝါကိုမနာခံဖို့ ကျွန်တော်တို့ကို ဖိအားပေးလိမ့်မယ်။ သွေးမသွင်းတဲ့အတွက် လှောင်ပြောင်လိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ကိုနာခံဖို့ ကျွန်တော်တို့ ရွေးချယ်ထားတယ်။ (ယု. ၁၇၊ ၁၈) ဒါဆို သွေးမစားဖို့၊ သွေးမသွင်းဖို့ ‘အခိုင်အမာဆုံးဖြတ်’ ထားနိုင်အောင် ဘာက ကူညီပေးမလဲ။—တရား. ၁၂:၂၃ကဘ။

ယေဟောဝါကို ကျွန်တော်တို့ချစ်ပြီး နာခံချင်တယ်

၁၁။ အပြစ်ဖြေရာနေ့ဟာ ရိုးရာဓလေ့တစ်ခုလောက်ပဲ မဟုတ်ဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၁ တစ်နှစ်တစ်ခါ အပြစ်ဖြေရာနေ့မှာ ယဇ်ပုရောဟိတ်မင်း လုပ်ဆောင်တဲ့အရာက သွေးကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာ နားလည်စေတယ်။ သွေးကို အထူးရည်ရွယ်ချက်အတွက်ပဲ အသုံးပြုတယ်။ အဲဒါကတော့ အပြစ်တွေကိုခွင့်လွှတ်ဖို့အတွက်ပဲ။ ဒါမှ အစ္စရေးတွေဟာ ဘုရားသခင်နဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရရှိနိုင်မယ်။ နွားသွေးနဲ့ ဆိတ်သွေးကို ပဋိညာဉ်သေတ္တာအဖုံးရှေ့မှာ ဖျန်းတယ်။ (ဝတ်. ၁၆:၁၄၊ ၁၅၊ ၁၉) ဒီသွေးအားဖြင့် ဘုရားသခင်ဟာ အစ္စရေးတွေရဲ့အပြစ်ကို ခွင့်လွှတ်မှာဖြစ်တယ်။ အဲဒီအပြင် လူတစ်ယောက်က တိရစ္ဆာန်တစ်ကောင်ကို စားဖို့သတ်တယ်ဆိုရင် သွေးကိုသွန်ပြီး မြေနဲ့ဖုံးရမယ်လို့ ယေဟောဝါပြောတယ်။ ဘာကြောင့်လဲဆိုတော့ ‘သတ္တဝါတိုင်းမှာ အသက်ဟာ သွေး’ ဖြစ်လို့ပဲ။ (ဝတ်. ၁၇:၁၁-၁၄ကဘ) ဒီပညတ်တွေဟာ ဘာမှအရေးမပါတဲ့ ရိုးရာဓလေ့တွေလောက်ပဲ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဘုရားသခင်ဟာ နောဧနဲ့ သားမြေးတွေကို သွေးမစားဖို့ မိန့်မှာခဲ့တယ်။ (က. ၉:၃-၆) ဒါက ခရစ်ယာန်တွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၁၂။ ပေါလုဟာ ခွင့်လွှတ်မှုနဲ့ သွေးကို ဘယ်လိုဆက်စပ်ခဲ့သလဲ။

၁၂ သွေးဟာ စင်ကြယ်စေနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ တမန်တော်ပေါလု အခုလိုရှင်းပြတယ်– “ပညတ်တရားအရ အရာခပ်သိမ်းနီးပါးကို အသွေးအားဖြင့် စင်ကြယ်စေရ၏။ အသွေးသွန်းလောင်းခြင်းမရှိဘဲ အပြစ်လွှတ်ခြင်း မရှိ။” (ဟေဗြဲ ၉:၂၂) ဒါပေမဲ့ တိရစ္ဆာန်ယဇ်တွေရဲ့ တန်ဖိုးကတော့ ခဏပဲခံတယ်။ ဒီတိရစ္ဆာန်ယဇ်တွေက အစ္စရေးတွေဟာ အပြစ်သားတွေဖြစ်တယ်၊ အပြစ်တွေကို အပြီးအပိုင်ဖယ်ရှားပေးမယ့် ပိုကြီးမြတ်တဲ့ယဇ် လိုအပ်တယ်ဆိုတာကို အမှတ်ရစေတယ်လို့ ပေါလုပြောတယ်။ ပညတ်တရားဟာ “နောင်လာမည့် ကောင်းမြတ်သောအရာများ၏ စစ်မှန်သောပုံသဏ္ဌာန်မဟုတ်ဘဲ ပုံရိပ်သာ” ဖြစ်တယ်။ (ဟေဗြဲ ၁၀:၁-၄) ဒါဆို ဘယ်နည်းနဲ့ အပြစ်တွေ ခွင့်လွှတ်ခံရနိုင်မလဲ။

၁၃။ ယေရှု သူ့သွေးရဲ့တန်ဖိုးကို ယေဟောဝါဆီဆက်သတာ သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၁၃ ဧဖက် ၁:၇ ကိုဖတ်ပါ။ ယေရှုဟာ လူသားအားလုံးအတွက် ယဇ်ပူဇော်သကာအဖြစ် သေဆုံးခဲ့တယ်။ ဒါက ယေရှုကိုရော ဘုရားသခင်ကိုပါ ချစ်မြတ်နိုးသူတွေအတွက် သိပ်အဓိပ္ပာယ်ရှိတယ်။ (ဂလ. ၂:၂၀) ဒါပေမဲ့ ယေရှုထမြောက်ပြီးနောက်ပိုင်း လုပ်ဆောင်တဲ့အရာကသာ ကျွန်တော်တို့ကို အပြစ်ကနေ ကယ်တင်ပေးတာ ဖြစ်တယ်။ ဒါကို အပြစ်ဖြေရာနေ့မှာ ပြုလုပ်ခဲ့တဲ့အရာက ဖော်ပြတယ်။ အဲဒီနေ့မှာ ယဇ်ပုရောဟိတ်မင်းက အသန့်ရှင်းဆုံးအခန်းထဲ ဝင်ပြီး တိရစ္ဆာန်တွေရဲ့သွေးကို ဘုရားသခင်ဆီ ဆက်သတယ်။ (ဝတ်. ၁၆:၁၁-၁၅) ယေရှုလည်း ထမြောက်ပြီးနောက် ကောင်းကင်ကိုတက်သွားပြီး သူသွန်းလောင်းခဲ့တဲ့ လူ့သွေးရဲ့တန်ဖိုးကို ဘုရားသခင်ဆီ ဆက်သတယ်။ (ဟေဗြဲ ၉:၆၊ ၇၊ ၁၁-၁၄၊ ၂၄-၂၈) ကျွန်တော်တို့က ယေရှု သွန်းလောင်းခဲ့တဲ့သွေးကို ယုံကြည်တဲ့အတွက် အပြစ်တွေခွင့်လွှတ်ခံရပြီး စင်ကြယ်တဲ့သြတ္တပ္ပစိတ် ရရှိနိုင်တာ ကျေးဇူးတင်စရာပဲ။

၁၄၊ ၁၅။ သွေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ပညတ်ကို နားလည်ပြီး နာခံဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၄ ဘယ်သွေးကိုမှ ယေဟောဝါ မစားခိုင်းရတဲ့အကြောင်းရင်းကို အခုလောက်ဆို သင် ပိုသဘောပေါက်လောက်ပါပြီ။ (ဝတ်. ၁၇:၁၀) သွေးဟာ ဘုရားသခင်အတွက် ဘာကြောင့် သိပ်မြင့်မြတ်တယ်ဆိုတာ သင် သဘောပေါက်သလား။ သွေးဟာ အသက်ကို ကိုယ်စားပြုလို့ပဲ။ (က. ၉:၄) သွေးကို ဘုရားသခင်ရှုမြင်သလို ရှုမြင်ပြီး သွေးကိုရှောင်ကြဉ်ပါဆိုတဲ့ ကိုယ်တော့်ပညတ်ကို လိုက်နာသင့်တယ်ဆိုတာ သင် သဘောတူမှာ သေချာတယ်။ ကျွန်တော်တို့က ယေရှုရဲ့ရွေးဖိုးပူဇော်သကာကို ယုံကြည်ပြီး သွေးဟာ ဖန်ဆင်းရှင်အတွက် သိပ်အဖိုးတန်တယ်ဆိုတာကို နားလည်သဘောပေါက်မှသာ ဘုရားသခင်နဲ့ ပြန်သင့်မြတ်နိုင်မယ်။—ကော. ၁:၁၉၊ ၂၀

သွေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ပညတ်ကိုနာခံဖို့ သင် စိတ်ပိုင်းဖြတ်ထားသလား (အပိုဒ် ၁၄၊ ၁၅ ကိုကြည့်ပါ)

၁၅ ကျွန်တော်တို့ယောက်တိုင်းဟာ သွေးသွင်းတာကို လက်ခံ,မခံ၊ သွေးအပိုင်းအစငယ်တွေ ဒါမှမဟုတ် သွေးပါဝင်တဲ့ ဆေးကုထုံးတွေကို လက်ခံ,မခံ ရုတ်တရက် ဆုံးဖြတ်ရနိုင်တယ်။ ဒါကြောင့် အရေးပေါ်ကိစ္စတွေ မဖြစ်ခင်ကတည်းက ယေဟောဝါဆီဆုတောင်းပြီး သေချာလေ့လာထားဖို့၊ အခိုင်အမာဆုံးဖြတ်ချက်ချထားဖို့ အရေးကြီးတယ်။ ဒါမှ သွေးကိုရှောင်ဖို့ အခိုင်အမာရပ်တည်နိုင်မှာ ဖြစ်တယ်။ ယေဟောဝါ ပြစ်တင်ရှုတ်ချထားတဲ့ အရာတစ်ခုခုကို လက်ခံပြီး ကိုယ်တော်ဝမ်းနည်းအောင် ကျွန်တော်တို့ မလုပ်ချင်ဘူး။ ဒီနေ့အချိန်မှာ ဆရာဝန်တွေနဲ့ တခြားသူတွေဟာ အသက်တွေကို ကယ်နိုင်ဖို့ သွေးလှူပါဆိုပြီး အားပေးနေကြတယ်။ ဒါပေမဲ့ သွေးကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာ ယေဟောဝါပဲ ပြောပိုင်ခွင့်ရှိမှန်း ကျွန်တော်တို့ သိတယ်။ ဘယ်သွေးမဆို ကိုယ်တော့်အတွက် မြင့်မြတ်တယ်။ ဒါကြောင့် သွေးနဲ့ပတ်သက်တဲ့ ကိုယ်တော့်ပညတ်ကို နာခံဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ ကျွန်တော်တို့ဟာ အကျင့်အကြံပိုင်းမှာ သန့်ရှင်းခြင်းအားဖြင့်လည်း ယေရှုသွန်းလောင်းခဲ့တဲ့သွေးကို တန်ဖိုးထားတယ်ဆိုတာ တင်ပြနိုင်တယ်။ ယေရှုရဲ့သွေးအားဖြင့်သာ အပြစ်တွေ ခွင့်လွှတ်ခံရနိုင်ပြီး ထာဝရအသက်ရရှိနိုင်မယ်။—ယော. ၃:၁၆

သွေးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပညတ်ကို နာခံဖို့ စိတ်ပိုင်းဖြတ်ထားရမယ်

ကျွန်တော်တို့ သန့်ရှင်းနေဖို့ ယေဟောဝါ ဘာကြောင့်မျှော်လင့်

၁၆။ ယေဟောဝါရဲ့လူမျိုးဟာ ဘာကြောင့် သန့်ရှင်းရမလဲ။

၁၆ ယေဟောဝါက အစ္စရေးတွေကို အီဂျစ်ပြည် ကျွန်ဘဝကနေ ကယ်လွှတ်ခဲ့ချိန်မှာ အခုလိုပြောတယ်– ‘ငါဟာ မင်းတို့ရဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာပြဖို့ မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင် ယေဟောဝါပဲ။ ငါဟာ သန့်ရှင်းမြင့်မြတ်တဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်။’ (ဝတ်. ၁၁:၄၅ကဘ) ယေဟောဝါက သန့်ရှင်းတဲ့အတွက် အစ္စရေးတွေကိုလည်း သန့်ရှင်းဖို့ မျှော်လင့်တယ်။ ဒီနေ့အချိန်မှာရှိတဲ့ ကျွန်တော်တို့ကိုလည်း အဲဒီလိုပဲ မျှော်လင့်တယ်။ ဝတ်ပြုရာကျမ်းက အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်စေတယ်။

၁၇။ ဝတ်ပြုရာကျမ်းနဲ့ပတ်သက်ပြီး သင် အခု ဘယ်လိုခံစားရသလဲ။

၁၇ ဝတ်ပြုရာကျမ်းထဲက အချက်တချို့ကို ဆွေးနွေးခြင်းကနေ သင် အကျိုးရရှိခဲ့မှာ သေချာတယ်။ ဒီကျမ်းကို သင် ပိုလေးမြတ်လာပြီး ဘာကြောင့် သန့်ရှင်းနေရမယ်ဆိုတဲ့ အကြောင်းရင်းတွေကို ပိုနားလည်လာမှာပဲ။ ဒါပေမဲ့ ဝတ်ပြုရာကျမ်းကနေ သင်ယူစရာတွေရှိသေးတယ်။ အဲဒါတွေက ဘာတွေလဲ။ ဘုရားသခင်ကို သန့်ရှင်းစင်ကြယ်စွာ ဝတ်ပြုနိုင်ဖို့ ဒီကျမ်းက ဘယ်လိုကူညီပေးနိုင်သလဲ။ ဒီအကြောင်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။