ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းရမယ်
“သင်တို့သည်လည်း ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်းကြလော့။”—၁ ပေ. ၁:၁၅။
၁၊ ၂။ (က) ယေဟောဝါဟာ သူ့လူမျိုးဆီကနေ ဘာမျှော်လင့်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။
တမန်တော်ပေတရုက ဝတ်ပြုရာကျမ်းကို ကိုးကားပြီး ခရစ်ယာန်တွေ သန့်ရှင်းဖို့လိုတယ်ဆိုတာ ရှင်းပြခဲ့တယ်။ (၁ ပေတရု ၁:၁၄–၁၆ ကိုဖတ်ပါ။) ဘိသိက်ခံတွေနဲ့ “အခြားသိုး” တွေဟာ ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းနေအောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ‘သန့်ရှင်းတဲ့အရှင်’ ယေဟောဝါ မျှော်လင့်တယ်။—ယော. ၁၀:၁၆။
၂ ဒီဆောင်းပါးမှာ ဝတ်ပြုရာကျမ်းထဲက မူတွေကို ဆွေးနွေးပါမယ်။ အဲဒါတွေက သန့်ရှင်းမှုနဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းတွေကို နားလည်လာပြီး အသက်တာမှာ လက်တွေ့ကျင့်သုံးဖို့ ကူညီပေးပါလိမ့်မယ်။ အောက်ပါမေးခွန်းတွေကိုလည်း ဆွေးနွေးပါမယ်– အလျှော့ပေးလိုက်လျောခြင်းကို ဘယ်လိုရှုမြင်သင့်သလဲ။ ဝတ်ပြုရာကျမ်းက ယေဟောဝါရဲ့အချုပ်အခြာအာဏာကို ထောက်ခံတာနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။ အစ္စရေးတွေပူဇော်တဲ့ ယဇ်တွေကနေ ဘာသင်ယူနိုင်သလဲ။
အလျှော့ပေးလိုက်လျောတာကို သတိထားပါ
၃၊ ၄။ (က) ခရစ်ယာန်တွေဟာ ကျမ်းစာပညတ်နဲ့ မူတွေကို ဘာကြောင့် အလျှော့မပေးသင့်သလဲ။ (ခ) ဘာကြောင့် လက်စားမချေသင့်၊ အငြိုးမထားသင့်သလဲ။
၃ ယေဟောဝါရဲ့နှစ်သက်မှုရဖို့ ကိုယ်တော့်ပညတ်နဲ့ မူတွေကို နာခံရမယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး အလျှော့ပေးလိုက်လျောတဲ့သဘောထား မရှိရဘူး။ ကျွန်တော်ဝတ်. ၁၉:၁၈၊ ကဘ။
တို့ဟာ မောရှေပညတ်အောက်မှာ မရှိတော့ပေမဲ့ အဲဒီပညတ်က ယေဟောဝါလက်ခံတဲ့အရာ၊ လက်မခံတဲ့အရာကို နားလည်ဖို့ ကူညီပေးတယ်။ ဥပမာ၊ ‘အချင်းချင်း လက်စားမချေနဲ့၊ အငြိုးမထားနဲ့။ ကိုယ့်လူမျိုးကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။ ငါဟာ ယေဟောဝါပဲ’ လို့ အစ္စရေးတွေကို မိန့်မှာထားတယ်။—၄ လက်စားချေတာ၊ အငြိုးထားတာကို ကျွန်တော်တို့ ရှောင်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ရော. ၁၂:၁၉) ဘုရားသခင့်ပညတ်နဲ့ မူတွေကို ကျွန်တော်တို့ ဂရုမစိုက်ဘူးဆိုရင် စာတန် ဝမ်းသာလိမ့်မယ်။ ဘုရားသခင့်နာမည်ကိုလည်း ရှုတ်ချရာရောက်မယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကျွန်တော်တို့ကို ထိခိုက်အောင်လုပ်ရင်တောင် ဒေါသမထွက်သင့်ဘူး။ ကျွန်တော်တို့ဟာ ဘဏ္ဍာထည့်ထားတဲ့ “မြေအိုး” တွေဖြစ်တယ်လို့ ကျမ်းစာမှာပြောတယ်။ အဲဒီဘဏ္ဍာကတော့ အမှုဆောင်လုပ်ငန်းပဲ။ (၂ ကော. ၄:၁၊ ၇) အက်စစ်နဲ့တူတဲ့ ဒေါသကို အဲဒီအိုးထဲ ကျွန်တော်တို့ထည့်ချင်မှာမဟုတ်ဘူး။
၅။ အာရုန်ရဲ့သားတွေ သေဆုံးတဲ့ဖြစ်ရပ်ကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
၅ ဝတ်ပြုရာ ၁၀:၁-၁၁ မှာ အာရုန်ရဲ့မိသားစုကို အကြီးအကျယ် နာကျင်ကြေကွဲစေတဲ့ ဖြစ်ရပ်အကြောင်း ကျွန်တော်တို့ ဖတ်ရတယ်။ ယေဟောဝါဟာ အာရုန်ရဲ့သားတွေဖြစ်တဲ့ နာဒပ်နဲ့ အဘိဟုကို ကောင်းကင်ကနေ မီးကျပြီး လောင်ကျွမ်းစေခဲ့တယ်။ အဲဒီနောက် သေဆုံးသူတွေအတွက် ၀မ်းနည်းတယ်ဆိုတာကို ဘယ်နည်းနဲ့မှ မပြရဘူးဆိုပြီး အာရုန်နဲ့မိသားစုကို မိန့်မှာတယ်။ တကယ့် ယုံကြည်ခြင်းစမ်းသပ်မှုပဲ။ သင်လည်း နှင်ထုတ်ခံထားရတဲ့ မိသားစုဝင်တွေနဲ့ဖြစ်စေ၊ တခြားသူတွေနဲ့ဖြစ်စေ မပေါင်းသင်းခြင်းအားဖြင့် သန့်ရှင်းအောင် ကြိုးစားနေသလား။—၁ ကောရိန္သု ၅:၁၁ ကိုဖတ်ပါ။
၆၊ ၇။ (က) ဘုရားကျောင်းမှာကျင်းပတဲ့ မင်္ဂလာပွဲမှာ ပါဝင်သင့်မသင့် ဆုံးဖြတ်တဲ့အခါ ဘယ်အချက်တွေကို ထည့်စဉ်းစားရမလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) ဘုရားကျောင်းမှာကျင်းပတဲ့ မင်္ဂလာပွဲမှာ ပါဝင်မှာမဟုတ်တဲ့အကြောင်း ဘယ်လိုရှင်းပြနိုင်သလဲ။
၆ ကျွန်တော်တို့ဟာ အာရုန်နဲ့ သူ့မိသားစုကြုံခဲ့တဲ့ စမ်းသပ်မှုလိုမျိုး ကြုံချင်မှကြုံရမယ်။ ဒါပေမဲ့ သက်သေခံမဟုတ်တဲ့ ဆွေမျိုးတစ်ယောက်က ဘုရားကျောင်းမှာကျင်းပမယ့် မင်္ဂလာပွဲကို တက်ရောက်ဖို့၊ ပါဝင်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီပွဲကိုတက်လို့မရဘူးလို့ ကျမ်းစာမှာ အတိအကျမပြောထားဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့သက်ဆိုင်တဲ့ မူတွေတော့ ရှိတယ်။ *
၇ ယေဟောဝါရှေ့မှာ သန့်ရှင်းအောင်နေမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကို ဆွေမျိုးတွေ နားလည်နိုင်မှာမဟုတ်ဘူး။ (၁ ပေ. ၄:၃၊ ၄) သူတို့ကို ကျွန်တော်တို့ စိတ်မထိခိုက်စေချင်ပါဘူး။ ဒါကြောင့် ကိုယ့် ဆုံးဖြတ်ချက်အကြောင်း သူတို့ကို ပွင့်ပွင့်လင်းလင်း၊ ကြင်ကြင်နာနာ ကြိုပြောထားသင့်တယ်။ မင်္ဂလာပွဲကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောနိုင်တယ်။ အဲဒီနောက် ဒီအထူးနေ့မှာ သူတို့ကို ပျော်ရွှင်စေချင်တဲ့အကြောင်း၊ ဘာသာရေးအခမ်းအနားမှာ မပါဝင်တဲ့အတွက် ကိုယ့်ကြောင့် သူတို့နဲ့ ဧည့်သည်တွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တဲ့အကြောင်း ပြောပြနိုင်တယ်။ ဒါဟာ ကိုယ့်ယုံကြည်ချက်တွေကို အလျှော့မပေးမိအောင် ရှောင်နိုင်တဲ့ နည်းတစ်နည်းဖြစ်တယ်။
ယေဟောဝါရဲ့အချုပ်အခြာအာဏာကို ထောက်ခံပါ
၈။ ဝတ်ပြုရာကျမ်းမှာ ယေဟောဝါရဲ့အချုပ်အခြာအာဏာအကြောင်း ဘယ်လိုအလေးပေးဖော်ပြထားသလဲ။
၈ ဝတ်ပြုရာကျမ်းမှာ ယေဟောဝါရဲ့ အချုပ်အခြာအာဏာအကြောင်း အလေးပေးဖော်ပြထားတယ်။ ဒီကျမ်းမှာပါတဲ့ပညတ်တွေဟာ ဘုရားသခင်ဆီက လာတယ်ဆိုပြီး အကြိမ်ပေါင်း ၃၀ ကျော် ပြောထားတယ်။ ဒါကို မောရှေအသိအမှတ်ပြုပြီး ယေဟောဝါ မိန့်မှာတဲ့အတိုင်း အတိအကျ လုပ်ဆောင်ခဲ့တယ်။ (ဝတ်. ၈:၄၊ ၅) မောရှေလိုပဲ ကျွန်တော်တို့လည်း အချုပ်အခြာအာဏာရှင်ယေဟောဝါ လုပ်စေချင်တဲ့အရာကို အမြဲလုပ်ဆောင်သင့်တယ်။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ဘုရားသခင့်အဖွဲ့အစည်းက ကူညီပေးတယ်။ ဒါပေမဲ့ တောကန္တာရမှာ ယေရှု စမ်းသပ်ခံရသလို ကျွန်တော်တို့လည်း တစ်ယောက်တည်းရှိနေချိန်တွေမှာ စမ်းသပ်ခံရနိုင်တယ်။ (လု. ၄:၁-၁၃) ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်အချုပ်အခြာအာဏာကို ထောက်ခံတယ်ဆိုရင် အလျှော့ပေးလိုက်လျောအောင် ဘယ်သူမှ မလုပ်နိုင်ဘူး။ လူကိုကြောက်ပြီးတော့လည်း အလျှော့ပေးလိုက်မှာမဟုတ်ဘူး။—သု. ၂၉:၂၅။
မောရှေလိုပဲ ကျွန်တော်တို့လည်း အချုပ်အခြာအာဏာရှင်ယေဟောဝါ လုပ်စေချင်တဲ့အရာကို အမြဲလုပ်ဆောင်သင့်တယ်
၉။ ဘုရားသခင့်လူမျိုးဟာ နိုင်ငံတိုင်းမှာ ဘာကြောင့် မုန်းတီးခံရတာလဲ။
၉ “သင်တို့ကို နှိပ်စက်ညှဉ်းဆဲရန် အပ်နှံ၍ အသေသတ်ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်” လို့ တပည့်တွေကို ယေရှုပြောခဲ့တယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘုရားသခင့်လူမျိုးဟာ နှိပ်စက်ညှဉ်းပန်းမှုကို မျှော်လင့်ထားသင့်တယ်။ (မ. ၂၄:၉) ကျွန်တော်တို့ဟာ အမုန်းခံရပေမဲ့ ဆက်ဟောပြောနေပြီး ပြုမူကျင့်ကြံသမျှမှာ သန့်ရှင်းနေကြတယ်။ ရိုးသားဖြောင့်မတ်ပြီး ရုပ်ပိုင်းနဲ့ ကိုယ်ကျင့်တရားပိုင်းမှာ သန့်ရှင်းနေကြတယ်။ တိုင်းသူပြည်သားကောင်းတွေလည်း ဖြစ်ကြတယ်။ ဒါတောင် လူတချို့ ဘာကြောင့်မုန်းတာလဲ။ (ရော. ၁၃:၁-၇) အကြောင်းကတော့ ကျွန်တော်တို့က ယေဟောဝါကို အချုပ်အခြာအာဏာရှင်အဖြစ် နာခံလို့ပဲ။ “ကိုယ်တော်တစ်ပါးတည်းကိုသာ” ဝတ်ပြုကိုးကွယ်ပြီး ဖြောင့်မတ်တဲ့ ပညတ်နဲ့ မူတွေကို ဘယ်တော့မှအလျှော့ပေးမှာ မဟုတ်လို့ပဲ။—မ. ၄:၁၀။
၁၀။ အလျှော့ပေးလိုက်လျောခဲ့တဲ့ ညီအစ်ကိုတစ်ယောက် ဘာဖြစ်ခဲ့သလဲ။
၁၀ ကျွန်တော်တို့က ‘ဒီလောကနဲ့မသက်ဆိုင်’ တာကြောင့် နိုင်ငံရေးမှာကြားနေပြီး လောကစစ်ပွဲတွေ၊ နိုင်ငံရေးတွေမှာ မပါဝင်ကြဘူး။ (ယောဟန် ၁၅:၁၈–၂၁ နဲ့ ဟေရှာယ ၂:၄ တို့ကိုဖတ်ပါ။) ဆက်ကပ်အပ်နှံထားတဲ့ ခရစ်ယာန်တချို့ ဒီကိစ္စမှာ အလျှော့ပေးလိုက်လျောခဲ့ပေမဲ့ အများစုက နောင်တရပြီး ယေဟောဝါဆီ ပြန်လှည့်လာကြတယ်။ (ဆာ. ၅၁:၁၇) အနည်းငယ်ကတော့ နောင်တမရကြဘူး။ ဥပမာ၊ ဒုတိယကမ္ဘာစစ်တုန်းက ညီအစ်ကိုများစွာဟာ ဟန်ဂေရီနိုင်ငံတစ်ဝန်းမှာ မတရားထောင်ချခံခဲ့ရတယ်။ အရာရှိတွေဟာ သူတို့ထဲက အသက် ၄၅ နှစ်အောက်ရှိတဲ့ လူပေါင်း ၁၆၀ ကို မြို့တစ်မြို့မှာစုရုံးပြီး စစ်ထဲဝင်ဖို့ အမိန့်ပေးတယ်။ အများစုက ငြင်းပယ်ခဲ့ပေမဲ့ ကိုးယောက်ကတော့ စစ်မှုထမ်းဖို့ လက်ခံပြီး စစ်ဝတ်စုံတွေကို ယူလိုက်တယ်။ နှစ်နှစ်ကြာပြီးနောက် အလျှော့ပေးလိုက်တဲ့ ညီအစ်ကိုတစ်ယောက်ဟာ သစ္စာရှိသက်သေခံတွေကို သတ်ပစ်ဖို့ အမိန့်ပေးခံရတယ်။ အဲဒီထဲမှာ သူ့ရဲ့အစ်ကိုလည်းပါတယ်။ ဒါပေမဲ့ သေဒဏ်စီရင်ခံရတဲ့ သစ္စာရှိသက်သေခံတွေ အသတ်မခံလိုက်ရပါဘူး။
ယေဟောဝါကို အကောင်းဆုံးပေးဆက်ပါ
၁၁၊ ၁၂။ ရှေးအစ္စရေးလူမျိုး ပူဇော်ခဲ့တဲ့ယဇ်တွေကနေ ဘာသင်ယူနိုင်သလဲ။
၁၁ ပညတ်တရားမှာ ဘယ်ယဇ်တွေပူဇော်ရမယ်ဆိုတာ အစ္စရေးတွေကို သတ်သတ်မှတ်မှတ် ညွှန်ကြားထားတယ်။ (ဝတ်. ၉:၁-၄၊ ၁၅-၂၁) ယဇ်တွေဟာ ယေရှုရဲ့စုံလင်တဲ့ယဇ်ကို ကိုယ်စားပြုတာကြောင့် အပြစ်အနာအဆာကင်းရမယ်။ အဲဒီအပြင် ယဇ်ပူဇော်သကာတစ်မျိုးစီနဲ့ပတ်သက်တဲ့ သတ်သတ်မှတ်မှတ် လုပ်ထုံးလုပ်နည်းတွေကိုလည်း လိုက်နာရမယ်။ ဥပမာ၊ မီးဖွားပြီးစမိခင်တစ်ယောက် လုပ်ဆောင်ရမယ့်အရာကို ဝတ်ပြုရာ ၁၂:၆ မှာ အခုလိုဖော်ပြထားတယ်– “သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက်ကာလ စေ့သောအခါ မီးရှို့ရာယဇ်ဖို့ အခါမလည်သော သိုးသငယ်တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ချိုးကလေးတစ်ကောင် သို့မဟုတ် ခိုတစ်ကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။” ယေဟောဝါဟာ တိတိကျကျ တောင်းဆိုထားပေမဲ့ မေတ္တာပါပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ဘုရားဖြစ်တယ်ဆိုတာကို ပညတ်တရားက ပေါ်လွင်စေတယ်။ ဥပမာ၊ အဲဒီမိခင်က သိုးကိုမတတ်နိုင်ရင် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုနှစ်ကောင်ကို ပူဇော်နိုင်တယ်။ (ဝတ်. ၁၂:၈) သူ ဆင်းရဲပေမဲ့ ယေဟောဝါက စျေးကြီးတဲ့တိရစ္ဆာန်တွေ ပူဇော်နိုင်သူတွေနဲ့ တန်းတူပဲ သူ့ကိုလည်း ချစ်ပြီး တန်ဖိုးထားတယ်။ ဒီကနေ ဘာသင်ယူနိုင်သလဲ။
ယေဟောဝါဟာ မေတ္တာပါပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ဘုရားဖြစ်တယ် ဆိုတာကို ပညတ်တရားက ပေါ်လွင်စေတယ်
၁၂ ဘုရားသခင်ဆီ “ချီးမွမ်းခြင်းယဇ်” ကို ပူဇော်ပါဆိုပြီး ခရစ်ယာန်တွေကို တမန်တော်ပေါလု အားပေးထားတယ်။ (ဟေဗြဲ ၁၃:၁၅) ယေဟောဝါရဲ့နာမည်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ချီးမွမ်းခြင်းယဇ်ကို ကျွန်တော်တို့ ပူဇော်နေတယ်။ ဆွံ့အနားမကြား ညီအစ်ကိုညီအစ်မတွေဟာ လက်သင်္ကေတပြဘာသာစကားကိုသုံးပြီး ဘုရားသခင်ကို ချီးမွမ်းနေတယ်။ အိမ်ပြင်မထွက်နိုင်တဲ့ ခရစ်ယာန်တွေဟာ စာရေးပြီး၊ တယ်လီဖုန်းနဲ့ သက်သေခံပြီး၊ ကိုယ့်ဆီလာလည်ပတ်သူတွေကို ဟောပြောပြီး ယေဟောဝါကို ချီးမွမ်းနေတယ်။ ယေဟောဝါကို ဘယ်လောက်ချီးမွမ်းနိုင်တယ်ဆိုတာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ အစွမ်းအစတွေပေါ် မူတည်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးကိုပဲ အမြဲပေးဆက်သင့်တယ်။—ရော. ၁၂:၁; ၂ တိ. ၂:၁၅။
၁၃။ အမှုဆောင်လုပ်ငန်းမှာ လုပ်ဆောင်တာတွေကို ဘာကြောင့် မှတ်တမ်းသွင်းသင့်သလဲ။
၁၃ ကျွန်တော်တို့က ယေဟောဝါကိုချစ်တဲ့အတွက် ချီးမွမ်းခြင်းယဇ်တွေကို စိတ်လိုကိုယ်လျောက် ပေးဆက်နေကြတယ်။ (မ. ၂၂:၃၇၊ ၃၈) ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ လုပ်ဆောင်တာတွေကို လတိုင်း မှတ်တမ်းသွင်းဖို့ တောင်းဆိုခံရတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်သဘောထားမျိုး ရှိသင့်သလဲ။ ဒါက ဘုရားတရားဆည်းကပ်မှုကို ဖော်ပြတဲ့နည်းဖြစ်လို့ လိုလိုလားလား မှတ်တမ်းပေးချင်တဲ့သဘောထား ရှိသင့်တယ်။ (၂ ပေ. ၁:၇) ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ နာရီများများပါဝင်တာဟာ မှတ်တမ်းများများသွင်းနိုင်ဖို့ အတွက်လောက်ပဲ မဖြစ်သင့်ဘူး။ တကယ်တော့ အသက်အရွယ် ဒါမှမဟုတ် ကျန်းမာရေးကြောင့် အမှုဆောင်လုပ်ငန်းမှာ သိပ်မပါဝင်နိုင်တဲ့ ကြေညာသူတစ်ယောက်ဟာ ၁၅ မိနစ်တောင် မှတ်တမ်းသွင်းနိုင်ပါတယ်။ သူ အတတ်နိုင်ဆုံးလုပ်ဆောင်တဲ့အရာဖြစ်လို့ ယေဟောဝါ နှစ်သက်တယ်။ ယေဟောဝါကိုချစ်လို့၊ ကိုယ်တော့်သက်သေဖြစ်ရတဲ့အခွင့်ထူးကို တန်ဖိုးထားလို့ သူအဲဒီလိုလုပ်ဆောင်တယ်ဆိုတာကိုလည်း ယေဟောဝါသိတယ်။ ရှေးအစ္စရေးလူတချို့ဟာ ဆင်းရဲပေမဲ့ ဘုရားသခင်ဆီ ယဇ်ပူဇော်နိုင်သလိုပဲ ဒီနေ့အချိန်မှာလည်း ယေဟောဝါရဲ့ကျေးကျွန်တချို့ဟာ အခြေအနေအကန့်အသတ်ရှိပေမဲ့ မှတ်တမ်းသွင်းနိုင်ဆဲပါပဲ။ ကျွန်တော်တို့ရဲ့မှတ်တမ်းက ကမ္ဘာချီမှတ်တမ်းအဝင်ဖြစ်သွားတယ်။ ဒီမှတ်တမ်းကိုကြည့်ပြီး အဖွဲ့အစည်းက လိုအပ်ချက်တွေအတွက် ကြိုတင်စီစဉ်တယ်။ ဒီအကြောင်းရင်းကြောင့် မှတ်တမ်းသွင်းရတာဖြစ်တယ်။
လေ့လာမှုအလေ့အထနဲ့ ချီးမွမ်းခြင်းယဇ်များ
၁၄။ ကျွန်တော်တို့ရဲ့ လေ့လာမှုအလေ့အထကို ဘာကြောင့် ဆန်းစစ်သင့်တယ်ဆိုတာ ရှင်းပြပါ။
၁၄ ဝတ်ပြုရာကျမ်းထဲက ဒီအဖိုးတန်သင်ခန်းစာတွေကို သင်ယူပြီးနောက် ဘုရားသခင့်နှုတ်မြွက်တော်ထဲမှာ ဒီကျမ်း ဘာကြောင့် ပါဝင်ရတယ်ဆိုတာ သင် ပိုသဘောပေါက်လာသလား။ (၂ တိ. ၃:၁၆) ဆက်သန့်ရှင်းနေဖို့ သင် စိတ်ပိုင်းဖြတ်ထားသလား။ ယေဟောဝါက အကောင်းဆုံးကိုပေးဆက်ဖို့ တောင်းဆိုထားသလို ရလည်းရထိုက်ပါတယ်။ ဒီကျမ်းကိုလေ့လာပြီးနောက် တခြားကျမ်းတွေကိုလည်း သင် နှိုက်နှိုက်ချွတ်ချွတ်လေ့လာချင်မှာပဲ။ (သုတ္တံ ၂:၁–၅ ကိုဖတ်ပါ။) သင့်ရဲ့လေ့လာမှုအလေ့အထကို ဆုတောင်း ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ယေဟောဝါကို ငါ အကောင်းဆုံးပေးဆက်နေသလား။ တီဗီအစီအစဉ်တွေ၊ ဗီဒီယိုဂိမ်းတွေ၊ အားကစားလှုပ်ရှားမှုတွေ၊ ဝါသနာပါရာတွေကြောင့် အမှန်တရားမှာ တိုးတက်ဖို့ အဟန့်အတား ဖြစ်နေသလား။’ အဲဒီလိုဖြစ်နေတယ်ဆိုရင် ဟေဗြဲကျမ်းမှာ ပေါလုပြောခဲ့တဲ့စကားတွေကို အလေးအနက် စဉ်းစားသုံးသပ်သင့်တယ်။
၁၅၊ ၁၆။ ဟေဗြဲခရစ်ယာန်တွေဆီ စာရေးချိန်မှာ ပေါလု ဘာကြောင့် တဲ့တိုးပြောခဲ့သလဲ။
၁၅ ပေါလုက ဟေဗြဲခရစ်ယာန်တွေဆီ စာရေးချိန်မှာ ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောခဲ့တယ်။ (ဟေဗြဲ ၅:၇၊ ၁၁–၁၄ ကိုဖတ်ပါ။) သူတို့ “နားထိုင်း” တယ်ဆိုပြီး သူ ပြောတယ်။ ဘာကြောင့် ဒီလောက်တောင် တဲ့တိုးပြောရတာလဲ။ ယေဟောဝါလိုပဲ သူတို့ကိုချစ်လို့၊ စိုးရိမ်လို့ဖြစ်တယ်။ သူတို့ဟာ နို့နဲ့တူတဲ့ အခြေခံကျမ်းစာအသိပညာနဲ့ပဲ ဆက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်။ အခြေခံသွန်သင်ချက်တွေကို နားလည်ဖို့ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ အမှန်တရားမှာတိုးတက်ဖို့ဆိုရင် “ကြေခဲ သောအစာ” ဖြစ်တဲ့ နက်နဲတဲ့ကျမ်းစာသွန်သင်ချက်တွေကိုလည်း နားလည်ဖို့လိုတယ်။
၁၆ ဟေဗြဲခရစ်ယာန်တွေဟာ တခြားသူတွေကို သွန်သင်ရမယ့်အစား တခြားသူတွေဆီက ပြန်သင်ယူဖို့ လိုနေတယ်။ ဘာကြောင့်လဲ။ “ကြေခဲသောအစာ” ကို မစားလို့ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘နက်နဲတဲ့ ကျမ်းစာသွန်သင်ချက်တွေနဲ့ပတ်သက်ပြီး ငါ့မှာ မှန်ကန်တဲ့သဘောထား ရှိသလား။ အဲဒါတွေကို လေ့လာချင်စိတ် ပြင်းပြနေသလား။ နှိုက်နှိုက်ချွတ်ချွတ်လေ့လာတာ၊ ဆုတောင်းတာကို ငါ မလုပ်ဘဲနေသလား။ လေ့လာမှုလုပ်ဖို့ အခက်တွေ့နေသလား။’ ကျွန်တော်တို့က လူတွေကို ဟောပြောရုံလောက်သာ မဟုတ်ဘဲ တပည့်ဖြစ်လာအောင် သွန်သင်ပေးရမယ်။—မ. ၂၈:၁၉၊ ၂၀။
၁၇၊ ၁၈။ (က) “ကြေခဲသောအစာ” ကို ဘာကြောင့် မှန်မှန်စားသုံးသင့်သလဲ။ (ခ) အစည်းအဝေးမတက်ခင် အရက်ယမကာသောက်သုံးတာကို ဘယ်လိုရှုမြင်သင့်သလဲ။
၁၇ အပြစ်ရှိတယ်လို့ ခံစားရမှာစိုးလို့ ကျမ်းစာလေ့လာတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ ကျမ်းစာလေ့လာဖို့ ကျွန်တော်တို့ကို ကိုယ်တော် အတင်းအကျပ်ဖိအားမပေးဘူး။ ဒါပေမဲ့ ကျမ်းစာလေ့လာရတာ မလွယ်ရင်တောင်၊ အမှန်တရားမှာရှိနေတာ နှစ်ပေါင်းများစွာကြာနေရင်တောင် “ကြေခဲသောအစာ” ကို ကျွန်တော်တို့ ဆက်စားသုံးနေရမယ်။ ဆက်သန့်ရှင်းနေချင်ရင် အဲဒီလိုလုပ်ဖို့ မရှိမဖြစ်လိုအပ်တယ်။
၁၈ သန့်ရှင်းနေဖို့ဆိုရင် ကျွန်တော်တို့က ကျမ်းစာကိုသေချာလေ့လာပြီး ဘုရားသခင်တောင်းဆိုတဲ့အတိုင်း အတိအကျ လုပ်ဆောင်ရမယ်။ အာရုန်ရဲ့သား နာဒပ်နဲ့အဘိဟုဟာ “ထူးခြားသောမီး” ကိုပူဇော်ခဲ့တယ်။ အရက်မူးနေချိန်မှာ အဲဒီလိုပူဇော်ခဲ့တာဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ သေဒဏ်စီရင်ခံခဲ့ရတယ်။ (ဝတ်. ၁၀:၁၊ ၂) အဲဒီနောက် အာရုန်ကို ဘုရားသခင် ဘာပြောတယ်ဆိုတာ သတိပြုကြည့်ပါ။ (ဝတ်ပြုရာ ၁၀:၈–၁၁ ကိုဖတ်ပါ။) ဒီအခန်းငယ်တွေက ခရစ်ယာန်အစည်းအဝေးမတက်ခင် ဘယ်အရက်ယမကာကိုမှ မသောက်ရဘူးလို့ ဆိုလိုသလား။ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– ကျွန်တော်တို့က မောရှေပညတ်အောက်မှာ မရှိတော့ဘူး။ (ရော. ၁၀:၄) နိုင်ငံတချို့မှာ ညီအစ်ကိုညီအစ်မတွေဟာ အစည်းအဝေးမသွားခင် အစာစားချိန်မှာ အရက် ယမကာတစ်မျိုးမျိုးကို အတော်အသင့် သောက်သုံးလေ့ရှိတယ်။ ဂျူးထုံးစံအရ ပသခါပွဲကျင်းပချိန်တွေမှာ ဝိုင်လေးခွက် သောက်သုံးကြတယ်။ သခင့်ညစာစားပွဲကျင်းပချိန်မှာ ယေရှုက သူ့သွေးကိုကိုယ်စားပြုတဲ့ ဝိုင်ကို တမန်တော်တွေကို တိုက်တယ်။ (မ. ၂၆:၂၇) ဒါပေမဲ့ သောက်ကြူးခြင်းနဲ့ မူးယစ်ခြင်းကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတယ်။ (၁ ကော. ၆:၁၀; ၁ တိ. ၃:၈) ခရစ်ယာန်များစွာဟာ ဝတ်ပြုရေးမှာမပါဝင်ခင် သူတို့ရဲ့သြတ္တပ္ပစိတ်ကြောင့် ဘယ်အရက်ယမကာကိုမှ မသောက်သုံးကြဘူး။ ဒါပေမဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေတွေ ကွာခြားနိုင်တယ်။ အဓိကအရေးကြီးတာကတော့ ခရစ်ယာန်တွေဟာ ‘သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို ပိုင်းခြားတတ်’ ဖို့ပဲ။ ဒါမှ ဆက်သန့်ရှင်းနေပြီး ယေဟောဝါရဲ့နှစ်သက်မှု ရရှိနိုင်မှာဖြစ်တယ်။
၁၉။ (က) မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုကို ဘယ်လို အဓိပ္ပာယ်ရှိရှိပြုလုပ်နိုင်သလဲ။ (ခ) ဆက်သန့်ရှင်းနေဖို့ သင် စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ဘယ်လိုဖော်ပြနိုင်သလဲ။
၁၉ ဘုရားသခင့်နှုတ်မြွက်တော်ကို သေချာဆန်းစစ်ကြည့်တဲ့အခါ အဖိုးတန်ကျမ်းစာမူအများကြီးကို တွေ့ရှိနိုင်တယ်။ သင့်မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုကို အဓိပ္ပာယ်ရှိရှိပြုလုပ်ဖို့ ရရှိနိုင်တဲ့ လေ့လာမှုကိရိယာတွေကို အသုံးပြုပါ။ ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း ပိုသိအောင် သင်ယူပါ။ ကိုယ်တော့်ဆီ ချဉ်းကပ်ပါ။ (ယာ. ၄:၈) ‘ကိုယ်တော့်ပညတ်တရားမှာပါတဲ့ အံ့ဖွယ်ရာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ကျွန်တော့်မျက်စိကို ဖွင့်ပေးပါ’ လို့ သီဆိုခဲ့တဲ့ ဆာလံဆရာလို ဘုရားသခင်ဆီဆုတောင်းပါ။ (ဆာ. ၁၁၉:၁၈၊ ကဘ) ကျမ်းစာပညတ်နဲ့ မူတွေကို အလျှော့ပေးလိုက်လျောတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ‘သန့်ရှင်းတဲ့အရှင်’ ယေဟောဝါရဲ့ပညတ်ကို စိတ်လိုကိုယ်လျောက်နာခံပါ။ ‘ဘုရားသခင့်သတင်းကောင်းကို ပြောကြားတဲ့ သန့်ရှင်းသောအမှု’ မှာ ထက်ထက်သန်သန်ပါဝင်ပါ။ (၁ ပေ. ၁:၁၅; ရော. ၁၅:၁၆) ဆိုးညစ်တဲ့ ဒီနောက်ဆုံးကာလအတွင်း ဆက်သန့်ရှင်းနေဖို့ လိုတယ်။ ကျွန်တော်တို့အားလုံး အပြုအမူအကျင့်အကြံတွေမှာ သန့်ရှင်းနေနိုင်ကြပါစေ။ ဒီနည်းနဲ့ ယေဟောဝါရဲ့အချုပ်အခြာအာဏာကို ထောက်ခံနိုင်ကြပါစေ။
^ စာပိုဒ်၊ 6 ၂၀၀၂ ကင်းမျှော်စင်၊ မေ ၁၅ ရက်ထုတ်မှာပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။