မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိ

ယေရှုရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိ

‘ကိုယ်တော် ထမြောက်တော်မူပြီ။’—မ. ၂၈:၆

၁၊ ၂။ (က) ဘာသာရေးခေါင်းဆောင်တချို့ ဘာကိုသိချင်နေသလဲ။ ပေတရု ဘယ်လိုပြန်ဖြေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ပေတရု ဘာကြောင့် သတ္တိရှိရှိပြောဆိုရဲတာလဲ။

ယေရှုသေဆုံးပြီး သီတင်းပတ်အနည်းငယ်မှာ တမန်တော်ပေတရုဟာ ကြောက်စရာကောင်းတဲ့ ဂျူးဘာသာရေးခေါင်းဆောင်အုပ်စုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ယေရှုကိုသတ်ဖို့ကြံစည်ခဲ့တာ သူတို့ပဲ။ အခု ပေတရုက ခြေဆွံ့သူတစ်ယောက်ကို ကုသပေးတဲ့အတွက် သူတို့ ဒေါသထွက်နေတယ်။ “မည်သည့်တန်ခိုး၊ မည်သူ့နာမအားဖြင့် ဤအမှုကိုပြုကြသနည်း” လို့ ပေတရုကို မေးတယ်။ ပေတရုက “သစ်တိုင်ပေါ်တွင် သင်တို့ရိုက်ထားသော်လည်း ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏နာမအားဖြင့်” လို့ သတ္တိရှိရှိပြန်ဖြေလိုက်တယ်။—တ. ၄:၅-၁၀

အစောပိုင်းတုန်းကတော့ ပေတရုက ကြောက်လွန်းလို့ ယေရှုကို သုံးကြိမ်ငြင်းပယ်ခဲ့တယ်။ (မာ. ၁၄:၆၆-၇၂) အခုတော့ ကြောက်ဖို့နေနေသာသာ ဘာသာရေးခေါင်းဆောင်တွေရှေ့မှာ သတ္တိရှိရှိရပ်နေတယ်။ ဘာကြောင့်လဲ။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီရရှိထားတဲ့အပြင် ယေရှုအသက်ရှင်နေတယ်ဆိုတာ ယုံကြည်စိတ်ချလို့ ဖြစ်တယ်။ ပေတရု ဘာကြောင့် ဒီလောက်တောင်စိတ်ချရတာလဲ။ ကျွန်တော်တို့လည်း ဘာကြောင့် အဲဒီလိုယုံကြည်စိတ်ချနိုင်သလဲ။

၃၊ ၄။ (က) ယေရှုရဲ့တမန်တော်တွေ မမွေးခင်ကတည်းက ဘယ်လိုထမြောက်ခြင်းတွေ ဖြစ်ခဲ့ဖူးသလဲ။ (ခ) ဘယ်သူတွေကို ယေရှု ထမြောက်ပေးခဲ့သလဲ။

လူသေတွေ အသက်ပြန်ရှင်နိုင်တယ်ဆိုတာ တမန်တော်တွေ သိထားတယ်။ ဘုရားသခင်ဟာ တမန်တော်တွေ မမွေးခင်ကတည်းက ပရောဖက်ဧလိယနဲ့ ဧလိရှဲကို လူသေတွေကို ထမြောက်ပေးနိုင်တဲ့တန်ခိုး ပေးခဲ့တယ်။ (၃ ရာ. ၁၇:၁၇-၂၄; ၄ ရာ. ၄:၃၂-၃၇) ဧလိရှဲရဲ့အရိုးစုရှိနေတဲ့ဂူထဲ အလောင်းတစ်လောင်းကျသွားပြီး အရိုးတွေကိုထိသွားတဲ့အတွက် ပြန်အသက်ရှင်လာတာတောင် ရှိတယ်။ (၄ ရာ. ၁၃:၂၀၊ ၂၁) အဲဒီမှတ်တမ်းတွေကို အစောပိုင်းခရစ်ယာန်တွေ ယုံကြည်တယ်။ ကျမ်းစာမှတ်တမ်းတွေ မှန်တယ်လို့ ကျွန်တော်တို့ ယုံကြည်သလိုပေါ့။

လူသေတွေကို ယေရှုထမြောက်ပေးတဲ့အကြောင်း ဖတ်ရတဲ့အခါ ကျွန်တော်တို့ စိတ်ထိမိတယ်

သင်လည်း လူသေတွေကို ယေရှုထမြောက်ပေးတဲ့အကြောင်း ဖတ်ရတဲ့အခါ စိတ်ထိမိမှာပဲ။ ဥပမာ၊ မုဆိုးမရဲ့တစ်ဦးတည်းသောသားကို ယေရှုထမြောက်ပေးတဲ့အခါ သူ ဘယ်လောက် အံ့သြဝမ်းသာသွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (လု. ၇:၁၁-၁၅) ၁၂ နှစ်အရွယ်မိန်းကလေးကို ယေရှုထမြောက်ပေးခဲ့ချိန်ကိုလည်း စဉ်းစားကြည့်ပါ။ အကြီးအကျယ်၀မ်းနည်းနေတဲ့မိဘတွေဟာ သမီးလေး အသက်ပြန်ရှင်လာတာကို တွေ့တဲ့အခါ သိပ်ပျော်သွားမှာ သေချာတယ်။ (လု. ၈:၄၉-၅၆) သင်္ချိုင်းဂူထဲကနေ လာဇရုထွက်လာတာကို မြင်တဲ့အခါမှာလည်း လူတွေ တော်တော်စိတ်လှုပ်ရှားသွားမှာပဲ။—ယော. ၁၁:၃၈-၄၄

ယေရှုရဲ့ထမြောက်ခြင်းဟာ ဘာကြောင့်ထူးခြား

၅။ ယေရှုရဲ့ထမြောက်ခြင်းဟာ အရင်ကဖြစ်ခဲ့တဲ့ ထမြောက်ခြင်းတွေနဲ့ ဘယ်လိုကွာသလဲ။

ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းဟာ အရင်ကဖြစ်ခဲ့တဲ့ ထမြောက်ခြင်းတွေနဲ့ ကွာတယ်ဆိုတာ တမန်တော်တွေသိတယ်။ အရင်ကထမြောက်ခဲ့သူတွေဟာ လူ့ခန္ဓာကိုယ်နဲ့ပဲ ထမြောက်တာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်သေဆုံးသွားကြတယ်။ ယေရှုကျတော့ ဘယ်တော့မှမပျက်စီးနိုင်တဲ့ နာမ်ဝိညာဉ်ခန္ဓာနဲ့ ထမြောက်တာဖြစ်တယ်။ (တမန်တော် ၁၃:၃၄ ကိုဖတ်ပါ။) ယေရှုဟာ “ခန္ဓာကိုယ်၌ အသေခံတော်မူပြီး နာမ်ဝိညာဉ်အဖြစ် အသက်ရှင်တော်မူ၏” လို့ ပေတရုရေးခဲ့တယ်။ “ကိုယ်တော်သည် ကောင်းကင်သို့ တက်ကြွ၍ ဘုရားသခင်၏လက်ယာဘက်၌ ရှိတော်မူ၏။ ဘုရားသခင်သည် ကောင်းကင်တမန်များ၊ အာဏာပိုင်များ၊ တန်ခိုးရှင်များကို ကိုယ်တော့်လက်အောက် ရောက်စေတော်မူ၏” လို့လည်း ရေးခဲ့တယ်။ (၁ ပေ. ၃:၁၈-၂၂) တခြားရှင်ပြန်ထမြောက်ခြင်းတွေဟာ ထူးခြားတဲ့အံ့ဖွယ်အမှုတွေဖြစ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကတော့ အကြီးမားဆုံးအံ့ဖွယ်အမှုပါပဲ။

၆။ ယေရှုရဲ့ထမြောက်ခြင်းက တပည့်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

ယေရှုရဲ့ထမြောက်ခြင်းက တပည့်တွေအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ယေရှုဟာ ရန်သူတွေထင်နေသလို သေဆုံးနေတဲ့သူ မဟုတ်တော့ဘူး။ အဲဒီအစား တန်ခိုးကြီးနာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် အသက်ရှင်နေပြီ။ ဘယ်လူသားမှ အန္တရာယ်မပေးနိုင်တော့ဘူး။ ယေရှုဟာ ဘုရားသခင့်သားဖြစ်တယ်ဆိုတာကို သူ့ရဲ့ထမြောက်ခြင်းက သက်သေထူတယ်။ ယေရှုအသက်ရှင်နေတယ်ဆိုတာ တပည့်တွေသိတဲ့အတွက် ဝမ်းမနည်းတော့ဘူး၊ မကြောက်တော့ဘူး။ အဲဒီအစား စိတ်အားတက်ကြွနေပြီး ယုံကြည်စိတ်ချမှုအပြည့် ရှိနေကြတယ်။ ယေရှုသာ မထမြောက်ခဲ့ဘူးဆိုရင် ဘုရားသခင့်ရည်ရွယ်ချက် အောင်မြင်မှာမဟုတ်ဘူး။ တပည့်တွေဟောနေတဲ့ သတင်းကောင်းလည်း ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။

၇။ ဒီနေ့အချိန်မှာ ယေရှု ဘာလုပ်ဆောင်နေသလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာနိုင်သလဲ။

ယေရှုဟာ ကြီးမြတ်တဲ့လူသားတစ်ယောက်လောက်ပဲ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ယေရှုဟာ အသက်ရှင်နေပြီး ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေတယ်။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ရဲ့ ဘုရင်လည်းဖြစ်တယ်။ အဲဒီနိုင်ငံဟာ မကြာခင် ဆိုးသွမ်းမှုအားလုံးကို မြေကြီးပေါ်ကနေ ဖယ်ရှားပေးမယ်။ မြေကြီးကို လူသားတွေ ထာဝစဉ်နေထိုင်မယ့် ပရဒိသုအဖြစ် အသွင်ပြောင်းပေးမယ်။ (လု. ၂၃:၄၃) ယေရှုသာ မထမြောက်ခဲ့ရင် ဒါတွေအားလုံး ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါဆို ယေရှု ရှင်ပြန်ထမြောက်တယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ယေရှုရဲ့ထမြောက်ခြင်းက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

ယေရှုသာ မထမြောက်ခဲ့ဘူးဆိုရင် ဘုရားသခင့်ရည်ရွယ်ချက် အောင်မြင်မှာမဟုတ်ဘူး။ သတင်းကောင်းလည်း ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး

သေခြင်းကိုအောင်နိုင်တဲ့ ယေဟောဝါရဲ့တန်ခိုး

၈၊ ၉။ (က) ယေရှုရဲ့ဂူမှာ အစောင့်တွေထားဖို့ ဂျူးဘာသာရေးခေါင်းဆောင်တွေ ဘာလို့တောင်းဆိုတာလဲ။ (ခ) သင်္ချိုင်းဂူကို အမျိုးသမီးနှစ်ယောက် ရောက်လာတဲ့အခါ ဘာဖြစ်နေသလဲ။

ယေရှုအသတ်ခံရပြီးနောက် ဂျူးဘာသာရေးခေါင်းဆောင်တွေ ပိလတ်မင်းဆီလာပြီး အခုလိုပြောတယ်– “သခင်၊ ထိုလှည့်စားသောသူသည် မသေမီက ‘ငါသည် သုံးရက်ကြာလျှင် ရှင်ပြန်ထမြောက်လိမ့်မည်’ ဟုဆိုသည်ကို ကျွန်ုပ်တို့ မှတ်မိပါ၏။ ထို့ကြောင့် သင်္ချိုင်းဂူကို သုံးရက်တိုင်အောင် လုံခြုံစွာစောင့်စေရန် အမိန့်ရှိတော်မူပါ။ သို့မဟုတ် သူ၏တပည့်တို့သည်လာ၍ အလောင်းကို ခိုးယူပြီးလျှင် ‘သူသည် သေခြင်းမှထမြောက်တော်မူပြီ’ ဟုလူတို့အား ပြောဆိုကြသော် နောက်လှည့်စားချက်သည် ရှေ့လှည့်စားချက်ထက် သာ၍ဆိုးပါလိမ့်မည်။” အဲဒီအခါ ပိလတ်က “သင်တို့၌ အစောင့်တပ်ရှိ၏။ သွားကြ၊ အတတ်နိုင်ဆုံး စောင့်ကြပ်စေ” လို့ ပြောတယ်။ သူတို့လည်း အဲဒီအတိုင်း လုပ်ခဲ့တယ်။—မ. ၂၇:၆၂-၆၆

ကျောက်ဆောင်ကြီးကိုထွင်းထားတဲ့ ဂူထဲမှာ ယေရှုကို မြှုပ်နှံပြီး အဝကို ကျောက်တုံးကြီးနဲ့ ပိတ်ထားတယ်။ ဘာသာရေးခေါင်းဆောင်တွေက ယေရှုကို အဲဒီဂူထဲမှာပဲ ထာဝစဉ်ရှိနေစေချင်တယ်။ ဒါပေမဲ့ ယေဟောဝါမှာတော့ သိပ်ကိုခြားနားတဲ့ အစီအစဉ်တစ်ခုရှိတယ်။ သုံးရက်ကြာပြီးနောက်မှာ တပည့်နှစ်ယောက်ဖြစ်တဲ့ မာဂဒလမာရိနဲ့ တခြားမာရိတို့ဟာ ယေရှုကိုမြှုပ်ထားတဲ့ သင်္ချိုင်းဂူဆီလာကြတယ်။ အဝကိုပိတ်ထားတဲ့ကျောက်တုံး ရွေ့နေပြီး အဲဒီကျောက်တုံးပေါ်မှာ ကောင်းကင်တမန်တစ်ပါး ထိုင်နေတာကို သူတို့တွေ့လိုက်တယ်။ ဂူထဲကိုကြည့်ပါလို့ ကောင်းကင်တမန်ပြောတဲ့အတွက် ကြည့်လိုက်တဲ့အခါ ဂူက ဟောင်းလောင်းကြီးဖြစ်နေတယ်။ ‘ဒီနေရာမှာ မရှိတော့ဘူး။ ထမြောက်သွားပြီ’ လို့ ကောင်းကင်တမန်ပြောတယ်။ (မ. ၂၈:၁-၆) ယေရှု ပြန်အသက်ရှင်နေပါပြီ။

၁၀။ ယေရှုထမြောက်ခဲ့တယ်ဆိုတာကို ပေါလု ဘယ်လိုသက်သေပြခဲ့သလဲ။

၁၀ နောက်ရက်ပေါင်း ၄၀ အတွင်း ဖြစ်ခဲ့တာတွေက ယေရှု ရှင်ပြန်ထမြောက်ပြီဆိုတာကို စိတ်ချစေတယ်။ ကောရိန္သုမြို့သားတွေကို တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ငါကိုယ်တိုင် ခံယူရရှိ၍ သင်တို့အား ပေးအပ်သည့် အဓိကကျသောအရာကား ခရစ်တော်သည် ကျမ်းစာဆိုသည့်အတိုင်း ငါတို့အပြစ်အတွက် အသေခံတော်မူကြောင်း၊ ကိုယ်တော်သည် သင်္ဂြိုဟ်ခံရပြီးမှ ကျမ်းစာဆိုသည့်အတိုင်း သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူကြောင်း ဖြစ်၏။ ကိုယ်တော်သည် ကေဖထံသို့လည်းကောင်း၊ ထို့နောက် တစ်ဆယ့်နှစ်ပါးတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။ ထို့နောက် ညီအစ်ကိုငါးရာကျော်တို့ရှေ့ တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူတို့တွင် အများစုသည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့မူကား သေခြင်း၌ အိပ်ပျော်ကြလေပြီ။ ထို့နောက် ယာကုပ်ထံသို့လည်းကောင်း၊ ထို့နောက် တမန်တော်အပေါင်းတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။ နောက်ဆုံး၌ အချိန်မတန်ဘဲ မွေးဖွားလာသူကဲ့သို့ဖြစ်သော ငါ့ကိုလည်း ကိုယ်ကိုထင်ရှားပြတော်မူ၏။”—၁ ကော. ၁၅:၃-၈

ယေရှုထမြောက်ခဲ့တယ်ဆိုတာ သိနိုင်တဲ့ အကြောင်းရင်းလေးခု

၁၁။ ယေရှုရဲ့ထမြောက်ခြင်းဟာ “ကျမ်းစာဆိုသည့်အတိုင်း” ဘယ်လိုဖြစ်ပျက်ခဲ့သလဲ။

၁၁  ယေရှုရဲ့ထမြောက်ခြင်းဟာ “ကျမ်းစာဆိုသည့်အတိုင်း” ဖြစ်ပျက်ခဲ့တယ်။ ယေရှုထမြောက်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ ဥပမာ၊ ဘုရားသခင်ရဲ့ “သန့်ရှင်းသောသူ၊” တစ်နည်းအားဖြင့် သစ္စာစောင့်သိသူဟာ သင်္ချိုင်းမှာ ပစ်ထားခံရမှာ မဟုတ်ဘူးလို့ ဒါဝိဒ်ရေးခဲ့တယ်။ (ဆာလံ ၁၆:၁၀ ကိုဖတ်ပါ။) အဲဒီသစ္စာစောင့်သိသူဟာ ယေရှုဖြစ်တယ်ဆိုတာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ပေတရု အခုလိုရှင်းပြတယ်– “ခရစ်တော်ကို သင်္ချိုင်း၌ စွန့်ပစ်တော်မူမည်မဟုတ်။ ခန္ဓာကိုယ်ကိုလည်း ပုပ်ပျက်စေတော်မူမည် မဟုတ်ဟူ၍ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို [ဒါဝိဒ်] ကြိုတင်ဟောခဲ့၏။”—တ. ၂:၂၃-၂၇၊ ၃၁

၁၂။ ရှင်ပြန်ထမြောက်လာတဲ့ယေရှုကို ဘယ်သူတွေ မြင်တွေ့ခဲ့သလဲ။

၁၂  ရှင်ပြန်ထမြောက်လာတဲ့ယေရှုကို မြင်ခဲ့တဲ့ မျက်မြင်သက်သေအများကြီး ရှိတယ်။ ယေရှုဟာ ထမြောက်ပြီး ရက် ၄၀ အတွင်း သင်္ချိုင်းဂူနားက ဥယျာဉ်မှာ၊ ဧမောက်ရွာကိုသွားတဲ့လမ်းမှာ၊ တခြားနေရာတွေမှာ တပည့်တွေကို ကိုယ်ထင်ရှားပြခဲ့တယ်။ (လု. ၂၄:၁၃-၁၅) ပေတရုအပါအဝင် တစ်ယောက်ချင်းစီကို စကားပြောခဲ့တယ်၊ အုပ်စုလိုက်ကိုလည်း စကားပြောခဲ့တယ်။ တစ်ကြိမ်မှာ လူ ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ရှားပြခဲ့တယ်။ ရှင်ပြန်ထမြောက်လာတဲ့ယေရှုကို မြင်ခဲ့တဲ့ မျက်မြင်သက်သေ အများကြီးရှိတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ လျစ်လျူရှုလို့မရဘူး။

၁၃။ ယေရှုထမြောက်ပြီဆိုတာကို တပည့်တွေယုံကြည်စိတ်ချကြောင်း သူတို့ရဲ့ထက်သန်မှုက ဘယ်လိုဖော်ပြသလဲ။

၁၃  ယေရှုရှင်ပြန်ထမြောက်တဲ့အကြောင်းကို တပည့်တွေ ထက်ထက်သန်သန် ဟောပြောခဲ့တယ်။ တပည့်တွေဟာ ဟောပြောခြင်းလုပ်ငန်းကြောင့် နှိပ်စက်ခံရ၊ ဆင်းရဲဒုက္ခတွေခံရပြီး တချို့ဆိုရင် အသတ်တောင်ခံရတယ်။ ယေရှုသာ မထမြောက်ခဲ့ဘူးဆိုရင် ယေရှုကိုမုန်းပြီး သတ်ဖို့ကြံစည်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင်တွေကို ယေရှုထမြောက်တဲ့အကြောင်း အသက်ကိုရင်းပြီး ပေတရု ဟောပြောပါ့မလား။ ယေရှု အသက်ရှင်နေပြီး ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေတယ်ဆိုတာ ပေတရုနဲ့ တခြားတပည့်တွေ ယုံကြည်စိတ်ချကြတယ်။ ယေရှုရဲ့ထမြောက်ခြင်းက သူတို့လည်း ထမြောက်မယ်ဆိုတာကို အခိုင်အမာ စိတ်ချစေတယ်။ ဥပမာ၊ သတေဖန်ဟာ သူရှင်ပြန်ထမြောက်မယ်ဆိုတာကို အပြည့်အဝယုံကြည်ပြီး သေဆုံးခဲ့တယ်။—တ. ၇:၅၅-၆၀

၁၄။ ယေရှုအသက်ရှင်နေတယ်ဆိုတာကို သင် ဘာကြောင့် ယုံကြည်သလဲ။

၁၄  ယေရှုဟာ အခုချိန်မှာ ဘုရင်အဖြစ်အုပ်စိုးနေပြီး အသင်းတော်ရဲ့ဦးခေါင်းအဖြစ် အမှုဆောင်နေတယ်ဆိုတဲ့ အထောက်အထား ကျွန်တော်တို့မှာ ရှိတယ်။ စစ်မှန်တဲ့ခရစ်ယာန်ဘာသာဟာ ဆက်ကြီးထွားလာတယ်။ ယေရှုသာ မထမြောက်ခဲ့ရင် အဲဒီလိုဖြစ်လာပါ့မလား။ ယေရှုသာ မထမြောက်ခဲ့ရင် ယေရှုအကြောင်းကို ကျွန်တော်တို့ ဘယ်တော့မှ ကြားရမှာမဟုတ်ဘူး။ ဒါကြောင့် ယေရှုအသက်ရှင်နေပြီး ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေတယ်ဆိုတာ ယုံကြည်ဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိပါတယ်။

ယေရှုရဲ့ထမြောက်ခြင်းက ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်ရှိ

၁၅။ ယေရှုရဲ့ထမြောက်ခြင်းက ဆက်ဟောပြောဖို့ ဘာကြောင့် ခွန်အားပေးသလဲ။

၁၅ ခရစ်တော်ရဲ့ထမြောက်ခြင်းက ဆက်ဟောပြောဖို့ ခွန်အားပေးတယ်။ ယေရှုအချိန်ကတည်းက ဘုရားသခင့်ရန်သူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်ဖို့ အယူဖောက်ပြန်မှု၊ လှောင်ပြောင်မှု၊ အကြမ်းဖက်မှု၊ ပိတ်ပင်တားဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု စတဲ့ နည်းလမ်းအများကြီးကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” ဆိုပြီး ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဟေရှာ. ၅၄:၁၇) စာတန့်အသုံးခံတွေကို ကျွန်တော်တို့ မကြောက်ဘူး။ ယေရှုက ကတိပေးခဲ့တဲ့အတိုင်း ကျွန်တော်တို့ကို ကူညီနေတယ်။ (မ. ၂၈:၂၀) ဒါကြောင့် ရန်သူတွေ ဘယ်လောက်ပဲကြိုးစားပါစေ ကျွန်တော်တို့ကို ဘယ်တော့မှ တားဆီးနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းက ဆက်ဟောပြောဖို့ ခွန်အားပေး (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆၊ ၁၇။ (က) ယေရှုရဲ့ထမြောက်ခြင်းက သူ သွန်သင်ပေးခဲ့တာအားလုံးကို ဘယ်လိုထောက်ခံသလဲ။ (ခ) ယောဟန် ၁၁:၂၅ အရ ယေရှုကို ဘုရားသခင် ဘယ်တန်ခိုးပေးထားသလဲ။

၁၆ ယေရှုရဲ့ထမြောက်ခြင်းက သူ သွန်သင်ခဲ့တာအားလုံး မှန်တယ်ဆိုတာ ထောက်ခံတယ်။ ခရစ်တော်သာ မထမြောက်ခဲ့ရင် ခရစ်ယာန်တွေဟာ အကြီးအကျယ်အလိမ်ခံရတဲ့ အရူးတွေပဲလို့ ကျမ်းပညာရှင်တစ်ယောက် ရေးခဲ့တယ်။ ယေရှုသာ မထမြောက်ခဲ့ရင် ခရစ်ယာန်တွေရဲ့ ဟောပြောခြင်းနဲ့ ယုံကြည်ခြင်းက ဘာမှအကျိုးမရှိဘူးလို့ ပေါလုရေးခဲ့တယ်။ ယေရှုသာ မထမြောက်ခဲ့ရင် ခရစ်ဝင်ကျမ်းတွေဟာ ရန်သူတွေရဲ့ သတ်ဖြတ်မှုကိုခံလိုက်ရတဲ့ လူတော်လူကောင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်းတစ်ပုဒ်လောက်ပဲ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ယေရှု ထမြောက်ခဲ့ပါတယ်။ ယေရှုရဲ့ထမြောက်ခြင်းက သူ သွန်သင်ခဲ့တာအားလုံး မှန်တယ်ဆိုတာ ထောက်ခံတယ်။—၁ ကောရိန္သု ၁၅:၁၄၊ ၁၅၊ ၂၀ ကိုဖတ်ပါ။

၁၇ ယေရှုက “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်ကြောင်း တင်ပြသောသူသည် သေလွန်သော်လည်း အသက်ပြန်ရှင်လိမ့်မည်” လို့ ပြောခဲ့တယ်။ (ယော. ၁၁:၂၅) ဒီကတိ ကျိန်းသေပြည့်စုံလိမ့်မယ်။ ယေဟောဝါဟာ ယေရှုကို ကောင်းကင်မှာအုပ်ချုပ်မယ့်သူတွေနဲ့ မြေကြီးပေါ်အသက်ရှင်မယ့် လူသန်းပေါင်းများစွာကို ထမြောက်ပေးဖို့ တန်ခိုးပေးထားတယ်။ ယေရှုရဲ့ ပူဇော်သကာနဲ့ထမြောက်ခြင်းက သေခြင်းရှိတော့မှာ မဟုတ်ဘူးဆိုတာကို အာမခံတယ်။ ဒါကြောင့် ဘယ်စမ်းသပ်မှုကိုမဆို ခံနိုင်ရည်ရှိရှိရင်ဆိုင်ဖို့၊ သေခြင်းကိုတောင် သတ္တိရှိရှိရင်ဆိုင်ဖို့ ခွန်အားရနိုင်ပါတယ်။

၁၈။ ယေရှုရဲ့ထမြောက်ခြင်းက ဘာကိုယုံကြည်စိတ်ချစေသလဲ။

၁၈ ယေရှုရဲ့ထမြောက်ခြင်းက ယေဟောဝါရဲ့ မေတ္တာပါစံနှုန်းတွေနဲ့အညီ လူတွေတရားစီရင်ခံရမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ ဘုရားသခင်ဟာ “ခန့်ထားတော်မူသောသူအားဖြင့် လူနေရာမြေကြီးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူပြီ။ ထိုအရှင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောအားဖြင့် ထိုသို့ခန့်အပ်ကြောင်းကို လူအပေါင်းတို့အား ယုံကြည်စိတ်ချစေလေပြီ” ဆိုပြီး အေသင်မြို့သူမြို့သားတွေကို ပေါလု ပြောခဲ့တယ်။ (တ. ၁၇:၃၁) ဘုရားသခင်က ယေရှုကို တရားသူကြီးအဖြစ် ခန့်ထားတယ်။ ယေရှုဟာ မေတ္တာပါပါ၊ မျှမျှတတ တရားစီရင်မယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။—ဟေရှာယ ၁၁:၂–၄ ကိုဖတ်ပါ။

ကျွန်တော်တို့က ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို တန်ဖိုးထားပြီး ယေဟောဝါကို နာခံဖို့ အမြဲကြိုးစားနေကြတယ်

၁၉။ ခရစ်တော်ရဲ့ထမြောက်ခြင်းကို ယုံကြည်ခြင်းက ကျွန်တော်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

၁၉ ယေရှုရဲ့ထမြောက်ခြင်းကို ယုံကြည်ခြင်းက ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ ယေရှုသာ အသက်မပေးခဲ့ဘူး၊ မထမြောက်ခဲ့ဘူးဆိုရင် အပြစ်နဲ့သေခြင်းအောက်မှာ ကျွန်တော်တို့ ဆက်ရှိနေလိမ့်မယ်။ (ရော. ၅:၁၂; ၆:၂၃) ဘာမျှော်လင့်ချက်မှမရှိဘဲ ‘မနက်ဖြန်သေရမှာပဲဆိုတော့ စားကြသောက်ကြစို့’ လို့ ပြောမိမှာပဲ။ (၁ ကော. ၁၅:၃၂) ဒါပေမဲ့ ကျွန်တော်တို့က အပျော်အပါးတွေကိုပဲ အာရုံမစိုက်ဘူး။ အဲဒီအစား ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို တန်ဖိုးထားပြီး ယေဟောဝါကို နာခံဖို့ အမြဲကြိုးစားနေကြတယ်။

၂၀။ ယေရှုရဲ့ထမြောက်ခြင်းက ဘုရားသခင့်ကြီးမြတ်မှုကို ဘယ်လိုသက်သေထူသလဲ။

၂၀ ယေရှုရဲ့ထမြောက်ခြင်းက “မိမိအားစိတ်ထက်သန်စွာရှာဖွေသူကို ဆုချသောအရှင်” ယေဟောဝါရဲ့ ကြီးမြတ်မှုကို သက်သေထူတယ်။ (ဟေဗြဲ ၁၁:၆) ယေဟောဝါဟာ ကြီးမားလှတဲ့တန်ခိုးနဲ့ ဉာဏ်ပညာကိုသုံးပြီး ယေရှုကို မသေနိုင်တဲ့အသက်နဲ့ ထမြောက်ပေးခဲ့တယ်။ ကတိတွေကို ပြည့်စုံစေနိုင်စွမ်းရှိတယ်ဆိုတာကိုလည်း ဖော်ပြခဲ့တယ်။ ယေရှုသာ မသေဆုံးခဲ့ဘူး၊ မထမြောက်ခဲ့ဘူးဆိုရင် စကြဝဠာအချုပ်အခြာအာဏာကိစ္စကို အထူး “အမျိုးအနွယ်” ဖြေရှင်းပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိ ပြည့်စုံလာမှာမဟုတ်ဘူး။—က. ၃:၁၅

၂၁။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၂၁ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အတွက် ယေဟောဝါကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်တယ်။ “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ ဒီကတိကို တမန်တော်ယောဟန် ရရှိခဲ့တာဖြစ်တယ်။ အဲဒီနောက် “ရေးထားလော့။ အကြောင်းမူကား ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏” လို့ ယောဟန်ကို ဆက်ပြောတယ်။ ယောဟန်က ဒီစိတ်အာရုံကို ဘယ်သူ့ဆီက ရခဲ့တာလဲ။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုခရစ်ဆီကပဲပေါ့။—ဗျာ. ၁:၁; ၂၁:၃-၅