မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဆိုလိုရင်းကို နားလည်’ သလား

‘ဆိုလိုရင်းကို နားလည်’ သလား

‘ကျမ်းစာ၏ဆိုလိုရင်းကို အပြည့်အဝ နားလည်စေရန် သူတို့၏အသိဉာဏ်ကို ဖွင့်[တော်မူ၏။]’—လု. ၂၄:၄၅

၁၊ ၂။ ယေရှုဟာ ထမြောက်တဲ့နေ့မှာ တပည့်တွေကို ဘယ်လိုအားပေးခဲ့သလဲ။

ယေရှုရဲ့တပည့်နှစ်ယောက်ဟာ ဂျေရုဆလင်ကနေ ၇ မိုင် (၁၁ ကီလိုမီတာ) ဝေးတဲ့ရွာကို သွားနေကြတယ်။ ယေရှု သေဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေကြတယ်။ ယေရှု ထမြောက်ပြီဆိုတာ သူတို့မသိသေးဘူး။ ရုတ်တရက် ယေရှုပေါ်လာပြီး သူတို့နဲ့အတူ လျှောက်တယ်။ အဲဒီနောက် “မောရှေ၏ကျမ်းနှင့် ပရောဖက်တို့၏ကျမ်းများမှစ၍ ကျမ်းစာ၌ ကိုယ်တော်၏အကြောင်း ရေးထားသမျှကို ရှင်းပြ” တယ်။ (လု. ၂၄:၁၃-၁၅၊ ၂၇) ကျမ်းစာရဲ့ဆိုလိုရင်းကို “ရှင်းပြ” တဲ့အတွက် သူတို့စိတ်သက်သာရာရပြီး စိတ်နှလုံးဟာ မီးလိုတောက်လောင်လာတယ်။—လု. ၂၄:၃၂

အဲဒီညနေမှာပဲ ဂျေရုဆလင်ကို တပည့်နှစ်ယောက်ပြန်လာတယ်။ တမန်တော်တွေကို တွေ့တဲ့အခါ ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ပြောနေတုန်း သူတို့အားလုံးရှေ့ ယေရှု ပေါ်လာတယ်။ တမန်တော်တွေ လန့်ဖျပ်သွားပြီး ယေရှုမှဟုတ်ရဲ့လားလို့ သံသယဝင်ကြတယ်။ ‘ကျမ်းစာ၏ဆိုလိုရင်းကို အပြည့်အဝ နားလည်စေရန် သူတို့၏အသိဉာဏ်ကို ဖွင့်’ ခြင်းအားဖြင့် သူတို့ကို ယေရှု အားပေးခဲ့တယ်။—လု. ၂၄:၄၅

၃။ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်တဲ့အခါ ဘာကြောင့်စိတ်ဓာတ်ကျမိနိုင်သလဲ။ ဒါပေမဲ့ ဘယ်လိုဆက်ပျော်မွေ့နိုင်သလဲ။

ကျွန်တော်တို့လည်း အဲဒီတပည့်တွေလိုပဲ တစ်ခါတလေ ဝမ်းနည်းနေနိုင်တယ်။ ယေဟောဝါရဲ့အမှုတော်မှာ အလုပ်များနေရင်းနဲ့တောင် ဟောပြောခြင်းလုပ်ငန်းကို လူတွေမတုံ့ပြန်တဲ့အခါ စိတ်ဓာတ်ကျမိနိုင်တယ်။ (၁ ကော. ၁၅:၅၈) ဒါမှမဟုတ် ကိုယ့်ရဲ့ကျမ်းစာသင်သားတွေ သိပ်မတိုးတက်ဘူးလို့ ခံစားရနိုင်တယ်။ သူတို့ထဲကတချို့ ယေဟောဝါကို လက်မခံတော့တာတောင် ဖြစ်နိုင်တယ်။ အဲဒီလိုအခါမျိုးတွေမှာ အမှုဆောင်လုပ်ငန်းမှာ ဘယ်လို ဆက်ပျော်မွေ့နိုင်သလဲ။ အကူအညီဖြစ်စေနိုင်တဲ့ အရာတစ်ခုကတော့ ယေရှုပြောခဲ့တဲ့ပုံဥပမာတွေရဲ့ ဆိုလိုရင်းကို အပြည့်အဝနားလည်ခြင်းပဲ။ အခု ပုံဥပမာသုံးခုကိုဆွေးနွေးပြီး ဘာသင်ခန်းစာတွေ သင်ယူနိုင်တယ်ဆိုတာ ကြည့်ကြမယ်။

ညအခါအိပ်တဲ့မျိုးကြဲသူ

၄။ ညအခါအိပ်တဲ့မျိုးကြဲသူ ပုံဥပမာက ဘာကိုဆိုလိုသလဲ။

မာကု ၄:၂၆–၂၉ ကိုဖတ်ပါ။ ညအခါအိပ်တဲ့မျိုးကြဲသူ ပုံဥပမာက ဘာကိုဆိုလိုသလဲ။ မျိုးကြဲသူဟာ နိုင်ငံတော်သတင်းဟောပြောသူတွေကို ကိုယ်စားပြုတယ်။ မျိုးစေ့ဟာ စိတ်ကောင်းနှလုံးကောင်းရှိသူတွေကိုဟောတဲ့ သတင်းတရားကို ကိုယ်စားပြုတယ်။ မျိုးကြဲသူဟာ အခြားသူတွေလိုပဲ “ညအခါ အိပ်လိုက်၊ နေ့အခါ ထလိုက်” လုပ်တယ်။ မျိုးကြဲချိန်ကနေ ရိတ်သိမ်းချိန်အထိ မျိုးစေ့ကြီးထွားဖို့ အချိန်လိုတယ်။ အဲဒီအတောအတွင်း ‘မျိုးစေ့ဟာ အပင်ပေါက်ပြီး ကြီးထွား’ လာတယ်။ သူ့အလိုလို တဖြည်းဖြည်း၊ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာတာဖြစ်တယ်။ အဲဒီလိုပဲ လူတစ်ယောက် ဘုရားရေးရာဘက်မှာ တိုးတက်လာပုံဟာ တဖြည်းဖြည်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်တယ်။ ယေဟောဝါကိုဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အထိ တိုးတက်လာချိန်မှာ သူ့ဘဝကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတယ်။ ဒီနည်းနဲ့ “အသီး,သီး” လာတယ်။

တလိုတလားရှိသူတွေရဲ့ စိတ်နှလုံးထဲ အမှန်တရား ကြီးထွားစေသူဟာ ယေဟောဝါဖြစ်တယ်

၅။ ညအခါအိပ်တဲ့မျိုးကြဲသူ ပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။

ဒီပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။တလိုတလားရှိသူတွေရဲ့စိတ်နှလုံးထဲ အမှန်တရား ကြီးထွားစေသူဟာ ယေဟောဝါဖြစ်တယ်ဆိုတာသဘောပေါက်စေဖို့ဖြစ်တယ်။(တ. ၁၃:၄၈; ၁ ကော. ၃:၇) ကျွန်တော်တို့က စိုက်ပျိုးတယ်၊ ရေလောင်းတယ်။ ဒါပေမဲ့ ကြီးထွားလာအောင် အတင်းလုပ်ယူလို့မရသလို အမြန်ကြီးထွားလာအောင်လည်း လုပ်လို့မရဘူး။ ပုံဥပမာထဲက မျိုးကြဲသူလိုပဲ ဘယ်လိုကြီးထွားလာတယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ ဘဝမှာရှင်သန်လှုပ်ရှားနေရင်း တခြားတစ်ယောက်ယောက်ရဲ့ စိတ်နှလုံးထဲ နိုင်ငံတော်မျိုးစေ့ ကြီးထွားနေတာကို သတိမထားမိတာမျိုးတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ အဲဒီမျိုးစေ့ အသီး,သီးလာနိုင်တယ်။ ဒီလိုနဲ့ ရိတ်သိမ်းခြင်းလုပ်ငန်းမှာ ကျွန်တော်တို့နဲ့အတူ တပည့်သစ်တွေ ပါဝင်လာတယ်။—ယော. ၄:၃၆-၃၈

၆။ ကျမ်းစာသင်သားရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို အသိအမှတ်ပြုရမလဲ။

ဒီပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ ပထမအနေနဲ့၊ ကျမ်းစာသင်သားရဲ့တိုးတက်မှုနှုန်းကို ထိန်းချုပ်လို့မရနိုင်ဘူးဆိုတာ အသိအမှတ်ပြုဖို့လိုတယ်။ သူ့ကို အတတ်နိုင်ဆုံး ကူညီထောက်မနိုင်ပေမဲ့ နှစ်ခြင်းခံဖို့ ဘယ်တော့မှ ဖိအားမပေးသင့်ဘူး။ သူ့ဘဝကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံမလား၊ မအပ်နှံဘူးလားဆိုတာ သူကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါကို ကျွန်တော်တို့ နှိမ့်ချစွာ လက်ခံရမယ်။ ယေဟောဝါကို တကယ်ချစ်မှသာ လူတစ်ယောက်ရဲ့ဆက်ကပ်အပ်နှံမှုကို ကိုယ်တော် လက်ခံမှာဖြစ်တယ်။—ဆာ. ၅၁:၁၂; ၅၄:၆; ၁၁၀:၃

၇၊ ၈။ (က) ညအခါအိပ်တဲ့မျိုးကြဲသူပုံဥပမာကနေ နောက်ထပ် ဘာသင်ခန်းစာတွေ သင်ယူရသလဲ။ ဥပမာပေးပါ။ (ခ) ဒါက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

ဒုတိယအနေနဲ့၊ သွန်သင်ခြင်းလုပ်ငန်းရဲ့ အကျိုးရလဒ်တွေကို အစပိုင်းမှာမမြင်ရတဲ့အခါ စိတ်ဓာတ်မကျဖို့ ဒီပုံဥပမာကိုနားလည်ခြင်းက ကူညီပေးတယ်။ ကျွန်တော်တို့ စိတ်ရှည်ဖို့လိုတယ်။ (ယာ. ၅:၇၊ ၈) ကျမ်းစာသင်သားကို အတတ်နိုင်ဆုံးကူညီပေးပေမဲ့ သူ့စိတ်နှလုံးမှာ အမှန်တရား မကြီးထွားလာတာက ကျွန်တော်တို့ ဆရာသမားကောင်း မဟုတ်ဘူးလို့ မဆိုလိုဘူး။ ယေဟောဝါဟာ လိုလိုလားလား ပြောင်းလဲချင်တဲ့ နှိမ့်ချသူတွေရဲ့စိတ်နှလုံးထဲမှာပဲ အမှန်တရားမျိုးစေ့ကို ကြီးထွားစေတယ်။ (မ. ၁၃:၂၃) ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာ ထိရောက်မှုရှိမရှိဆိုတာ နှစ်ခြင်းခံသူအရေအတွက်ကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရဘူး။ အဲဒီအပြင် ယေဟောဝါကလည်း လူတွေရဲ့တုံ့ပြန်ပုံပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းအောင်မြင်မှုကို မပိုင်းဖြတ်ဘူး။ ကျွန်တော်တို့ လုံ့လရှိရှိ ကြိုးစားအားထုတ်တာကို ကိုယ်တော် တန်ဖိုးထားတယ်။—လုကာ ၁၀:၁၇–၂၀ နဲ့ ၁ ကောရိန္သု ၃:၈ တို့ကို ဖတ်ပါ။

ယေဟောဝါက လူတွေရဲ့ တုံ့ပြန်ပုံပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းအောင်မြင်မှုကို မပိုင်းဖြတ်ဘူး

တတိယအနေနဲ့၊ လူတစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ ပြောင်းလဲနေတာကို ကျွန်တော်တို့ အမြဲမမြင်တွေ့နိုင်ဘူး။ ဥပမာ၊ သာသနာပြုညီအစ်ကိုတစ်ယောက်နဲ့ ကျမ်းစာလေ့လာနေတဲ့ မောင်နှံက နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်ချင်တဲ့အကြောင်း ဖွင့်ပြောလာတယ်။ ဒါနဲ့ အရင် ဆေးလိပ်ဖြတ်ရမယ်လို့ ပြောလိုက်တယ်။ လွန်ခဲ့တဲ့လတွေကတည်းက ဆေးလိပ်ဖြတ်ထားတယ်လို့ သူတို့ပြန်ပြောတဲ့အခါ ညီအစ်ကို အံ့ဩသွားတယ်။ ဆေးလိပ်ခိုးသောက်ရင်လည်း ယေဟောဝါ မြင်နိုင်တယ်၊ ကိုယ်တော်ဟာ ဟန်ဆောင်လိမ်ညာတာကို မုန်းတယ်ဆိုတာ သူတို့သိတယ်။ ဒါကြောင့် ဆေးလိပ်သောက်မယ်ဆိုရင် သာသနာပြုညီအစ်ကိုရှေ့မှာ ပေါ်တင်သောက်မယ်၊ မသောက်ရင်လည်း လုံးဝဖြတ်ပစ်မယ်လို့ သူတို့ဆုံးဖြတ်ခဲ့တယ်။ ဒီလောက် ကြီးကြီးမားမားပြောင်းလဲခဲ့မှန်း သာသနာပြုညီအစ်ကို လုံးဝမရိပ်မိလိုက်ပေမဲ့ ယေဟောဝါကိုချစ်တဲ့မေတ္တာ တိုးများလာတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ သူတို့ကို ကူညီပေးခဲ့တယ်။

ပိုက်ကွန်

၉။ ပိုက်ကွန်ပုံဥပမာက ဘာကိုဆိုလိုသလဲ။

မဿဲ ၁၃:၄၇–၅၀ ကိုဖတ်ပါ။ ပိုက်ကွန်ပုံဥပမာက ဘာကိုဆိုလိုသလဲ။ နိုင်ငံတော်သတင်းဟောပြောခြင်းဟာ ပင်လယ်ထဲ ပိုက်ကွန်ချတာနဲ့တူတယ်လို့ ယေရှု ပြောတယ်။ ပိုက်ကွန်ထဲမှာ များပြားလှတဲ့ “ငါးအမျိုးမျိုး” ဖမ်းမိသလို ဟောပြောခြင်းလုပ်ငန်းကလည်း သန်းနဲ့ချီတဲ့ လူအမျိုးမျိုးကို ဆွဲဆောင်တယ်။ (ဟေရှာ. ၆၀:၅) နှစ်စဉ် စည်းဝေးကြီးနဲ့ အောက်မေ့ရာပွဲ တက်ရောက်လာတဲ့ လူသန်းပေါင်းများစွာဟာ အဲဒီအချက်ကို သက်သေထူတယ်။ အဲဒီလူတွေထဲက တချို့ဟာ “ကောင်းသော” ငါးနဲ့တူတယ်။ ခရစ်ယာန်အသင်းတော်အဝင် ဖြစ်လာတယ်။ တချို့ကတော့ “မကောင်းသော” ငါးနဲ့တူတယ်။ သူတို့ကို ယေဟောဝါ လက်မခံဘူး။

မဿဲ ၁၃:၄၇-၅၀ ကိုဖတ်ပြီးနောက် . . . . . ဒီနေ့ခေတ်နဲ့သက်ဆိုင်ပုံကို စဉ်းစားပါ

အမှန်တရားကိုကြိုက်နှစ်သက်သူတချို့ဟာ ယေဟောဝါဘက် ရပ်တည်ပါလိမ့်မယ် (အပိုဒ် ၉-၁၂ ကိုကြည့်ပါ)

၁၀။ ပိုက်ကွန်ပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။

၁၀ ဒီပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။ ငါးတွေကို အကောင်းအဆိုးခွဲခြားတာက ကြီးစွာသောဒုက္ခအတွင်းမှာဖြစ်မယ့် နောက်ဆုံးတရားစီရင်ခြင်းကို မဆိုလိုဘူး။ အဲဒီအစား ဒီစနစ်ဆုံးခန်းအတွင်း ဖြစ်မယ့်အရာကို ဆိုလိုတယ်။ နိုင်ငံတော်သတင်းတရားကို နှစ်သက်သူတိုင်း ယေဟောဝါရဲ့ကျေးကျွန်တွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ယေရှု ပြောတယ်။ စည်းဝေးတွေလာတက်သူ၊ ကျမ်းစာလေ့လာသူများစွာဟာ သူတို့ရဲ့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုစိတ် မရှိကြဘူး။ (၃ ရာ. ၁၈:၂၁) တချို့လည်း စည်းဝေးတောင် လာမတက်ကြတော့ဘူး။ လူငယ်တချို့ဆိုရင် ခရစ်ယာန်မိဘတွေကနေ မွေးဖွားလာပေမဲ့ ယေဟောဝါကို ချစ်တဲ့စိတ်မရှိဘူး။ ကျွန်တော်တို့ယောက်တိုင်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမယ်လို့ ယေရှု အလေးပေးဖော်ပြခဲ့တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမယ်ဆိုရင် “နှစ်သက်” စရာကောင်းသူ၊ တစ်နည်းအားဖြင့် တန်ဖိုးရှိသူတွေအဖြစ် ယေဟောဝါ ရှုမြင်ပါလိမ့်မယ်။—ဟဂ္ဂဲ ၂:၇

၁၁၊ ၁၂။ (က) ပိုက်ကွန်ပုံဥပမာကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ (ခ) ဒါက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

၁၁ ပိုက်ကွန်ပုံဥပမာကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ ဒီပုံဥပမာကိုနားလည်ခြင်းက ကျမ်းစာသင်သားဖြစ်စေ၊ ကိုယ့်သားသမီးတစ်ယောက်ယောက်ဖြစ်စေ ယေဟောဝါကို မဝတ်ပြုချင်တဲ့အခါ အလွန်အကျွံဝမ်းနည်းတာမျိုး၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်ဖို့ ကူညီပေးတယ်။ သူတို့ကို ကျွန်တော်တို့ အတတ်နိုင်ဆုံး လေ့ကျင့်ပေးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကျမ်းစာလေ့လာနေလို့ ဒါမှမဟုတ် အမှန်တရားထဲမှာ ကြီးပြင်းလာလို့ ယေဟောဝါရဲ့မိတ်ဆွေ အလိုလိုဖြစ်လာမှာမဟုတ်ဘူး။ ယေဟောဝါရဲ့ အခွင့်အာဏာကို လိုလိုလားလား လက်မခံချင်သူဟာ ကိုယ်တော့်ကျေးကျွန် မဖြစ်နိုင်ဘူး။

၁၂ အဲဒီလိုပြောတဲ့အတွက် အမှန်တရားထဲက ထွက်သွားသူတွေ အသင်းတော်ထဲကို ဘယ်တော့မှ ပြန်လာလို့မရတော့ဘူး ဒါမှမဟုတ် ယေဟောဝါဆီ မအပ်နှံရသေးသူကို မျှော်လင့်လို့မရတော့ဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ကြီးစွာသောဒုက္ခမစခင်အထိ ယေဟောဝါရဲ့မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရှိနေသေးတယ်။ ‘ငါ့ဆီပြန်လာကြပါ။ ငါလည်း မင်းတို့ဆီပြန်လာမယ်’ လို့ သူတို့ကို ယေဟောဝါ ဖိတ်ခေါ်နေတယ်။ (မာလ. ၃:၇ကဘ) ဒီအချက်ကို ဖြုန်းတီးသောသားပုံဥပမာမှာ ယေရှု အလေးပေးဖော်ပြခဲ့တယ်။—လုကာ ၁၅:၁၁–၃၂ ကိုဖတ်ပါ။

ဖြုန်းတီးသောသား

၁၃။ ဖြုန်းတီးသောသားပုံဥပမာက ဘာကိုဆိုလိုသလဲ။

၁၃ ဖြုန်းတီးသောသားပုံဥပမာက ဘာကိုဆိုလိုသလဲ။ ပုံဥပမာထဲက ဖခင်ဟာ မေတ္တာရှင် ကောင်းကင်ဖခင်ယေဟောဝါကို ကိုယ်စားပြုတယ်။ အမွေတွေကို ဖြုန်းတီးလိုက်တဲ့သားဟာ ခရစ်ယာန်အသင်းတော်ကို ကျောခိုင်းသွားသူတွေကို ကိုယ်စားပြုတယ်။ သူတို့က ယေဟောဝါနဲ့ ဝေးကွာတဲ့ “ဝေးသောပြည်” နဲ့တူတဲ့ စာတန့်လောကထဲ ရောက်သွားတယ်။ (ဧ. ၄:၁၈; ကော. ၁:၂၁) နောက်ပိုင်း သူတို့ထဲက တချို့ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတာကို အသိအမှတ်ပြုပြီး ယေဟောဝါဆီပြန်လာဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီလိုလုပ်ဖို့ တော်တော်အားယူရတယ်။ ဒါပေမဲ့ နှိမ့်ချမှုရှိပြီး ကိုယ်လုပ်မိတာတွေအတွက် တကယ်ယူကျုံးမရဖြစ်လို့ သူတို့ကို ယေဟောဝါ ခွင့်လွှတ်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။—ဟေရှာ. ၄၄:၂၂; ၁ ပေ. ၂:၂၅

ယေဟောဝါဟာ သူ့ကို ကျောခိုင်းသွားသူတွေကို ပြန်လှည့်လာစေချင်တယ်

၁၄။ ဖြုန်းတီးသောသားပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။

၁၄ ဒီပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။ ယေဟောဝါဟာ သူ့ကိုကျောခိုင်းသွားသူတွေကို ပြန်လှည့်လာစေချင်တယ်ဆိုတာ ဖော်ပြဖို့ဖြစ်တယ်။ ပုံဥပမာထဲက ဖခင်ဟာ သူ့သားပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို လုံးဝလက်မလွှတ်ခဲ့ဘူး။ “အဝေး” ကလာနေတဲ့သားကို မြင်တာနဲ့ ပြေးကြိုပါလေရော။ ဒီပုံဥပမာဟာ အမှန်တရားကိုကျောခိုင်းသွားသူတွေကို ယေဟောဝါဆီ ချက်ချင်းပြန်လာဖို့ လှုံ့ဆော်မှုဖြစ်စေသင့်တယ်။ ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးက ခပ်စိမ်းစိမ်းဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ရှက်နေတာ၊ ပြန်လာဖို့ သိပ်ခက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အားစိုက်ရကျိုးနပ်ပါတယ်။ သူတို့ပြန်လာတဲ့အခါ ယေဟောဝါ၊ ယေရှုနဲ့ ကောင်းကင်တမန်တွေ သိပ်ပျော်ပါလိမ့်မယ်။—လု. ၁၅:၇

၁၅၊ ၁၆။ (က) ဖြုန်းတီးသောသားပုံဥပမာကနေ ဘာသင်ခန်းစာတွေ သင်ယူရသလဲ။ ဥပမာပေးပါ။ (ခ) ဒါက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

၁၅ ဖြုန်းတီးသောသားပုံဥပမာကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ ယေဟောဝါရဲ့ မေတ္တာပုံသက်သေကို တုပရမယ်။ အသင်းတော်ကို တစ်ယောက်ယောက် ပြန်လှည့်လာတဲ့အခါ ‘လွန်ကျူးစွာဖြောင့်မတ်’ တာမျိုး၊ မကြိုဆိုတာမျိုး မဖြစ်သင့်ဘူး။ အဲဒီလိုလုပ်တာက ကျွန်တော်တို့နဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ (ဒေ. ၇:၁၆) နောက်သင်ခန်းစာတစ်ခုကတော့ အသင်းတော်ကိုကျောခိုင်းသွားသူကို ‘လမ်းပျောက်တဲ့သိုး’ အဖြစ်၊ တစ်နေ့ ပြန်လှည့်လာမယ့်သူအဖြစ် ရှုမြင်ရမယ်။ (ဆာ. ၁၁၉:၁၇၆ကဘ) ကျွန်တော်တို့က အသင်းတော်ကိုကျောခိုင်းသွားသူ တစ်ယောက်ယောက်ကိုတွေ့တဲ့အခါ သူပြန်လှည့်လာဖို့ အတတ်နိုင်ဆုံး ကူညီပေးမလား။ အကြီးအကဲတွေ ကူညီပေးနိုင်အောင် ချက်ချင်း အကြောင်းကြားပေးမလား။ ယေရှုပြောခဲ့တဲ့ ဒီပုံဥပမာကို တကယ်နားလည်ပြီး လက်တွေ့ကျင့်သုံးမယ်ဆိုရင်တော့ အဲဒီလိုလုပ်ဆောင်ပါလိမ့်မယ်။

“ယေဟောဝါရဲ့ အဖွဲ့အစည်းအဝင်ဖြစ်ခွင့် ရတာကို ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရဘူး”

၁၆ ပြန်လှည့်လာသူတွေဟာ ယေဟောဝါရဲ့ကရုဏာ၊ အသင်းတော်ရဲ့မေတ္တာနဲ့ ထောက်မမှုတွေကို ကျေးဇူးတင်ကြတယ်။ ၂၅ နှစ်လုံး နှင်ထုတ်ခံခဲ့ရတဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “အသင်းတော်ထဲပြန်ရောက်ချိန်ကစပြီး ယေဟောဝါဆီက ‘လန်းဆန်းစေတဲ့အချိန်ကာလ’ ကြောင့် ကျွန်တော် ပိုပျော်လာတယ်။ (တ. ၃:၁၉) လူတိုင်းက မေတ္တာပြပြီး ရိုင်းပင်းကူညီကြတယ်။ အခု သိပ်ကောင်းတဲ့ ဘုရားရေးရာမိသားစုကို ကျွန်တော် ပိုင်ဆိုင်ထားတယ်။” ငါးနှစ်ကြာပြီးနောက်မှ အသင်းတော်ထဲပြန်ဝင်လာတဲ့ ညီအစ်မငယ်တစ်ယောက်လည်း အခုလိုပြောတယ်– “ယေရှုပြောခဲ့တဲ့မေတ္တာမျိုး ခံစားရလို့ ဘယ်လောက်ပျော်တယ်ဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။ ယေဟောဝါရဲ့အဖွဲ့အစည်းအဝင် ဖြစ်ခွင့်ရတာကို ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရဘူး။”

၁၇၊ ၁၈။ (က) ဒီပုံဥပမာသုံးခုကနေ ဘာသင်ခန်းစာတွေ သင်ယူရသလဲ။ (ခ) ဘာလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသလဲ။

၁၇ ဒီပုံဥပမာသုံးခုကနေ ဘာသင်ခန်းစာတွေ သင်ယူရသလဲ။ ပထမ၊ ကျမ်းစာသင်သားရဲ့တိုးတက်မှုနှုန်းကို ထိန်းချုပ်လို့မရနိုင်ဘူးဆိုတာ နားလည်ထားရမယ်။ အဲဒါကို ယေဟောဝါလက်ထဲပဲ အပ်ထားရမယ်။ ဒုတိယ၊ ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာပြီး ပူးပေါင်းနေသူအားလုံး ယေဟောဝါကို ဝတ်ပြုလာမယ်လို့ မျှော်လင့်တာ လက်တွေ့မကျဘူး။ နောက်ဆုံးအနေနဲ့၊ လူတချို့ ယေဟောဝါကို ကျောခိုင်းသွားရင်တောင် သူတို့ပြန်လှည့်လာမှာပါဆိုတဲ့ မျှော်လင့်ချက်ကို လုံးဝလက်မလွှတ်ရဘူး။ သူတို့ပြန်လာတဲ့အခါ ယေဟောဝါရဲ့မေတ္တာကို ပေါ်လွင်စေတဲ့နည်းနဲ့ ကြိုဆိုကြပါစို့။

၁၈ ကျွန်တော်တို့ယောက်တိုင်း အသိပညာ၊ သိနားလည်မှုနဲ့ ဉာဏ်ပညာကို ဆက်ပြီး ဆည်းပူးနိုင်ကြပါစေ။ ယေရှုရဲ့ပုံဥပမာတွေကို ဖတ်ရှုလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီပုံဥပမာက ဘာကိုဆိုလိုသလဲ။ ကျမ်းစာမှာ ဘာကြောင့်မှတ်တမ်းတင်ထားတာလဲ။ ဒီထဲကသင်ခန်းစာတွေကို ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်သလဲ။ ဒီကနေ ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ယူရသလဲ။’ ဒီလိုလုပ်ဆောင်ခြင်းက ယေရှုပြောခဲ့တဲ့စကားတွေရဲ့ ဆိုလိုရင်းကို နားလည်ကြောင်း ဖော်ပြရာရောက်ပါတယ်။