မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နားထောင်ပြီး ဆိုလိုရင်းကို နားလည်ပါ’

‘နားထောင်ပြီး ဆိုလိုရင်းကို နားလည်ပါ’

“သင်တို့ရှိသမျှသည် နားထောင်၍ ဆိုလိုရင်းကို နားလည်ကြလော့။” —မာ. ၇:၁၄

၁၊ ၂။ လူများစွာက ယေရှုစကားတွေရဲ့ဆိုလိုရင်းကို ဘာကြောင့်နားမလည်ခဲ့တာလဲ။

ကျွန်တော်တို့ကို တစ်ယောက်ယောက်စကားပြောတဲ့အခါ သူ့ရဲ့အသံကိုကြားပြီး အသံနေအသံထားကိုလည်း သိမှာပဲ။ ဒါပေမဲ့ သူပြောတာကိုနားလည်ဖို့ဆိုရင် စကားလုံးတွေရဲ့ဆိုလိုရင်းကို နားလည်ဖို့လိုတယ်။ (၁ ကော. ၁၄:၉) ယေရှုက လူထောင်ပေါင်းများစွာကို သူတို့ရဲ့မိခင်ဘာသာစကားနဲ့ ဟောပြောခဲ့တယ်။ ဒါပေမဲ့ ယေရှုပြောချင်တဲ့ဆိုလိုရင်းကို သူတို့အားလုံး နားလည်ခဲ့တာမဟုတ်ဘူး။ ဒါကြောင့် “သင်တို့ရှိသမျှသည် နားထောင်၍ ဆိုလိုရင်းကို နားလည်ကြလော့” လို့ ယေရှုပြောခဲ့တယ်။—မာ. ၇:၁၄

ယေရှုပြောချင်တဲ့ဆိုလိုရင်းကို အဲဒီလူတွေ ဘာကြောင့်နားမလည်တာလဲ။ တချို့သူတွေမှာ ကိုယ်ပိုင်ထင်မြင်ချက်တွေ ရှိပြီးသားဖြစ်တယ်။ တချို့ကလည်း စိတ်ရင်းမှန် မရှိကြဘူး။ “သင်တို့သည် ထုံးတမ်းစဉ်လာကို ကျင့်ကြံနိုင်ရန် ဘုရားသခင့်ပညတ်ကို ပါးနပ်စွာ ပယ်ဖျက်ကြ၏” လို့ ယေရှုပြောခဲ့တယ်။ (မာ. ၇:၉) ယေရှုစကားတွေရဲ့ဆိုလိုရင်းကို နားလည်ဖို့ သူတို့မကြိုးစားဘူး။ ကိုယ့်ရဲ့ဓလေ့ထုံးစံနဲ့ ထင်မြင်ချက်တွေကိုလည်း မပြောင်းလဲချင်ဘူး။ ယေရှုရဲ့စကားတွေဟာ ဒီဘက်နားကနေ ဝင်ပြီး ဟိုဘက်နားကနေ ထွက်သွားတယ်၊ စိတ်နှလုံးထဲကို မရောက်ဘူး။ (မဿဲ ၁၃:၁၃–၁၅ ကိုဖတ်ပါ။) ကျွန်တော်တို့ကတော့ ယေရှုရဲ့သွန်သင်ချက်တွေကနေ သင်ယူလိုစိတ် အမြဲရှိတယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။

ယေရှုရဲ့သွန်သင်ချက်တွေကနေ အကျိုးကျေးဇူးရရှိနိုင်ပုံ

၃။ ယေရှုရဲ့စကားတွေကို တပည့်တွေ ဘာကြောင့်နားလည်နိုင်တာလဲ။

ယေရှုတပည့်တွေရဲ့ နှိမ့်ချတဲ့ပုံသက်သေကို ကျွန်တော်တို့ တုပဖို့လိုတယ်။ “သင်တို့၏မျက်စိ မြင်သောကြောင့်၊ သင်တို့၏နားသည်လည်း ကြားသောကြောင့် ပျော်ရွှင်ကြ၏” လို့ သူတို့ကို ယေရှုပြောတယ်။ (မ. ၁၃:၁၆) ယေရှုရဲ့စကားတွေကို တခြားသူတွေနားမလည်ပေမဲ့ တပည့်တွေကျတော့ ဘာကြောင့်နားလည်နိုင်တာလဲ။ အချက်သုံးချက်ကို လုပ်ဆောင်ခဲ့လို့ပဲ။ ပထမ၊ သူတို့ဟာ မေးခွန်းမေးလိုစိတ်ရှိပြီး ယေရှုဆိုလိုချင်တဲ့အရာကိုနားလည်ဖို့ ကြိုးစားလိုစိတ်ရှိတယ်။ (မ. ၁၃:၃၆; မာ. ၇:၁၇) ဒုတိယ၊ သိရှိလာတဲ့အချက်အလက်အသစ်တွေကို လက်ခံထားပြီးသားအချက်အလက်တွေနဲ့ ဆက်စပ်ဖို့ ကြိုးစားလိုစိတ်ရှိတယ်။ (မဿဲ ၁၃:၁၁၊ ၁၂ ကိုဖတ်ပါ။) တတိယ၊ သိရှိလာတဲ့အရာတွေကို ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့အကျိုးအတွက် အသုံးပြုလိုစိတ်ရှိတယ်။—မ. ၁၃:၅၁၊ ၅၂

၄။ ယေရှုရဲ့ပုံဥပမာတွေကို နားလည်ဖို့ ဘယ်အချက်သုံးချက်ကို လုပ်ဆောင်ရမလဲ။

တပည့်တွေလိုပဲ ကျွန်တော်တို့လည်း ယေရှုရဲ့ပုံဥပမာတွေကို နားလည်ချင်တယ်ဆိုရင် အချက်သုံးချက်ကို လုပ်ဆောင်ဖို့လိုတယ်။ ပထမ၊ ယေရှုရဲ့စကားတွေကို လေ့လာပြီး တွေးတောဆင်ခြင်ဖို့၊ စစ်စစ်ပေါက်ပေါက်ရှာဖွေလေ့လာဖို့၊ မေးသင့်မေးထိုက်တာတွေမေးဖို့ အချိန်ယူရမယ်။ အဲဒီလိုလုပ်ရင် အသိပညာရရှိလာမယ်။ (သု. ၂:၄၊ ၅) ဒုတိယ၊ အဲဒီအသိပညာက ကိုယ်သိထားပြီးသားအရာနဲ့ ဘယ်လိုဆက်စပ်တယ်၊ ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာ သိအောင်လုပ်ရမယ်။ အဲဒီလိုလုပ်ရင် သိနားလည်မှုရရှိလာမယ်။ (သု. ၂:၂၊ ၃) တတိယ၊ သင်ယူသိရှိလာတာတွေကို အသုံးချရမယ်၊ လက်တွေ့ကျင့်သုံးရမယ်။ အဲဒီလိုလုပ်တာက ဉာဏ်ပညာရှိကြောင်း ဖော်ပြရာရောက်တယ်။—သု. ၂:၆၊ ၇

ဉာဏ်ပညာဟာ အသက်ကို ကယ်နိုင်တယ်

၅။ အသိပညာ၊ သိနားလည်မှုနဲ့ ဉာဏ်ပညာတို့ရဲ့ ကွာခြားမှုကို ဥပမာပေးပါ။

အသိပညာ၊ သိနားလည်မှုနဲ့ ဉာဏ်ပညာ ဘယ်လိုကွာခြားသလဲ။ အဲဒါကို အခုလိုဥပမာပေးနိုင်တယ်– သင်က လမ်းမအလယ်မှာရပ်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ သင့်ဆီကို ကားတစ်စီး အရှိန်နဲ့လာနေတယ်။ ဦးဆုံး၊ အဲဒီကားကို သင်မြင်လိုက်တယ်။ အဲဒါ အသိပညာဖြစ်တယ်။ ဒုတိယအနေနဲ့၊ လမ်းမအလယ်မှာသာ ဆက်ပြီးရပ်နေရင် ကားတိုက်မိမယ်ဆိုတာ သင်သိတယ်။ အဲဒါ သိနားလည်မှုဖြစ်တယ်။ ဒါနဲ့ ချက်ချင်း ခုန်ပြီးရှောင်လိုက်တယ်။ အဲဒါ ဉာဏ်ပညာဖြစ်တယ်။ လက်တွေ့ကျဉာဏ်ပညာဟာ အသက်ကိုကယ်နိုင်တဲ့အတွက် ‘လက်တွေ့ကျဉာဏ်ပညာကို ကာကွယ်စောင့်ရှောက်ပါ’ လို့ ကျမ်းစာပြောတယ်။—သု. ၃:၂၁၊ ၂၂ကဘ; ၁ တိ. ၄:၁၆

၆။ ယေရှုပြောခဲ့တဲ့ ပုံဥပမာခုနစ်ခုကို ဆွေးနွေးတဲ့အခါ ဘယ်မေးခွန်းလေးခုကို သုံးသပ်မလဲ။ ( လေးထောင့်ကွက်ကိုကြည့်ပါ။)

ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ယေရှုပြောခဲ့တဲ့ ပုံဥပမာခုနစ်ခုအကြောင်း ဆွေးနွေးပါမယ်။ ဆွေးနွေးတဲ့အခါ ဒီမေးခွန်းတွေကို သုံးသပ်ပါလိမ့်မယ်– ဒီပုံဥပမာက ဘာကိုဆိုလိုသလဲ။ (ဒါက အသိပညာရရှိစေလိမ့်မယ်။) ဒီပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။ (ဒါက သိနားလည်မှု ရရှိစေလိမ့်မယ်။) ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့အကျိုးအတွက် ဒီပုံဥပမာကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ဒါက ဉာဏ်ပညာဖြစ်တယ်။) နောက်ဆုံး၊ ဒီပုံဥပမာက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

မုန်ညင်းစေ့

၇။ ယေရှုပြောခဲ့တဲ့ မုန်ညင်းစေ့ပုံဥပမာက ဘာကိုဆိုလိုသလဲ။

မဿဲ ၁၃:၃၁၊ ၃၂ ကိုဖတ်ပါ။ ယေရှုပြောခဲ့တဲ့ မုန်ညင်းစေ့ပုံဥပမာက ဘာကိုဆိုလိုသလဲ။ မုန်ညင်းစေ့ဟာ ကျွန်တော်တို့ဟောပြောတဲ့ နိုင်ငံတော်သတင်းတရားနဲ့ ခရစ်ယာန်အသင်းတော်ကို ကိုယ်စားပြုတယ်။ ခရစ်ယာန်အသင်းတော်ဟာ အေဒီ ၃၃ မှာ အစပြုတဲ့အခါ “မျိုးစေ့တကာထက်ငယ်” သလို သိပ်ကိုသေးငယ်ခဲ့တယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းကြောင့် အချိန်တိုအတွင်းမှာပဲ အလျင်အမြန်ကြီးထွားလာတယ်။ ဒီလောက်မြန်မြန်ကြီးထွားလာမယ်လို့ လူအတော်များများ မထင်ထားကြဘူး။ (ကော. ၁:၂၃) “မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်များတွင် နားနေမှီခိုလောက်သောအပင်ဖြစ်လာ” တယ်လို့ ယေရှုပြောတယ်။ ဒါက ခရစ်ယာန်အသင်းတော် ကြီးသည်ထက်ကြီးထွားလာတဲ့အခါ စိတ်ကောင်းနှလုံးကောင်းရှိသူတွေဟာ အဲဒီမှာ ပုံဆောင်အစာ၊ အရိပ်နဲ့ ခိုလှုံရာနေရာ ရရှိတာကို ဆိုလိုတယ်။—ယေဇကျေလ ၁၇:၂၃ နဲ့နှိုင်းယှဉ်ပါ။

ခရစ်ယာန် အသင်းတော် ကြီးထွားလာပုံဟာ အံ့မခန်းပါပဲ

၈။ မုန်ညင်းစေ့ပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။

ဒီပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။ ယေရှုက မုန်ညင်းစေ့ရဲ့ အံ့သြဖွယ်ကြီးထွားလာပုံကိုသုံးပြီး ဘုရားသခင့်နိုင်ငံတော် ကြီးထွားလာပုံ၊ ကာကွယ်ပေးပုံ၊ အတားအဆီးအားလုံး ကျော်ဖြတ်ပုံကို ဖော်ပြခဲ့တယ်။ ၁၉၁၄ ကစပြီး ခရစ်ယာန်အသင်းတော်ကြီးထွားလာပုံဟာ အံ့မခန်းပါပဲ။ (ဟေရှာ. ၆၀:၂၂) အဲဒီအသင်းတော်နဲ့ပူးပေါင်းသူတွေဟာ ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိနေအောင် ကာကွယ်ပေးခံရတယ်။ (သု. ၂:၇; ဟေရှာ. ၃၂:၁၊ ၂) အသင်းတော်ရဲ့ကြီးထွားမှုကို ဘာကမှ မတားဆီးနိုင်ဘူး။—ဟေရှာ. ၅၄:၁၇

၉။ (က) မုန်ညင်းစေ့ပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ (ခ) ဒါက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

မုန်ညင်းစေ့ပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ဟာ သက်သေခံသိပ်မရှိတဲ့ဒေသ၊ ကြီးထွားတိုးတက်မှုသိပ်မရှိတဲ့ဒေသမှာ နေထိုင်တာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ နိုင်ငံတော်ဟာ ဘယ်အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့သင့်ဘူး။ ဒါက ဆက်ခံရပ်နိုင်ဖို့ ခွန်အားပေးပါလိမ့်မယ်။ ဥပမာ၊ ၁၉၂၆ မှာ အိန္ဒိယနိုင်ငံကို ညီအစ်ကိုအက်ဒဝင် စကင်နာ ရောက်လာတုန်းက သက်သေခံသိပ်မရှိသေးဘူး။ တိုးတက်မှုနှုန်းလည်း သိပ်နှေးတဲ့အတွက် လုပ်ငန်း မတွင်ကျယ်ဘူး။ ဒါပေမဲ့ သူ ဆက်ဟောပြောတယ်။ နိုင်ငံတော်သတင်းတရားက အတားအဆီးကြီးတွေကိုတောင် ကျော်ဖြတ်နိုင်တယ်ဆိုတာ သူ တွေ့ရှိခဲ့တယ်။ ဒီနေ့အိန္ဒိယမှာ သက်သေခံ ၃၇,၀၀၀ ကျော်ရှိနေပြီး ၂၀၁၃ မှာ အောက်မေ့ရာပွဲကို ၁၀၈,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။ အိန္ဒိယကို ညီအစ်ကိုစကင်နာရောက်တဲ့နှစ်မှာပဲ ဇမ်ဘီယာမှာ သက်သေခံတွေရဲ့လုပ်ငန်း အစပြုခဲ့တယ်။ အခု အဲဒီမှာ သက်သေခံ ၁၇၀,၀၀၀ ကျော်ရှိနေပြီး ၂၀၁၃ မှာ အောက်မေ့ရာပွဲကို ၇၆၃,၉၁၅ ယောက် တက်ရောက်ခဲ့တယ်။ ဒါက လူ ၁၈ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တယ်။ အံ့မခန်းဖွယ် ကြီးထွားတိုးတက်မှုပါပဲ။

တဆေး

၁၀။ တဆေးပုံဥပမာက ဘာကိုဆိုလိုသလဲ။

၁၀ မဿဲ ၁၃:၃၃ ကိုဖတ်ပါ။ တဆေးပုံဥပမာက ဘာကိုဆိုလိုသလဲ။ ဒီပုံဥပမာက နိုင်ငံတော်သတင်းတရားနဲ့ နိုင်ငံတော်သတင်းတရားရဲ့ ပြောင်းလဲပေးနိုင်စွမ်းကို ဆိုလိုတယ်။ “မုန့်ညက်တစ်ပုံလုံး” ဟာ လူသားအားလုံးကို ဆိုလိုတယ်။ ဖောင်းကြွလာတဲ့ဖြစ်စဉ်က ဟောပြောခြင်းလုပ်ငန်းကြောင့် နိုင်ငံတော်သတင်းတရား ပျံ့နှံ့သွားပုံကို ဖော်ပြတယ်။ မုန်ညင်းစေ့ကြီးထွားလာတာကို အထင်အရှားမြင်နိုင်ပေမဲ့ တဆေးပျံ့နှံ့ပုံကိုတော့ အစပိုင်းမှာ မမြင်နိုင်ဘူး။ အချိန်အနည်းငယ်ကြာပြီးမှသာ အကျိုးသက်ရောက်မှုကို မြင်ရတယ်။

၁၁။ တဆေးပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။

၁၁ ဒီပုံဥပမာကို ယေရှု ဘာကြောင့်ပြောတာလဲ။ နိုင်ငံတော်သတင်းတရားဟာ “မြေကြီးစွန်းတိုင်အောင်” ရောက်နိုင်စွမ်းရှိပြီး လူတွေရဲ့စိတ်နှလုံးကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိတယ်ဆိုတာ ဖော်ပြဖို့ဖြစ်တယ်။ (တ. ၁:၈) အစပိုင်းမှာတော့ အဲဒီပြောင်းလဲမှုတွေကို ကျွန်တော်တို့ သတိထားမိချင်မှထားမိမယ်။ ဒါပေမဲ့ ပြောင်းလဲနေပါတယ်။ နေရာတိုင်းမှာရှိတဲ့ လူများစွာဟာ နိုင်ငံတော်သတင်းတရားကို လက်ခံပြီး အကျင့်စရိုက်တွေကို ပြောင်းလဲနေကြတယ်။—ရော. ၁၂:၂; ဧ. ၄:၂၂၊ ၂၃

၁၂၊ ၁၃။ တဆေးပုံဥပမာမှာပါတဲ့အတိုင်း ဟောပြောခြင်းလုပ်ငန်း ဘယ်လိုတိုးတက်နေတယ်ဆိုတာ ဥပမာပေးပါ။

၁၂ သတင်းတရားကို လူတွေ ဦးဆုံးအကြိမ်ကြားပြီးနောက် နှစ်နဲ့ချီကြာပြီးမှသာ အကျိုးသက်ရောက်မှုကို မြင်ရလေ့ရှိတယ်။ ဥပမာ၊ ၁၉၈၂ တုန်းက ဘရာဇီးဗေသလမှာ အမှုဆောင်နေတဲ့ ဖရန့်စ်နဲ့ မာဂစ်တို့ဇနီးမောင်နှံဟာ မြို့ငယ်လေးတစ်မြို့မှာ ဟောပြောခဲ့ကြတယ်။ ကျမ်းစာသင်အံမှုတွေအများကြီး ရခဲ့တယ်။ အဲဒီထဲက တစ်ခုကတော့ သားအမိငါးယောက်ဖြစ်တယ်။ အကြီးဆုံးသားက ၁၂ နှစ်ပဲရှိသေးတယ်။ သူက ရှက်တတ်တော့ သင်အံမှုမစခင် ပုန်းနေလေ့ရှိတယ်။ ဒါပေမဲ့ ဖရန့်စ်နဲ့မာဂစ်တို့ တာဝန်ပြောင်းသွားတဲ့အတွက် သူတို့ကို ဆက်မသင်နိုင်တော့ဘူး။ နှစ်ဆယ့်ငါးနှစ်ကြာပြီးနောက်မှာတော့ အဲဒီမြို့ကို သူတို့ ပြန်သွားလည်တယ်။ အဲဒီမှာ ကြေညာသူ ၆၉ ယောက်ရှိတဲ့ အသင်းတော်တစ်ခုရှိနေတာကို မြင်ရတဲ့အခါ၊ အဲဒီထဲက ၁၃ ယောက်ဟာ မှန်မှန်ရှေ့ဆောင်ဖြစ်ပြီး သူတို့အားလုံး နိုင်ငံတော်ခန်းမအသစ်မှာ အစည်းအဝေးတက်နေတာကို မြင်ရတဲ့အခါ သူတို့ ဘယ်လောက်ပျော်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒီဇနီးမောင်နှံနဲ့ကျမ်းစာလေ့လာတုန်းက ရှက်တတ်တဲ့လူငယ်လေးဟာ အခု အကြီးအကဲအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးအဖြစ် အမှုဆောင်နေတယ်။ ယေရှုရဲ့ပုံဥပမာထဲက တဆေးလိုပဲ နိုင်ငံတော်သတင်းတရားဟာ ပျံ့နှံ့ရောက်ရှိပြီး လူများစွာရဲ့အသက်တာကို ပြောင်းလဲပေးနေတယ်။

၁၃ လွတ်လွတ်လပ်လပ်မဟောပြောနိုင်တဲ့ နိုင်ငံတွေမှာတောင် နိုင်ငံတော်သတင်းတရားက လူတွေကို ပြောင်းလဲနိုင်စွမ်း ရှိနေတုန်းပဲ။ အဲဒီလိုနိုင်ငံတွေမှာ သတင်းတရား ဘယ်လောက်အထိ ပျံ့နှံ့သွားတယ်ဆိုတာ မယုံနိုင်စရာပဲ။ ဥပမာ၊ ၁၉၁၀ မှာ ကျူးဘားနိုင်ငံကို နိုင်ငံတော်သတင်းရောက်ရှိလာတယ်။ ၁၉၁၃ မှာ အဲဒီနိုင်ငံကို ညီအစ်ကိုရပ်စယ်လ် လာလည်ပတ်တယ်။ အစပိုင်းမှာတော့ သိပ်မတိုးတက်ဘူး။ အခုကော ဘယ်လိုလဲ။ သတင်းကောင်းကြေညာသူ ၉၆,၀၀၀ ကျော်ရှိနေပြီး ၂၀၁၃ မှာ အောက်မေ့ရာပွဲတက်ရောက်သူ ၂၂၉,၇၂၆ ယောက် ရှိတယ်။ ဒါက ၄၈ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တယ်။ မပိတ်ပင်ထားတဲ့နိုင်ငံတွေမှာလည်း နိုင်ငံတော်သတင်းတရားဟာ ဒေသခံသက်သေခံတွေ မထင်ထားတဲ့နေရာတွေအထိ ပျံ့နှံ့ရောက်ရှိနေပါတယ်။ *ဒေ. ၈:၇; ၁၁:၅

အရာအားလုံးကို ယေဟောဝါ စီမံညွှန်ကြားနေတယ်

၁၄၊ ၁၅။ (က) တဆေးပုံဥပမာရဲ့သင်ခန်းစာကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ (ခ) ဒါက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

၁၄ တဆေးပုံဥပမာကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ တဆေးပုံဥပမာရဲ့ဆိုလိုရင်းကို စဉ်းစားကြည့်တဲ့အခါ သတင်းကောင်းမကြားသေးတဲ့ လူသန်းပေါင်းများစွာဆီ သတင်းကောင်း ဘယ်လိုရောက်ရှိမယ်ဆိုတာ စိုးရိမ်နေဖို့မလိုတဲ့အကြောင်း သိလာရတယ်။ အရာအားလုံးကို ယေဟောဝါ စီမံညွှန်ကြားနေတယ်။ ဒါဆို ကျွန်တော်တို့ရဲ့တာဝန်က ဘာလဲ။ ကျမ်းစာမှာ ဒီလိုအဖြေပေးထားတယ်– ‘နံနက်ခင်းမှာ မျိုးစေ့ကြဲပါ။ ညနေစောင်းအထိ သင့်လက်ကို အနားမပေးနဲ့။ ဘာကြောင့်လဲဆိုတော့ နံနက်ခင်းမှာကြဲတဲ့မျိုးစေ့က အပင်ပေါက်မလား၊ ညနေစောင်းမှာကြဲတဲ့မျိုးစေ့က အပင်ပေါက်မလား ဒါမှမဟုတ် နှစ်ခုစလုံးပေါက်လာမလားဆိုတာကို သင်မသိလို့ပဲ။’ (ဒေ. ၁၁:၆ကဘ) တစ်ချိန်တည်းမှာ ဟောပြောခြင်းလုပ်ငန်းကို ကောင်းချီးပေးဖို့၊ အထူးသဖြင့် ကန့်သတ်ခံရတဲ့နိုင်ငံတွေမှာ ကောင်းချီးပေးဖို့ ယေဟောဝါဆီ အမြဲဆုတောင်းပေးသင့်တယ်။—ဧ. ၆:၁၈-၂၀

၁၅ အဲဒီအပြင် အစပိုင်းမှာ ဟောပြောခြင်းလုပ်ငန်းရဲ့ အကျိုးရလဒ်တွေကို မမြင်ရတဲ့အခါ စိတ်ဓာတ်မကျသင့်ဘူး။ ‘သေးငယ်တဲ့အစပြုမှုတွေ လုပ်ဆောင်တဲ့နေ့’ ကို အထင်မသေးသင့်ဘူး။ (ဇာ. ၄:၁၀ကဘ) ကျွန်တော်တို့ထင်ထားတာထက် ပိုကြီးမားပြီး ပိုအံ့သြစရာကောင်းတဲ့ အကျိုးရလဒ်တွေ တဖြည်းဖြည်း ရရှိလာနိုင်တယ်။—ဆာ. ၄၀:၅; ဇာ. ၄:၇

နယ်လှည့်ကုန်သည်နဲ့ ဝှက်ထားသောဘဏ္ဍာ

၁၆။ နယ်လှည့်ကုန်သည်ပုံဥပမာနဲ့ ဝှက်ထားသောဘဏ္ဍာပုံဥပမာက ဘာကိုဆိုလိုသလဲ။

၁၆ မဿဲ ၁၃:၄၄–၄၆ ကိုဖတ်ပါ။ နယ်လှည့်ကုန်သည်နဲ့ ဝှက်ထားသောဘဏ္ဍာ ပုံဥပမာက ဘာကိုဆိုလိုသလဲ။ ယေရှုခေတ်မှာ ကုန်သည်တချို့ဟာ အကောင်းဆုံးပုလဲကိုရှာပြီး ဝယ်ယူဖို့ တော်တော်ဝေးလံတဲ့ဒေသတွေအထိ သွားကြတယ်။ ယေရှုပုံဥပမာမှာပါတဲ့ “အလွန်အဖိုးထိုက်သော ပုလဲတစ်လုံး” ဟာ အဖိုးတန် နိုင်ငံတော်အမှန်တရားကို ကိုယ်စားပြုတယ်။ ကုန်သည်ဟာ အမှန်တရားကိုတွေ့ဖို့ နေရာတကာမှာရှာဖွေတဲ့ စိတ်ကောင်းနှလုံးကောင်းရှိသူတွေကို ကိုယ်စားပြုတယ်။ ကုန်သည်ဟာ ဒီအဖိုးတန်ပုလဲကိုဝယ်နိုင်ဖို့ သူ့မှာရှိသမျှကို “ချက်ချင်း” လိုလိုလားလား ရောင်းခဲ့တယ်။ လယ်ထဲမှာအလုပ်လုပ်နေရင်း “ဝှက်ထားသော” ဘဏ္ဍာကိုတွေ့တဲ့လူအကြောင်းလည်း ယေရှုပြောခဲ့တယ်။ ဒီလူက ကုန်သည်လို ဘဏ္ဍာကိုလိုက်ရှာနေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူလည်း ကုန်သည်လိုပဲ ဒီဘဏ္ဍာကိုရဖို့ သူ့မှာ “ရှိသမျှ” ကို လိုလိုလားလား ရောင်းခဲ့တယ်။

၁၇။ နယ်လှည့်ကုန်သည်နဲ့ ဝှက်ထားသောဘဏ္ဍာ ပုံဥပမာနှစ်ခုကို ယေရှု ဘာကြောင့်ပြောတာလဲ။

၁၇ ဒီပုံဥပမာနှစ်ခုကို ယေရှု ဘာကြောင့်ပြောတာလဲ။ အမှန်တရားကို နည်းလမ်းအမျိုးမျိုးနဲ့ တွေ့ရှိကြတယ်ဆိုတာ ဖော်ပြဖို့ဖြစ်တယ်။ တချို့က အမှန်တရားကိုလိုက်ရှာတယ်။ အမှန်တရားကိုတွေ့ဖို့ အနစ်နာခံစွန့်လွှတ်ကြတယ်။ တချို့ကတော့ အမှန်တရားကို လိုက်ရှာတာမဟုတ်ပေမဲ့ တစ်ယောက်ယောက် လာဟောပြောချိန်မှာ တွေ့ရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးဟာ ကိုယ်တွေ့ရှိတဲ့အရာရဲ့တန်ဖိုးကို သိနားလည်ပြီး အဲဒါကိုရဖို့ လိုလိုလားလား အနစ်နာခံစွန့်လွှတ်ကြတယ်။

အမှန်တရားကို ဘဝမှာဦးစားထားဖို့ ဘယ်အရာကိုမဆို လိုလိုလားလား လုပ်ဆောင်ပါ

၁၈။ (က) ဒီပုံဥပမာနှစ်ခုကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ (ခ) ဒါက ယေဟောဝါနဲ့ ယေရှုအကြောင်း ဘာသင်ပေးသလဲ။

၁၈ ဒီပုံဥပမာနှစ်ခုကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ (မ. ၆:၁၉-၂၁) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အမှန်တရားနဲ့ပတ်သက်ရင် အဲဒီလူတွေရဲ့သဘောထားမျိုး ငါ့မှာရှိသလား။ အမှန်တရားကို ဘဏ္ဍာတစ်ခုလို ယူမှတ်သလား။ အဲဒါကိုရဖို့ လိုလိုလားလား အနစ်နာခံစွန့်လွှတ်နေသလား။ ဒါမှမဟုတ် ဘဝရဲ့ နေ့စဉ်စိုးရိမ်စရာတွေလိုမျိုး အရာတွေကြောင့် အာရုံထွေပြားနေသလား။’ (မ. ၆:၂၂-၂၄၊ ၃၃; လု. ၅:၂၇၊ ၂၈; ဖိ. ၃:၈) ကျွန်တော်တို့သာ အမှန်တရားကို တကယ်ချစ်တယ်ဆိုရင် အဲဒါကို ဘဝမှာဦးစားထားဖို့ ဘယ်အရာကိုမဆို လိုလိုလားလား လုပ်ဆောင်ပါလိမ့်မယ်။

၁၉။ နောက်ဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးကြမလဲ။

၁၉ ဒီပုံဥပမာတွေကို နားထောင်ပြီး ဆိုလိုရင်းကို တကယ်နားလည်တယ်ဆိုတာ ဖော်ပြနိုင်ကြပါစေ။ ဒါပေမဲ့ ဆိုလိုရင်းကို နားလည်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သတိရပါ။ သင်ယူသိရှိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့လည်း လိုအပ်တယ်။ နောက်ဆောင်းပါးမှာ နောက်ထပ် ပုံဥပမာသုံးခုအကြောင်း ဆွေးနွေးပြီး ဘာသင်ခန်းစာတွေ သင်ယူနိုင်တယ်ဆိုတာ ကြည့်ကြမယ်။

^ စာပိုဒ်၊ 13 အာဂျင်တီးနား (၂၀၀၁ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၈၆ [လိပ်])၊ အရှေ့ဂျာမနီ (၁၉၉၉ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၈၃ [လိပ်])၊ ပါပူဝါ နယူးဂီနီ (၂၀၀၅ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၆၃) နဲ့ ရော်ဘင်စင် ခရူးစိုးကျွန်း (ကင်းမျှော်စင်၊ ဇွန် ၁၅၊ ၂၀၀၀၊ စာမျက်နှာ ၉) တို့ရဲ့ တွေ့ကြုံမှုတွေကိုလည်း ဖတ်ကြည့်နိုင်ပါတယ်။