မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ရရှိထားရာတွေကို တန်ဖိုးထားလေးမြတ်သလား

သင် ရရှိထားရာတွေကို တန်ဖိုးထားလေးမြတ်သလား

“ငါတို့သည် . . . ဘုရားသခင် ပေးသနားတော်မူသော အရာများကို သိနိုင်မည်အကြောင်း ဘုရားသခင်ထံမှ စွမ်းအားတော်ကို ခံယူကြ၏။” —၁ ကော. ၂:၁၂

၁။ လူများစွာဟာ သူတို့ရရှိထားရာတွေနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားမျိုးရှိသလဲ။

“မရှိတော့မှ တန်ဖိုးနားလည်” ဆိုတဲ့စကားကို သင် ကြားဖူးပါလိမ့်မယ်။ အဲဒီလိုလည်း သင် ခံစားကောင်း ခံစားဖူးလိမ့်မယ်။ ဥပမာ၊ ချမ်းသာတဲ့မိသားစုကနေ ကြီးပြင်းလာသူတစ်ယောက်ဟာ အရာရာကို ခပ်ပေါ့ပေါ့ပဲ သဘောထားမိနိုင်တယ်။ ဘဝအတွေ့အကြုံမရှိတဲ့အတွက် ဘဝမှာတကယ်အရေးကြီးတဲ့အရာကို မသိတာမျိုး ဖြစ်နိုင်တယ်။

၂၊ ၃။ (က) ခရစ်ယာန်လူငယ်တွေဟာ ဘယ်လိုအတွေးအခေါ်မျိုးကို ရှောင်ကြဉ်ရမလဲ။ (ခ) ကိုယ်ရရှိထားရာတွေကို တန်ဖိုးထားလေးမြတ်အောင် ဘာက ကူညီပေးနိုင်သလဲ။

သင်ဟာ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် သင့်အတွက်အရေးကြီးတဲ့အရာဟာ ဘာလဲ။ ဒီနေ့ခေတ် လောကလူငယ်တွေအတွက်တော့ ပစ္စည်းဥစ္စာတွေဟာ ဆက်ဆံရေးနှောင်ကြိုးတွေထက် ပိုအရေးကြီးလာတယ်။ အလုပ်ကောင်း၊ အိမ်ကောင်းရာကောင်း ဒါမှမဟုတ် နောက်ဆုံးပေါ် အီလက်ထရွန်နစ်ပစ္စည်းတွေကို မက်မောလာတယ်။ ဒါပေမဲ့ ကိုယ့်အသက်တာမှာ အဲဒါတွေကိုပဲ အဓိကထားနေရင် အရေးကြီးဆုံးအရာဖြစ်တဲ့ ဘုရားသခင်နဲ့ဆက်ဆံရေး ပြတ်တောက်သွားနိုင်တယ်။ သင်ဟာ ခရစ်ယာန်မိဘတွေကနေ ကြီးပြင်းလာသူဖြစ်မယ်ဆိုရင် သိပ်ကောင်းတဲ့ ဘုရားရေးရာလက်ဆောင် ရရှိထားပါတယ်။ (မ. ၅:၃) ရရှိထားတဲ့ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးမထားဘူးဆိုရင်တော့ ကျန်အသက်တာတစ်လျှောက်လုံး ဆိုးကျိုးတွေခံစားရနိုင်တယ်။

ဒါပေမဲ့ အဲဒီလိုမဖြစ်အောင် သင် တားဆီးနိုင်ပါတယ်။ သင့်ရဲ့ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးထားလေးမြတ်လာအောင် ကူညီပေးမယ့် ကျမ်းစာပုံနမူနာတချို့ကို ဆွေးနွေးကြည့်ကြမယ်။ လူငယ်တွေသာမက ကျွန်တော်တို့အားလုံး ယေဟောဝါပေးထားတဲ့အရာကို တန်ဖိုးထားနိုင်အောင် အဲဒီပုံနမူနာတွေက ကူညီပေးပါလိမ့်မယ်။

တန်ဖိုးထားလေးမြတ်စိတ် မရှိသူတချို့

၄။ ရှမွေလရဲ့သားတွေနဲ့ ပတ်သက်ပြီး ၁ ဓမ္မရာဇဝင် ၈:၁-၅ မှာ ဘာဖော်ပြထားသလဲ။

သိပ်ကောင်းတဲ့ ဘုရားရေးရာအမွေအနှစ်ကို ရရှိထားပေမဲ့ တန်ဖိုးမထားသူတချို့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ပရောဖက်ရှမွေလဟာ ငယ်ငယ်ကတည်းက ယေဟောဝါကို စတင်အမှုဆောင်ပြီး အမြဲသစ္စာတည်ကြည်ခဲ့တယ်။ (၁ ရာ. ၁၂:၁-၅) ရှမွေလ ပုံနမူနာကောင်း ချမှတ်ခဲ့ပေမဲ့ ယောလနဲ့ အဘိရဆိုတဲ့ သားနှစ်ယောက်ကတော့ အဖေ့ခြေရာ မနင်းခဲ့ဘူး။ အဲဒီအစား သိပ်အကျင့်ပျက်သောင်းကျန်းခဲ့ကြတယ်။—၁ ဓမ္မရာဇဝင် ၈:၁–၅ ကိုဖတ်ပါ။

၅၊ ၆။ ယောရှိရဲ့သားတွေနဲ့ မြေးတစ်ယောက် ဘယ်လိုဖြစ်ခဲ့သလဲ။

ဘုရင်ယောရှိရဲ့သားတွေလည်း အဲဒီလိုပဲ။ ယောရှိဟာ ယေဟောဝါကိုချစ်ပြီး ဝတ်ပြုကိုးကွယ်တဲ့ သစ္စာရှိဘုရင်တစ်ပါးဖြစ်တယ်။ ဘုရားသခင့်ပညတ်ကျမ်းလိပ်ကို တွေ့ပြီး ယောရှိကိုဖတ်ပြတဲ့အခါ ယောရှိဟာ ယေဟောဝါညွှန်ကြားတဲ့အတိုင်း လိုက်နာခဲ့တယ်။ ရုပ်တုကိုးကွယ်မှုနဲ့ နတ်ဆိုးပညာတွေကို တိုင်းပြည်ကနေ ဖယ်ရှားခဲ့တယ်။ ယေဟောဝါကိုနာခံဖို့ လူတွေကို တိုက်တွန်းခဲ့တယ်။ (၄ ရာ. ၂၂:၈; ၂၃:၂၊ ၃၊ ၁၂-၁၅၊ ၂၄၊ ၂၅) သူ့သားတွေဟာ သိပ်ကောင်းတဲ့ ဘုရားရေးရာအမွေအနှစ်ကို ရရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း သားသုံးယောက်နဲ့ မြေးတစ်ယောက် ဘုရင်ဖြစ်လာချိန်မှာ တစ်ယောက်မှ ကိုယ်ရရှိထားတာကို တန်ဖိုးမထားကြဘူး။

ယောရှိရဲ့သား ယောခတ် ဘုရင်ဖြစ်လာတဲ့အခါ ‘ယေဟောဝါရဲ့အမြင်မှာ မကောင်းတာကိုလုပ်တယ်။’ ဘုရင်အဖြစ် သုံးလပဲ အုပ်စိုးလိုက်ရပြီး အီဂျစ်ဘုရင်ဖာရောက သူ့ကို အကျဉ်းချထားလိုက်တယ်။ နောက်ပိုင်း ဇာတိမြေနဲ့ဝေးတဲ့နေရာမှာ သုံ့ပန်းဘဝနဲ့ သေဆုံးသွားတယ်။ (၄ ရာ. ၂၃:၃၁-၃၄ကဘ) သူ့နောက်မှာ ယောရှိရဲ့ နောက်သားတော် ယောယကိမ် နန်းတက်လာပြီး ၁၁ နှစ် အုပ်စိုးတယ်။ သူလည်း ဖခင်ဆီကရရှိခဲ့တဲ့အရာကို တန်ဖိုးမထားဘူး။ သိပ်ဆိုးလွန်းလို့ “မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်” လို့ ယေရမိပြောခဲ့တယ်။ (ယေ. ၂၂:၁၇-၁၉) ယောရှိရဲ့နောက်သားတော် ဇေဒကိနဲ့ မြေးဖြစ်တဲ့ ယေခေါနိလည်း သိပ်ဆိုးပြီး ယောရှိရဲ့ သစ္စာရှိပုံသက်သေကို မလိုက်ခဲ့ကြဘူး။—၄ ရာ. ၂၄:၈၊ ၉၊ ၁၈၊ ၁၉

၇၊ ၈။ (က) ရှောလမုန်ဟာ သူ့ရဲ့ဘုရားရေးရာအမွေအနှစ်ကို ဘယ်လို အလဟဿဖြစ်စေခဲ့သလဲ။ (ခ) ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးမထားခဲ့သူတွေရဲ့ ကျမ်းစာပုံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲ။

ဘုရင်ရှောလမုန်ဟာ ယေဟောဝါကို ဘယ်လိုဝတ်ပြုရမယ်ဆိုတာ ဖခင်ဒါဝိဒ်ဆီကနေ သင်ယူသိရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီအမွေအနှစ်ကို တန်ဖိုးထားလေးမြတ်စိတ် ပျောက်သွားတယ်။ ‘ရှောလမုန် အသက်ကြီးလာတဲ့အခါ မိဖုရားတွေက တခြားဘုရားတွေကိုဝတ်ပြုဖို့ စိတ်ယိုင်သွားအောင် လုပ်ကြတယ်။ ရှောလမုန်က ယေဟောဝါဘုရားကို ခမည်းတော်ဒါဝိဒ်လို စိတ်နှလုံးအကြွင်းမဲ့ ဝတ်မပြုတော့ဘူး။’ (၃ ရာ. ၁၁:၄ကဘ) ဒါကြောင့် ယေဟောဝါရဲ့မျက်နှာသာ ဆုံးၡုံးသွားတယ်။

ဒီလူအားလုံး ယေဟောဝါကိုသိပြီး မှန်တာလုပ်ဖို့ အခွင့်အရေးရခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအခွင့်အရေးကို လက်လွှတ်ခံခဲ့ကြတယ်။ ကျမ်းစာခေတ်က လူငယ်အားလုံး အဲဒီလို လက်လွှတ်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ တုပထိုက်တဲ့ ပုံနမူနာကောင်းတချို့ကို သုံးသပ်ကြည့်ကြစို့။

ရရှိထားရာကို တန်ဖိုးထားလေးမြတ်သူတချို့

၉။ နောဧရဲ့သားတွေဟာ အကောင်းဆုံးပုံနမူနာ ဘယ်လိုချမှတ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

နောဧရဲ့သားတွေဟာ အကောင်းဆုံးပုံနမူနာ ချမှတ်ခဲ့တယ်။ လူတွေကိုကယ်တင်ဖို့ သင်္ဘောဆောက်လုပ်ရာမှာ နောဧကို ကူညီပေးခွင့်ရရှိခဲ့တယ်။ ယေဟောဝါကိုနာခံဖို့ လိုအပ်မှန်း၊ ရေလွှမ်းမိုးဘေးမစခင် သင်္ဘောထဲဝင်ဖို့ လိုအပ်မှန်း သူတို့သိတယ်။ (က. ၇:၁၊ ၇) ဘာအကျိုးရခဲ့သလဲ။ ‘မြေတစ်ပြင်လုံးမှာ အသက်ရှင်ကျန်ရစ်ပြီး မျိုးပွားနိုင်’ ဖို့ တိရစ္ဆာန်တွေကို သင်္ဘောထဲသွင်းတယ်လို့ ကမ္ဘာဦး ၇:၃ (ကဘ) မှာ ပြောထားတဲ့အတွက် တိရစ္ဆာန်တွေ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ လူတွေလည်း ကယ်တင်ခံခဲ့ရတယ်။ နောဧရဲ့သားတွေဟာ ရရှိထားတဲ့ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးထားလေးမြတ်တဲ့အတွက် လူမျိုးဆက်မပြတ်အောင် ကူညီခွင့်၊ မြေကြီးပေါ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးကို ပြန်ထူထောင်ခွင့် ရရှိခဲ့တယ်။—က. ၈:၂၀; ၉:၁၈၊ ၁၉

ဟီဘရူးလူငယ်လေးယောက်ဟာ ကိုယ့်ဘဝနောက်ခံနဲ့ သင်ယူသိရှိထားရာတွေကို လုံးဝမမေ့ခဲ့ဘူး

၁၀။ ဗာဗုလုန်ကိုရောက်နေတဲ့ ဟီဘရူးလူငယ်လေးယောက်ဟာ ရရှိထားတဲ့ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ နှစ်ပေါင်းရာချီကြာပြီးနောက် ဟာနနိ၊ မိရှေလ၊ အာဇရိနဲ့ ဒံယေလဆိုတဲ့ ဟီဘရူးလူငယ်လေးယောက်ဟာ ဘီစီ ၆၁၇ မှာ ဗာဗုလုန်ကို သိမ်းသွားခံခဲ့ရတယ်။ သူတို့ဟာ သိပ်တော်တဲ့လူချောတွေဖြစ်တယ်။ ဗာဗုလုန်မှာ အောင်မြင်ထွန်းပေါက်သူတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဗာဗုလုန်လူတွေရဲ့ ဘဝလမ်းစဉ်အတိုင်း မလိုက်ခဲ့ဘူး။ ကိုယ့်ဘဝနောက်ခံနဲ့ သင်ယူသိရှိထားရာတွေကို လုံးဝမမေ့ခဲ့ဘူး။ ဒါကြောင့် သူတို့ကို ယေဟောဝါ ကောင်းချီး အလျှံပယ်ပေးခဲ့တယ်။—ဒံယေလ ၁:၈၊ ၁၁–၁၅၊ ၂၀ ကိုဖတ်ပါ။

၁၁။ ယေရှုရရှိထားတဲ့ ဘုရားရေးရာအမွေအနှစ်ကနေ တခြားသူတွေ ဘယ်လိုအကျိုးရရှိခဲ့သလဲ။

၁၁ ယေရှုဟာ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးထားခဲ့တဲ့ အကောင်းဆုံးပုံနမူနာဖြစ်တယ်။ သူ့ဖခင်သွန်သင်ပေးတဲ့အရာကို သိပ်မြတ်နိုးတယ်။ “ငါ့ခမည်းတော်သည် ငါ့အားသွန်သင်တော်မူသည့်အတိုင်း ဟောပြော” တယ်လို့ ပြောခဲ့တာကိုကြည့်ရင် အဲဒီအချက်ကို သိနိုင်တယ်။ (ယော. ၈:၂၈) သူ သိရှိထားရာတွေကနေ တခြားသူတွေကိုလည်း အကျိုးရရှိစေချင်တယ်။ ဒါကြောင့် အဲဒါတွေကို ဝေမျှပေးတယ်။ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏” လို့ ပြောခဲ့တယ်။ (လု. ၄:၁၈၊ ၄၃) လောက,က လူတွေဟာ ဘုရားသခင်ဆီက အမှန်တရားကို တန်ဖိုးမထားကြဘူး။ ဒါကြောင့် ‘လောကနဲ့မသက်ဆိုင်’ ဖို့ တပည့်တွေကို ယေရှုသတိပေးခဲ့တယ်။—ယော. ၁၅:၁၉

သင် ရရှိထားရာတွေကို တန်ဖိုးထားလေးမြတ်ပါ

၁၂။ (က) ၂ တိမောသေ ၃:၁၄-၁၇ ဟာ ဒီနေ့ခေတ်လူငယ်များစွာနဲ့ ဘယ်လိုသက်ဆိုင်မှုရှိသလဲ။ (ခ) ခရစ်ယာန်လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးသင့်သလဲ။

၁၂ သင့်မိဘတွေဟာ ယေဟောဝါကိုချစ်မြတ်နိုးသူတွေ ဖြစ်တယ်ဆိုရင် ဘုရားရေးရာအမွေအနှစ်ကို သင် ရရှိထားပါတယ်။ တိမောသေနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်က သင်နဲ့လည်း သက်ဆိုင်နိုင်တယ်။ (၂ တိမောသေ ၃:၁၄–၁၇ ကိုဖတ်ပါ။) သင့်မိဘတွေဟာ ယေဟောဝါအကြောင်း၊ ကိုယ်တော့်နှစ်သက်မှုရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့အကြောင်း သင့်ကို သွန်သင်ပေးမှာပဲ။ သင် ကလေးဘဝကတည်းက အဲဒီလိုသွန်သင်ပေးတာ ဖြစ်နိုင်တယ်။ အဲဒါက ‘ခရစ်တော်ယေရှုနှင့်ဆိုင်သော ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် ပညာရှိ’ လာဖို့၊ ဘုရားသခင့်အမှုဆောင်နိုင်အောင် “လုံးလုံးလျားလျား အသင့်ဖြစ်” လာဖို့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ သင်ဟာ ရရှိထားရာကို တကယ်တန်ဖိုးထားလေးမြတ်သလား။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘အရင်က အသက်ရှင်ခဲ့တဲ့ သစ္စာရှိသက်သေခံများစွာနဲ့ပတ်သက်ပြီး ငါ ဘယ်လိုခံစားရသလဲ။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူသလား။ ဘုရားသခင်သိကျွမ်းတဲ့ လူနည်းစုအဝင် ဖြစ်ခွင့်ရတာကို ဘယ်လိုခံစားရသလဲ။ ထူးခြားကောင်းမွန်လှတဲ့အခွင့်ထူး ရရှိထားတယ်ဆိုတာ ငါ သဘောပေါက်သလား။’

အရင်က အသက်ရှင်ခဲ့သူတွေလိုပဲ ဘုရားသခင့်သစ္စာရှိသက်သေခံတစ်ယောက် ဖြစ်ရတာကို သင် ဘယ်လိုခံစားရသလဲ (အပိုဒ် ၉၊ ၁၀၊ ၁၂ တို့ကိုကြည့်ပါ)

၁၃၊ ၁၄။ အမှန်တရားမှာကြီးပြင်းလာသူတချို့ ဘာလုပ်ဖို့ သွေးဆောင်ခံရနိုင်သလဲ။ အဲဒီသွေးဆောင်မှုနောက် ပါသွားတာဟာ ဘာကြောင့် မိုက်မဲရာကျသလဲ။ ဥပမာပေးပါ။

၁၃ ခရစ်ယာန်မိဘတွေကနေ ကြီးပြင်းလာတဲ့ လူငယ်တချို့ဟာ အမှန်တရားရဲ့လှပမှုနဲ့ စာတန့်လောကရဲ့ အကျည်းတန်မှုကို မမြင်ဘဲဖြစ်နိုင်တယ်။ တချို့က လောကမှာ ဘယ်လိုများနေမလဲဆိုတာ စမ်းကြည့်ဖို့တောင် သွေးဆောင်ခံခဲ့ကြတယ်။ ဒါပေမဲ့ သင်ဟာ ဒဏ်ရာရမလား၊ သေသွားမလားဆိုတာသိနိုင်ဖို့ အရှိန်နဲ့သွားနေတဲ့ ကားတစ်စီးရှေ့ကနေ ပြေးကြည့်မလား။ ဘယ်တော့မှ ပြေးမှာမဟုတ်ဘူး။ အဲဒီလိုပဲ၊ လောကရဲ့မကောင်းတဲ့အရာတွေက ဘယ်လောက် နာကျင်စေနိုင်တယ်ဆိုတာသိဖို့အတွက် အဲဒါတွေကို စမ်းကြည့်စရာမလိုဘူး။—၁ ပေ. ၄:၄

လောကရဲ့မကောင်းတဲ့ အရာတွေက ဘယ်လောက် နာကျင်စေနိုင်တယ်ဆိုတာ သိဖို့အတွက် အဲဒါတွေကို စမ်းကြည့်စရာမလိုဘူး

၁၄ အမှန်တရားထဲမှာ ကြီးပြင်းလာတဲ့ အာရှတိုက်သား ဂျဲနာဟာ အသက် ၁၂ နှစ်အရွယ်မှာ နှစ်ခြင်းခံခဲ့တယ်။ ဆယ်ကျော်သက်အရွယ်မှာ လွတ်လပ်မှုပိုရချင်တဲ့အတွက် လောကကိုစမ်းကြည့်ခဲ့တယ်။ သူ့မိသားစုမသိအောင် ခိုးလုပ်တတ်လာတယ်။ အသက် ၁၅ နှစ်အရွယ်မှာ သူ့ရဲ့လောကသူငယ်ချင်းတွေလို အရက်သောက်တတ်လာတယ်၊ ဆဲဆိုတတ်လာတယ်။ ဘိလိယက်ထိုး၊ အကြမ်းဖက်ဂိမ်းတွေဆော့ပြီး ညဉ့်နက်မှ အိမ်ပြန်လာလေ့ရှိတယ်။ ဒါပေမဲ့ သူလုပ်နေတဲ့အရာတွေက ပျော်ရွှင်မှုမပေးနိုင်ဘူးဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်။ သူ့စိတ်ထဲမှာ ဟာတာတာဖြစ်နေတုန်းပဲ။ အခုတော့ အမှန်တရားထဲ ပြန်ရောက်လာပါပြီ။ အခုလည်း လောကရဲ့သွေးဆောင်မှုကို မကြာမကြာ ခံနေရတုန်းပဲလို့ သူပြောတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ကောင်းချီးရဖို့က သူ့အတွက် ပိုအရေးကြီးတဲ့အရာ ဖြစ်နေပြီ။

၁၅။ ခရစ်ယာန်မိသားစုကနေ မကြီးပြင်းလာတဲ့ လူငယ်တွေလည်း ဘယ်အကြောင်း စဉ်းစားသင့်သလဲ။

၁၅ အသင်းတော်ထဲက လူငယ်တချို့ကတော့ ခရစ်ယာန်မိဘတွေကနေ ကြီးပြင်းလာတာမဟုတ်ဘူး။ သင်ဟာ အဲဒီလိုလူငယ်တစ်ယောက်ဖြစ်တယ်ဆိုရင် ဖန်ဆင်းရှင်ကို သိကျွမ်းပြီး ဝတ်ပြုခွင့်ရတာ ဘယ်လောက်အခွင့်ထူးဖြစ်မှန်း စဉ်းစားကြည့်ပါ။ သန်းထောင်ချီရှိတဲ့ လူသားတွေထဲမှာမှ သင့်ကို ယေဟောဝါသွေးဆောင်ပြီး အမှန်တရားဖွင့်ပြထားတာ တကယ့်ကောင်းချီးပဲ။ (ယော. ၆:၄၄၊ ၄၅) သင်ဟာ အမှန်တရားကို မိဘတွေဆီက သိရှိခဲ့တာဖြစ်စေ၊ တခြားနည်းနဲ့ သိရှိခဲ့တာဖြစ်စေ အဲဒီလိုသိခွင့်ရတဲ့အတွက် သိပ်ပျော်ရွှင်သင့်တယ် မဟုတ်လား။ (၁ ကောရိန္သု ၂:၁၂ ကိုဖတ်ပါ။) ဂျဲနာက “ကျွန်တော့်လို ဘာမဟုတ်တဲ့လူကို စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါ သိနေတယ်ဆိုတာ စဉ်းစားလိုက်တိုင်း ကြက်သီးထမိတယ်” လို့ ပြောတယ်။ (ဆာ. ၈:၄) ခရစ်ယာန်ညီအစ်မတစ်ယောက်လည်း အခုလိုပြောတယ်– “ဆရာအသိအမှတ်ပြုတာကို ခံရတဲ့ကျောင်းသားတွေဟာ သိပ်ဂုဏ်ယူတတ်ကြတယ်။ မဟာသွန်သင်ရှင် ယေဟောဝါ အသိအမှတ်ပြုတာကိုခံရတာဟာ အဲဒါထက် အဆပေါင်းများစွာပိုကောင်းတဲ့ အခွင့်ထူးကြီးပါပဲ။”

သင် ဘာလုပ်မလဲ

၁၆။ ခရစ်ယာန်လူငယ်တွေအတွက် ပညာရှိရွေးချယ်မှုက ဘာလဲ။

၁၆ သင့်ရဲ့ ဘုရားရေးရာအမွေအနှစ်အကြောင်း အမြဲစဉ်းစားနေပါ။ ယေဟောဝါကိုအမှုဆောင်ဖို့ ပန်းတိုင်ထားပါ။ ရှေးခေတ်သစ္စာရှိသူတွေရဲ့ ပုံနမူနာကောင်းကို လိုက်လျှောက်ပါ။ အနာဂတ်မရှိဘဲ ကိုယ့်ဘဝကို ရေစုန်မျောနေတဲ့ လောကလူငယ်အများစုလို မဖြစ်ပါနဲ့။—၂ ကော. ၄:၃၊ ၄

၁၇–၁၉။ လောကနဲ့ကွာခြားနေတာ ဘာကြောင့် ပညာရှိသလဲ။

၁၇ လောကနဲ့ ကွာခြားနေဖို့ အမြဲမလွယ်ကူတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါ ပညာရှိလမ်းစဉ်ဖြစ်တယ်။ အိုလံပစ်ပြိုင်ပွဲဝင်ဖို့ အရည်အချင်းပြည့်မီတဲ့ အားကစားသမားတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ အဲဒီလိုအရည်အချင်းပြည့်မီလာဖို့ သူဟာ ရွယ်တူချင်းတွေနဲ့ ကွာခြားရမယ်။ အချိန်စားတဲ့အရာ၊ အာရုံစိုက်ရတဲ့အရာ အတော်များများကိုလည်း ရှောင်ခဲ့ရမှာပဲ။ ဒါပေမဲ့ အဲဒီလို သူ တလိုတလား လုပ်ဆောင်ခဲ့တယ်။ ရွယ်တူချင်းတွေနဲ့ ကွာခြားနေမှ များများလေ့ကျင့်နိုင်ပြီး ပန်းတိုင်ရောက်နိုင်မယ်။

သင့်ရဲ့ ဘုရားရေးရာ အမွေအနှစ် အကြောင်း အမြဲစဉ်းစားနေပါ။

၁၈ လောက,က လူအများစုဟာ ကိုယ့်လုပ်ရပ်ကြောင့် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာ သိပ်ထည့်မတွက်ကြဘူး။ ယေဟောဝါရဲ့ကျေးကျွန်တွေကတော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့ဟာ လောကနဲ့ကွာခြားမယ်၊ ကိုယ်ကျင့်တရားပျက်စေနိုင်ပြီး ယေဟောဝါနဲ့ ဆက်ဆံရေးပျက်စေနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်မယ်ဆိုရင် “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲထားနိုင်” ပါလိမ့်မယ်။ (၁ တိ. ၆:၁၉) အထက်မှာဖော်ပြခဲ့တဲ့ ညီအစ်မ အခုလိုပြောတယ်– “ကိုယ့်ယုံကြည်ချက်အတိုင်း အခိုင်အမာရပ်တည်မယ်ဆိုရင် တစ်နေ့တာကုန်သွားတဲ့အခါ သိပ်ပျော်ပါလိမ့်မယ်။ အဲဒါဟာ စာတန့်လောကကို ဆန့်ကျင်ဖို့ သင့်မှာ ခွန်အားရှိတယ်ဆိုတဲ့ သက်သေပဲ။ ယေဟောဝါဘုရားက သင့်အတွက် ပျော်ပျော်ကြီး ဂုဏ်ယူနေတာကို မြင်နေရသလိုပဲ။ လောကနဲ့ကွာခြားရင် အဲဒီလိုပျော်ရွှင်မှုမျိုး ခံစားရပါလိမ့်မယ်။”

၁၉ ဒါကြောင့် လောလောဆယ်ရနိုင်မယ့် အရာတွေကိုသာကြည့်ပြီး ဘဝကို အလဟဿမဖြုန်းပစ်ပါနဲ့။ (ဒေ. ၉:၂၊ ၁၀) ကမ္ဘာပေါ်ကို ဘာကြောင့်ရောက်နေတယ်၊ ထာဝစဉ်အသက်ရှင်ဖို့ အခွင့်အရေးရှိတယ် ဆိုတာတွေကို သင် နားလည်ထားတယ်။ အဲဒါက ဆုံးဖြတ်ချက်ကောင်းတွေချဖို့၊ ‘လူမျိုးခြားတို့နည်းတူ မလျှောက်လှမ်း’ ဖို့ ကူညီပေးပါလိမ့်မယ်။ သင့်ဘဝကို အဓိပ္ပာယ်ရှိရှိ အသက်ရှင်ပါ။—ဧ. ၄:၁၇; မာလ. ၃:၁၈

၂၀၊ ၂၁။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမယ်ဆိုရင် ဘယ်လိုအနာဂတ်မျိုး ရရှိမလဲ။ ကျွန်တော်တို့ဆီကနေ ယေဟောဝါ ဘာတောင်းဆိုသလဲ။

၂၀ ကျွန်တော်တို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် အခုလည်း ပျော်မယ်၊ ကမ္ဘာသစ်မှာလည်း ထာဝရအသက်ရမယ်။ ကျွန်တော်တို့ စဉ်းစားလို့မမီနိုင်လောက်အောင် ယေဟောဝါ ကောင်းချီးပေးလိမ့်မယ်။ (မ. ၅:၅; ၁၉:၂၉; ၂၅:၃၄) ဒါပေမဲ့ ဘုရားသခင်က လူတိုင်းကို ကောင်းချီးပေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီကနေ နာခံမှုကို တောင်းဆိုထားတယ်။ (၁ ယောဟန် ၅:၃၊ ၄ ကိုဖတ်ပါ။) အခုအချိန်မှာ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ဖို့ ကြိုးစားအားထုတ်မှုတွေဟာ ဘယ်တော့မှ အလဟဿမဖြစ်ပါဘူး။

၂၁ ကျွန်တော်တို့ကို ယေဟောဝါ အများကြီးပေးထားတယ်။ ကျွန်တော်တို့မှာ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့အသိပညာရှိတယ်။ ကိုယ်တော်နဲ့ပတ်သက်တဲ့အမှန်တရား၊ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်ထားတယ်။ ယေဟောဝါသက်သေတွေအဖြစ် ကိုယ်တော့်နာမည်ခံယူခွင့် ရရှိထားတယ်။ ကျွန်တော်တို့ဘေးမှာ ရှိနေပြီး ကူညီပေးမယ်လို့လည်း ဘုရားသခင် ကတိပေးထားတယ်။ (ဆာ. ၁၁၈:၇) ဒါကြောင့် လူကြီးလူငယ်မရွေး ကျွန်တော်တို့အားလုံး ကိုယ့်ရဲ့ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးထားလေးမြတ်ကြောင်း၊ ယေဟောဝါရဲ့ “ဘုန်းတော် ထာဝစဉ်ထင်ရှား” စေချင်တဲ့ဆန္ဒရှိကြောင်း ဖော်ပြကြပါစို့။—ရော. ၁၁:၃၃-၃၆; ဆာ. ၃၃:၁၂