မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် စိတ်ပြောင်းသင့်သလား

သင် စိတ်ပြောင်းသင့်သလား

သက်သေခံလူငယ်တစ်စု ရုပ်ရှင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီရုပ်ရှင် သိပ်ကောင်းတယ်လို့ ကျောင်းမှာ ရေပန်းစားနေတယ်။ ရုပ်ရှင်ရုံရောက်တော့ ရုပ်ရှင်ပိုစတာကို ကြည့်လိုက်တဲ့အခါ အင်အားကြီးလက်နက်တွေ၊ မတော်မလျော်ဝတ်စားထားတဲ့ မိန်းမတွေရဲ့ပုံကို တွေ့လိုက်ရတယ်။ သူတို့ ဘာဆက်လုပ်မလဲ။ ဒီရုပ်ရှင်ကို ကြည့်သင့်သလား။

ကျွန်တော်တို့ဟာ ယေဟောဝါနဲ့ဆက်ဆံရေး ပိုကောင်းစေနိုင်တဲ့ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ ဆုံးဖြတ်ချက်တွေကို နေ့တိုင်းချနေရတယ်။ တစ်ခုခုလုပ်ဖို့ သင် ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ သေချာစဉ်းစားလိုက်တဲ့အခါ စိတ်ပြောင်းသွားပြီး တခြားတစ်ခုလုပ်ဖို့ ပြန်ဆုံးဖြတ်လိုက်တယ်။ ဒါက ဆုံးဖြတ်ချက်ချရာမှာ ညံ့ဖျင်းနေလို့လား ဒါမှမဟုတ် မှန်ရာကိုပဲ သင် လုပ်ခဲ့တာလား။

စိတ်မပြောင်းသင့်တဲ့ အချိန်

ကျွန်တော်တို့က ယေဟောဝါကို သိပ်ချစ်တဲ့အတွက် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့တယ်။ ကိုယ်တော့်ကို သစ္စာရှိနေပါ့မယ်လို့ ကတိပေးခဲ့တယ်။ အဲဒီကတိအတိုင်းလည်း နေထိုင်ချင်တယ်။ ဒါပေမဲ့ ရန်သူစာတန်မာရ်နတ်က ကျွန်တော်တို့ရဲ့သမာဓိကို ချိုးဖျက်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ (ဗျာ. ၁၂:၁၇) ကျွန်တော်တို့က ယေဟောဝါကိုဝတ်ပြုပြီး နာခံဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ စိတ်ပြောင်းသွားရင်တော့ အသက်ဆုံးသွားနိုင်တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၆၀၀ ကျော်တုန်းက ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ ရွှေရုပ်တုကြီးတစ်ခုထုလုပ်ပြီး လူတိုင်းဝတ်ပြုဖို့ အမိန့်ပေးခဲ့တယ်။ ဝတ်မပြုသူတိုင်း မီးလောင်နေတဲ့မီးဖိုထဲ ပစ်ချခံရမယ်။ ယေဟောဝါကိုဝတ်ပြုတဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတဲ့ လူငယ်သုံးယောက်ကတော့ ဘုရင့်အမိန့်ကို မနာခံခဲ့ဘူး။ ဘုရားသခင်ကို သူတို့ စိတ်မပျက်စေချင်ဘူး။ ဒါကြောင့် မီးဖိုထဲ ပစ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါက အံ့ဖွယ်နည်းနဲ့ ကယ်တင်ခဲ့တယ်။ ဘုရားသခင်ကို မနာခံမယ့်အစား အသေခံဖို့ သူတို့ လိုလိုလားလား ရွေးချယ်ခဲ့တယ်။—ဒံ. ၃:၁-၂၇

နောက်ပိုင်း ပရောဖက်ဒံယေလက ဘုရားသခင်ဆီ သူဆုတောင်းတာကို တခြားသူတွေမြင်ရင် ခြင်္သေ့တွင်းထဲ ပစ်ချခံရမှာကို သိသိကြီးနဲ့ တစ်ရက်သုံးကြိမ် ဆက်ဆုတောင်းခဲ့တယ်။ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုမယ်ဆိုတဲ့ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ဘူး။ ဒါကြောင့် ယေဟောဝါက “ခြင်္သေ့လက်မှ ကယ်လွှတ်” ခဲ့တယ်။—ဒံ. ၆:၁-၂၇

ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်တွေလည်း ယေဟောဝါဆီ ဆက်ကပ်အပ်နှံချိန်မှာပေးခဲ့တဲ့ ကတိကိုတည်ဖို့ ကြိုးစားနေကြတယ်။ အာဖရိက,က လူငယ်သက်သေခံတစ်စုဟာ ကျောင်းအခမ်းအနားတစ်ခုမှာ အမျိုးသားအထိမ်းအမှတ်ကို အလေးပြုဖို့ ငြင်းဆိုခဲ့တယ်။ အလေးမပြုရင် ကျောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတယ်။ နောက်ပိုင်း ပညာရေးမှူးရောက်လာပြီး သက်သေခံကျောင်းသားတွေနဲ့ စကားပြောတယ်။ သက်သေခံကျောင်းသားတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ယဉ်ယဉ်ကျေးကျေး မကြောက်မရွံ့ ရှင်းပြကြတယ်။ အဲဒီအချိန်ကစပြီး ဒီလိုပြဿနာမျိုး ထပ်မပေါ်တော့ဘူး။ အခု သက်သေခံလူငယ်တွေဟာ ယေဟောဝါကိုမနာခံဖို့ ဖိအားပေးတာတွေ မခံရတော့ဘဲ ကျောင်းတက်နိုင်ကြပြီ။

ဂျိုးဇက်ဆိုတဲ့ညီအစ်ကိုလည်း သူ့ဇနီး ရုတ်တရက် သေဆုံးသွားချိန်မှာ စမ်းသပ်မှု ကြုံခဲ့ရတယ်။ ဂျိုးဇက်ရဲ့မိသားစုက အသုဘအစီအစဉ်နဲ့ပတ်သက်တဲ့ ဂျိုးဇက်ဆန္ဒကို လေးစားတယ်။ ဒါပေမဲ့ သူ့မိန်းမဘက်ကမိသားစုက အမှန်တရားထဲမှာမရှိတဲ့အတွက် ဘုရားသခင်မနှစ်သက်တဲ့ အသုဘထုံးစံတွေ လုပ်ချင်ကြတယ်။ ဂျိုးဇက် အခုလိုပြောတယ်– “သူတို့က ကျွန်တော်အလျှော့ပေးလိုက်လျောမှာမဟုတ်မှန်း သိတော့ ကလေးတွေကို စည်းရုံးတယ်။ ဒါပေမဲ့ ကလေးတွေလည်း ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။ ဆွေမျိုးတွေက ကျွန်တော့်အိမ်မှာ ညမအိပ်ဘဲစောင့်တဲ့ထုံးစံလည်း လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်အိမ်မှာမလုပ်ဖို့ ပြောလိုက်တယ်။ ဒီထုံးစံဟာ ကျွန်တော်နဲ့ ဇနီးသည်ရဲ့ယုံကြည်ချက်တွေနဲ့ မကိုက်ညီမှန်း သူတို့သိတယ်။ တော်တော်ဆွေးနွေးပြီးတဲ့နောက်မှာတော့ တခြားနေရာမှာ သွားလုပ်ကြတယ်။

“ဝမ်းနည်းပူဆွေးနေတဲ့ အဲဒီအချိန်အတွင်း ကိုယ်တော့်ပညတ်တွေ မချိုးဖောက်မိအောင် ကျွန်တော့်မိသားစုကို ကူညီပေးဖို့ ယေဟောဝါဆီ အသနားခံခဲ့တယ်။ ကျွန်တော့်ဆုတောင်းချက်ကို ကိုယ်တော်နားထောင်ပြီး ဖိအားပေးမှုတွေကြားမှာ အခိုင်အမာရပ်တည်နိုင်ဖို့ ကူညီပေးခဲ့တယ်။” ဂျိုးဇက်နဲ့ သားသမီးတွေဟာ ယေဟောဝါကိုနာခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုပြင်ဖို့ နည်းနည်းလေးတောင် မစဉ်းစားခဲ့ဘူး။

စိတ်ပြောင်းဖို့ လိုအပ်နိုင်တဲ့ အချိန်

အေဒီ ၃၂ မှာ အစ္စရေးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့သမီးထဲက နတ်ဆိုးကို နှင်ထုတ်ပေးဖို့ ယေရှုဆီ အသနားခံခဲ့တယ်။ အကြိမ်ကြိမ်အသနားခံပေမဲ့ ယေရှု သူ့ကို ဘာမှပြန်မပြောဘူး။ တပည့်တွေကိုပဲ “အစ္စရေးလူမျိုးထဲက ပျောက်လွင့်သောသိုးများမှတစ်ပါး အခြားလူမျိုးများရှိရာသို့ ငါ့ကို စေလွှတ်တော်မမူ” လို့ ရှင်းပြတယ်။ အမျိုးသမီးကလည်း ဇွဲမလျှော့ဘူး။ ဒါကြောင့် “သားသမီးတို့၏အစာကို ယူ၍ ခွေးကလေးများကို မပေးသင့်” လို့ ယေရှု ပြောလိုက်တယ်။ ဒါနဲ့ အမျိုးသမီးက “မှန်ပါ၏၊ သခင်။ သို့သော် ခွေးကလေးများသည် သခင့်စားပွဲမှကျသော စားနုပ်စားပေါက်ကိုမူ စားရပါသည်” လို့ ပြောပြီး အားကြီးတဲ့ယုံကြည်ခြင်း ရှိတယ်ဆိုတာ ဖော်ပြခဲ့တယ်။ ယေရှုလည်း စိတ်ပြောင်းသွားပြီး သူ့သမီးထဲက နတ်ဆိုးကို နှင်ထုတ်ပေးလိုက်တယ်။—မ. ၁၅:၂၁-၂၈

သင့်တော်ချိန်မှာ လိုလိုလားလား စိတ်ပြောင်းလဲခြင်းအားဖြင့် ယေဟောဝါကို ယေရှု တုပခဲ့တယ်။ ဥပမာ၊ အစ္စရေးတွေ ရွှေနွားရုပ်ကိုးကွယ်ပြီး ယေဟောဝါကို မနာခံချိန်မှာ သူတို့ကို သတ်ပစ်ဖို့ ကိုယ်တော်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ မောရှေ အသနားခံတဲ့အခါ ယေဟောဝါ လိုလိုလားလား စိတ်ပြောင်းလဲခဲ့တယ်။—ထွ. ၃၂:၇-၁၄

တမန်တော်ပေါလုလည်း ယေဟောဝါနဲ့ ယေရှုလိုပဲ စိတ်ပြောင်းလဲဖို့ လိုလိုလားလား ရှိခဲ့တယ်။ မာကုက ပေါလုရဲ့ ပထမသာသနာပြုခရီးစဉ်မှာ ပေါလုကို ထားခဲ့တယ်။ ဒါကြောင့် ပေါလုက တခြားခရီးစဉ်တွေမှာ မာကုကို မခေါ်သွားချင်တော့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ မာကု ရင့်ကျက်လာပြီး အသုံးဝင်သူဖြစ်လာနိုင်တယ်ဆိုတာ ပေါလု ရိပ်မိပုံရတယ်။ ဒါကြောင့် “မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ အကြောင်းမူကား အမှုတော်ဆောင်ရာတွင် သူသည် ငါ့အတွက် အသုံးဝင်သောသူဖြစ်၏” လို့ တိမောသေကို မှာခဲ့တယ်။—၂ တိ. ၄:၁၁

ဒီအချက်တွေအားလုံးကနေ ဘာသင်ယူရသလဲ။ ယေဟောဝါဟာ စုံလင်သူဖြစ်ပေမဲ့ မေတ္တာကရုဏာရှိပြီး စိတ်ရှည်တဲ့အတွက် စိတ်ပြောင်းလဲဖို့ လိုလိုလားလား ရှိတယ်။ ကျွန်တော်တို့က မစုံလင်ဘူး။ ကိစ္စရပ်တွေကိုလည်း အမြဲ အမှန်အတိုင်းရှုမြင်တာ မဟုတ်ဘူး။ ဒါကြောင့် စိတ်ပြောင်းလဲဖို့ ပိုလိုအပ်နိုင်တယ်။ ဥပမာ၊ တခြားသူတွေရဲ့အခြေအနေကို ပိုနားလည်လာတဲ့အခါ သူတို့နဲ့ပတ်သက်ပြီး အမြင်ပြောင်းသွားတာမျိုး ဖြစ်နိုင်တယ်။

တစ်ခါတလေ ဘုရားရေးရာပန်းတိုင်တွေနဲ့ပတ်သက်ပြီး စဉ်းစားပုံပြောင်းလဲဖို့ လိုအပ်နိုင်တယ်။ ကျွန်တော်တို့က ကျမ်းစာလေ့လာပြီး အစည်းအဝေးတွေတက်ပေမဲ့ နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေတာမျိုး ဖြစ်နိုင်တယ်။ ရှေ့ဆောင်လုပ်နိုင်ပေမဲ့ စလုပ်ဖို့ တွန့်ဆုတ်နေတာမျိုး ဖြစ်နိုင်တယ်။ အသင်းတော်အမှုထမ်း ဒါမှမဟုတ် အကြီးအကဲအဖြစ် အမှုမဆောင်ချင်တာမျိုး ဖြစ်နိုင်တယ်။ (၁ တိ. ၃:၁) သင် အဲဒီလို ဖြစ်ဖူးသလား။ သင့်စဉ်းစားပုံကို ပြောင်းလဲနိုင်မယ်လို့ သင် ထင်သလား။ အဲဒီအခွင့်ထူးတွေကို လက်လှမ်းယူဖို့၊ ဘုရားသခင်နဲ့ တခြားသူတွေအတွက် အမှုဆောင်ရာမှာ ပျော်မွေ့နေဖို့ သင့်ကို ယေဟောဝါ ဖိတ်ခေါ်နေတယ်။

စိတ်ကိုပြောင်းလဲခြင်းကြောင့် ကောင်းချီးခံစားရနိုင်

အာဖရိကတိုက်က ဗေသလအိမ်သား ညီအစ်မအယ်လာ အခုလိုပြောတယ်– “ဗေသလကိုစရောက်တုန်းက ရေရှည်ခံပါ့မလားလို့ တွေးမိတယ်။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ချင်ပေမဲ့ မိသားစုကိုလည်း သံယောဇဉ်ကြီးနေတယ်။ ရောက်စတုန်းကဆို အိမ်ကို သိပ်လွမ်းတာပဲ။ ဒါပေမဲ့ အခန်းဖော်က အားပေးတယ်။ ဒီလိုနဲ့ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဆယ်နှစ်အမှုဆောင်ပြီးနောက်မှာတော့ ဗေသလမှာဆက်နေပြီး ညီအစ်ကိုညီအစ်မတွေအတွက် ကြာနိုင်သမျှကြာကြာ အမှုဆောင်ချင်လာတယ်။”

စိတ်ပြောင်းရမယ့် အချိန်

စိတ်ကို လုံးလုံးပြောင်းလဲရမယ့်အချိန်တွေလည်း ရှိပါတယ်။ ဥပမာ၊ ကာဣနဟာ ညီအာဗေလကို မနာလိုဖြစ်ပြီး “အလွန်စိတ်ဆိုး” ခဲ့တယ်။ ကာဣန အပြစ်လုပ်မိတော့မယ်ဆိုတာ ဘုရားသခင် သိတဲ့အတွက် ဒေါသကိုထိန်းဖို့ သတိပေးတယ်။ အပြစ်ဟာ “တံခါးနားမှာ ဝပ်လျက်ရှိ” တယ်လို့ ဘုရားသခင် ပြောတယ်။ ကာဣနကတော့ စိတ်သဘောထားကို ပြောင်းလဲမယ့်အစား ဘုရားသခင့်သတိပေးချက်ကို လျစ်လျူရှုခဲ့တယ်။ ဝမ်းနည်းစရာကတော့ အာဗေလကို သတ်ပစ်လိုက်တယ်။—က. ၄:၂-၈

ကာဣနသာ စိတ်ပြောင်းခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ

ဘုရင်သြဇိအဖြစ်ကနေလည်း သင်ယူနိုင်ပါတယ်။ ဩဇိဟာ အစပိုင်းမှာတော့ နာခံမှုရှိပြီး ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မာနတက်လာတယ်။ နံ့သာပေါင်းပူဇော်ဖို့ ဗိမာန်တော်ထဲ ဝင်သွားတယ်။ တကယ်တော့ အဲဒီလိုပူဇော်ဖို့ ယဇ်ပုရောဟိတ်တွေကိုပဲ ခွင့်ပြုထားတာ။ ယဇ်ပုရောဟိတ်တွေ သတိပေးပေမဲ့ ဩဇိကတော့ စိတ်မပြောင်းဘူး။ အကြီးအကျယ် “ဒေါသ” ထွက်ပြီး သူတို့ရဲ့သတိပေးချက်ကို လျစ်လျူရှုခဲ့တယ်။ ဒါကြောင့် ယေဟောဝါဟာ နူနာရောဂါနဲ့ ဒဏ်ခတ်ခဲ့တယ်။—၆ ရာ. ၂၆:၃-၅၊ ၁၆-၂၀

စိတ်ပြောင်းဖို့လိုအပ်ခဲ့တဲ့ ခေတ်သစ်ပုံနမူနာကတော့ ဇိုအာကင်ဖြစ်တယ်။ သူဟာ ၁၉၅၅ မှာ နှစ်ခြင်းခံပြီး ၁၉၇၈ မှာ နှင်ထုတ်ခံခဲ့ရတယ်။ အနှစ် ၂၀ ကျော်ကြာပြီးမှ စိတ်ကိုပြောင်းလဲ၊ နောင်တယူပြီး အသင်းတော်ထဲ ပြန်ရောက်လာတယ်။ ဘာကြောင့် ဒီလောက်ကြာသွားတာလဲလို့ အကြီးအကဲတစ်ယောက်မေးတဲ့အခါ “ကျွန်တော်က ဒေါသကြီးတယ်၊ မာနလည်း ကြီးတယ်။ ဒီလောက်အကြာကြီး စောင့်ခဲ့တာကို နောင်တရမိတယ်။ ယေဟောဝါသက်သေတွေ အမှန်တရားကို သွန်သင်တယ်ဆိုတာ နှင်ထုတ်ခံရချိန်ကျမှ သိလိုက်ရတယ်” လို့ ပြန်ဖြေခဲ့တယ်။

ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေကို ပြောင်းလဲဖို့ လိုအပ်တဲ့အခါတွေ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို လိုလိုလားလား ပြောင်းလဲမယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို ရရှိပါလိမ့်မယ်။—ဆာ. ၃၄:၈