စာရှုသူများထံမှ မေးခွန်းလွှာ
ကိုယ့်သားတွေအတွက် ရာခေလ ငိုကြွေးတယ်လို့ ယေရမိပြောခဲ့တာ ဘာကိုဆိုလိုသလဲ။
ယေရမိ ၃၁:၁၅ (ကဘ) မှာ အခုလိုဖတ်ရတယ်– ‘“ရာမအရပ်မှာ ငိုကြွေးမြည်တမ်းသံနဲ့ ရှိုက်ကြီးတငင်ငိုကြွေးသံကို ကြားနေရတယ်။ ရာခေလက သူ့သားတွေအတွက် ငိုကြွေးနေတယ်။ သူ့သားတွေမရှိတော့တဲ့အတွက် ဖြေမဆည်နိုင်အောင်ဖြစ်နေတယ်” လို့ ယေဟောဝါပြောတယ်။’
ရာခေလရဲ့သားနှစ်ယောက်ဟာ သူ့ထက်အရင် သေဆုံးခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ရာခေလသေဆုံးပြီး နှစ်ပေါင်း ၁,၀၀၀ ကြာမှ ရေးသားခဲ့တဲ့ ယေရမိရဲ့စကားတွေက မှားနေပုံပဲ။
ရာခေလရဲ့သားဦးဟာ ယောသပ်ဖြစ်တယ်။ (က. ၃၀:၂၂-၂၄) နောက်ပိုင်း ဒုတိယသား ဗင်ယာမိန်ကိုမွေးဖွားရင်း မီးတွင်းထဲမှာပဲ ရာခေလ သေဆုံးသွားတယ်။ ဒါကြောင့် သားတွေ ‘မရှိတော့တဲ့အတွက်’ ရာခေလ ငိုကြွေးတယ်လို့ ယေရမိ ၃၁:၁၅ (ကဘ) မှာ ဘာကြောင့် ပြောထားတာလဲဆိုတဲ့မေးခွန်း ပေါ်လာတယ်။
ယောသပ်မှာ မနာရှေနဲ့ ဧဖရိမ်ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (က. ၄၁:၅၀-၅၂; ၄၈:၁၃-၂၀) နောက်ပိုင်းမှာ ဧဖရိမ်အနွယ်ဟာ မြောက်ပိုင်း အစ္စရေးဆယ်နွယ်နိုင်ငံမှာ ဩဇာအာဏာ အကြီးမားဆုံးအနွယ် ဖြစ်လာတယ်။ မြောက်ပိုင်းနိုင်ငံရဲ့ ဆယ်နွယ်စလုံးကို ကိုယ်စားပြုသူဖြစ်လာတယ်။ ရာခေလရဲ့ဒုတိယသား ဗင်ယာမိန်ကနေ ဆင်းသက်လာတဲ့အနွယ်ကတော့ တောင်ပိုင်းယုဒနှစ်နွယ်နိုင်ငံမှာ ပါဝင်တယ်။ ဒါကြောင့် ရာခေလဟာ မြောက်ပိုင်းနဲ့ တောင်ပိုင်း နှစ်နိုင်ငံစလုံးမှာရှိတဲ့ အစ္စရေးမိခင်အားလုံးကို ကိုယ်စားပြုတယ်လို့ ပြောနိုင်ပါတယ်။
ယေရမိကျမ်းကို ရေးသားချိန်မှာ မြောက်ပိုင်းအစ္စရေးနိုင်ငံဟာ အဆီးရီးယားလက်အောက်ရောက်နေတယ်။ လူအတော်များများ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခံရတယ်။ ဒါပေမဲ့ ဧဖရိမ်အမျိုးတချို့ ယုဒပြည်ဘက် ထွက်ပြေးသွားပုံရတယ်။ ဘီစီ ၆၀၇ မှာ တောင်ပိုင်းယုဒနှစ်နွယ်နိုင်ငံကို ဗာဗုလုန်တွေ သိမ်းပိုက်ပြီး သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားတယ်။ သူတို့ထဲက အများစုကို ဂျေရုဆလင်မြောက်ဘက် ၅ မိုင် (၈ ကီလိုမီတာ) လောက်မှာတည်ရှိတဲ့ ရာမမြို့ကို ခေါ်သွားတယ်။ (ယေ. ၄၀:၁) ဗင်ယာမိန်နယ်မြေထဲမှာရှိတဲ့ အဲဒီမြို့မှာ တချို့ အသတ်ခံခဲ့ရပုံရှိတယ်။ ရာခေလ သေဆုံးသွားတုန်းက အဲဒီမှာပဲ သင်္ဂြိုဟ်ထားတယ်။ (၁ ရာ. ၁၀:၂) ဒါကြောင့် ရာခေလ ငိုကြွေးတယ်ဆိုတာ ဗင်ယာမိန်အနွယ်အားလုံး သေဆုံးသွားလို့ ဒါမှမဟုတ် ရာမမြို့မှာ အစ္စရေးတွေ အသတ်ခံရလို့ ဝမ်းနည်းပူဆွေးခြင်းကို ဆိုလိုတာဖြစ်နိုင်တယ်။ ဘုရားသခင့်လူတွေ သေဆုံးသွားလို့ ဒါမှမဟုတ် သုံ့ပန်းဘဝရောက်သွားလို့ ငိုကြွေးနေတဲ့ အစ္စရေးမိခင်အားလုံးကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်။
ဘာပဲဖြစ်ဖြစ် သားတွေအတွက် ရာခေလ ငိုကြွေးတယ်ဆိုတဲ့ ယေရမိရဲ့စကားဟာ ပရောဖက်ပြုစကားဖြစ်တယ်။ နှစ်ပေါင်းရာချီကြာပြီးနောက် ယေရှု ကလေးဘဝမှာဖြစ်ပျက်မယ့်အရာကို ဆိုလိုတယ်။ ဟေရုဒ်မင်းက ဂျေရုဆလင်တောင်ဘက် ဘက်သလီဟင်မြို့မှာရှိတဲ့ နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျားမှန်သမျှကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ သားတွေသေဆုံးသွားတဲ့အတွက်၊ တစ်နည်းအားဖြင့် ‘မရှိတော့တဲ့အတွက်’ ငိုကြွေးနေတဲ့ မိခင်တွေရဲ့ ဝမ်းနည်းကြေကွဲသံကို ကြားယောင်ကြည့်ပါ။ အဲဒီငိုကြွေးသံတွေကို ဂျေရုဆလင်မြောက်ဘက်မှာရှိတဲ့ ရာမမြို့ကနေတောင် ကြားနေရသလိုပဲ။—မ. ၂:၁၆-၁၈။
ဒါကြောင့် ယေရမိခေတ်မှာရော ယေရှုခေတ်မှာပါ သားသမီးတွေ သေဆုံးသွားလို့ အစ္စရေးမိခင်တွေ ဝမ်းနည်းကြေကွဲနေတာကို ဖော်ပြဖို့ ရာခေလ ‘သားတွေအတွက် ငိုကြွေး’ တယ်လို့ သုံးနှုန်းလေ့ရှိတယ်။ သေဆုံးသွားတဲ့၊ သေခြင်းဆိုတဲ့ “ရန်သူပြည်” ကိုရောက်သွားတဲ့ အဲဒီသူတွေဟာ လူသေတွေ ရှင်ပြန်ထမြောက်ချိန်မှာ အသက်ပြန်ရှင်လာနိုင်ပါတယ်။—ယေ. ၃၁:၁၆; ၁ ကော. ၁၅:၂၆။