မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ

ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ

‘ယေဟောဝါသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။’—ဆာ. ၁၂၇:၁

၁–၃။ ဘယ်အခက်အခဲတွေကို အိမ်ထောင်သည်တွေ ကြုံတွေ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

“သင်ဟာ စိတ်ရင်းမှန်နဲ့ ကြိုးစားအားထုတ်မယ်၊ အိမ်ထောင်အောင်မြင်ချင်စိတ်ရှိတယ်ဆိုတာ ဖော်ပြမယ်ဆိုရင် ယေဟောဝါရဲ့ကောင်းချီး ခံစားရနိုင်တယ်” လို့ သာယာတဲ့အိမ်ထောင်သက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းတစ်ယောက်ပြောတယ်။ မှန်ပါတယ်၊ အိမ်ထောင်သည်တွေဟာ ခက်ခဲချိန်တွေမှာတောင် ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး တစ်ယောက်ကိုတစ်ယောက် အားပေးထောက်မနိုင်ပါတယ်။—သု. ၁၈:၂၂

အိမ်ထောင်သည်တွေ အခက်အခဲတချို့ ကြုံရတာ မဆန်းပါဘူး။ သူတို့ “ကာယဆင်းရဲဒုက္ခ” ခံရမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ (၁ ကော. ၇:၂၈) ဘာကြောင့်လဲ။ နေ့စဉ်ပြဿနာတွေက အိမ်ထောင်မှာ တင်းမာမှုတွေ ဖြစ်စေနိုင်တယ်။ မစုံလင်တဲ့အတွက် အချင်းချင်းရဲ့ခံစားချက်ကို ထိခိုက်မိနိုင်တယ်။ ပွင့်ပွင့်လင်းလင်း မပြောဆိုတဲ့အခါတွေလည်း ရှိနိုင်တယ်။ (ယာ. ၃:၂၊ ၅၊ ၈) အိမ်ထောင်သည်အများစုဟာ စိတ်ပန်းလူပန်းဖြစ်စေတဲ့အလုပ်တွေ လုပ်ကိုင်ကြရပြီး ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်ရတယ်။ စိတ်မောလူမောဖြစ်နေတဲ့အတွက် အိမ်ထောင်ခိုင်မြဲအောင်လုပ်ဖို့ အချိန်မပေးနိုင်သလောက်ပဲ။ ငွေရေးကြေးရေး၊ ကျန်းမာရေးနဲ့ တခြားအခက်အခဲတွေကြောင့် အချင်းချင်းအပေါ်ထားတဲ့ မေတ္တာနဲ့လေးစားမှုတွေ တဖြည်းဖြည်းလျော့နည်းလာနိုင်တယ်။ အဲဒီအပြင် ခိုင်ခံ့နေတယ်လို့ထင်ရတဲ့ အိမ်ထောင်ရေးဟာ လိင်အကျင့်ယိုယွင်းခြင်း၊ အရှက်မရှိပြုမူခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်းစတဲ့ “လူ့ဇာတိနှင့်ဆိုင်သော အကျင့်များ” ကြောင့် ပျက်စီးသွားနိုင်တယ်။—ဂလ. ၅:၁၉-၂၁

ပိုဆိုးတာက “နောက်ဆုံးသောနေ့ရက်များ” မှာ လူတွေဟာ တစ်ကိုယ်ကောင်းဆန်လာပြီး ဘုရားသခင်ကို မလေးစားကြတော့ဘူး။ အဲဒီသဘောထားက အိမ်ထောင်ကို အဆိပ်သင့်စေနိုင်တယ်။ (၂ တိ. ၃:၁-၄) အဲဒီအပြင် ရက်စက်တဲ့ရန်သူကလည်း အိမ်ထောင်တွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားတယ်။ “သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏” လို့ တမန်တော်ပေတရု သတိပေးထားတယ်။—၁ ပေ. ၅:၈; ဗျာ. ၁၂:၁၂

၄။ ဘယ်လိုနည်းနဲ့ ခိုင်ခံ့ပျော်ရွှင်တဲ့အိမ်ထောင် ဖြစ်နိုင်သလဲ။

ဂျပန်နိုင်ငံက ခင်ပွန်းတစ်ယောက် ဒီလိုဝန်ခံတယ်– “ကျွန်တော်က ငွေအတွက်ပဲ စိတ်ဖိစီးနေတယ်။ ကိုယ့်မိန်းမနဲ့ ကောင်းကောင်း စကားမပြောဆိုတဲ့အတွက် သူလည်း စိတ်ဖိစီးလာတယ်။ မကြာခင်ကပဲ ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေကို သူကြုံခဲ့ရတယ်။ အဲဒီဖိစီးမှုတွေကြောင့် တစ်ခါတလေ ကျွန်တော်တို့ ဝုန်းဒိုင်းကြဲမိတယ်။” အိမ်ထောင်မှာ ပြဿနာတွေတော့ ရှိမှာပဲ။ ဒါပေမဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ အိမ်ထောင်သည်တွေဟာ ယေဟောဝါရဲ့ အကူအညီကြောင့် ခိုင်ခံ့ပျော်ရွှင်တဲ့ ဆက်ဆံရေးရရှိနိုင်တယ်။ (ဆာလံ ၁၂၇:၁ ကိုဖတ်ပါ။) ဒီဆောင်းပါးမှာ ခိုင်ခံ့တည်မြဲတဲ့အိမ်ထောင် တည်ဆောက်နိုင်တဲ့ နည်းငါးနည်းကို ဆွေးနွေးကြမယ်။ အိမ်ထောင်ခိုင်ခံ့နေဖို့ ဘာကြောင့် မေတ္တာလိုအပ်တယ်ဆိုတာကိုလည်း ဆွေးနွေးကြမယ်။

သင့်အိမ်ထောင်မှာ ယေဟောဝါကို ထည့်သွင်းပါ

၅၊ ၆။ အိမ်ထောင်မှာ ယေဟောဝါကို ဘယ်လိုထည့်သွင်းနိုင်မလဲ။

ဇနီးမောင်နှံဟာ ယေဟောဝါကို သစ္စာစောင့်သိပြီး လက်အောက်ခံမယ်ဆိုရင် အိမ်ထောင်အုတ်မြစ် ခိုင်မြဲနေပါလိမ့်မယ်။ (ဒေသနာ ၄:၁၂ ကိုဖတ်ပါ။) အိမ်ထောင်သည်တွေဟာ ဘုရားသခင့်မေတ္တာပါလမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းအားဖြင့် အိမ်ထောင်မှာ ယေဟောဝါကို ထည့်သွင်းနိုင်တယ်။ ‘သင်က လက်ယာဘက် ဒါမှမဟုတ် လက်ဝဲဘက်ကို လမ်းလွဲသွားတဲ့အခါ “လမ်းမှန်ဟာ ဒီလမ်းပဲ။ ဒီလမ်းပေါ်မှာ လျှောက်ပါ” လို့ သင့်နောက်ကပြောတဲ့စကားသံကို နားနဲ့ဆတ်ဆတ်ကြားရလိမ့်မယ်’ လို့ ကျမ်းစာပြောတယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁ကဘ) ဒီနေ့ခေတ်မှာ အိမ်ထောင်သည်တွေဟာ ကျမ်းစာအတူဖတ်တဲ့အခါ ယေဟောဝါရဲ့စကားကို “ကြား” ရတယ်။ (ဆာ. ၁:၁-၃) ပျော်စရာကောင်းပြီး တည်ဆောက်မှုဖြစ်စေတဲ့ မိသားစုဝတ်ပြုမှု ပုံမှန်လုပ်မယ်ဆိုရင် အိမ်ထောင်ပိုခိုင်မြဲနိုင်တယ်။ နေ့တိုင်း အတူဆုတောင်းမယ်ဆိုရင် စာတန့်လောကရဲ့တိုက်ခိုက်မှုတွေကို တွန်းလှန်နိုင်တဲ့ အိမ်ထောင်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။

လင်မယားနှစ်ယောက်စလုံး ယေဟောဝါကို အတူဝတ်ပြုတဲ့အခါ ဘုရားသခင်နဲ့ရော၊ အချင်းချင်းနဲ့ပါ ပိုရင်းနှီးလာပြီး အိမ်ထောင်ပျော်ရွှင်ပါလိမ့်မယ် (အပိုဒ် ၅၊ ၆ ကိုကြည့်ပါ)

ဂျာမနီက ဂါဟာ့ဒ် အခုလိုပြောတယ်– “ကိုယ်ရေးကိုယ်တာပြဿနာတွေ၊ နားလည်မှုလွဲတာတွေကြောင့် မရွှင်မပျဖြစ်လာတိုင်း ကျမ်းစာအကြံဉာဏ်တွေက စိတ်ရှည်ခွင့်လွှတ်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။ အိမ်ထောင်အောင်မြင်ဖို့ အဲဒီအရည်အသွေးတွေ မရှိမဖြစ်လိုအပ်တယ်။” ဇနီးမောင်နှံတွေဟာ ဘုရားသခင်ကို အတူဝတ်ပြုခြင်းအားဖြင့် အိမ်ထောင်မှာ ဘုရားသခင်ရှိနေဖို့ ကြိုးစားအားထုတ်မယ်ဆိုရင် ယေဟောဝါနဲ့ နီးနီးကပ်ကပ်ရှိနေပြီး အိမ်ထောင်လည်း ခိုင်ခံ့နေပါလိမ့်မယ်။

မေတ္တာရှိတဲ့ အိမ်ထောင်ဦးစီး လင်ယောက်ျားများ

၇။ လင်ယောက်ျားတွေဟာ ကိုယ့်ဇနီးကို ဘယ်လိုပြုမူဆက်ဆံသင့်သလဲ။

အိမ်ထောင်ကို လင်ယောက်ျားတစ်ယောက် ဦးစီးပုံက ခိုင်ခံ့ပျော်ရွှင်တဲ့အိမ်ထောင်တည်ဆောက်ဖို့ ကူညီပေးနိုင်တယ်။ ‘ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်ပြီး မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်’ တယ်လို့ ကျမ်းစာပြောတယ်။ (၁ ကော. ၁၁:၃) အဲဒါ ဘာကိုဆိုလိုသလဲ။ လင်ယောက်ျားတွေဟာ တပည့်တွေကို ယေရှုဆက်ဆံတဲ့နည်းအတိုင်း ကိုယ့်ဇနီးကို ဆက်ဆံသင့်တယ်လို့ ဆိုလိုတယ်။ ယေရှုဟာ ဘယ်တော့မှ မရက်စက်၊ မကြမ်းတမ်းဘူး။ အမြဲမေတ္တာပြတယ်၊ ကြင်နာတယ်၊ အကျိုးသင့်အကြောင်းသင့်ရှိတယ်၊ နူးညံ့သိမ်မွေ့တယ်၊ စိတ်နှိမ့်ချတယ်။—မ. ၁၁:၂၈-၃၀

၈။ လင်ယောက်ျားဟာ ဇနီးရဲ့ မေတ္တာနဲ့လေးစားမှုကို ဘယ်လိုရရှိနိုင်သလဲ။

ခရစ်ယာန်လင်ယောက်ျားတွေဟာ ကိုယ့်ဇနီးဆီက လေးစားမှုရဖို့ အတင်းအကျပ်တောင်းဆိုနေစရာမလိုဘူး။ သူတို့ဟာ ဇနီးကို ‘သာ၍အားနွဲ့သောတန်ဆာအဖြစ် ဂုဏ်တင်’ ပြီး ထောက်ထားစာနာမှုပြတယ်။ (၁ ပေ. ၃:၇) လူရှေ့မှာရော၊ ကွယ်ရာမှာပါ လေးမြတ်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုပြီး စာနာမှုပြတယ်။ ကိုယ့်ရဲ့ ပြုမူပြောဆိုပုံအားဖြင့် ဇနီးကို တန်ဖိုးထားကြောင်း ဖော်ပြတယ်။ (သု. ၃၁:၂၈၊ ၂၉) လင်ယောက်ျားဟာ ကိုယ့်ဇနီးကို မေတ္တာရှိရှိ ပြုမူဆက်ဆံတဲ့အခါ ဇနီးရဲ့မေတ္တာနဲ့ လေးစားမှုကို ရရှိပါလိမ့်မယ်။ ယေဟောဝါလည်း သူတို့အိမ်ထောင်ကို ကောင်းချီးပေးပါလိမ့်မယ်။

နှိမ့်ချပြီးလက်အောက်ခံတဲ့ ဇနီးများ

၉။ ဇနီးဟာ လက်အောက်ခံမှုကို ဘယ်လိုဖော်ပြနိုင်သလဲ။

ယေဟောဝါကိုချစ်တဲ့ ကိုယ်ကျိုးစွန့်မေတ္တာဟာ “တန်ခိုးကြီးသောလက်တော်အောက်” မှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချနေဖို့ ကူညီပေးပါလိမ့်မယ်။ အဲဒီမေတ္တာဟာ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေအပေါ် အခြေခံတယ်။ (၁ ပေ. ၅:၆) ဇနီးတွေဟာ ကိုယ့်ယောက်ျားနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ အခွင့်အာဏာကို လေးစားတယ်ဆိုတာ ဖော်ပြနိုင်တယ်။ “ဇနီးဖြစ်သူတို့၊ ခရစ်ယာန်တို့အတွက် သင့်မြတ်လျော်ကန်သည်နှင့်အညီ သင်တို့၏ခင်ပွန်းကို လက်အောက်ခံကြလော့” လို့ ကျမ်းစာပြောတယ်။ (ကော. ၃:၁၈) ကိုယ့်ယောက်ျားရဲ့ ဆုံးဖြတ်ချက်အားလုံးကို အမြဲ လက်ခံနိုင်မှာမဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ လက်အောက်ခံတတ်တဲ့ဇနီးဟာ ကိုယ့်ယောက်ျားရဲ့ ဆုံးဖြတ်ချက်တွေ ဘုရားသခင့်ပညတ်ကို မဆန့်ကျင်သရွေ့ သူနဲ့ ပူးပေါင်းလုပ်ဆောင်ပါလိမ့်မယ်။—၁ ပေ. ၃:၁

၁၀။ မေတ္တာပါပါ လက်အောက်ခံဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၀ ယေဟောဝါဟာ အိမ်ထောင်မှာ ဇနီးတွေကို ဂုဏ်ရှိတဲ့အနေအထား ပေးအပ်ထားတယ်။ ဇနီးဟာ လင်ယောက်ျားရဲ့ ‘အဖော်အဖက်’ ဖြစ်တယ်။ (မာလ. ၂:၁၄ကဘ) အိမ်ထောင်မှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ဇနီးဟာ ကိုယ်ဘယ်လိုထင်တယ်၊ ဘယ်လိုခံစားရတယ်ဆိုတာကို လေးလေးစားစား ပြောနိုင်ပေမဲ့ ဆက်ပြီးလက်အောက်ခံနေမြဲပဲ။ ဉာဏ်ပညာရှိတဲ့ယောက်ျားဟာ ကိုယ့်ဇနီးပြောတာကို ဂရုတစိုက် နားထောင်ပါလိမ့်မယ်။ (သု. ၃၁:၁၀-၃၁) မေတ္တာပါပါ လက်အောက်ခံခြင်းက အိမ်ထောင်ကို စည်းလုံးငြိမ်သက် ပျော်ရွှင်စေနိုင်တယ်။ အဲဒီအပြင် ဘုရားသခင်ကို ပျော်ရွှင်စေတယ်ဆိုတဲ့အသိစိတ်ကြောင့် နှစ်ယောက်စလုံး ကျေနပ်မှုခံစားရနိုင်တယ်။—ဧ. ၅:၂၂

ဆက်ပြီး အကြွင်းမဲ့ခွင့်လွှတ်နေပါ

၁၁။ ခွင့်လွှတ်ဖို့ ဘာကြောင့်လိုအပ်သလဲ။

၁၁ တည်မြဲတဲ့အိမ်ထောင် တည်ဆောက်ဖို့ဆိုရင် လင်မယားနှစ်ယောက်စလုံးဟာ အချင်းချင်း ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်။ “အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်” မယ်ဆိုရင် အိမ်ထောင်နှောင်ကြိုး ခိုင်မြဲလာပါလိမ့်မယ်။ (ကော. ၃:၁၃) ဒါပေမဲ့ အတိတ်ကအမှားတွေကို မမေ့နိုင်ဘဲ အနာဟောင်းကို ဆွနေမယ်ဆိုရင်တော့ အိမ်ထောင် အားပျော့လာပါလိမ့်မယ်။ အက်ကြောင်းတွေက အဆောက်အအုံကို ယိုင်နဲ့စေနိုင်သလို နားကြည်းချက်တွေ၊ ဒေါသတွေက ခွင့်လွှတ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ပိုအခက်တွေ့စေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ ခွင့်လွှတ်သလို အချင်းချင်း ခွင့်လွှတ်မယ်ဆိုရင်တော့ အိမ်ထောင်ပိုခိုင်ခံ့လာပါလိမ့်မယ်။—မိ. ၇:၁၈၊ ၁၉

၁၂။ မေတ္တာဟာ ဘယ်နည်းနဲ့ “များစွာသောအပြစ်တို့ကို” ဖုံးအုပ်တတ်သလဲ။

၁၂ မေတ္တာစစ်မေတ္တာမှန်ဟာ အမှားတွေကို ‘မှတ်မထားတတ်ဘူး။’ အဲဒီအစား “များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” တယ်။ (၁ ကော. ၁၃:၄၊ ၅; ၁ ပေတရု ၄:၈ ကိုဖတ်ပါ။) ကျွန်တော်တို့ဟာ တခြားသူတွေကို ချစ်တယ်ဆိုရင် ဘယ်နှစ်ကြိမ်ပဲ ခွင့်လွှတ်မယ်ဆိုပြီး ကန့်သတ်ထားမှာ မဟုတ်ဘူး။ ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်သင့်သလဲလို့ ပေတရုမေးတဲ့အခါ ယေရှုက “ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်အောင်” ခွင့်လွှတ်ရမယ်လို့ ပြန်ဖြေခဲ့တယ်။ (မ. ၁၈:၂၁၊ ၂၂) ယေရှု ဘာကိုဆိုလိုနေတာလဲ။ ခရစ်ယာန်တစ်ယောက်ဟာ တခြားသူတွေကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ခွင့်လွှတ်သင့်တယ်လို့ ဆိုလိုနေတာဖြစ်တယ်။—သု. ၁၀:၁၂ *

၁၃။ ခွင့်မလွှတ်ချင်စိတ်ကို ဘယ်လိုတိုက်လှန်နိုင်သလဲ။

၁၃ ဂျာမနီက အဲနက် အခုလိုပြောတယ်– “လင်မယားအချင်းချင်း ခွင့်မလွှတ်ချင်ဘူးဆိုရင် နာကြည်းတာတွေ၊ မယုံကြည်တော့တာတွေ ဖြစ်လာနိုင်တယ်။ အဲဒါတွေက အိမ်ထောင်အတွက် အဆိပ်အတောက်တွေပဲ။ ဒါပေမဲ့ ခွင့်လွှတ်မယ်ဆိုရင် အိမ်ထောင်နှောင်ကြိုး ပိုခိုင်မာလာပြီး အချင်းချင်း ပိုရင်းနှီးလာမယ်။” ဒါကြောင့် ကျေးဇူးတင်တတ်ပါ။ ကျေးဇူးတင်လေးမြတ်ကြောင်း ထုတ်ပြောပါ။ အိမ်ထောင်ဖက်ကို ချီးမွမ်းနိုင်မယ့်အရာတွေ စဉ်းစားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ခွင့်မလွှတ်ချင်စိတ်ကို တိုက်လှန်နိုင်ပါလိမ့်မယ်။ (ကော. ၃:၁၅) ရလဒ်အနေနဲ့ စိတ်ငြိမ်သက်မှု၊ စည်းလုံးမှုနဲ့ ဘုရားသခင့်နှစ်သက်လက်ခံမှုကို ရရှိပါလိမ့်မယ်။—ရော. ၁၄:၁၉

ရွှေပညတ်ကို ကျင့်သုံးပါ

၁၄၊ ၁၅။ ရွှေပညတ်ဆိုတာ ဘာလဲ။ အဲဒါကို ကျင့်သုံးခြင်းက အိမ်ထောင်ကို ဘယ်လိုခိုင်မြဲစေနိုင်သလဲ။

၁၄ သင်ဟာ သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံခံချင်မှာ သေချာတယ်။ သင်ပြောတာကို တခြားသူတွေနားထောင်ပေးပြီး သင့်ခံစားချက်ကို ဂရုစိုက်ပေးတဲ့အခါ ကျေးဇူးတင်မှာပဲ။ ဒါပေမဲ့ “ငါခံခဲ့ရသလို သူလည်း ပြန်ခံစေရမယ်” လို့ တစ်ယောက်ယောက်ပြောတာ ကြားဖူးသလား။ တစ်ခါတလေ အဲဒီလိုပြောမိနိုင်ပါတယ်။ ဒါပေမဲ့ ‘“သူလုပ်ခဲ့သလို ငါပြန်လုပ်မယ်” လို့ မပြောနဲ့’ ဆိုပြီး ကျမ်းစာပြောတယ်။ (သု. ၂၄:၂၉ကဘ) ယေရှုကလည်း ပြဿနာတွေကို ဘယ်လိုအကောင်းဆုံးဖြေရှင်းရမယ်ဆိုတာ သင်ပေးခဲ့တယ်။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” လို့ ယေရှုပြောတယ်။ အဲဒါကို ရွှေပညတ်လို့ ခေါ်တယ်။ (လု. ၆:၃၁) ကျွန်တော်တို့က တခြားသူတွေ ကိုယ့်ကို ပြုမူဆက်ဆံခဲ့တဲ့နည်းအတိုင်း မဟုတ်ဘဲ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့နည်းအတိုင်း ပြုမူဆက်ဆံသင့်တယ်လို့ ယေရှုဆိုလိုနေတာဖြစ်တယ်။ ဒါကြောင့် အိမ်ထောင်ကနေရဖို့ ကိုယ်မျှော်လင့်တဲ့အရာကို ကိုယ်က အရင်ပေးဆက်ဖို့ လိုအပ်တယ်။

အိမ်ထောင်ကနေရဖို့ ကိုယ်မျှော်လင့်တဲ့အရာကို ကိုယ်က အရင်ပေးဆက်ဖို့ လိုအပ်တယ်

၁၅ အိမ်ထောင်သည်တွေဟာ အချင်းချင်းရဲ့ခံစားချက်တွေကို အမှန်တကယ် ဂရုစိုက်မယ်ဆိုရင် အိမ်ထောင်နှောင်ကြိုးခိုင်မြဲလာလိမ့်မယ်။ တောင်အာဖရိက,က လင်ယောက်ျားတစ်ယောက် အခုလိုပြောတယ်– “ရွှေပညတ်ကို ကျင့်သုံးဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ စိတ်ဆိုးတဲ့အခါတွေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို လေးလေးစားစား၊ သိက္ခာရှိရှိ ဆက်ဆံစေချင်တဲ့နည်းအတိုင်း အချင်းချင်းကို ဆက်ဆံဖို့ ကြိုးစားတယ်။”

၁၆။ အိမ်ထောင်သည်တွေဟာ ဘာတွေကို ရှောင်ရမလဲ။

၁၆ တခြားသူတွေရှေ့မှာ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို ထုတ်မပြောပါနဲ့။ ကိုယ်မကြိုက်တဲ့ အကျင့်တွေကို ဟာသအနေနဲ့တောင် မပြောပါနဲ့။ အိမ်ထောင်ဆိုတာ ဘယ်သူ ပိုသန်မာသလဲ၊ ဘယ်သူ ပိုအော်နိုင်သလဲ၊ ဘယ်သူ အာအကြမ်းဆုံးလဲဆိုတာ အားစမ်းနေတဲ့ပြိုင်ပွဲမဟုတ်ဘူးဆိုတာ သတိရပါ။ ကျွန်တော်တို့အားလုံးဟာ မစုံလင်သူတွေဖြစ်ပြီး တခြားသူတွေကို စိတ်ဆိုးမိတဲ့အခါတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ထောင်ဖက်ကို အရှက်ခွဲဖို့၊ စကားနာထိုးဖို့၊ ပိုဆိုးတာက ကိုယ်ထိလက်ရောက်လုပ်ဖို့ ဆင်ခြေပေးနိုင်တဲ့အကြောင်းရင်း ဘာတစ်ခုမှ မရှိပါဘူး။သုတ္တံ ၁၇:၂၇ နဲ့ ၃၁:၂၆ တို့ကိုဖတ်ပါ။

၁၇။ လင်ယောက်ျားတွေဟာ ရွှေပညတ်ကို ဘယ်လိုကျင့်သုံးနိုင်သလဲ။

၁၇ ယဉ်ကျေးမှုတချို့မှာ ယောက်ျားတွေဟာ “မယားနေစ၊ ကြောင်သေမှ” ဆိုတဲ့အတိုင်း ကိုယ်ဘယ်လောက်ခွန်အားရှိတယ်ဆိုတာပြဖို့ ဇနီးကို အနိုင်ကျင့်၊ ရိုက်နှက်လေ့ရှိတယ်။ ဒါပေမဲ့ ‘ဒေါသထွက်နှေးသူဟာ ခွန်အားကြီးသူထက် ပိုကောင်းတယ်။ စိတ်ကိုချုပ်တည်းသူဟာ မြို့ကိုအောင်နိုင်သူထက် ပိုကောင်းတယ်’ လို့ ကျမ်းစာပြောတယ်။ (သု. ၁၆:၃၂ကဘ) လူတစ်ယောက်ဟာ အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံးလူသားဖြစ်တဲ့ ယေရှုခရစ်လို ချုပ်တည်းမှုပြဖို့ဆိုရင် ကိုယ်ကျင့်တရားကြံ့ခိုင်ဖို့ လိုအပ်တယ်။ တကယ်တော့ ဇနီးမယားကို အနိုင်ကျင့်၊ ရိုက်နှက်သူဟာ ပျော့ညံ့သူဖြစ်တယ်။ အဲဒီလိုလူဟာ ယေဟောဝါနဲ့ဆက်ဆံရေး ပြတ်တောက်သွားလိမ့်မယ်။ ခွန်အားကြီးပြီး သတ္တိရှိတဲ့ ဆာလံဆရာဒါဝိဒ်က ‘စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် အပြစ်တော့မလုပ်ကြနဲ့။ အိပ်ရာပေါ်မှာပဲ ကိုယ့်စိတ်ထဲကိုယ်ပြောပြီး တိတ်တိတ်နေကြပါ’ လို့ပြောခဲ့တယ်။—ဆာ. ၄:၄ကဘ။

‘ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ပါ’

၁၈။ ဆက်ပြီးမေတ္တာပြနေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၈ ၁ ကောရိန္သု ၁၃:၄–၇ ကိုဖတ်ပါ။ အိမ်ထောင်မှာ မေတ္တာဟာ အရေးပါဆုံးအရည်အသွေးဖြစ်တယ်။ “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုးဖြစ်၏” လို့ ကျမ်းစာပြောတယ်။ (ကော. ၃:၁၂၊ ၁၄) အိမ်ထောင်သည်တွေဟာ တခြားသူတွေအတွက် လိုလိုလားလား ကိုယ်ကျိုးစွန့်ခဲ့တဲ့ ယေရှုခရစ်ကိုတုပဖို့၊ ကိုယ်ကျိုးစွန့်မေတ္တာပြဖို့ လိုအပ်တယ်။ အိမ်ထောင်ဟာ အဲဒီလိုမေတ္တာပေါ်အခြေခံမယ်ဆိုရင် စိတ်ဆိုးစရာအကျင့်တွေ၊ ကျန်းမာရေးနဲ့ ငွေရေးကြေးရေးပြဿနာတွေ၊ အိမ်ထောင်ဖက်ရဲ့ဆွေမျိုးတွေနဲ့ အဆင်မပြေတာတွေ ရှိနေတာတောင် ခိုင်ခံ့နေနိုင်ပါလိမ့်မယ်။

၁၉၊ ၂၀။ (က) ခိုင်ခံ့ပျော်ရွှင်တဲ့အိမ်ထောင်ကို ဘယ်လို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်းဆွေးနွေးကြမလဲ။

၁၉ အိမ်ထောင်အောင်မြင်ဖို့ဆိုရင် မေတ္တာ၊ သစ္စာ၊ စိတ်ရင်းမှန်နဲ့ ကြိုးစားအားထုတ်မှုတို့ လိုအပ်တယ်။ အိမ်ထောင်သည်တွေဟာ အခက်အခဲတွေ ကြုံရချိန်မှာ လက်မြှောက်အရှုံးမပေးသင့်ဘူး။ အဲဒီအစား အချင်းချင်းပိုရင်းနှီးလာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်တယ်။ ‘မေတ္တာဟာ အစဉ်တည်’ တဲ့အတွက် ယေဟောဝါကိုရော၊ အချင်းချင်းကိုပါချစ်တဲ့ အိမ်ထောင်သည်တွေဟာ ပြဿနာတွေကို ဖြေရှင်းဖို့ ဆုံးဖြတ်ထားသင့်တယ်။—၁ ကော. ၁၃:၈; မ. ၁၉:၅၊ ၆; ဟေဗြဲ ၁၃:၄

၂၀ အထူးသဖြင့် ‘ခက်ခဲကျပ်တည်းတဲ့’ ဒီကာလမှာ ခိုင်ခံ့ပျော်ရွှင်တဲ့အိမ်ထောင် တည်ဆောက်ဖို့ ခက်ခဲပါတယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီကြောင့် တည်ဆောက်ဖို့ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည်တွေဟာ လိင်ရူးထနေတဲ့ လောကသဘောထားကို တိုက်လှန်ဖို့လည်း လိုအပ်တယ်။ အိမ်ထောင်ခိုင်မြဲအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

^ စာပိုဒ်၊ 12 အိမ်ထောင်သည်တွေဟာ ခွင့်လွှတ်ဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားပေမဲ့ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်ဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အိမ်ထောင်ဖက်ကို ခွင့်လွှတ်မလား၊ ကွာရှင်းမလားဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ကျမ်းစာပြောတယ်။ (မ. ၁၉:၉) “ဘုရားသခင့်မေတ္တာတော်” စာအုပ်၊ စာမျက်နှာ ၂၁၉-၂၂၁ ပါ “ကွာရှင်းခြင်းနှင့် ခွဲနေခြင်းအပေါ် သမ္မာကျမ်းစာရှုထောင့်” ဆိုတဲ့ နောက်ဆက်တွဲကို ကြည့်ပါ။