မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပြီး ကောင်းချီးရယူပါ

ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပြီး ကောင်းချီးရယူပါ

‘ယေဟောဝါဟာ ကောင်းမြတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ။’ —ဆာ. ၁၀၆:၁၊ ကဘ။

၁။ ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် ကျေးဇူးတင်သလဲ။

ယေဟောဝါက “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှ” ကို ပေးထားတယ်။ (ယာ. ၁:၁၇) ကိုယ်တော်ဟာ မေတ္တာရှိတဲ့သိုးထိန်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ လိုအပ်ရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ (ဆာ. ၂၃:၁-၃) ဒါကြောင့် ကျွန်တော်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ယေဟောဝါ တကယ်ရထိုက်တယ်။ ကိုယ်တော်ဟာ အထူးသဖြင့် ကျွန်တော်တို့ဒုက္ခရောက်ချိန်မှာ ‘ခိုလှုံရာဖြစ်ပြီး ခွန်အားကိုပေးတယ်။’ (ဆာ. ၄၆:၁) ‘ယေဟောဝါဟာ ကောင်းမြတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ။ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာဟာ ထာဝစဉ်တည်မြဲတယ်’ လို့ရေးသားခဲ့တဲ့ ဆာလံဆရာလို ကျွန်တော်တို့ ခံစားရတယ်။—ဆာ. ၁၀၆:၁ကဘ။

၂၀၁၅ အတွက် နှစ်ချုပ်ကျမ်းချက်– ‘ယေဟောဝါဟာ ကောင်းမြတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ။’—ဆာ. ၁၀၆:၁ကဘ

၂၊ ၃။ (က) ကိုယ်ရရှိထားတဲ့ကောင်းချီးတွေကို ပေါ့ပေါ့တန်တန်သဘောထားတဲ့အခါ ဘာအန္တရာယ်တွေ ဖြစ်လာနိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။

ယေဟောဝါကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။ ကျမ်းစာမှာကြိုဟောထားတဲ့အတိုင်း နောက်ဆုံးကာလမှာ လူတွေဟာ ကျေးဇူးကန်းသူတွေဖြစ်လာတယ်။ (၂ တိ. ၃:၂) လူအတော်များများက ယေဟောဝါလုပ်ပေးထားတဲ့ ကောင်းမြတ်ရာတွေကို ကျေးဇူးမတင်ကြဘူး။ ပစ္စည်းဥစ္စာကို အဓိကထားတဲ့လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ အဲဒီလောက,က ကိုယ်တကယ်လိုအပ်တာထက် ပိုဝယ်ဖို့ လူသန်းပေါင်းများစွာကို အားပေးအားမြှောက်လုပ်နေတယ်။ ဒါကြောင့် လူအများစုက ကိုယ့်မှာရှိထားတာနဲ့ မကျေနပ်ကြတော့ဘူး။ ရှေးခေတ်အစ္စရေးတွေလိုပဲ ကျွန်တော်တို့လည်း ကိုယ်ရရှိထားတဲ့ကောင်းချီးတွေ၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိတာတွေကို တန်ဖိုးမထားတဲ့သူတွေ၊ ကျေးဇူးမတင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။—ဆာ. ၁၀၆:၇၊ ၁၁-၁၃

စမ်းသပ်မှုတွေကြုံရချိန်မှာ ဘာဖြစ်နိုင်တယ်ဆိုတာကိုလည်း စဉ်းစားကြည့်ပါ။ ပြဿနာတွေများလွန်းလို့ ကောင်းချီးတွေအစား အဲဒီပြဿနာတွေကိုပဲ အာရုံစိုက်မိနိုင်တယ်။ (ဆာ. ၁၁၆:၃) ဒါဆို ဘယ်နည်းနဲ့ ကျေးဇူးသိတတ်သူတွေ ဆက်ဖြစ်နိုင်မလဲ။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေကြုံရပေမဲ့ အပြုသဘောထားကို ဘယ်လိုဆက်ထိန်းထားနိုင်မလဲ။

‘အို ယေဟောဝါ၊ ပြုတော်မူသော အမှုတို့သည် များလှပါ၏’

၄။ ကျွန်တော်တို့ဟာ ဘယ်နည်းနဲ့ ယေဟောဝါကို ကျေးဇူးသိတတ်သူတွေ ဆက်ဖြစ်နိုင်မလဲ။

ယေဟောဝါကို ကျေးဇူးသိတတ်သူတွေ ဆက်ဖြစ်နိုင်ဖို့ဆိုရင် အားစိုက်ထုတ်ဖို့တော့ လိုအပ်တယ်။ ဦးဆုံး၊ ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတဲ့ သတ်သတ်မှတ်မှတ် ကောင်းချီးတွေကို သိအောင်လုပ်ရမယ်။ အဲဒီနောက် ဒီကောင်းချီးတွေကနေ ယေဟောဝါရဲ့ ကြီးမားလှတဲ့မေတ္တာကို ဘယ်လိုသိရသလဲဆိုတာ သေသေချာချာစဉ်းစားရမယ်။ ဆာလံဆရာက အဲဒီလိုလုပ်ဆောင်တဲ့အခါ သူ့အတွက် ယေဟောဝါလုပ်ပေးထားတဲ့ အံ့ဖွယ်အမှုအားလုံးကို အံ့သြမှင်တက်မိတယ်။ဆာလံ ၄၀:၅ နဲ့ ၁၀၇:၄၃ တို့ကိုဖတ်ပါ။

၅။ ကျေးဇူးတင်ခြင်းနဲ့ပတ်သက်ပြီး တမန်တော်ပေါလုဆီကနေ ဘာသင်ယူနိုင်သလဲ။

တမန်တော်ပေါလုရဲ့ ပုံနမူနာကို သုံးသပ်ခြင်းကနေ ယေဟောဝါကို ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာ သိလာနိုင်တယ်။ ပေါလုဟာ ဘုရားသခင်ကို ကျေးဇူးတင်တယ်ဆိုတာ ဆုတောင်းတဲ့အခါတိုင်း ထည့်ဆုတောင်းတယ်။ ဒါကြောင့် သူဟာ ရရှိထားတဲ့ကောင်းချီးတွေကို တွေးတောဆင်ခြင်သူဖြစ်တယ်ဆိုတာ သိနိုင်တယ်။ သူဟာ “ဘုရားကိုစော်ကားသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသောသူ” ဖြစ်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုတယ်။ သူ့နောက်ခံဘယ်လိုပဲရှိပါစေ ဘုရားသခင်နဲ့ ခရစ်တော်က ကရုဏာပြပြီး တခြားသူတွေကို ဟောပြောဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် သူ သိပ်ကျေးဇူးတင်တယ်။ (၁ တိမောသေ ၁:၁၂–၁၄ ကိုဖတ်ပါ။) ပေါလုဟာ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေအတွက်လည်း ကျေးဇူးတင်တယ်။ သူတို့ရဲ့အရည်အသွေးကောင်းတွေ၊ သစ္စာရှိရှိအမှုဆောင်တာတွေအတွက် ယေဟောဝါကို ကျေးဇူးတင်လေ့ရှိတယ်။ (ဖိ. ၁:၃-၅၊ ၇; ၁ သက်. ၁:၂၊ ၃) စမ်းသပ်မှုတွေ ကြုံရချိန်မှာလည်း ညီအစ်ကိုတွေ လုပ်ဆောင်ပေးခဲ့ရာအားလုံးအတွက် ယေဟောဝါကို ချက်ချင်းကျေးဇူးတင်ခဲ့တယ်။ (တ. ၂၈:၁၅; ၂ ကော. ၇:၅-၇) ဒါကြောင့် “ကျေးဇူးသိတတ်ကြလော့။ . . .  ဆာလံသီချင်းများ၊ ဘုရားသခင်အား ချီးမွမ်းသည့် သီချင်းများ၊ စိတ်နူးညွတ်စေသော ဓမ္မသီချင်းများဖြင့် အချင်းချင်း သတိပေးဆုံးမ၍ . . .  သီဆိုချီးမွမ်းကြလော့” လို့ခရစ်ယာန်တွေကို ပေါလု တိုက်တွန်းခဲ့တာ မဆန်းပါဘူး။—ကော. ၃:၁၅-၁၇

တွေးတောဆင်ခြင်ခြင်းနဲ့ ဆုတောင်းခြင်းက ကျေးဇူးသိတတ်စိတ် ဆက်ရှိနေအောင် ကူညီပေး

၆။ ယေဟောဝါကို သင် ဘာကြောင့်ကျေးဇူးတင်သလဲ။

ပေါလုရဲ့ ပုံနမူနာကို ဘယ်လိုတုပနိုင်သလဲ။ ကျွန်တော်တို့လည်း ယေဟောဝါ သတ်သတ်မှတ်မှတ် လုပ်ဆောင်ပေးထားတာတွေကို တွေးတောဆင်ခြင်နိုင်တယ်။ (ဆာ. ၁၁၆:၁၂) တစ်ယောက်ယောက်က သင့်ကို “ဘယ်ကောင်းချီးတွေအတွက် ယေဟောဝါကို ကျေးဇူးတင်သလဲ” လို့ မေးတဲ့အခါ ဘယ်လိုဖြေမလဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အတွက်လို့ ဖြေမလား။ ဒါမှမဟုတ် ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကြောင့် အပြစ်တွေခွင့်လွှတ်ခံရတဲ့အတွက်လား။ ခက်ခဲချိန်တွေမှာ ကူညီပေးခဲ့တဲ့ ညီအစ်ကိုညီအစ်မတွေအကြောင်းကော ထည့်ပြောမလား။ ကိုယ့်အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောမလား။ သင့်ကို ယေဟောဝါကောင်းချီးပေးခဲ့တဲ့ နည်းလမ်းများစွာကို အချိန်ယူတွေးတောဆင်ခြင်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ်တော့်ကို နေ့တိုင်းကျေးဇူးတင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ဆာလံ ၉၂:၁၊ ၂ ကိုဖတ်ပါ။

ဟန္နနဲ့ ဟေဇကိရဲ့ ကျေးဇူးသိတတ်စိတ်ကို တုပပြီး ယေဟောဝါ လုပ်ဆောင်ပေးထားတာတွေအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ

၇။ (က) ဆုတောင်းတဲ့အခါ ယေဟောဝါကို ဘာကြောင့် ကျးဇူးတင်သင့်သလဲ။ (ခ) ယေဟောဝါဆီ ဆုတောင်းပြီး ကျေးဇူးတင်ကြောင်းပြောတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးရရှိမလဲ။

ကျွန်တော်တို့ ရရှိထားတဲ့ ကောင်းချီးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါဆီဆုတောင်းပြီး ကျေးဇူးတင်ကြောင်းပြောချင်စိတ် ဖြစ်ပေါ်လာတယ်။ (ဆာ. ၉၅:၂; ၁၀၀:၄၊ ၅) လူတချို့ကတော့ လိုချင်တာတွေ တောင်းဖို့ပဲ ဘုရားသခင်ဆီ ဆုတောင်းကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ထဲမှာ ကိုယ်တော်လုပ်ဆောင်ပေးထားတာတွေအတွက် ကျေးဇူးတင်တယ်ဆိုတာကို ထည့်တောင်းတဲ့အခါ ကိုယ်တော်နှစ်သက်တယ်။ ကျမ်းစာထဲမှာ ယေဟောဝါဆီ ဆုတောင်းပြီး ကျေးဇူးတင်ခဲ့တဲ့ ဟန္န၊ ဟေဇကိတို့လို သစ္စာရှိကျေးကျွန်တွေရဲ့ ပုံနမူနာတွေ အများကြီးဖော်ပြထားတယ်။ (၁ ရာ. ၂:၁-၁၀; ဟေရှာ. ၃၈:၉-၂၀) ဒါကြောင့် သူတို့ရဲ့ ကျေးဇူးသိတတ်စိတ်ကို တုပပြီး ယေဟောဝါ လုပ်ဆောင်ပေးထားတာတွေအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ။ (၁ သက်. ၅:၁၇၊ ၁၈) သင် အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ပျော်ရွှင်မှုခံစားရလိမ့်မယ်။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာ တိုးများလာလိမ့်မယ်။ ကိုယ်တော့်မိတ်ဆွေဖြစ်လာပြီး ဆက်ဖြစ်နေပါလိမ့်မယ်။—ယာ. ၄:၈

ဘယ်ကောင်းချီးတွေအတွက် ယေဟောဝါကို သင် ကျေးဇူးတင်သလဲ (အပိုဒ် ၆၊ ၇ ကိုကြည့်ပါ)

၈။ ဘယ်အရာက ကျေးဇူးမသိတတ်သူတွေ ဖြစ်သွားစေနိုင်သလဲ။

ကျွန်တော်တို့ ဂရုမစိုက်ဘူးဆိုရင် ယေဟောဝါပေးထားတဲ့လက်ဆောင်တွေအတွက် ကျေးဇူးတင်လေးမြတ်စိတ် အလွယ်တကူ ပျောက်ဆုံးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ မစုံလင်သူတွေဖြစ်ပြီး အာဒံနဲ့ ဧဝဆီကနေ ကျေးဇူးကန်းတဲ့သဘောထားကို အမွေရထားလို့ပဲ။ ယေဟောဝါက သူတို့ကို ပရဒိသုစံအိမ်မှာ နေရာချပေးပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီမှာ အေးအေးချမ်းချမ်းနဲ့ ထာဝစဉ်အသက်ရှင်နိုင်တယ်။ (က. ၁:၂၈) ဒါပေမဲ့ ရရှိထားတဲ့ကောင်းချီးတွေကို သူတို့မလေးမြတ်ခဲ့ဘူး။ လောဘကြီးလာပြီး ပိုလိုချင်လာကြတယ်။ နောက်ဆုံးမှာတော့ ရှိထားတာအားလုံး ဆုံးရှုံးသွားရတယ်။ (က. ၃:၆၊ ၇၊ ၁၇-၁၉) ကျေးဇူးမသိတတ်တဲ့လောကမှာ အသက်ရှင်နေရတဲ့ ကျွန်တော်တို့လည်း ယေဟောဝါ လုပ်ဆောင်ပေးထားရာအားလုံးကို ကျေးဇူးမသိတတ်သူတွေ ဖြစ်သွားနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိတာ၊ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင် ဖြစ်ခွင့်ရတာ စတာတွေအတွက် ကျေးဇူးတင်လေးမြတ်စိတ် ပျောက်ဆုံးသွားနိုင်တယ်။ လောကမှာရှိတဲ့အရာတွေကြောင့် အာရုံထွေပြားသွားနိုင်တယ်။ (၁ ယော. ၂:၁၅-၁၇) အဲဒီလိုမဖြစ်ဖို့ ရရှိထားတဲ့ကောင်းချီးတွေကို တွေးတောဆင်ခြင်ရမယ်၊ ဘုရားသခင့်လူမျိုးအဝင်ဖြစ်ခွင့်ရတဲ့အတွက် ကိုယ်တော့်ကို အမြဲကျေးဇူးတင်ရမယ်။ဆာလံ ၂၇:၄ ကိုဖတ်ပါ။

စမ်းသပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ

၉။ ပြင်းထန်တဲ့စမ်းသပ်မှုတွေ ကြုံရချိန်မှာ ယေဟောဝါရဲ့ကောင်းချီးတွေကို ဘာကြောင့် တွေးတောဆင်ခြင်သင့်သလဲ။

ကျေးဇူးတင်တတ်တဲ့သဘောထားက ပြင်းထန်တဲ့စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အိမ်ထောင်ဖက်သစ္စာဖောက်သွားတာ၊ အကြီးအကျယ်နေမကောင်းဖြစ်တာ၊ ချစ်ရသူတစ်ယောက် သေဆုံးသွားတာ၊ ဆိုးဝါးတဲ့သဘာဝဘေးအန္တရာယ်ကြုံရတာ စတဲ့ ဘဝတစ်ဆစ်ချိုး အပြောင်းအလဲတွေကို ရင်ဆိုင်ရတဲ့အခါ ကြံရာမရဖြစ်သွားနိုင်တယ်။ အဲဒီလိုအချိန်မှာ ယေဟောဝါရဲ့ကောင်းချီးတွေကို တွေးတောဆင်ခြင်ခြင်းက ကျွန်တော်တို့ကို နှစ်သိမ့်မှုပေးပြီး ခံရပ်နိုင်ဖို့ ခွန်အားပေးပါလိမ့်မယ်။ အောက်ပါတွေ့ကြုံမှုတွေကို သုံးသပ်ကြည့်ပါ။

၁၀။ ရရှိထားတဲ့ကောင်းချီးတွေကို တွေးတောဆင်ခြင်ခြင်းကနေ အီရီနာ ဘယ်လိုအကျိုးကျေးဇူးရရှိခဲ့သလဲ။

၁၀ မြောက်အမေရိကမှာနေထိုင်တဲ့ မှန်မှန်ရှေ့ဆောင် ညီအစ်မ အီရီနာဟာ အကြီးအကဲတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ နောက်ပိုင်းမှာ အဲဒီအကြီးအကဲက သစ္စာဖောက်ပြီး သူနဲ့ ကလေးတွေကို ထားရစ်ခဲ့တယ်။ * အဲဒီလိုအချိန်မှာ ယေဟောဝါကို ဆက်သစ္စာရှိရှိ ဝတ်ပြုနိုင်ဖို့ အီရီနာကို ဘာကကူညီပေးသလဲ။ သူအခုလိုပြောတယ်– “ကျွန်မကို ယေဟောဝါ သတ်သတ်မှတ်မှတ် ဂရုစိုက်တဲ့အတွက် သိပ်ကျေးဇူးတင်တယ်။ ရရှိထားတဲ့ကောင်းချီးတွေကို နေ့တိုင်း စဉ်းစားတဲ့အတွက် ကောင်းကင်ဖခင် သိတဲ့သူ၊ ချစ်တဲ့သူ ဖြစ်ရတာ အခွင့်ထူးပဲဆိုတာ သိမြင်လာတယ်။ ကျွန်မကို ကိုယ်တော် ဘယ်တော့မှ စွန့်မှာမဟုတ်ဘူး။” အီရီနာဟာ အဖြစ်ဆိုးများစွာ ကြုံခဲ့ရပေမဲ့ ပျော်ပျော်နေတတ်တဲ့သဘောထားရှိတဲ့အတွက် ပြဿနာတွေကို အောင်အောင်မြင်မြင် ရင်ဆိုင်ဖြေရှင်းနိုင်ပြီး တခြားသူတွေကိုလည်း အားပေးနိုင်ခဲ့တယ်။

၁၁။ ကျန်းမာရေးပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ညီအစ်မ ကျုံစွတ်ကို ဘာက ကူညီပေးခဲ့သလဲ။

၁၁ အာရှတိုက်မှာနေထိုင်တဲ့ ညီအစ်မ ကျုံစွတ်ဟာ ခင်ပွန်းနဲ့အတူ အနှစ် ၂၀ ကျော် ရှေ့ဆောင်လုပ်ခဲ့တယ်။ ရုတ်တရက်၊ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတာ သိလိုက်ရပြီး နောက်သုံးလကနေ ခြောက်လအထိပဲ အသက်ရှင်တော့မယ်လို့ ဆရာဝန်ပြောတယ်။ သူတို့လင်မယားနှစ်ယောက်ဟာ အရင်က အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပေမဲ့ ကျန်းမာရေးသိပ်ကောင်းတယ်။ ဒါကြောင့် “ဒီရောဂါဆိုးရဲ့ ရိုက်ချက်က ပြင်းလွန်းပါတယ်။ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီလို့ ခံစားရတယ်။ တအားလည်း ကြောက်တယ်” လို့သူပြောတယ်။ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ ညီအစ်မ ကျုံစွတ်ကို ဘာကကူညီပေးခဲ့သလဲ။ “ညတိုင်း အိပ်ရာမဝင်ခင် လသာဆောင်ပေါ်သွားပြီး တစ်နေ့တာအတွင်း ကျေးဇူးတင်စရာ အဖြစ်အပျက်ငါးခုအကြောင်း အကျယ်ကြီး ဆုတောင်းတယ်။ အဲဒီတော့မှ စိတ်သက်သာသွားပြီး ယေဟောဝါကို ချစ်တဲ့အကြောင်း ထုတ်ပြောချင်လာတယ်” လို့သူပြောပြတယ်။ အဲဒီလိုဆုတောင်းခြင်းကနေ သူဘယ်လိုအကျိုးရရှိသလဲ။ “ခက်ခဲချိန်တွေမှာ ယေဟောဝါ ကူညီပေးနေမှန်း၊ ကြုံနေရတဲ့အခက်အခဲတွေထက် ခံစားနေရတဲ့ကောင်းချီးတွေ ပိုများမှန်း သိလာတယ်” လို့ သူပြောတယ်။

ရှယ်ရယ်နဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မောင်လေးဂျွန် (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၂။ ဇနီး သေဆုံးပြီးနောက် ညီအစ်ကို ဂျေဆန် ဘယ်လိုနှစ်သိမ့်မှုခံစားခဲ့ရသလဲ။

၁၂ အာဖရိကတိုက်ရဲ့ ဌာနခွဲရုံးတစ်ခုမှာ အမှုဆောင်နေတဲ့ ညီအစ်ကို ဂျေဆန်ဟာ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ သူအခုလိုပြောတယ်– “လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက ဇနီးသေဆုံးသွားလို့ အလူးအလဲခံစားခဲ့ရတယ်။ ကင်ဆာရောဂါကို သူခါးစည်းခံခဲ့ရတာ တွေးလိုက်တိုင်း အရမ်းစိတ်ထိခိုက်တယ်။” ဘာက သူ့ကို စိတ်သက်သာရာရစေသလဲ။ သူအခုလိုပြောတယ်– “တစ်ကြိမ်မှာတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကြည်နူးစရာအမှတ်တရလေးတွေကို ပြန်သတိရမိတယ်။ ဒါနဲ့ အဲဒီအတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဆုတောင်းလိုက်တယ်။ တော်တော်လေး စိတ်သက်သာသွားတယ်။ အဲဒီနောက်ပိုင်းကစပြီး ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာ အမှတ်တရလေးတွေအတွက် ယေဟောဝါကို အမြဲကျေးဇူးတင်ခဲ့တယ်။ ကျေးဇူးသိတတ်ခြင်းက ကျွန်တော့်ရဲ့သဘောထားကိုလည်း တော်တော်ပြောင်းလဲသွားစေတယ်။ ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုဝေဒနာကို ခံစားနေရဆဲဖြစ်ပေမဲ့ သာယာတဲ့အိမ်ထောင်ရေးဘဝ ရခဲ့တဲ့အတွက်၊ ကိုယ်တော့်ကို နှစ်နှစ်ကာကာ ချစ်တဲ့သူနဲ့အတူ အမှုဆောင်ခွင့်ရခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ခြင်းက ကျွန်တော့်ရဲ့ သဘောထားကို တိုးတက်ကောင်းမွန်စေခဲ့တယ်။”

“ယေဟောဝါဟာ ကျွန်မရဲ့ဘုရားသခင်ဖြစ်နေလို့ သိပ်ကျေးဇူးတင်တာပဲ။”—ရှယ်ရယ်

၁၃။ မိသားစုဝင်အများစုဆုံးရှုံးသွားတာကို ခံရပ်နိုင်ဖို့ ညီအစ်မ ရှယ်ရယ်ကို ဘာက ကူညီပေးခဲ့သလဲ။

၁၃ ၂၀၁၃ နှစ်ကုန်ပိုင်းတုန်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့တယ်။ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ ညီအစ်မ ရှယ်ရယ်ဟာ အရာအားလုံးနီးပါး ဆုံးရှုံးလိုက်ရတယ်။ “အိမ်ရော၊ မိသားစုဝင်အများစုကိုရော ဆုံးရှုံးသွားပြီ” လို့သူပြောတယ်။ မုန်တိုင်းကြောင့် အဖေ၊ အမေနဲ့ မောင်နှမသုံးယောက် သေဆုံးသွားတယ်။ ဒီအဖြစ်ဆိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ဘာက သူ့ကို ကူညီခဲ့သလဲ။ ရရှိထားတဲ့ကောင်းချီးတွေအားလုံးကို တွေးတောဆင်ခြင်တဲ့အတွက် ယေဟောဝါကို သူ ကျေးဇူးတင်နေဆဲပဲ။ သူ ဒီလိုပြောတယ်– “အကူအညီလိုအပ်သူတွေကို ညီအစ်ကိုညီအစ်မတွေ အားပေးနှစ်သိမ့်နေတာ ကျွန်မတွေ့ခဲ့တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက ကျွန်မအတွက် ဆုတောင်းပေးနေတယ်ဆိုတာ ကျွန်မသိတယ်။ ယေဟောဝါဟာ ကျွန်မရဲ့ဘုရားသခင်ဖြစ်နေလို့ သိပ်ကျေးဇူးတင်တာပဲ။ ကိုယ်တော်က ကျွန်မတို့ လိုအပ်တာအားလုံးကို အမြဲပေးတယ်။” မှန်ပါတယ်၊ ရရှိထားတဲ့ကောင်းချီးတွေအတွက် ကျေးဇူးတင်ခြင်းက ၀မ်းနည်းပက်လက်မဖြစ်စေဖို့ ကူညီပေးတယ်။ ကြုံတွေ့ရနိုင်တဲ့ ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့လည်း ကူညီပေးပါလိမ့်မယ်။—ဧ. ၅:၂၀; ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။

“ကျွန်တော်ကတော့ ယေဟောဝါကြောင့် အားရရွှင်လန်းမယ်”

၁၄။ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစရာ ဘယ်မျှော်လင့်ချက်ရှိသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၄ သမိုင်းတစ်လျှောက်မှာ ယေဟောဝါရဲ့ လူမျိုးဟာ သူတို့ရရှိတဲ့ကောင်းချီးတွေအတွက် ကျေးဇူးတင်ခဲ့ကြတယ်။ အစ္စရေးတွေဟာ ပင်လယ်နီမှာ ဖာရောနဲ့ သူ့စစ်တပ်တွေရဲ့လက်ကနေ ကယ်တင်ခံရပြီးနောက် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတဲ့သီချင်းတွေ ဝမ်းသာအားရ သီဆိုခဲ့ကြတယ်။ (ထွ. ၁၅:၁-၂၁) အခုချိန်မှာ ကျွန်တော်တို့ တန်ဖိုးအထားဆုံး ကောင်းချီးတစ်ခုကတော့ မကြာခင် နာကျင်ကြေကွဲစရာတွေ ရှိတော့မှာမဟုတ်ဘူးဆိုတာ သိရခြင်းပါပဲ။ (ဆာ. ၃၇:၉-၁၁; ဟေရှာ. ၂၅:၈; ၃၃:၂၄) ရန်သူအားလုံးကို ယေဟောဝါဖျက်ဆီးပစ်ပြီး ငြိမ်းချမ်းဖြောင့်မတ်တဲ့ ကမ္ဘာသစ်ထဲ ကျွန်တော်တို့ကို ခေါ်ဆောင်သွားတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီနေ့မှာ ယေဟောဝါကို အကြီးအကျယ် ကျေးဇူးတင်မိမှာပဲ။—ဗျာ. ၂၀:၁-၃; ၂၁:၃၊ ၄

ကျွန်တော်တို့ တန်ဖိုးအထားဆုံး ကောင်းချီးတစ်ခုကတော့ မကြာခင် နာကျင်ကြေကွဲစရာတွေ ရှိတော့မှာမဟုတ်ဘူးဆိုတာ သိရခြင်းပါပဲ

၁၅။ ၂၀၁၅ ခုနှစ်တစ်လျှောက်လုံး ဘာလုပ်ဆောင်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလဲ။

၁၅ ၂၀၁၅ အတွင်း ယေဟောဝါဆီက ကောင်းချီးများစွာကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အခက်အခဲတချို့ ရင်ဆိုင်ရမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဘာတွေပဲဖြစ်လာပါစေ ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ (တရား. ၃၁:၈; ဆာ. ၉:၉၊ ၁၀) ကိုယ်တော့်ကို သစ္စာရှိရှိ ဝတ်ပြုနိုင်ဖို့ လိုအပ်တဲ့ အရာမှန်သမျှကို ကိုယ်တော် ဆက်ပေးပါလိမ့်မယ်။ ‘သဖန်းပင် ပွင့်ချင်မှပွင့်မယ်။ စပျစ်ပင် သီးချင်မှသီးမယ်။ သံလွင်ပင် သီးပွင့်ချင်မှ သီးပွင့်မယ်။ လယ်မြေတွေ ဖြစ်ထွန်းချင်မှဖြစ်ထွန်းမယ်။ သိုးခြံထဲမှာ သိုးအုပ်တွေ၊ တင်းကုပ်တွေမှာ ကျွဲနွားတွေ ရှိချင်မှရှိမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ယေဟောဝါကြောင့် အားရရွှင်လန်းမယ်။ ကျွန်တော့်ရဲ့ ကယ်တင်ရှင်ဘုရားသခင်ကြောင့် ရွှင်လန်းမယ်’ လို့ပြောခဲ့တဲ့ ပရောဖက်ဟဗက္ကုတ်ရဲ့ သဘောထားကို တုပဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ (ဟဗ. ၃:၁၇၊ ၁၈ကဘ) ဒီနှစ်တစ်လျှောက်လုံး ရရှိထားတဲ့ ကောင်းချီးတွေအကြောင်း ဆက်တွေးတောဆင်ခြင်ကြပါစို့။ ‘ယေဟောဝါဟာ ကောင်းမြတ်တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ’ ဆိုတဲ့ ၂၀၁၅ နှစ်ချုပ်ကျမ်းချက်အတိုင်း ဆက်လုပ်ဆောင်ကြပါစို့။—ဆာ. ၁၀၆:၁ကဘ။

^ စာပိုဒ်၊ 10 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။