မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ

သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ

“ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့။” —၁ ကော. ၁၁:၂၄

၁၊ ၂။ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်ညမှာ ယေရှု ဘာလုပ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

အေဒီ ၃၃၊ နိသန်လ ၁၄ ရက်ညဟာ ဂျေရုဆလင်မှာ လပြည့်ညဖြစ်တယ်။ ယေရှုနဲ့ တမန်တော်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၅၀၀ တုန်းက အီဂျစ်ပြည်ကနေ အစ္စရေးတွေ ကယ်တင်ခံခဲ့ရတာကို သတိရတဲ့အနေနဲ့ ပသခါပွဲ ကျင်းပကြတယ်။ ပြီးနောက် ယေရှုဟာ သစ္စာရှိတမန်တော် ၁၁ ယောက်နဲ့အတူ အထူးညစာစားပွဲ ကျင်းပတယ်။ နောက်ပိုင်း ယေရှုရဲ့သေခြင်းကို သတိရတဲ့အနေနဲ့ အဲဒီပွဲကို နောက်လိုက်တွေ နှစ်တိုင်းကျင်းပကြပါလိမ့်မယ်။—မ. ၂၆:၁၊ ၂

ယေရှုဟာ ဆုတောင်းပြီးနောက် တဆေးမဲ့မုန့်ကို တမန်တော်တွေဆီ ကမ်းပေးပြီး “ယူ၍ စားကြလော့” လို့ပြောတယ်။ ဝိုင်ခွက်ကိုလည်းယူပြီး ဆုတောင်းပြီးနောက် “သင်တို့အားလုံး သောက်ကြလော့” လို့ပြောတယ်။ (မ. ၂၆:၂၆၊ ၂၇) မုန့်နဲ့ဝိုင်ဟာ အထူးအဓိပ္ပာယ်ရှိတယ်။ ဒီအရေးပါတဲ့ညမှာ ယေရှုရဲ့ သစ္စာရှိတမန်တော်တွေဟာ အကြောင်းအရာအတော်များများ သိလာကြတယ်။

၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။

ယေရှုက သူ့ရဲ့သေခြင်းအောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့တယ်။ အဲဒီပွဲကို နောက်ပိုင်းမှာ “သခင့်ညစာစားပွဲ” လို့လည်းခေါ်တယ်။ (၁ ကော. ၁၁:၂၀) ဒါနဲ့ပတ်သက်ပြီး မေးခွန်းတချို့ပေါ်လာတယ်။ ယေရှုရဲ့သေခြင်းကို ဘာကြောင့် အောက်မေ့သင့်သလဲ။ မုန့်နဲ့ဝိုင်ဟာ ဘာအဓိပ္ပာယ်ရှိသလဲ။ အောက်မေ့ရာပွဲအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်မလဲ။ ဘယ်သူတွေ စားသုံးသင့်သလဲ။ ကိုယ့်မျှော်လင့်ချက်ကို တန်ဖိုးထားတယ်ဆိုတာ ခရစ်ယာန်တွေ ဘယ်လိုဖော်ပြကြသလဲ။

ယေရှုရဲ့သေခြင်းကို အောက်မေ့သင့်တဲ့ အကြောင်းရင်းတွေ

၄။ ယေရှုရဲ့သေခြင်းကြောင့် ကျွန်တော်တို့ ဘယ်လိုအကျိုးရသလဲ။

ကျွန်တော်တို့ဟာ အာဒံနဲ့ဧဝကြောင့် အပြစ်နဲ့သေခြင်းကို အမွေရထားတယ်။ (ရော. ၅:၁၂) မစုံလင်တဲ့ဘယ်လူသားမှ ကိုယ့်အသက် ဒါမှမဟုတ် တခြားသူတွေရဲ့အသက်အတွက် ရွေးနုတ်ဖိုးကို ဘုရားသခင်ဆီ မဆက်သနိုင်ဘူး။ (ဆာ. ၄၉:၆-၉) ယေရှုကတော့ သူ့ရဲ့စုံလင်တဲ့အသက်ကို ကျွန်တော်တို့အတွက် ပေးဆက်ခဲ့တယ်။ အဲဒီရွေးနုတ်ဖိုးရဲ့တန်ဖိုးကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။ ယေရှု အဲဒီလိုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ဟာ အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်ပြီး ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိလာတယ်။—ရော. ၆:၂၃; ၁ ကော. ၁၅:၂၁၊ ၂၂

ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ခဲ့ရာကို ကျွန်တော်တို့ သိပ်တန်ဖိုးထား လေးမြတ်တယ်

၅။ (က) ကျွန်တော်တို့ကို ဘုရားသခင်နဲ့ ယေရှု ချစ်တယ်ဆိုတာ ဘယ်လိုသိရသလဲ။ (ခ) အောက်မေ့ရာပွဲကို ဘာကြောင့် တက်ရောက်သင့်သလဲ။

ဘုရားသခင်ဟာ ရွေးနုတ်ဖိုးကို ပြင်ဆင်ပေးခြင်းအားဖြင့် လူသားတွေအပေါ်ထားတဲ့မေတ္တာကို သက်သေပြခဲ့တယ်။ (ယော. ၃:၁၆) ယေရှုလည်း ကျွန်တော်တို့အတွက် အသက်ပေးခြင်းအားဖြင့် သူ့ရဲ့မေတ္တာကို ပြသခဲ့တယ်။ ယေရှုဟာ မြေကြီးပေါ်မလာခင်ကတည်းက ‘လူသားတွေကို သိပ်ချစ်မြတ်နိုး’ တယ်။ (သု. ၈:၃၀၊ ၃၁ကဘ) ယေဟောဝါနဲ့ ယေရှု လုပ်ဆောင်ခဲ့ရာကို ကျွန်တော်တို့ သိပ်တန်ဖိုးထားလေးမြတ်တယ်။ ဒါကြောင့် အောက်မေ့ရာပွဲ တက်ရောက်ခြင်းအားဖြင့် “ငါ့ကို အောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” ဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို နာခံကြတယ်။—၁ ကော. ၁၁:၂၃-၂၅

အထိမ်းအမှတ်တွေ ကိုယ်စားပြုတဲ့အရာ

၆။ အောက်မေ့ရာပွဲမှာသုံးတဲ့ မုန့်နဲ့ဝိုင်အကြောင်း ဘာနားလည်ရသလဲ။

ယေရှုဟာ တမန်တော်တွေနဲ့အတူ နောက်ဆုံးညစာစားချိန်မှာ မုန့်ကို သူ့ကိုယ်ခန္ဓာအဖြစ်၊ ဝိုင်ကို သူ့သွေးအဖြစ် အံ့ဖွယ်နည်းနဲ့ မပြောင်းလဲခဲ့ပါဘူး။ “ဤမုန့်သည် ငါ၏ကိုယ်ကို ကိုယ်စားပြု၏” လို့ပဲပြောခဲ့တယ်။ ဝိုင်နဲ့ပတ်သက်ပြီးတော့လည်း ‘အပြစ်များကိုလွတ်စေရန် လူအများအတွက်သွန်းလောင်းမည့် “ပဋိညာဉ်တရားနှင့်ဆိုင်သည့် ငါ၏အသွေး” ကို ကိုယ်စားပြု၏’ လို့ပြောခဲ့တယ်။ (မာ. ၁၄:၂၂-၂၄) ဒါကြောင့် မုန့်နဲ့ဝိုင်ဟာ အထိမ်းအမှတ်တွေဖြစ်တယ်ဆိုတာ ရှင်းပါတယ်။

၇။ တဆေးမဲ့မုန့်က ဘာကိုကိုယ်စားပြုသလဲ။

ဒီအရေးပါတဲ့ညမှာ ယေရှုဟာ ပသခါပွဲမှာသုံးတဲ့ တဆေးမဲ့မုန့်ကို အသုံးပြုခဲ့တယ်။ (ထွ. ၁၂:၈) ကျမ်းစာမှာ အပြစ်ကို တဆေးနဲ့ ခိုင်းနှိုင်းလေ့ရှိတယ်။ (မ. ၁၆:၆၊ ၁၁၊ ၁၂; လု. ၁၂:၁) ယေရှုအသုံးပြုခဲ့တဲ့ တဆေးမဲ့မုန့်ဟာ ယေရှုရဲ့ အပြစ်မဲ့တဲ့ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။ (ဟေဗြဲ ၇:၂၆) ဒါကြောင့် အောက်မေ့ရာပွဲမှာ တဆေးမဲ့မုန့်ကို အသုံးပြုတာဖြစ်တယ်။

၈။ ဝိုင်က ဘာကိုကိုယ်စားပြုသလဲ။

ယေရှု အသုံးပြုခဲ့တဲ့ဝိုင်ဟာ သူ့ရဲ့သွေး ဒါမှမဟုတ် အသက်ကို ကိုယ်စားပြုတယ်။ ဒီနေ့ခေတ်အောက်မေ့ရာပွဲမှာ အသုံးပြုနေတဲ့ ဝိုင်လည်း အဲဒီလိုပဲ။ ယေရှုဟာ ဂျေရုဆလင်မြို့ပြင်မှာရှိတဲ့ ဂေါလဂေါသအရပ်မှာ သေဆုံးပြီး “အပြစ်များကို လွတ်စေ” ဖို့ အသက်ပေးခဲ့တယ်။ (မ. ၂၆:၂၈; ၂၇:၃၃) ဒီအဖိုးတန်ဆုကျေးဇူးကို ကျွန်တော်တို့တန်ဖိုးထားလေးမြတ်တယ်ဆိုရင် ဒီအထူးအခါသမယအတွက် နှစ်တိုင်း ကြိုတင်ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုနည်းတွေနဲ့ ပြင်ဆင်နိုင်မလဲ။

ကြိုတင်ပြင်ဆင်နိုင်တဲ့ နည်းတချို့

၉။ (က) အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်အတိုင်း ဘာကြောင့် ဖတ်ရှုသင့်သလဲ။ (ခ) ရွေးနုတ်ဖိုးနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

အောက်မေ့ရာပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်တဲ့ နည်းတစ်ခုကတော့ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ စာအုပ်မှာပါတဲ့ အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်အတိုင်း ဖတ်ရှုခြင်းပါပဲ။ အဲဒီကျမ်းစာမှတ်တမ်းတွေကို ဖတ်ရှုခြင်းက ယေရှု မသေဆုံးခင်လေးမှာ လုပ်ဆောင်ခဲ့ရာတွေကို တွေးတောဆင်ခြင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ညီအစ်မတစ်ယောက် အခုလိုရေးခဲ့တယ်– “အောက်မေ့ရာပွဲကို ကျွန်မတို့ မျှော်ကြတယ်။ ဒီပွဲဟာ တစ်နှစ်ထက်တစ်နှစ် ပိုထူးခြားလာတယ်။ . . .  အသုဘရုံမှာရပ်ပြီး ကျွန်မချစ်တဲ့ဖေဖေရဲ့ ရုပ်ကလာပ်ကိုကြည့်နေတုန်း ရွေးနုတ်ဖိုးကို နှလုံးထဲက လှိုက်လှိုက်လှဲလှဲ လေးမြတ်တဲ့စိတ်ဖြစ်ပေါ်ခဲ့တာကို ပြန်သတိရမိတယ်။ . . .  ကျမ်းချက်တွေအားလုံးနဲ့ အဲဒါတွေကို ဘယ်လိုရှင်းပြရမယ်ဆိုတာ ကျွန်မသိတာပဲ။ ဒါပေမဲ့ သေခြင်းတရားရဲ့ စိမ်းကားရက်စက်မှုကို ကြုံတွေ့ရတော့မှပဲ ဒီတန်ဖိုးကြီးမားတဲ့ရွေးနုတ်ဖိုးကြောင့် ဖြစ်မြောက်လာမယ့် အရာတွေအတွက် ရွှင်လန်းမှု ခံစားရတော့တယ်။” ယေရှုရဲ့ရွေးနုတ်ဖိုးက ကိုယ့်ကို ဘယ်လိုသတ်သတ်မှတ်မှတ် အကျိုးပြုမယ်ဆိုတာ တွေးတောဆင်ခြင်ခြင်းက အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာမှာ အရေးပါတဲ့နည်းတစ်ခုဖြစ်တယ်။

အောက်မေ့ရာပွဲအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်အတိုင်း ဖတ်ရှုခြင်းအားဖြင့် ကြိုတင်ပြင်ဆင် (အပိုဒ် ၉ ကိုကြည့်ပါ)

၁၀။ အောက်မေ့ရာပွဲအတွက် ပြင်ဆင်နိုင်တဲ့ နောက်နည်းတစ်နည်းက ဘာလဲ။

၁၀ ကြိုတင်ပြင်ဆင်နိုင်တဲ့ နောက်တစ်နည်းကတော့ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ခြင်း၊ အောက်မေ့ရာပွဲကိုလာဖို့ လူများနိုင်သမျှ များများကို ဖိတ်ခေါ်ခြင်းဖြစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အရန်ရှေ့ဆောင်တောင်လုပ်နိုင်တယ်။ တခြားသူတွေကို ဘုရားသခင်အကြောင်း၊ သားတော်ယေရှုအကြောင်း၊ ထာဝရအသက်မျှော်လင့်ချက်အကြောင်း ပြောပြတဲ့အခါ ဘုရားသခင်နှစ်သက်ရာကို လုပ်ဆောင်နေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ပျော်ရွှင်မှုခံစားရပါလိမ့်မယ်။—ဆာ. ၁၄၈:၁၂၊ ၁၃

၁၁။ ကောရိန္သုအသင်းသားတချို့ဟာ အောက်မေ့ရာပွဲမှာ မထိုက်တန်ဘဲစားသုံးတယ်လို့ ပေါလု ဘာကြောင့် ပြောတာလဲ။

၁၁ အောက်မေ့ရာပွဲအတွက် ပြင်ဆင်နေရင်း ကောရိန္သုမြို့က ခရစ်ယာန်တွေကို ပေါလုရေးခဲ့တဲ့ စကားတွေအကြောင်း တွေးတောဆင်ခြင်ပါ။ (၁ ကောရိန္သု ၁၁:၂၇–၃၄ ကိုဖတ်ပါ။) မထိုက်တန်ဘဲ ဒါမှမဟုတ် မလေးမစားသဘောနဲ့ မုန့်နဲ့ဝိုင်ကို စားသုံးမယ်ဆိုရင် “သခင်၏ ခန္ဓာကိုယ်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်” တယ်လို့ပေါလုပြောတယ်။ ဒါကြောင့် ဘိသိက်ခံတစ်ယောက်ဟာ အပြစ်လုပ်နေလျက်နဲ့ အထိမ်းအမှတ်တွေကို စားသုံးမယ်ဆိုရင် “မိမိကိုယ်ကို တရားစီရင်ရာရောက်” တယ်။ ပေါလုခေတ်မှာ ကောရိန္သုအသင်းသား အတော်များများဟာ အပြစ်လုပ်နေကြတယ်။ တချို့ဆိုရင် အောက်မေ့ရာပွဲမတိုင်ခင် ဒါမှမဟုတ် အောက်မေ့ရာပွဲအတွင်း အလွန်အကျွံစားသောက်ပြီး အိပ်ငိုက်နေတာတောင် ဖြစ်နိုင်တယ်။ ဒီပွဲကို လုံးဝမလေးစားတဲ့သဘော ပြသတဲ့အတွက် သူတို့ အထိမ်းအမှတ်တွေစားသုံးတာကို ဘုရားသခင် မနှစ်သက်ဘူး။

၁၂။ (က) ပေါလုက အောက်မေ့ရာပွဲကို ဘာနဲ့နှိုင်းယှဉ်ခဲ့သလဲ။ စားသုံးသူတွေကို ဘယ်လိုသတိပေးခဲ့သလဲ။ (ခ) စားသုံးသူတစ်ယောက်ဟာ ကြီးလေးတဲ့အပြစ်ကျူးလွန်ထားတယ်ဆိုရင် ဘာလုပ်ဆောင်သင့်သလဲ။

၁၂ ပေါလုက အောက်မေ့ရာပွဲကို စားသောက်ပွဲတစ်ခုနဲ့ နှိုင်းယှဉ်ပြီး စားသုံးသူတွေကို အခုလိုသတိပေးခဲ့တယ်– “သင်တို့သည် ယေဟောဝါဘုရား၏ခွက်နှင့် နတ်ဆိုးတို့၏ခွက် နှစ်မျိုးလုံးကို မသောက်သုံးနိုင်ကြ။ ‘ယေဟောဝါဘုရား၏စားပွဲ’ နှင့် နတ်ဆိုးတို့၏စားပွဲ နှစ်မျိုးလုံးတွင် သင်တို့ မသုံးဆောင်နိုင်ကြ။” (၁ ကော. ၁၀:၁၆-၂၁) အထိမ်းအမှတ်တွေကို စားသုံးသူတစ်ယောက်ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်ထားတယ်ဆိုရင် အကြီးအကဲတွေရဲ့ အကူအညီကို တောင်းခံရမယ်။ (ယာကုပ် ၅:၁၄–၁၆ ကိုဖတ်ပါ။) သူ့လုပ်ရပ်တွေက တကယ်နောင်တရတယ်ဆိုတာ ဖော်ပြနေတယ်ဆိုရင် အောက်မေ့ရာပွဲမှာ သူစားသုံးတာဟာ ယေရှုရဲ့ ပူဇော်သကာကို မလေးစားတဲ့သဘော မသက်ရောက်တော့ဘူး။—လု. ၃:၈

ယေရှုရဲ့ ပူဇော်သကာကို ကျွန်တော်တို့ ဘယ်တော့မှ မလေးမစားမလုပ်ချင်ကြဘူး

၁၃။ ဘုရားသခင်ပေးထားတဲ့ မျှော်လင့်ချက်အကြောင်း ဘာကြောင့် ဆုတောင်းသင့်သလဲ။

၁၃ ကျွန်တော်တို့ကို ဘုရားသခင်ပေးထားတဲ့ မျှော်လင့်ချက်အကြောင်းဆုတောင်းပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့်လည်း အောက်မေ့ရာပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်တယ်။ ယေရှုရဲ့ ပူဇော်သကာကို ကျွန်တော်တို့ ဘယ်တော့မှ မလေးမစားမလုပ်ချင်ကြဘူး။ ဒါကြောင့် ဘိသိက်ခံဖြစ်တယ်ဆိုတဲ့ ရှင်းလင်းတဲ့အထောက်အထား မရှိဘူးဆိုရင် အထိမ်းအမှတ်တွေကို စားသုံးမှာမဟုတ်ဘူး။ ဒါဆို အထိမ်းအမှတ်တွေကို ဘယ်သူတွေ စားသုံးသင့်သလဲ။

စားသုံးသင့်သူတွေ

၁၄။ ဘိသိက်ခံတွေဟာ ပဋိညာဉ်သစ်မှာပါဝင်သူတွေဖြစ်တဲ့အတွက် အောက်မေ့ရာပွဲမှာ ဘာလုပ်ကြသလဲ။

၁၄ အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေကို စားသုံးသူတွေဟာ ပဋိညာဉ်သစ်မှာပါဝင်တယ်ဆိုတာ အသေအချာသိသူတွေ ဖြစ်ကြတယ်။ ယေရှုက ဝိုင်နဲ့ပတ်သက်ပြီး “ဤခွက်သည် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်” ကို ကိုယ်စားပြုတယ်လို့ ပြောခဲ့တယ်။ (၁ ကော. ၁၁:၂၅) ယေဟောဝါက အစ္စရေးတွေနဲ့ ပညတ်ပဋိညာဉ်ဖွဲ့ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒါကို ပဋိညာဉ်သစ်နဲ့ အစားထိုးမယ်လို့ ပြောခဲ့တယ်။ (ယေရမိ ၃၁:၃၁–၃၄ ကိုဖတ်ပါ။) ဘုရားသခင်က အဲဒီပဋိညာဉ်သစ်ကို ဘိသိက်ခံတွေနဲ့ ဖွဲ့ခဲ့တယ်။ (ဂလ. ၆:၁၅၊ ၁၆) ယေရှုရဲ့ ပူဇော်သကာက အဲဒီပဋိညာဉ်ကို အတည်ပြုပေးတယ်။ (လု. ၂၂:၂၀) ယေရှုဟာ ပဋိညာဉ်သစ်ရဲ့ ဖျန်ဖြေသူဖြစ်တယ်။ ပဋိညာဉ်သစ်မှာပါဝင်တဲ့ သစ္စာရှိဘိသိက်ခံတွေဟာ ကောင်းကင်ဆုကျေးဇူးရရှိကြမယ်။—ဟေဗြဲ ၈:၆; ၉:၁၅

၁၅။ နိုင်ငံတော်ပဋိညာဉ်မှာ ဘယ်သူတွေ ပါဝင်သလဲ။ သူတို့သစ္စာရှိမယ်ဆိုရင် ဘာအခွင့်ထူးရရှိမလဲ။

၁၅ ဘိသိက်ခံတွေဟာ နိုင်ငံတော်ပဋိညာဉ်မှာ ပါဝင်တယ်ဆိုတာကိုလည်း သိကြတယ်။ (လုကာ ၁၂:၃၂ ကိုဖတ်ပါ။) ဒီပဋိညာဉ်ကို ယေရှုက သူ့ရဲ့ “ဆင်းရဲဝေဒနာ” ကို ဝေမျှခံစားတဲ့ သစ္စာရှိဘိသိက်ခံနောက်လိုက်တွေနဲ့ ဖွဲ့ခဲ့တယ်။ (ဖိ. ၃:၁၀) ဒီနေ့ခေတ်မှာရှိတဲ့ သစ္စာရှိဘိသိက်ခံတွေလည်း အဲဒီပဋိညာဉ်မှာ ပါဝင်တယ်။ သူတို့ဟာ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် ထာဝစဉ် အုပ်စိုးလိမ့်မယ်။ (ဗျာ. ၂၂:၅) အဲဒီလိုလူတွေဟာ သခင့်ညစာစားပွဲမှာ အထိမ်းအမှတ်တွေကို စားသုံးဖို့ အရည်အချင်းပြည့်မီကြတယ်။

၁၆။ ရောမ ၈:၁၅-၁၇ ရဲ့အဓိပ္ပာယ်ကို အတိုချုပ်ရှင်းပြပါ။

၁၆ ဘိသိက်ခံတွေက သူတို့ဟာ ဘုရားသခင့်သားသမီးတွေဖြစ်ပြီး အထိမ်းအမှတ်တွေကို စားသုံးနိုင်တယ်ဆိုတာ သေချာသိကြတယ်။ (ရောမ ၈:၁၅–၁၇ ကိုဖတ်ပါ။) ဘုရားသခင်ကို “အဗ္ဗ၊ အဖ” လို့ သူတို့ခေါ်ကြတယ်ဆိုပြီး ပေါလုပြောတယ်။ “အဗ္ဗ” ဆိုတဲ့ အာရမိတ်စကားဟာ “ပါပါး” ဆိုတဲ့ ချစ်စနိုးအဓိပ္ပာယ်ရှိသလို “အဖေ” ဆိုတဲ့ လေးစားတဲ့အဓိပ္ပာယ်လည်းရှိတယ်။ ဒီအသုံးအနှုန်းက ဘိသိက်ခံတွေဟာ စွမ်းအားတော်အားဖြင့် “သားများအဖြစ် မွေးစားခြင်းကို ခံရ” ချိန်မှာ ယေဟောဝါနဲ့ အထူးဆက်ဆံရေးရှိလာတယ်ဆိုတာ ဖော်ပြတယ်။ ဘုရားသခင့်စွမ်းအားတော်ဟာ သူတို့နဲ့အတူ “သက်သေခံ” တဲ့အတွက် ဘုရားသခင်ရဲ့ ဘိသိက်ခံသားတွေဖြစ်တယ်ဆိုတာ သူတို့သေချာပေါက်သိကြတယ်။ ဒီလိုပြောတဲ့အတွက် မြေကြီးပေါ်မှာ သူတို့မနေချင်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ သေဆုံးတဲ့အထိ သစ္စာရှိမယ်ဆိုရင် ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ရမယ်ဆိုတာ သူတို့သိတယ်။ ‘သန့်ရှင်းတဲ့အရှင် ယေဟောဝါရဲ့ ဘိသိက်ပေးခြင်းကိုခံရ’ တယ်ဆိုတာ သူတို့သိတယ်။ ဒီနေ့အချိန်မှာ ဘုရားသခင်ရဲ့ ၁၄၄,၀၀၀ သားတွေထဲက အနည်းငယ်ပဲ မြေကြီးပေါ်မှာ ကျန်တော့တယ်။ (၁ ယော. ၂:၂၀; ဗျာ. ၁၄:၁) သူတို့ဟာ ယေဟောဝါကို “အဗ္ဗ၊ အဖ” လို့ခေါ်တဲ့အထိ ရင်းရင်းနှီးနှီး ရှိကြတယ်။

သင့်ရဲ့ ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို တန်ဖိုးထားပါ

၁၇။ ဘိသိက်ခံတွေမှာ ဘာမျှော်လင့်ချက်ရှိသလဲ။ သူတို့ကိုယ်သူတို့ ဘိသိက်ခံတွေဖြစ်မှန်း ဘယ်လိုသိကြသလဲ။

၁၇ သင်ဟာ ဘိသိက်ခံခရစ်ယာန်ဖြစ်တယ်ဆိုရင် ကိုယ်ပိုင်ဆုတောင်းချိန်တွေမှာ ကောင်းကင်မျှော်လင့်ချက်အကြောင်း မကြာခဏ ထည့်ဆုတောင်းမှာပဲ။ ယေရှုနဲ့ “သတို့သမီး” တို့ ကောင်းကင်မှာ လက်ထပ်တဲ့အကြောင်း ကျမ်းစာပြောတဲ့အခါ အဲဒါ သင်နဲ့သက်ဆိုင်မှန်း သင်သိပြီး မျှော်လင့်နေတယ်။ (ယော. ၃:၂၇-၂၉; ၂ ကော. ၁၁:၂; ဗျာ. ၂၁:၂၊ ၉-၁၄) ဘိသိက်ခံတွေကို ဘုရားသခင်ချစ်တဲ့အကြောင်း ကျမ်းစာမှာဖတ်ရတဲ့အခါ သင့်ကိုပြောနေတယ်လို့ ခံစားရတယ်။ ဘိသိက်ခံတွေနဲ့ပတ်သက်တဲ့ သတ်သတ်မှတ်မှတ် ကျမ်းစာလမ်းညွှန်ချက်တွေကို ဖတ်ရတဲ့အခါ အဲဒါတွေကို နာခံဖို့ သန့်ရှင်းသောစွမ်းအားတော်က သင့်ကို လှုံ့ဆော်ပေးတယ်။ သင့်မှာ ကောင်းကင်သွားဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတာကို သင်နဲ့အတူ ဘုရားသခင့်စွမ်းအားတော်က “သက်သေခံ” တယ်။

၁၈။ “အခြားသိုး” တွေမှာ ဘာမျှော်လင့်ချက်ရှိသလဲ။ ဒီမျှော်လင့်ချက်နဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

၁၈ သင်ဟာ “အခြားသိုး” အဝင် “လူအုပ်ကြီး” အတန်းအစားဖြစ်မယ်ဆိုရင် မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ခွင့်ကို ဘုရားသခင်ပေးထားတယ်။ (ဗျာ. ၇:၉; ယော. ၁၀:၁၆) ဒါကြောင့် အနာဂတ်ပရဒိသုနဲ့ပတ်သက်ပြီး ကျမ်းစာပြောထားတာတွေကို စဉ်းစားလိုက်တိုင်း သင်စိတ်လှုပ်ရှားပျော်ရွှင်တယ်။ ငြိမ်းချမ်းတဲ့ကမ္ဘာမှာ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့အတူ နေထိုင်ဖို့ မျှော်လင့်နေတယ်။ ဆာလောင်မှု၊ ဆင်းရဲမှု၊ နာကျင်မှု၊ ဖျားနာမှုနဲ့ သေခြင်း အဆုံးတိုင်မှာကို သိပ်မြင်ချင်နေတယ်။ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉; ၆၇:၆; ၇၂:၇၊ ၁၆; ဟေရှာ. ၃၃:၂၄) ရှင်ပြန်ထမြောက်လာမယ့် ချစ်ရသူတွေကိုလည်း ပြေးကြိုချင်နေတယ်။ (ယော. ၅:၂၈၊ ၂၉) ဒီအံ့ဖွယ်မြေကြီးမျှော်လင့်ချက်အတွက် ယေဟောဝါကို သင် သိပ်ကျေးဇူးတင်မှာပဲ။ ဒါကြောင့် အထိမ်းအမှတ်တွေကို မစားသုံးပေမဲ့ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကို ကျေးဇူးတင်လေးမြတ်တဲ့အတွက် အောက်မေ့ရာပွဲကို တက်ရောက်တာဖြစ်တယ်။

သင် တက်ရောက်မလား

၁၉၊ ၂၀။ (က) သင် ဘယ်လိုနည်းနဲ့ ထာဝစဉ်အသက်ရှင်နိုင်မလဲ။ (ခ) အောက်မေ့ရာပွဲကို သင် ဘာကြောင့်တက်ရောက်မလဲ။

၁၉ သင်ဟာ ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြမှသာ မြေကြီးမှာဖြစ်စေ၊ ကောင်းကင်မှာဖြစ်စေ ထာဝစဉ်အသက်ရှင်နိုင်မယ်။ အောက်မေ့ရာပွဲတက်ရောက်တဲ့အခါ သင့်ရဲ့မျှော်လင့်ချက်အကြောင်း၊ ယေရှုသေခြင်းရဲ့အရေးကြီးမှုအကြောင်း တွေးတောဆင်ခြင်ပါ။ ၂၀၁၅၊ ဧပြီ ၃၊ သောကြာနေ့ နေဝင်ချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာဟာ နိုင်ငံတော်ခန်းမနဲ့ တခြားနေရာတွေမှာ အောက်မေ့ရာပွဲ တက်ရောက်ကြပါလိမ့်မယ်။

၂၀ အောက်မေ့ရာပွဲတက်ရောက်ခြင်းအားဖြင့် ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကို ပိုကျေးဇူးတင်လေးမြတ်စိတ် ရှိလာနိုင်မယ်။ အောက်မေ့ရာပွဲဟောပြောချက်ကို အာရုံစိုက်နားထောင်ခြင်းအားဖြင့် တခြားသူတွေကို မေတ္တာပြဖို့၊ လူသားတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့မေတ္တာနဲ့ ရည်ရွယ်ချက်အကြောင်း ပြောပြဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ (မ. ၂၂:၃၄-၄၀) ဒါကြောင့် အဲဒီပွဲကို သင် တက်ရောက်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။