မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အိမ်ထောင်ခိုင်မြဲအောင် ယေဟောဝါကို ကာကွယ်စောင့်ရှောက်ခွင့်ပေးပါ

သင့်အိမ်ထောင်ခိုင်မြဲအောင် ယေဟောဝါကို ကာကွယ်စောင့်ရှောက်ခွင့်ပေးပါ

‘ယေဟောဝါသည် မြို့ကိုစောင့်တော်မမူလျှင် ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။’—ဆာ. ၁၂၇:၁

၁၊ ၂။ (က) အစ္စရေးယောက်ျား ၂၄,၀၀၀ ဟာ ရရှိမယ့်အမွေကို ဘာကြောင့် ဆုံးရှုံးခဲ့ရသလဲ။ (ခ) ဒီမှတ်တမ်းက ကျွန်တော်တို့အတွက် ဘာကြောင့် အရေးကြီးသလဲ။

အစ္စရေးတွေ ကတိထားရာပြည်ထဲ ဝင်ခါနီးလေးမှာ အစ္စရေးယောက်ျားများစွာဟာ “မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကို ပြု” ခဲ့ကြတယ်။ ဒါကြောင့် ၂၄,၀၀၀ သေဆုံးခဲ့ရတယ်။ ကတိထားရာပြည်ထဲဝင်ဖို့ အကြာကြီးစောင့်ခဲ့ရပြီး ဝင်ခါနီးဆဲဆဲမှာ အဲဒီလိုဖြစ်ခဲ့တာ။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်မှုကို အလျှော့ပေးခဲ့တဲ့အတွက် ရရှိမယ့်အမွေကို ဆုံးရှုံးခဲ့ရတာ ဝမ်းနည်းစရာပါပဲ။—တော. ၂၅:၁-၅၊ ၉

ဒီဝမ်းနည်းဖွယ်ပုံနမူနာကို ‘ခေတ်စနစ်များအဆုံးမှာရှိတဲ့ ကျွန်တော်တို့ကို သတိပေးဖို့ ကျမ်းစာမှာ ရေးထား’ တာဖြစ်တယ်။ (၁ ကော. ၁၀:၆-၁၁) ကျွန်တော်တို့ဟာ “နောက်ဆုံးသောနေ့ရက်များ” ရဲ့အဆုံးမှာ အသက်ရှင်နေရပြီး ကမ္ဘာသစ်ထဲဝင်ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်။ (၂ တိ. ၃:၁; ၂ ပေ. ၃:၁၃) ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ယေဟောဝါကို ဝတ်ပြုသူတချို့ဟာ ကိုယ်ကျင့်တရားစံနှုန်းကို လျှော့ချလိုက်ပြီး လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်မှုကို အလျှော့ပေးခဲ့ကြတယ်။ ရလဒ်အနေနဲ့ ကိုယ့်လုပ်ရပ်ရဲ့ ဝမ်းနည်းဖွယ်ဆိုးကျိုးတွေကို ခံစားနေရတယ်။ တကယ်လို့ နောင်တမယူဘူးဆိုရင် မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်နိုင်မယ့် အခွင့်အရေးကိုတောင် ဆုံးရှုံးသွားနိုင်တယ်။

၃။ အိမ်ထောင်သည်တွေဟာ ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ကာကွယ်မှုကို ဘာကြောင့်လိုအပ်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

လိင်ရူးထနေတဲ့လောကမှာ အသက်ရှင်နေရတဲ့အတွက် အိမ်ထောင်သည်တွေဟာ အိမ်ထောင်ကိုကာကွယ်ဖို့ ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ကာကွယ်မှု လိုအပ်တယ်။ (ဆာလံ ၁၂၇:၁ ကိုဖတ်ပါ။) စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီးရှိနေခြင်း၊ စရိုက်သစ်ကို ဝတ်ဆင်ခြင်း၊ ကောင်းမွန်စွာ ပြောဆိုဆက်သွယ်ခြင်း၊ ဆက်ဆံခြင်းဝတ်ကိုကျေပွန်ခြင်းအားဖြင့် အိမ်ထောင်ကို ဘယ်လိုကာကွယ်နိုင်တယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ

၄။ ခရစ်ယာန်တချို့ဟာ လိင်အကျင့်ယိုယွင်းဖို့ ဘာကြောင့် သွေးဆောင်ခံကြရသလဲ။

ခရစ်ယာန်တစ်ယောက်ဟာ လိင်အကျင့်ယိုယွင်းဖို့ ဘယ်လိုသွေးဆောင်ခံရနိုင်သလဲ။ ဦးဆုံး မျက်လုံးကနေ စလေ့ရှိတယ်။ “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” လို့ ယေရှုပြောတယ်။ (မ. ၅:၂၇၊ ၂၈; ၂ ပေ. ၂:၁၄) လိင်အကျင့်ယိုယွင်းခဲ့သူများစွာဟာ ညစ်ညမ်းရုပ်ပုံတွေ ကြည့်ရှုခြင်း၊ လိင်စိတ်ထကြွစေတဲ့ စာပေတွေ ဖတ်ရှုခြင်း၊ အင်တာနက်ကနေ မကောင်းတာတွေ ကြည့်ရှုခြင်းအားဖြင့် သူတို့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းကို လျှော့ချခဲ့ကြတယ်။ တချို့ကျတော့ လိင်ကိုအသားပေးထားတဲ့ ရုပ်ရှင်၊ ပြဇာတ်နဲ့ တီဗီအစီအစဉ်တွေကို ကြည့်ရှုကြတယ်။ တချို့ကျတော့ နိုက်ကလပ်တွေ၊ ဖော်ချွတ်တဲ့ရှိုးပွဲတွေ၊ အကျင့်ပျက်အနှိပ်ခန်းတွေဆီ သွားကြတယ်။

၅။ မစုံလင်တဲ့စိတ်နှလုံးကို ဘာကြောင့် စောင့်ရှောက်ဖို့လိုအပ်သလဲ။

ခရစ်ယာန်တချို့ဟာ ကိုယ့်အိမ်ထောင်ဖက်ထက် တခြားသူရဲ့ အာရုံစိုက်မှုကို ရချင်တဲ့အတွက် သွေးဆောင်မှုကို အလျှော့ပေးခဲ့ကြတယ်။ ချုပ်တည်းမှုမရှိတော့သူတွေ၊ လိင်အကျင့်ယိုယွင်းမှုအမျိုးမျိုးမှာ သာယာနေသူတွေကြားထဲ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ မစုံလင်တဲ့စိတ်နှလုံးကလည်း သိပ်ကိုစဉ်းလဲယိုယွင်းတဲ့အတွက် ကိုယ့်အိမ်ထောင်ဖက်မဟုတ်တဲ့ တခြားသူအပေါ် အချစ်စိတ်တွေ အလွယ်တကူ ဝင်လာနိုင်တယ်။ (ယေရမိ ၁၇:၉၊ ၁၀ ကိုဖတ်ပါ။) ‘မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုန်ပြုခြင်းတို့သည် စိတ်နှလုံးထဲက ထွက်လာကြ၏’ လို့ ယေရှုပြောတယ်။—မ. ၁၅:၁၉

၆၊ ၇။ (က) စိတ်နှလုံးထဲမှာ မှားယွင်းတဲ့ဆန္ဒတွေ ပေါ်လာပြီဆိုရင် ဘာဖြစ်နိုင်သလဲ။ (ခ) ယေဟောဝါကို ပြစ်မှားမိတဲ့အဖြစ်မျိုးကို ဘယ်လိုရှောင်နိုင်သလဲ။

တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေတဲ့လူနှစ်ယောက်ဟာ စိတ်နှလုံးထဲမှာ မှားယွင်းတဲ့ဆန္ဒတွေ ပေါ်လာတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ပဲ ဆွေးနွေးသင့်တဲ့အကြောင်းတွေကို စတင်ဆွေးနွေးလာနိုင်တယ်။ မကြာခင်မှာပဲ အတူရှိနေဖို့ အကြောင်းအမျိုးမျိုးပြလာတယ်။ အမှတ်မထင် ဆုံမိတဲ့ပုံစံမျိုးဖမ်းပြီး မကြာခဏတွေ့ကြတယ်။ ခံစားချက်တွေပြင်းထန်လာတဲ့အခါ မှန်ရာကိုလုပ်ဖို့ ပိုခက်ခဲလာတယ်။ ကိုယ်လုပ်နေတာတွေ မှားမှန်းသိပေမဲ့ နှောင်ကြိုးတွေ တစ်ရစ်ပြီးတစ်ရစ် ချည်နှောင်မိလေ ရပ်တန်းကရပ်ဖို့ ပိုခက်လာလေပဲ။—သု. ၇:၂၁၊ ၂၂

မှားယွင်းတဲ့ဆန္ဒတွေ၊ အပြောအဆိုတွေကတစ်ဆင့် လက်ကိုင်တာ၊ နမ်းတာ၊ လိင်စိတ်နဲ့ ထိတွေ့ကိုင်တွယ် ပွတ်သပ်တာတွေ လုပ်လာတဲ့အခါမှာတော့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ယေဟောဝါရဲ့စံနှုန်းတွေကို လုံးဝမေ့လျော့သွားပြီ။ တကယ်တော့ အဲဒါတွေဟာ ကိုယ့်အိမ်ထောင်ဖက်နဲ့ပဲ လုပ်သင့်တာတွေဖြစ်တယ်။ သူတို့ဟာ “မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်း” ကို ခံကြရတယ်။ နောက်ဆုံးမှာ ဆန္ဒတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အခါ လိင်အကျင့်ယိုယွင်းလိုက်ကြတယ်။ (ယာ. ၁:၁၄၊ ၁၅) သိပ်ဝမ်းနည်းစရာကောင်းပါတယ်။ သူတို့သာ အိမ်ထောင်အပေါ် လေးမြတ်စိတ်တိုးများလာအောင် လုပ်ပေးဖို့ ယေဟောဝါကို ခွင့်ပြုခဲ့မယ်ဆိုရင် ကိုယ်တော့်ကို ပြစ်မှားမိတဲ့အဖြစ်မျိုး ရှောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ အိမ်ထောင်အပေါ် လေးမြတ်စိတ်ကို ဘယ်လိုရရှိနိုင်မလဲ။

ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီးရှိနေပါ

၈။ ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိခြင်းက လိင်အကျင့်ယိုယွင်းမှု မဖြစ်အောင် ဘယ်လိုကာကွယ်ပေးသလဲ။

ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။ ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိနေခြင်းက လိင်အကျင့်ယိုယွင်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ ကိုယ်တော့်အရည်အသွေးကောင်းတွေကို သိလာတဲ့အခါ ‘ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပပြီး ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်း’ ဖို့ ကြိုးစားကြတယ်။ ရလဒ်အနေနဲ့ “မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း” ကို ငြင်းပယ်ဖို့ ခွန်အားရှိလာပါလိမ့်မယ်။ (ဧ. ၅:၁-၄) ‘မတရားမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သူကို ဘုရားသခင် စီရင်မယ်’ ဆိုတာသိတဲ့ လင်မယားတွေဟာ အချင်းချင်းအပေါ် သစ္စာရှိနေဖို့ ကြိုးစားအားထုတ်ကြတယ်။—ဟေဗြဲ ၁၃:၄

၉။ (က) လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်တာကို ယောသပ် ဘာကြောင့် တွန်းလှန်နိုင်ခဲ့သလဲ။ (ခ) ယောသပ်ရဲ့ ပုံနမူနာကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။

ခရစ်ယာန်တချို့ဟာ သက်သေခံမဟုတ်တဲ့ အလုပ်ဖော်တွေနဲ့ အလုပ်ချိန်နောက်ပိုင်းမှာ အချိန်ပေးပေါင်းသင်းကြတယ်။ ဒီနည်းနဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားစံနှုန်းကို လျှော့ချခဲ့ကြတယ်။ တချို့ကတော့ အလုပ်ချိန်အတွင်းမှာပဲ သွေးဆောင်မှုကြုံရတယ်။ လူငယ်ယောသပ် အဲဒီလို ကြုံခဲ့ရတယ်။ သူ့ကို အလုပ်ရှင်ရဲ့ဇနီး ကြိုက်နေမှန်း သူသိတယ်။ အဲဒီအမျိုးသမီးက အတူအိပ်ဖို့ ယောသပ်ကို နေ့တိုင်းသွေးဆောင်တယ်။ နောက်ဆုံး၊ အလုပ်ချိန်မှာပဲ “‘ငါနှင့်အတူအိပ်ပါ’ ဟုဆိုလျက် ယောသပ်အဝတ်ကို ကိုင်ဆွဲ” ခဲ့တယ်။ ယောသပ်ခမျာ အကျောက်အကန်ငြင်းပြီး ထွက်ပြေးခဲ့ရတယ်။ ဆက်ပြီးသစ္စာရှိနေဖို့ ယောသပ် ဘယ်လိုခွန်အားရခဲ့သလဲ။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး မပျက်စီးစေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် ဖြစ်တယ်။ ယောသပ် အလုပ်ပြုတ်ပြီး ထောင်ကျသွားတယ်။ ဒါပေမဲ့ သူ့ကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ (က. ၃၉:၁-၁၂; ၄၁:၃၈-၄၃) ကျွန်တော်တို့လည်း အလုပ်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သွေးဆောင်မှုဖြစ်စေတဲ့အခြေအနေတွေကို ရှောင်ဖို့ လိုအပ်တယ်။

စရိုက်သစ်ကို ဝတ်ဆင်ပါ

၁၀။ စရိုက်သစ်က အိမ်ထောင်ကို ကာကွယ်ဖို့ ဘယ်လိုကူညီပေးသလဲ။

၁၀ “စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော” စရိုက်သစ်ဟာ လိင်အကျင့်ယိုယွင်းမှု မကျူးလွန်မိအောင် အိမ်ထောင်သည်တွေကို ကာကွယ်ပေးပါလိမ့်မယ်။ (ဧ. ၄:၂၄) ကျွန်တော်တို့က စရိုက်သစ်ကို ဝတ်ဆင်မယ်ဆိုရင် ‘မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း၊ တပ်မက်ခြင်း’ တို့ကို တိုက်လှန်ပြီး ကိုယ်အင်္ဂါတွေကို “သေစေ” မှာဖြစ်တယ်။ (ကောလောသဲ ၃:၅၊ ၆ ကိုဖတ်ပါ။) “သေစေ” ဆိုတဲ့စကားလုံးက အကျင့်ပျက်ဆန္ဒတွေကို တိုက်လှန်ဖို့ ဘယ်အရာကိုမဆို လုပ်ဆောင်ရမယ်လို့ ဆိုလိုတယ်။ မသင့်လျော်တဲ့လိင်ဆန္ဒတွေ ဖြစ်ပေါ်စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ရမယ်။ (ယောဘ ၃၁:၁) ကျွန်တော်တို့က ဘုရားသခင့်စံနှုန်းတွေအတိုင်း နေထိုင်မယ်ဆိုရင် “ဆိုးညစ်သောအရာ” ကို မုန်းပြီး “ကောင်းသောအရာ” ကို ဆုပ်ကိုင်ထားနိုင်ပါလိမ့်မယ်။—ရော. ၁၂:၂၊ ၉

ကြင်ကြင်နာနာ၊ နူးနူးညံ့ညံ့၊ စာနာမှုရှိရှိ ပြောဆိုခြင်းအားဖြင့် အိမ်ထောင်နှောင်ကြိုး ခိုင်မြဲအောင်လုပ်ဖို့ လိုအပ်တယ်

၁၁။ စရိုက်သစ်က အိမ်ထောင်ကို ဘယ်လိုခိုင်မြဲစေနိုင်သလဲ။

၁၁ ကျွန်တော်တို့က စရိုက်သစ်ကို ဝတ်ဆင်မယ်ဆိုရင် ယေဟောဝါရဲ့ အရည်အသွေးတွေကို တုပပါလိမ့်မယ်။ (ကော. ၃:၁၀) အိမ်ထောင်သည်တွေဟာ “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို” တင်ပြမယ်ဆိုရင် အိမ်ထောင်ခိုင်မြဲပြီး ယေဟောဝါရဲ့ကောင်းချီး ခံစားရပါလိမ့်မယ်။ (ကော. ၃:၁၂) “စိတ်နှလုံးတွင် ခရစ်တော်၏ ငြိမ်သက်ခြင်း စိုးမိုး” ခွင့်ပြုမယ်ဆိုရင် ပိုစည်းလုံးလာပါလိမ့်မယ်။ (ကော. ၃:၁၅) ‘ချစ်ခင်စုံမက်ခြင်း’ ရှိမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး လေးစားမှုပြဖို့ အစပြုလုပ်ဆောင်ပါလိမ့်မယ်။—ရော. ၁၂:၁၀

၁၂။ ပျော်ရွှင်တဲ့အိမ်ထောင်ဖြစ်ဖို့ ဘယ်အရည်အသွေးတွေ လိုအပ်တယ်လို့ သင်ထင်သလဲ။

၁၂ ပျော်ရွှင်တဲ့အိမ်ထောင်ဖြစ်ဖို့ ဘယ်အရည်အသွေးတွေက ကူညီပေးသလဲလို့ ဇနီးမောင်နှံတစ်စုံကို မေးကြည့်တဲ့အခါ လင်ယောက်ျားဖြစ်သူ ဆစ်ဒ်က “မေတ္တာပြဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားတယ်။ နူးညံ့သိမ်မွေ့ခြင်းရှိဖို့လည်း သိပ်အရေးကြီးတယ်” လို့ပြောတယ်။ ဇနီးဖြစ်သူ ဆွန်ယာကလည်း “ကြင်နာမှုဆိုတဲ့အရည်အသွေးရှိဖို့ မရှိမဖြစ်လိုအပ်တယ်။ နှိမ့်ချမှုပြဖို့ မလွယ်ပေမဲ့လည်း အဲဒီအရည်အသွေးကို တင်ပြဖို့ ကျွန်မတို့ကြိုးစားကြတယ်” လို့ပြောတယ်။

ကောင်းမွန်စွာ ပြောဆိုဆက်သွယ်ပါ

၁၃။ အိမ်ထောင်ခိုင်မြဲဖို့ ဘာလိုအပ်သလဲ။ ဘာကြောင့်လဲ။

၁၃ အိမ်ထောင်ခိုင်မြဲစေနိုင်တဲ့ အကောင်းဆုံးနည်းတစ်ခုကတော့ အိမ်ထောင်ဖက်ကို ကြင်ကြင်နာနာ ပြောဆိုခြင်းပါပဲ။ ဒါပေမဲ့ အိမ်ထောင်သည်တချို့က ကိုယ့်အိမ်ထောင်ဖက်ကို သူစိမ်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေလောက်တောင် ကြင်ကြင်နာနာ မပြောဆိုကြဘူး။ “ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်း” တို့က အိမ်ထောင်နှောင်ကြိုးကို တဖြည်းဖြည်း အားပျော့စေတယ်။ (ဧ. ၄:၃၁) အပြစ်တင်ဝေဖန်ပြီး ခနဲ့တဲ့တဲ့ပြောဆိုတာတွေက အိမ်ထောင်ကို ပျက်စီးစေပါလိမ့်မယ်။ အဲဒီအစား ကြင်ကြင်နာနာ၊ နူးနူးညံ့ညံ့၊ စာနာမှုရှိရှိ ပြောဆိုခြင်းအားဖြင့် အိမ်ထောင်နှောင်ကြိုးခိုင်မြဲအောင်လုပ်ဖို့ လိုအပ်တယ်။—ဧ. ၄:၃၂

၁၄။ အိမ်ထောင်သည်တွေ ဘာကိုရှောင်ရမလဲ။

၁၄ “တိတ်ဆိတ်စွာနေရသောအချိန်” ရှိတယ်လို့ ကျမ်းစာပြောတယ်။ (ဒေ. ၃:၇) ဒါဟာ ကိုယ့်အိမ်ထောင်ဖက်ကို စကားမပြောဘဲနေလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အိမ်ထောင်သာယာဖို့ဆိုရင် ပြောဆိုဆက်သွယ်ဖို့ လိုအပ်ပါတယ်။ ဂျာမနီနိုင်ငံက ဇနီးတစ်ယောက် အခုလိုပြောတယ်– “တစ်ခါတလေ နှုတ်ဆိတ်နေတာက ကိုယ့်အိမ်ထောင်ဖက်ကို စိတ်ထိခိုက်စေနိုင်တယ်။ ဖိစီးမှုများနေချိန်မှာ တည်တည်ငြိမ်ငြိမ်ရှိဖို့ အမြဲမလွယ်ကူပေမဲ့ ဒေါသပေါက်ကွဲလိုက်တာလည်း မကောင်းဘူး။ အိမ်ထောင်ဖက် စိတ်ထိခိုက်အောင် ဇိုးခနဲဇတ်ခနဲ ပြောချလုပ်ချလိုက်တာက ပြဿနာကို ပိုဆိုးစေရုံပဲရှိတယ်။” သာယာတဲ့အိမ်ထောင်မှာ အိမ်ထောင်သည်တွေဟာ အော်ငေါက်ခြင်း၊ စကားမပြောဘဲနေခြင်းအားဖြင့် ပြဿနာတွေကို မဖြေရှင်းကြဘူး။ အဲဒီအစား သဘောထားမတိုက်ဆိုင်တာတွေကို ချက်ချင်းဖြေရှင်းခြင်း၊ အဲဒါတွေကို ရန်ဖြစ်တဲ့အဆင့်ထိ မရောက်စေခြင်းအားဖြင့် အိမ်ထောင်ကို ခိုင်မြဲစေကြတယ်။

၁၅။ ကောင်းမွန်တဲ့ပြောဆိုဆက်သွယ်မှုက အိမ်ထောင်ကို ဘယ်လိုခိုင်မြဲစေနိုင်သလဲ။

၁၅ ကိုယ့်ထင်မြင်ချက်နဲ့ ခံစားချက်တွေကို ဝေမျှပြောဆိုဖို့ အချိန်ယူခြင်းအားဖြင့်လည်း အိမ်ထောင်ခိုင်မြဲအောင် လုပ်ဆောင်နိုင်တယ်။ သင် ပြောဆိုတဲ့အရာက အရေးကြီးသလို ပြောဆိုပုံကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ခက်ခဲတဲ့အခြေအနေတွေမှာတောင် ကြင်နာတဲ့စကားလုံးတွေနဲ့ ကြင်ကြင်နာနာ ပြောဆိုဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သင့်စကားကို သင့်အိမ်ထောင်ဖက် နားထောင်ဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ (ကောလောသဲ ၄:၆ ကိုဖတ်ပါ။) အားရှိစေတဲ့၊ အကျိုးဖြစ်စေတဲ့စကားတွေသုံးပြီး ကောင်းမွန်စွာပြောဆိုဆက်သွယ်ခြင်းအားဖြင့် အိမ်ထောင်ခိုင်မြဲနိုင်ပါလိမ့်မယ်။—ဧ. ၄:၂၉

ကောင်းမွန်စွာပြောဆိုဆက်သွယ်ခြင်းအားဖြင့် အိမ်ထောင်ကို ခိုင်မြဲစေနိုင် (အပိုဒ် ၁၅ ကိုကြည့်ပါ)

ဆက်ဆံခြင်းဝတ်ကို ကျေပွန်ပါ

၁၆၊ ၁၇။ အချင်းချင်းရဲ့ စိတ်ပိုင်းနဲ့ လိင်ပိုင်းလိုအပ်ရာတွေကို အကင်းပါးပါး သိရှိပြီး ဖြည့်ဆည်းပေးဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၆ အိမ်ထောင်သည်တွေဟာ ကိုယ့်လိုအပ်ရာတွေထက် အိမ်ထောင်ဖက်ရဲ့လိုအပ်ရာတွေကို ရှေ့တန်းတင်ခြင်းအားဖြင့်လည်း ခိုင်မြဲတဲ့အိမ်ထောင် တည်ဆောက်နိုင်ပါတယ်။ (ဖိ. ၂:၃၊ ၄) လင်ယောက်ျားရော၊ ဇနီးပါ အချင်းချင်းရဲ့ စိတ်ပိုင်းနဲ့ လိင်ပိုင်းလိုအပ်ရာတွေကို အကင်းပါးပါး သိရှိပြီး ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်။၁ ကောရိန္သု ၇:၃၊ ၄ ကိုဖတ်ပါ။

၁၇ ဒါပေမဲ့ အိမ်ထောင်သည်တချို့ဟာ ကိုယ့်အိမ်ထောင်ဖက်ကို ချစ်ခင်ကြင်နာမှု မပြဘူး။ သူနဲ့ လိင်မှုကိစ္စ မပြုဘူး။ ယောက်ျားတချို့က ကိုယ့်ဇနီးကို ညင်ညင်သာသာ ဆက်ဆံတာ ပျော့ညံ့ရာကျတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ “ခင်ပွန်းတို့သည် အတူနေသောဇနီးကို နားလည်မှုရှိသင့်သည်” လို့ကျမ်းစာပြောတယ်။ (၁ ပေ. ၃:၇ဖိလစ်ဘာသာပြန်ကျမ်း) ဆက်ဆံခြင်းဝတ်လို့ပြောတဲ့အခါ လိင်မှုကိစ္စပြုတာလောက်ပဲ မဟုတ်ဘူးဆိုတာ လင်ယောက်ျားတွေ နားလည်ဖို့လိုအပ်တယ်။ ကိုယ့်ဇနီးကို အချိန်တိုင်း ချစ်ချစ်ခင်ခင်၊ ယုယုယယရှိဖို့လိုတယ်။ ဒါမှ ဇနီးကလည်း ကိုယ့်ယောက်ျားနဲ့ အတူဆက်ဆံရတာကို ပျော်မွေ့လာနိုင်ပါလိမ့်မယ်။ လင်မယားနှစ်ယောက်စလုံး ချစ်ခင်ယုယမှုတင်ပြမယ်ဆိုရင် အချင်းချင်းရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းလိုအပ်ရာတွေကို ဖြည့်ဆည်းပေးရတာ ပိုလွယ်ကူလာပါလိမ့်မယ်။

၁၈။ အိမ်ထောင်နှောင်ကြိုးကို ဘယ်လိုခိုင်မြဲစေနိုင်သလဲ။

၁၈ အိမ်ထောင်ဖက်အပေါ် သစ္စာဖောက်တာကို အကြောင်းပြချက်ပေးလို့မရပေမဲ့ တခြားတစ်ယောက်ဆီက မေတ္တာနဲ့ ရင်းနှီးမှုရဖို့ကြိုးစားရတဲ့ အကြောင်းရင်းတစ်ခုက အိမ်ထောင်မှာ ကြင်နာယုယမှု မရှိလို့ဖြစ်နိုင်တယ်။ (သု. ၅:၁၈; ဒေ. ၉:၉) ဒါကြောင့် “အချိန်သတ်မှတ်ပြီး နှစ်ဦးသဘောတူ ရှောင်ကြဉ်သည်မှလွဲ၍ အချင်းချင်း ဆက်ဆံခြင်းဝတ်ကို ပြုကြလော့” လို့ အိမ်ထောင်သည်တွေကို ကျမ်းစာမှာ တိုက်တွန်းထားတယ်။ ဘာကြောင့်လဲ။ ‘ချုပ်တည်းခြင်း မရှိသဖြင့် စာတန်၏သွေးဆောင်မှုကို ခံရ’ နိုင်တဲ့အတွက်ဖြစ်တယ်။ (၁ ကော. ၇:၅) အဲဒီလို စာတန်သွေးဆောင်ဖို့ ခွင့်ပြုလိုက်ပြီး အိမ်ထောင်ရေးဖောက်ပြန်မယ်ဆိုရင် ဝမ်းနည်းစရာပါပဲ။ ဒါကြောင့် အချင်းချင်းအပေါ် ဆက်ဆံခြင်းဝတ်ကို ကျေပွန်ခြင်းအားဖြင့် “ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာ” ဖို့လိုအပ်တယ်။ ဒီလိုလုပ်တာက ဝတ္တရားအရမဟုတ်ဘဲ အချင်းချင်းကိုချစ်လို့ဖြစ်တယ်။ အဲဒီလို မေတ္တာနဲ့ ချစ်ခင်ယုယမှုရှိရှိ ဆက်ဆံခြင်းက အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေတယ်။—၁ ကော. ၁၀:၂၄

သင့်အိမ်ထောင်ကို ဆက်ပြီးခိုင်မြဲစေပါ

၁၉။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။ ဘာကြောင့်လဲ။

၁၉ ကမ္ဘာသစ်ထဲဝင်ဖို့ သိပ်နီးနေပြီ။ အခုလိုအချိန်မှာ မောဘလွင်ပြင်က အစ္စရေးလူ ၂၄,၀၀၀ လို မှားယွင်းတဲ့ဆန္ဒတွေကို အလျှော့ပေးလိုက်ရင် တကယ့်ကိုဝမ်းနည်းစရာပဲ။ “မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၁ ကော. ၁၀:၁၂) ကျွန်တော်တို့ဟာ ယေဟောဝါနဲ့ အိမ်ထောင်ဖက်အပေါ် ဆက်ပြီးသစ္စာရှိနေရမယ်။ ဒါမှ အိမ်ထောင်ခိုင်မြဲနိုင်မယ်။ (မ. ၁၉:၅၊ ၆) “ရှေ့တော်မှောက်၌ အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန်ကြိုးစား” ရမယ့်အချိန်ဟာ အခုအချိန်ပဲဖြစ်တယ်။—၂ ပေ. ၃:၁၃၊ ၁၄