မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ

ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ

“ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာတော်ကို ထက်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။”—၁ ပေ. ၂:၂၁

၁။ ယေရှုကိုတုပမယ်ဆိုရင် ယေဟောဝါနဲ့ ဘာကြောင့်ရင်းနှီးလာမလဲ။

ကျွန်တော်တို့က ကိုယ်အထင်ကြီးလေးစားသူတွေကို တုပလေ့ရှိတယ်။ အသက်ရှင်ခဲ့သမျှလူသားတွေထဲမှာ တုပထိုက်ဆုံးပုဂ္ဂိုလ်ဟာ ယေရှုခရစ်ဖြစ်တယ်။ ဘာကြောင့်လဲ။ တစ်ကြိမ်မှာ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုလည်း မြင်ပြီ” လို့ပြောခဲ့တယ်။ (ယော. ၁၄:၉) ယေရှုဟာ သူ့ဖခင်ရဲ့အရည်အသွေးတွေကို အပြည့်ဝဆုံးတုပခဲ့တဲ့အတွက် အဲဒီလိုပြောနိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ယေရှုအကြောင်း သိလာရင် ယေဟောဝါအကြောင်းလည်း သိလာမယ်။ ယေရှုကိုတုပမယ်ဆိုရင် စကြဝဠာမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ်ယေဟောဝါနဲ့ ရင်းနှီးလာမယ်။ တကယ့်အခွင့်ထူးပါပဲ။

၂၊ ၃။ (က) ယေရှုဘဝရဲ့ အသေးစိတ်အချက်အလက်တွေကို ယေဟောဝါ ဘာကြောင့် ဖော်ပြထားတာလဲ။ ကျွန်တော်တို့ဆီကနေ ကိုယ်တော် ဘာမျှော်လင့်သလဲ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးမလဲ။

ကျမ်းစာမှာ ယေရှုဘဝရဲ့ အသေးစိတ်အချက်အလက်တွေကို ယေဟောဝါဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို သားတော်အကြောင်း သိစေချင်လို့ပဲ။ အဲဒီလိုသိမှ ယေရှုကို ထက်ကြပ်မကွာတုပနိုင်မယ်။ (၁ ပေတရု ၂:၂၁ ကိုဖတ်ပါ။) ယေရှုချမှတ်ခဲ့တဲ့ပုံသက်သေကို ကျမ်းစာမှာ ခြေရာနဲ့ခိုင်းနှိုင်းထားတယ်။ ဘာကိုဆိုလိုသလဲ။ ယေဟောဝါက ကျွန်တော်တို့ကို သားတော်ရဲ့ခြေရာအတိုင်း နင်းစေချင်တယ်။ တစ်နည်းအားဖြင့် ယေရှုလုပ်ဆောင်ခဲ့သမျှကို တုပစေချင်တယ်။ ဒါပေမဲ့ ယေရှုဟာ စုံလင်သူဖြစ်တယ်။ ဒါကြောင့် ယေရှုကို ကျွန်တော်တို့ အပြည့်အဝတုပဖို့ ယေဟောဝါမမျှော်လင့်ပါဘူး။ အဲဒီအစား အတတ်နိုင်ဆုံးတုပဖို့ပဲ မျှော်လင့်တယ်။

ဒါဆို ယေရှုရဲ့အရည်အသွေးကောင်းတချို့ကို သုံးသပ်ကြည့်ကြစို့။ ဒီဆောင်းပါးမှာ ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်အကြောင်း ဆွေးနွေးပါမယ်။ နောက်ဆောင်းပါးမှာ ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုအကြောင်း ဆွေးနွေးပါမယ်။ အရည်အသွေးတစ်ခုစီကို လေ့လာတိုင်း ဒီမေးခွန်းသုံးခုကို ဆန်းစစ်ကြပါမယ်– ဒီအရည်အသွေးက ဘာကိုဆိုလိုသလဲ။ ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ ယေရှုကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။

ယေရှု နှိမ့်ချမှုရှိတယ်

၄။ နှိမ့်ချမှုဆိုတာ ဘာကိုဆိုလိုသလဲ။

နှိမ့်ချမှုဆိုတာ ဘာလဲ။ မာနကြီးသူအများစုကတော့ နှိမ့်ချမှုဆိုတာ ပျော့ညံ့ခြင်း၊ ယုံကြည်စိတ်ချမှုမရှိခြင်းရဲ့ လက္ခဏာဖြစ်တယ်လို့ ထင်ကြတယ်။ အဲဒါမှန်သလား။ တကယ်တော့ နှိမ့်ချဖို့ဆိုရင် ခိုင်မာပြတ်သားဖို့၊ သတ္တိရှိဖို့ လိုအပ်တယ်။ နှိမ့်ချမှုဟာ မာနကြီးတာ၊ မောက်မာတာရဲ့ ဆန့်ကျင်ဘက်ပဲ။ နှိမ့်ချမှုရှိဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသဘောထားတယ်ဆိုတာ ဆန်းစစ်ရမယ်။ ဥပမာ၊ ကျမ်းစာအဘိဓာန်တစ်အုပ်က “နှိမ့်ချမှုဆိုတာ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ ဘယ်လောက်တောင် အရေးမပါသူဖြစ်တယ်ဆိုတာ သိရှိခြင်းပဲ” လို့ပြောတယ်။ ကျွန်တော်တို့က နှိမ့်ချတယ်ဆိုရင် တခြားသူတွေထက် သာတယ်ဆိုတဲ့စိတ် ရှိမှာမဟုတ်ဘူး။ (ရော. ၁၂:၃) မစုံလင်သူတွေအနေနဲ့ နှိမ့်ချမှုအရည်အသွေးကိုတင်ပြဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ကြီးမြတ်မှုအကြောင်း တွေးတောဆင်ခြင်ပြီး ယေရှုရဲ့ပုံနမူနာကို တုပမယ်ဆိုရင် နှိမ့်ချတတ်လာပါလိမ့်မယ်။

ကျွန်တော်တို့က နှိမ့်ချတယ်ဆိုရင် တခြားသူတွေထက် သာတယ်ဆိုတဲ့စိတ် ရှိမှာမဟုတ်ဘူး

၅၊ ၆။ (က) ကောင်းကင်တမန်မင်းမိက္ခေလဟာ ဘယ်သူလဲ။ (ခ) နှိမ့်ချတဲ့သဘောထားကို မိက္ခေလ ဘယ်လိုတင်ပြခဲ့သလဲ။

နှိမ့်ချမှုကို ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ ယေရှုဟာ ကောင်းကင်မှာ တန်ခိုးကြီးကောင်းကင်တမန်အနေနဲ့ရော မြေကြီးမှာ စုံလင်သူလူသားအနေနဲ့ပါ နှိမ့်ချမှု အမြဲတင်ပြခဲ့တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။

ယေရှုရဲ့သဘောထား။ မြေကြီးပေါ်မလာခင် ယေရှုရဲ့ဘဝအကြောင်း ယုဒကျမ်းမှာဖတ်ရတယ်။ (ယုဒ ၉ ကိုဖတ်ပါ။) ကောင်းကင်တမန်မင်း မိက္ခေလအနေနဲ့ ယေရှုဟာ ‘မောရှေရဲ့အလောင်းနဲ့ပတ်သက်ပြီး မာရ်နတ်နဲ့ငြင်းခုံ’ ခဲ့တယ်။ မောရှေသေဆုံးသွားတဲ့အခါ သူ့အလောင်းကို ဘယ်သူမှ မတွေ့နိုင်မယ့်နေရာမှာ ယေဟောဝါ မြှုပ်နှံခဲ့တယ်။ (တရား. ၃၄:၅၊ ၆) မာရ်နတ်က မောရှေရဲ့အလောင်းကိုသုံးပြီး အယူမှားဝတ်ပြုရေးမှာ အစ္စရေးတွေပါဝင်လာအောင် သွေးဆောင်ချင်ခဲ့ပုံရတယ်။ မာရ်နတ် ဘာလုပ်ချင်တာပဲဖြစ်ပါစေ မိက္ခေလကတော့ သူ့ကို သတ္တိရှိရှိတားဆီးခဲ့တယ်။ “ငြင်းခုံ” ဆိုတဲ့စကားလုံးကို “တရားရေးအမှုအခင်း” နဲ့ပတ်သက်ပြီးတော့လည်း အသုံးပြုတဲ့အတွက် “မောရှေအလောင်းကိုယူဖို့ ကြိုးစားနေတဲ့ မာရ်နတ်ရဲ့လုပ်ပိုင်ခွင့်ကို မိက္ခေလ စောဒကတက်ခဲ့တာ” ဖြစ်နိုင်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သူ့မှာအခွင့်အာဏာ အကန့်အသတ်ပဲရှိတယ်ဆိုတာ ကောင်းကင်တမန်မင်းသိတယ်။ ဒါကြောင့် စာတန်ကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးချုပ်ယေဟောဝါဆီ ဒီကိစ္စကို လွှဲပေးခဲ့တယ်။ တကယ့်ကို နှိမ့်ချတဲ့သဘောထားပါပဲ။

ယေရှုဟာ “အသေခံရသည့်တိုင်အောင်” ယေဟောဝါပြောသမျှကို နှိမ့်ချစွာလုပ်ဆောင်ခဲ့တယ်

၇။ ယေရှုဟာ ပြောဆိုပုံ၊ ပြုမူပုံအားဖြင့် နှိမ့်ချမှုကို ဘယ်လိုတင်ပြခဲ့သလဲ။

ယေရှု မြေကြီးပေါ်ရှိချိန်မှာလည်း ပြောဆိုပုံ၊ ပြုမူပုံအားဖြင့် နှိမ့်ချမှုတင်ပြခဲ့တယ်။ ယေရှုရဲ့ ပြောဆိုပုံ။ ယေရှုဟာ သူ့ကို တခြားသူတွေ မလိုအပ်ဘဲအာရုံစိုက်တာမျိုး မဖြစ်စေချင်ဘူး။ သူ့ဖခင်ကိုပဲ ဂုဏ်တင်ချီးမွမ်းစေချင်တယ်။ (မာ. ၁၀:၁၇၊ ၁၈; ယော. ၇:၁၆) တပည့်တွေကိုလည်း ကိုယ့်ထက်နိမ့်ကျတဲ့ပုံစံမျိုး တစ်ခါမှမပြောခဲ့ဘူး။ အဲဒီအစား သူတို့ကို လေးလေးစားစားဆက်ဆံတယ်။ သူတို့ရဲ့အရည်အသွေးကောင်းတွေကို ချီးမွမ်းခြင်းအားဖြင့် သူတို့ကို ယုံကြည်စိတ်ချကြောင်း တင်ပြတယ်။ (လု. ၂၂:၃၁၊ ၃၂; ယော. ၁:၄၇) ယေရှုရဲ့ ပြုမူပုံ။ ယေရှုမှာ ပစ္စည်းဥစ္စာများများစားစား မရှိဘူး။ ဘဝကို ရိုးရိုးရှင်းရှင်းပဲနေထိုင်တယ်။ (မ. ၈:၂၀) တခြားသူတွေမလုပ်ချင်တဲ့ နိမ့်ကျတဲ့အလုပ်ကို လိုလိုလားလားလုပ်ဆောင်တယ်။ (ယော. ၁၃:၃-၁၅) သူ့ရဲ့နာခံမှုအားဖြင့်လည်း နှိမ့်ချမှုကို ထူးထူးခြားခြားတင်ပြခဲ့တယ်။ (ဖိလိပ္ပိ ၂:၅–၈ ကိုဖတ်ပါ။) တခြားသူတွေကို မနာခံချင်တဲ့ မာနကြီးသူတွေနဲ့မတူဘဲ ယေရှုဟာ “အသေခံရသည့်တိုင်အောင်” ယေဟောဝါပြောသမျှကို နှိမ့်ချစွာလုပ်ဆောင်ခဲ့တယ်။ လူသားဖြစ်တဲ့ ယေရှုမှာ “စိတ်နှိမ့်ချသောသဘော” ရှိတာ ထင်ရှားတယ်။—မ. ၁၁:၂၉

ယေရှုရဲ့ နှိမ့်ချမှုကို တုပပါ

၈၊ ၉။ နှိမ့်ချမှုကို ကျွန်တော်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

ယေရှုရဲ့ နှိမ့်ချမှုကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။ ကျွန်တော်တို့ရဲ့သဘောထား။ ကျွန်တော်တို့မှာ နှိမ့်ချမှုရှိမယ်ဆိုရင် ကိုယ့်မှာ အခွင့်အာဏာအကန့်အသတ်ပဲရှိတယ်ဆိုတာ အသိအမှတ်ပြုမယ်။ တခြားသူတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတာ သိတဲ့အတွက် ပြစ်တင်ဝေဖန်မှာမဟုတ်သလို သူတို့ရဲ့စိတ်ရင်းကိုလည်း သံသယဝင်မှာမဟုတ်ဘူး။ (လု. ၆:၃၇; ယာ. ၄:၁၂) နှိမ့်ချမှုက “လွန်ကျူးစွာ မဖြောင့်မတ်” ဖို့လည်း ကူညီပေးတယ်။ ဆိုလိုတာက ကိုယ့်လောက် အစွမ်းအစတွေ၊ အခွင့်ထူးတွေမရှိသူတွေထက် ကိုယ်က ပိုသာတယ်လို့ ထင်မှာမဟုတ်ဘူး။ (ဒေ. ၇:၁၆) နှိမ့်ချမှုရှိတဲ့အကြီးအကဲတွေဟာ ကိုယ့်ကိုယ်ကိုယ် တခြားညီအစ်ကိုညီအစ်မတွေထက် ပိုသာတယ်လို့ ထင်မှာမဟုတ်ဘူး။ အဲဒီအစား တခြားသူတွေက ‘ကိုယ့်ထက် သာလွန်’ တယ်၊ ကိုယ့်ထက် ပိုအရေးပါတယ်လို့ ယူမှတ်ပါလိမ့်မယ်။—ဖိ. ၂:၃; လု. ၉:၄၈

၁၈၉၄ ခုနှစ်ကစပြီး နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဒဗလျူ ဂျေ သောန်အကြောင်း သုံးသပ်ကြည့်ပါ။ နယ်လှည့်ကြီးကြပ်မှူးအဖြစ် နှစ်ပေါင်းများစွာအမှုဆောင်ပြီးနောက် နယူးယောက်ပြည်နယ်အထက်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းပိုင် နိုင်ငံတော်ခြံမှာ အမှုဆောင်ဖို့ သူ တာဝန်ရတယ်။ အဲဒီမှာရှိတဲ့ကြက်ခြံမှာ အလုပ်လုပ်ဖို့ဖြစ်တယ်။ ညီအစ်ကို ဂျေ သောန်ဟာ ဒီထက်ပိုအရေးကြီးတာတစ်ခုခုကို လုပ်နေရမှာလို့တွေးမိတိုင်း “မင်းလို ဘာမဟုတ်တဲ့ဖုန်မှုန့်က ဘာထောင်လွှားစရာအကြောင်းရှိလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးလေ့ရှိတယ်။ (ဟေရှာယ ၄၀:၁၂–၁၅ ကိုဖတ်ပါ။) တကယ့်ကို နှိမ့်ချတဲ့သဘောထားပါပဲ။

၁၀။ ကျွန်တော်တို့ရဲ့ အပြောအဆို၊ အပြုအမူအားဖြင့် နှိမ့်ချမှုကို ဘယ်လိုတင်ပြနိုင်သလဲ။

၁၀ ကျွန်တော်တို့ရဲ့အပြောအဆို။ ကျွန်တော်တို့မှာ စစ်မှန်တဲ့နှိမ့်ချမှုရှိမယ်ဆိုရင် တခြားသူတွေနဲ့ စကားပြောဆိုပုံမှာ ပေါ်လွင်နေပါလိမ့်မယ်။ (လု. ၆:၄၅) တခြားသူတွေနဲ့စကားပြောတဲ့အခါ ကိုယ်ရရှိထားတဲ့အခွင့်ထူးတွေ၊ ကိုယ်လုပ်ဆောင်ပြီးမြောက်ခဲ့တာတွေကိုပဲ အလေးပေးပြောမှာမဟုတ်ဘူး။ (သု. ၂၇:၂) အဲဒီအစား ညီအစ်ကိုညီအစ်မတွေရဲ့ ကောင်းကွက်ကိုရှာပြီး သူတို့ရဲ့အရည်အသွေးကောင်းတွေ၊ အစွမ်းအစတွေ၊ လုပ်ဆောင်ပြီးမြောက်ခဲ့တာတွေကို ချီးမွမ်းပေးပါလိမ့်မယ်။ (သု. ၁၅:၂၃) ကျွန်တော်တို့ရဲ့အပြုအမူ။ နှိမ့်ချမှုရှိတဲ့ခရစ်ယာန်တွေဟာ ဒီလောကမှာ ထင်ပေါ်ကျော်ကြားဖို့ ကြိုးစားမှာမဟုတ်ဘူး။ အဲဒီအစား ယေဟောဝါကို အတတ်နိုင်ဆုံးအမှုဆောင်နိုင်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်ပြီး လောကအမြင်မှာ နိမ့်ကျတဲ့အလုပ်တွေကိုတောင် လုပ်ဆောင်ကြပါလိမ့်မယ်။ (၁ တိ. ၆:၆၊) အရေးကြီးဆုံးကတော့ နာခံမှုအားဖြင့် နှိမ့်ချမှုကို ဖော်ပြဖို့ဖြစ်တယ်။ အသင်းတော်မှာ “ဦးဆောင်သူများကို နာခံ” ဖို့၊ ယေဟောဝါအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို လက်ခံလိုက်လျှောက်ဖို့ဆိုရင် နှိမ့်ချမှုရှိရမယ်။—ဟေဗြဲ ၁၃:၁၇

ယေရှု သနားတတ်တယ်

၁၁။ သနားခြင်းဆိုတာ ဘာလဲ။

၁၁ သနားခြင်းဆိုတာ ဘာလဲ။ “သနားခြင်း” ဆိုတာ နူးညံ့တဲ့၊ ဂရုစိုက်တတ်တဲ့စိတ်ခံစားချက်ကို ဆိုလိုတယ်။ သနားခြင်းဟာ မေတ္တာရဲ့အသွင်အပြင်တစ်ခုဖြစ်တယ်။ ထောက်ထားစာနာမှု၊ ကရုဏာ စတဲ့စိတ်ခံစားချက်တွေနဲ့ ဆင်တူတယ်။ ကျမ်းစာမှာ “သနားစာနာ၊” “သနားကြင်နာ၊” “ချစ်ခင်စုံမက်” စသဖြင့်သုံးနှုန်းထားတယ်။ (လု. ၁:၇၈; ၂ ကော. ၁:၃; ဖိ. ၁:၈) အကိုးအကားစာအုပ်တစ်အုပ်က သနားတယ်ဆိုတာ လိုအပ်နေသူတွေအတွက် စိတ်မကောင်းဖြစ်ရုံလောက်သာ မဟုတ်ဘူး၊ သူတို့ရဲ့ဘဝတွေ ပိုတိုးတက်ကောင်းမွန်လာဖို့ “ကိုယ်တိုင်ပါဝင်ပတ်သက်ပြီး ကူညီပေးတဲ့အထိ” သနားခြင်းဖြစ်တယ်လို့ပြောတယ်။ ဒါကြောင့် သနားခြင်းဆိုတာ တခြားသူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးဖို့ လှုံ့ဆော်ပေးတဲ့ အရည်အသွေးဖြစ်တယ်။

၁၂။ တခြားသူတွေကို ယေရှု သနားစာနာတယ်ဆိုတာ ဘာကဖော်ပြသလဲ။ သနားစိတ်က ဘာလုပ်ဖို့ ယေရှုကို လှုံ့ဆော်ပေးခဲ့သလဲ။

၁၂ သနားခြင်းကို ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။ ယေရှုရဲ့ ခံစားချက်နဲ့ အပြုအမူ။ ယေရှုဟာ တခြားသူတွေကို သနားစာနာတယ်။ မိတ်ဆွေလာဇရုသေဆုံးသွားလို့ မာရိနဲ့ တခြားသူတွေ ငိုနေတာကိုတွေ့တဲ့အခါ ယေရှုလည်း မျက်ရည်ကျမိတယ်။ (ယောဟန် ၁၁:၃၂–၃၅ ကိုဖတ်ပါ။) အဲဒီနောက်လာဇရုကို ထမြောက်ပေးခဲ့တယ်။ အဲဒီသနားစိတ်ကြောင့်ပဲ အစောပိုင်းတုန်းကလည်း မုဆိုးမရဲ့သားကို ထမြောက်ပေးခဲ့တယ်။ (လု. ၇:၁၁-၁၅; ယော. ၁၁:၃၈-၄၄) ယေရှုရဲ့ သနားစာနာမှုရှိတဲ့ အပြုအမူကြောင့် လာဇရုမှာ ကောင်းကင်မျှော်လင့်ချက် ရရှိလာနိုင်တယ်။ အစောပိုင်းတုန်းကလည်း လူအုပ်တစ်အုပ် ယေရှုဆီလာတဲ့အခါ “သနားသောစိတ်ရှိသဖြင့် များစွာသွန်သင်” ပေးခဲ့တယ်။ (မာ. ၆:၃၄) အဲဒီသွန်သင်ချက်တွေကို လက်ခံသူတွေရဲ့အသက်တာဟာ အကြီးအကျယ်ပြောင်းလဲခဲ့တယ်။ ဒါကြောင့် ယေရှုရဲ့သနားစိတ်ဟာ ခံစားချက်လောက်ပဲမဟုတ်ဘူး။ လိုအပ်နေသူတွေကို ကူညီပေးဖို့ လှုံ့ဆော်ပေးတယ်။—မ. ၁၅:၃၂-၃၈; ၂၀:၂၉-၃၄; မာ. ၁:၄၀-၄၂

၁၃။ ယေရှုဟာ တခြားသူတွေကို ဘယ်လို ကြင်ကြင်နာနာပြောဆိုခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၃ ယေရှုရဲ့အပြောအဆို။ ယေရှုရဲ့သနားစိတ်က တခြားသူတွေ၊ အထူးသဖြင့် ဖိနှိပ်ခံရသူတွေကို ကြင်ကြင်နာနာပြောဆိုဖို့ လှုံ့ဆော်ပေးတယ်။ တမန်တော်မဿဲက ဟေရှာယရဲ့စကားကို ကိုးကားပြီး ယေရှုဟာ “နင်းချေထားသောကျူပင်ကို မချိုး။ ငြိမ်းလုသောမီးစာကို မငြိမ်းမသတ်” လို့ပြောခဲ့တယ်။ (ဟေရှာ. ၄၂:၃; မ. ၁၂:၂၀) အဲဒါ ဘာကိုဆိုလိုသလဲ။ ယေရှုဟာ လူတွေကိုရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း မပြောဆိုဘူး။ အဲဒီအစား လူတွေ လန်းဆန်းတက်ကြွလာအောင်ပဲ ပြောဆိုတယ်။ ‘စိတ်နှလုံးကြေကွဲနေသူတွေ’ ကို မျှော်လင့်ချက်ပေးတဲ့သတင်း ဟောပြောတယ်။ (ဟေရှာ. ၆၁:၁) ‘ဝန်လေးပြီး ပင်ပန်းနေသူတွေ’ ကိုလည်း သူ့ဆီလာဖို့ ကမ်းလှမ်းတယ်။ ဒါမှ သူတို့ “လန်းဆန်း” မှုရရှိနိုင်မယ်။ (မ. ၁၁:၂၈-၃၀) ဘုရားသခင်ဟာ ‘သူငယ်တွေ၊’ တစ်နည်းအားဖြင့် လောကအမြင်မှာ အရေးမပါသူတွေအပါအဝင် ၀တ်ပြုသူတစ်ဦးစီကို သနားစိတ်နဲ့စိုးရိမ်ပေးတယ်ဆိုတာ တပည့်တွေကို ယေရှု စိတ်ချစေခဲ့တယ်။—မ. ၁၈:၁၂-၁၄; လု. ၁၂:၆၊ ၇

ယေရှုရဲ့ သနားစိတ်ကို တုပပါ

၁၄။ တခြားသူတွေကို သနားစိတ်ရှိတယ်ဆိုတာ ဘယ်လိုဖော်ပြနိုင်သလဲ။

၁၄ ယေရှုရဲ့ သနားစိတ်ကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်။ “သနားစာနာ” မှုပြတတ်အောင် ကြိုးစားဖို့ ကျမ်းစာမှာ အားပေးထားတယ်။ ကျွန်တော်တို့ရဲ့ ပင်ကိုသဘောမဟုတ်ရင်တောင် အဲဒီစိတ်ကို ကြိုးစားမွေးမြူရမယ်။ သနားစိတ်ဟာ ခရစ်ယာန်အားလုံး၀တ်ဆင်ဖို့ ယေဟောဝါမျှော်လင့်တဲ့ “စရိုက်သစ်” ရဲ့အစိတ်အပိုင်းဖြစ်တယ်။ (ကောလောသဲ ၃:၉၊ ၁၀၊ ၁၂ ကိုဖတ်ပါ။) သနားစိတ်ကို ဘယ်လိုဖော်ပြနိုင်သလဲ။ “သင်တို့၏ စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့” လို့ ကျမ်းစာပြောတယ်။ (၂ ကော. ၆:၁၁-၁၃) ဒါကြောင့် တခြားသူတွေ သူတို့ရဲ့ခံစားချက်နဲ့ စိုးရိမ်မှုတွေကို ထုတ်ပြောလာတဲ့အခါ ဂရုစိုက်နားထောင်ပေးပါ။ (ယာ. ၁:၁၉) ‘သူ့နေရာမှာသာ ငါ ရှိရင် ဘယ်လိုခံစားရမလဲ၊ ဘာလိုအပ်မလဲ’ ဆိုပြီး စဉ်းစားပေးပါ။—၁ ပေ. ၃:၈

၁၅။ ဝမ်းနည်းကြေကွဲ၊ ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ ဘာလုပ်နိုင်သလဲ။

၁၅ ကျွန်တော်တို့ရဲ့အပြုအမူ။ သနားစိတ်က တခြားသူတွေ၊ အထူးသဖြင့် ဝမ်းနည်းကြေကွဲ၊ ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဘယ်လိုကူညီပေးနိုင်သလဲ။ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့” လို့ ရောမ ၁၂:၁၅ မှာပြောထားတယ်။ လူတွေဟာ အများအားဖြင့် ပြဿနာဖြေရှင်းပေးတာထက် နှစ်သိမ့်ပေးတာကို ပိုလိုအပ်ကြတယ်။ သူတို့ကို စိတ်ဝင်စားပြီး နားထောင်ပေးမယ့် မိတ်ဆွေကို လိုအပ်ကြတယ်။ သမီးသေဆုံးပြီး ညီအစ်ကိုညီအစ်မတွေရဲ့ နှစ်သိမ့်မှုကို ခံစားခဲ့ရတဲ့ ညီအစ်မတစ်ယောက်က “မိတ်ဆွေတွေရောက်လာပြီး ကျွန်မနဲ့အတူ ငိုပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ” လို့ပြောတယ်။ တခြားသူတွေကို လက်တွေ့ကျကျ ကူညီပေးခြင်းအားဖြင့်လည်း သနားစိတ်ကို ဖော်ပြနိုင်တယ်။ မုဆိုးမတစ်ယောက် အိမ်ပြုပြင်ဖို့ အကူအညီလိုအပ်နေတာ ဖြစ်နိုင်တယ်။ သက်ကြီးရွယ်အိုခရစ်ယာန်တစ်ယောက် အစည်းအဝေးသွားဖို့၊ အမှုဆောင်ထွက်ဖို့၊ ဆေးခန်းသွားဖို့ အကူအညီလိုအပ်နေတာ ဖြစ်နိုင်တယ်။ ကြင်နာမှုပြတဲ့ လုပ်ရပ်သေးသေးလေးကတောင် တခြားသူတွေရဲ့အသက်တာကို အကြီးအကျယ်ပြောင်းလဲစေနိုင်တယ်။ (၁ ယော. ၃:၁၇၊ ၁၈) သနားကြင်နာမှုပြနိုင်တဲ့ အရေးကြီးဆုံးနည်းကတော့ တခြားသူတွေကို အတတ်နိုင်ဆုံး သတင်းကောင်းဟောပြောခြင်းပါပဲ။ ဒါဟာ စိတ်ရိုးဖြောင့်သူတွေရဲ့အသက်တာကို ပြောင်းလဲစေနိုင်တဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

သင်ဟာ ညီအစ်ကိုညီအစ်မတွေအတွက် စိတ်ရင်းမှန်နဲ့ စိုးရိမ်ပေးသလား (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆။ စိတ်အားငယ်သူတွေကို အားပေးဖို့ ဘာတွေပြောနိုင်သလဲ။

၁၆ ကျွန်တော်တို့ရဲ့ အပြောအဆို။ ကျွန်တော်တို့ရဲ့သနားစိတ်က “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ သက်. ၅:၁၄) သူတို့ကို အားပေးဖို့ ဘာတွေပြောနိုင်သလဲ။ သူတို့ကို ဘယ်လောက်ဂရုစိုက်တဲ့အကြောင်း ပြောပြနိုင်တယ်။ သူတို့ရဲ့အရည်အသွေးကောင်းတွေ၊ အစွမ်းအစတွေကို မြင်လာအောင် ချီးမွမ်းပေးနိုင်တယ်၊ ကူညီပေးနိုင်တယ်။ အမှန်တရားတွေ့အောင် သူတို့ကို ယေဟောဝါကူညီပေးခဲ့တာဖြစ်လို့ ကိုယ်တော့်အတွက် အဖိုးတန်သူတွေဖြစ်ရမယ်ဆိုပြီး ပြောနိုင်တယ်။ (ယော. ၆:၄၄) ‘စိတ်နှလုံးကြေကွဲနေတဲ့၊’ ‘စိတ်ကြေမွနေတဲ့’ ကျေးကျွန်တွေကို ယေဟောဝါ သိပ်ဂရုစိုက်တယ်ဆိုတာ စိတ်ချလာအောင် အားပေးနိုင်တယ်။ (ဆာ. ၃၄:၁၈ကဘ) သနားကြင်နာတဲ့အပြောအဆိုဟာ နှစ်သိမ့်မှုလိုအပ်နေသူတွေကို အမှန်တကယ် လန်းဆန်းအားတက်စေနိုင်တယ်။—သု. ၁၆:၂၄

၁၇၊ ၁၈။ (က) မိမိရဲ့သိုးတွေကို အကြီးအကဲတွေ ဘယ်လိုဆက်ဆံဖို့ ယေဟောဝါမျှော်လင့်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၁၇ အကြီးအကဲတို့၊ ယေဟောဝါက သူ့သိုးတွေကို သင်တို့ သနားကြင်နာမှုရှိရှိဆက်ဆံဖို့ မျှော်လင့်တယ်။ (တ. ၂၀:၂၈၊ ၂၉) သင်တို့ရဲ့တာ၀န်ဟာ ကိုယ်တော့်သိုးတွေကို သွန်သင်ပေးဖို့၊ အားပေးဖို့၊ လန်းဆန်းအားတက်စေဖို့ဖြစ်တယ်ဆိုတာ သတိရပါ။ (ဟေရှာ. ၃၂:၁၊ ၂; ၁ ပေ. ၅:၂-၄) ဒါကြောင့် သနားစာနာမှုရှိတဲ့ အကြီးအကဲဟာ ညီအစ်ကိုတွေကို ထိန်းချုပ်ဖို့ ကြိုးစားမှာမဟုတ်ဘူး။ ဆိုလိုတာက စည်းမျဉ်းတွေထုတ်တာ၊ လုပ်နိုင်တာထက်ပိုလုပ်ဖို့ ဖိအားပေးတာ၊ အဲဒီလိုမလုပ်ရင် အပြစ်ရှိတယ်ဆိုတဲ့ပုံစံမျိုး ပြောတာတွေ လုပ်မှာမဟုတ်ဘူး။ အဲဒီအစား သနားစာနာမှုရှိတဲ့ အကြီးအကဲဟာ ညီအစ်ကိုညီအစ်မတွေကို ပျော်ရွှင်စေချင်တယ်။ ယေဟောဝါကိုချစ်တဲ့မေတ္တာက အကောင်းဆုံးပေးဆက်ဖို့ သူတို့ကို လှုံ့ဆော်ပေးမယ်ဆိုတာ သူယုံကြည်တယ်။—မ. ၂၂:၃၇

၁၈ ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်အကြောင်း တွေးတောဆင်ခြင်တဲ့အခါ ယေရှုကိုတုပဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ နောက်ဆောင်းပါးမှာ ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို ဘယ်လိုတုပနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပါမယ်။