မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို တုပပါ

ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို တုပပါ

‘သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုလည်း ကိုယ်တော်ကို မတွေ့မမြင်သည့်တိုင် ယုံကြည်ကြောင်းတင်ပြကြ၏။’—၁ ပေ. ၁:၈

၁၊ ၂။ (က) ဘယ်လိုနည်းနဲ့ ထာဝရအသက်ရရှိနိုင်သလဲ။ (ခ) ကိုယ်လျှောက်တဲ့လမ်းပေါ်ကနေ လမ်းမလွဲသွားအောင် ဘာက ကူညီပေးနိုင်သလဲ။

ကျွန်တော်တို့ ခရစ်ယာန်ဖြစ်လာချိန်မှာ ခရီးလမ်းတစ်ခုကို စတင်လျှောက်လှမ်းရသလိုပါပဲ။ ဘုရားသခင်အပေါ် ဆက်သစ္စာရှိမယ်ဆိုရင် လိုရာခရီးကို ချောချောမောမောရောက်ရှိပြီး ထာဝရအသက်ရရှိပါလိမ့်မယ်။ “အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသောသူသည် ကယ်တင်ခြင်းရလိမ့်မည်” လို့ ယေရှုပြောတယ်။ (မ. ၂၄:၁၃) မှန်ပါတယ်၊ ခရီးဆုံးပန်းတိုင်ရောက်ဖို့ဆိုရင် ဘုရားသခင်အပေါ် “အဆုံး” တိုင်အောင် သစ္စာရှိနေရမယ်။ အဲဒီ “အဆုံး” ဆိုတာ ကျွန်တော်တို့ သေဆုံးချိန် ဒါမှမဟုတ် ဒီစနစ်ဆိုး အဆုံးတိုင်ချိန်အထိ ဖြစ်တယ်။ ဒါပေမဲ့ ဒီလောကကြောင့် အာရုံမလွဲသွားအောင် ဂရုစိုက်ရမယ်။ (၁ ယော. ၂:၁၅-၁၇) ဒါဆို ကိုယ်လျှောက်တဲ့လမ်းပေါ်ကနေ လမ်းမလွဲသွားအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

ကျွန်တော်တို့အတွက် အကောင်းဆုံးပုံနမူနာကို ယေရှုချမှတ်ခဲ့တယ်။ ကျမ်းစာမှာဖော်ပြထားတဲ့ ယေရှုရဲ့အသက်ရှင်နေထိုင်ပုံအကြောင်း လေ့လာခြင်းအားဖြင့် ယေရှု ဘယ်လိုလူစားမျိုးလဲဆိုတာ သိလာနိုင်မယ်။ ယေရှုကို ချစ်လာပြီး ယုံကြည်လာနိုင်မယ်။ (၁ ပေတရု ၁:၈၊ ၉ ကိုဖတ်ပါ။) ယေရှုဟာ ကျွန်တော်တို့ ထက်ကြပ်မကွာလိုက်လျှောက်ဖို့ စံနမူနာထားခဲ့တယ်လို့ တမန်တော်ပေတရုပြောတယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့စံနမူနာကို ဂရုစိုက်တုပမယ်ဆိုရင် ကျွန်တော်တို့လည်း အဆုံးတိုင်အောင် ခံရပ်နိုင်ပါလိမ့်မယ်။ * ရှေ့ဆောင်းပါးမှာ ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို ဘယ်လိုတုပနိုင်တယ်ဆိုတဲ့အကြောင်း လေ့လာခဲ့တယ်။ ဒီဆောင်းပါးမှာတော့ ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို ဘယ်လိုတုပနိုင်တယ်ဆိုတဲ့အကြောင်း လေ့လာကြပါမယ်။

ယေရှု ရဲစွမ်းသတ္တိရှိတယ်

၃။ ရဲစွမ်းသတ္တိဆိုတာ ဘာလဲ။ အဲဒါကို ဘယ်လိုရရှိနိုင်သလဲ။

ရဲစွမ်းသတ္တိဆိုတာ အခက်အခဲတွေကို ခံရပ်နိုင်အောင် ခွန်အားပေးနိုင်တဲ့၊ ကူညီပေးနိုင်တဲ့ စိတ်ခံစားချက်တစ်ခုဖြစ်တယ်။ ရဲစွမ်းသတ္တိက အမှန်တရားဘက်ကနေ ခုခံကာကွယ်ဖို့လည်း ကူညီပေးတယ်။ အခက်အခဲတွေ ကြုံရချိန်မှာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့၊ ဘုရားသခင်အပေါ် သစ္စာရှိနေဖို့ ကူညီပေးတယ်။ ရဲစွမ်းသတ္တိဟာ စိုးရိမ်ကြောက်ရွံ့ခြင်း၊ မျှော်လင့်ခြင်း၊ မေတ္တာတို့နဲ့လည်း ဆက်စပ်နေတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ကျွန်တော်တို့ဟာ ဘုရားမနှစ်သက်မှာကို စိုးရိမ်ကြောက်ရွံ့မယ်ဆိုရင် လူကိုကြောက်တဲ့စိတ်ကို အလျှော့ပေးမှာမဟုတ်ဘူး။ (၁ ရာ. ၁၁:၇; သု. ၂၉:၂၅) ယေဟောဝါကိုမျှော်လင့်ခြင်းက အခက်အခဲတွေကို အာရုံမစိုက်ဘဲ အနာဂတ်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (ဆာ. ၂၇:၁၄) ကိုယ်ကျိုးစွန့်မေတ္တာက နှိပ်စက်ညှဉ်းပန်းခံရချိန်မှာတောင် သတ္တိရှိဖို့ လှုံ့ဆော်ပေးတယ်။ (ယော. ၁၅:၁၃) ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း၊ သားတော်ယေရှုကို တုပခြင်းအားဖြင့် ကျွန်တော်တို့ ရဲစွမ်းသတ္တိရရှိကြတယ်။—ဆာ. ၂၈:၇

၄။ ယေရှု ရဲစွမ်းသတ္တိရှိကြောင်း ဗိမာန်တော်မှာ ဘယ်လိုဖော်ပြခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေရှုဟာ အသက် ၁၂ နှစ်ပဲရှိသေးချိန်မှာတောင် အမှန်တရားဘက် သတ္တိရှိရှိရပ်တည်ခဲ့တယ်။ “ဗိမာန်တော်၌ ဆရာတို့အလယ်မှာထိုင်” တဲ့အခါ ဘာဖြစ်ခဲ့တယ်ဆိုတာ သတိပြုကြည့်ပါ။ (လုကာ ၂:၄၁–၄၇ ကိုဖတ်ပါ။) အဲဒီဘာသာရေးဆရာတွေဟာ မောရှေပညတ်ကို သိပ်ကျွမ်းကျင်တဲ့အပြင် ဂျူးထုံးစံတွေကိုလည်း သိတယ်။ အဲဒီထုံးစံတွေက ပညတ်တရားကို လိုက်နာရခက်တဲ့အရာဖြစ်စေတယ်။ ယေရှုကတော့ အဲဒီဆရာတွေ သိပ်တတ်လို့ သူတို့ရှေ့မှာ ရေငုံနှုတ်ပိတ်နေတာမျိုး မဖြစ်ခဲ့ဘူး။ မကြောက်မရွံ့ဘဲ “မေးမြန်း” ခဲ့တယ်။ ဒါပေမဲ့ သူမေးတာတွေက လူငယ်လေးတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေ မဟုတ်ပါဘူး။ စဉ်းစားစရာဖြစ်စေတဲ့ ခက်ခဲနက်နဲတဲ့မေးခွန်းတွေ မေးခဲ့တာဖြစ်တယ်။ တကယ်လို့ အဲဒီဆရာတွေက အငြင်းအခုံဖြစ်စေတဲ့ မေးခွန်းတွေမေးပြီး ယေရှုကို ချောင်ပိတ်မိစေဖို့ ကြိုးစားမယ်ဆိုရင် သူတို့မအောင်မြင်ပါဘူး။ အကြောင်းကတော့ သူတို့အပါအဝင် နားထောင်နေသူအားလုံးဟာ ယေရှုရဲ့ “ဉာဏ်ပညာနှင့် အဖြေများကို အံ့သြ” ခဲ့ကြလို့ပဲ။ မှန်ပါတယ်၊ ယေရှုဟာ ကျမ်းစာအမှန်တရားကို သတ္တိရှိရှိ ခုခံကာကွယ်ခဲ့တယ်။

၅။ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ချိန်အတွင်း သတ္တိရှိကြောင်း ယေရှု ဘယ်နည်းတွေနဲ့ ဖော်ပြခဲ့သလဲ။

ယေရှုဟာ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ချိန်အတွင်းမှာလည်း ရဲစွမ်းသတ္တိရှိကြောင်း နည်းအမျိုးမျိုးနဲ့ဖော်ပြခဲ့တယ်။ ဥပမာ၊ ဘာသာရေးခေါင်းဆောင်တွေဟာ မှားယွင်းတဲ့သွန်သင်ချက်တွေအားဖြင့် လူတွေကို လမ်းလွဲအောင် လုပ်နေတယ်ဆိုပြီး သတ္တိရှိရှိဖော်ထုတ်ခဲ့တယ်။ (မ. ၂၃:၁၃-၃၆) လောကရဲ့အကျင့်ပျက်သြဇာလွှမ်းမိုးမှုကို မခံဘဲကြံ့ကြံ့ခံရပ်တည်ခဲ့တယ်။ (ယော. ၁၆:၃၃) ဆန့်ကျင်မှုတွေကြားမှာ ဆက်ဟောပြောခဲ့တယ်။ (ယော. ၅:၁၅-၁၈; ၇:၁၄) စစ်မှန်တဲ့ဝတ်ပြုရေးကို ယိုယွင်းပျက်စီးစေသူတွေကို ဗိမာန်တော်ကနေ နှစ်ကြိမ်တိုင် သတ္တိရှိရှိမောင်းထုတ်ခြင်းအားဖြင့် ဗိမာန်တော်ကို သန့်စင်စေခဲ့တယ်။—မ. ၂၁:၁၂၊ ၁၃; ယော. ၂:၁၄-၁၇

ယေရှုက သူဟာ ဘုရားသခင့်သားတော်၊ ခရစ်တော်ဖြစ်တယ်ဆိုပြီး ဂျူးတရားရုံးချုပ်မှာ သတ္တိရှိရှိ ပြောခဲ့တယ်

၆။ မြေကြီးအသက်တာနောက်ဆုံးနေ့မှာ ယေရှု ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

မြေကြီးအသက်တာနောက်ဆုံးနေ့မှာ ဖော်ပြခဲ့တဲ့ ယေရှုရဲ့ ရဲစွမ်းသတ္တိအကြောင်း သုံးသပ်ကြည့်ပါ။ ယုဒ သစ္စာဖောက်ပြီးတာနဲ့ ဘာဖြစ်မယ်ဆိုတာ ယေရှုသိတယ်။ ဒါတောင် “သင်ပြုစရာရှိသည်ကို အမြန်ပြုလော့” လို့ ပသခါစားပွဲမှာ ယုဒကို ပြောတယ်။ (ယော. ၁၃:၂၁-၂၇) အဲဒီနောက် ဂေသရှေမန်ဥယျာဉ်မှာ ယေရှုဟာ သူ့ကိုလာဖမ်းတဲ့စစ်သားတွေကို သူ ဘယ်သူဖြစ်တယ်ဆိုတာ သတ္တိရှိရှိပြောခဲ့တယ်။ ကိုယ်တိုင် အသက်အန္တရာယ်ရှိနေတာတောင် “သူတို့ သွားပါစေ” လို့ပြောပြီး တပည့်တွေကို ကာကွယ်ပေးခဲ့တယ်။ (ယော. ၁၈:၁-၈) နောက်ပိုင်း ဂျူးတရားရုံးချုပ်မှာ စစ်မေးခံရတဲ့အခါ သူဟာ ဘုရားသခင့်သားတော်၊ ခရစ်တော်ဖြစ်တယ်ဆိုပြီး သတ္တိရှိရှိ ပြောခဲ့တယ်။ ယဇ်ပုရောဟိတ်မင်းက ယေရှုကို သတ်ဖို့ အကြောင်းရှာနေတာတောင် ယေရှု မကြောက်ဘူး။ (မာ. ၁၄:၆၀-၆၅) ဘုရားသခင်အပေါ် သမာဓိစောင့်သိပြီး ညှဉ်းဆဲရာသစ်တိုင်ပေါ်မှာ သေဆုံးခဲ့တယ်။ အသက်မထွက်ခင်လေးမှာ “အမှုပြီးပြီ” လို့ပြောသွားတယ်။—ယော. ၁၉:၂၈-၃၀

ယေရှုရဲ့ ရဲစွမ်းသတ္တိကို တုပပါ

၇။ လူငယ်တို့၊ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတာကို သင်တို့ ဘယ်လိုခံစားရသလဲ။ သင်တို့ သတ္တိရှိကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

ယေရှုရဲ့ ရဲစွမ်းသတ္တိကို ဘယ်လိုတုပနိုင်သလဲ။ ကျောင်းမှာ။ လူငယ်တို့၊ သင်တို့ ယေဟောဝါသက်သေဖြစ်တယ်ဆိုတာ ကျောင်းနေဖက်တွေနဲ့ တခြားသူတွေကို ပြောပြတာကိုယ်၌က သင်တို့မှာ သတ္တိရှိတယ်ဆိုတာ ပြနေတယ်။ လှောင်ပြောင်ခံရရင်တောင် အဲဒီလိုပြောပြခြင်းက ယေဟောဝါရဲ့နာမည် ခံယူခွင့်ရတာကို ဂုဏ်ယူတယ်ဆိုတာ ပြနေတယ်။ (ဆာလံ ၈၆:၁၂ ကိုဖတ်ပါ။) ဆင့်ကဲအယူကိုလက်ခံဖို့ ဖိအားပေးတာမျိုးလည်း သင်တို့ ကြုံတွေ့ရနိုင်တယ်။ ဒါပေမဲ့ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက် မှန်တယ်ဆိုတာ သင်တို့ ယုံကြည်စိတ်ချနိုင်တယ်။ “မျှော်လင့်ခြင်းအကြောင်း” မေးမြန်းသူတွေကို ပြန်ဖြေတဲ့အခါ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဆိုတဲ့ဘရိုရှာကို အသုံးပြုနိုင်တယ်။ (၁ ပေ. ၃:၁၅) အဲဒီလိုလုပ်မယ်ဆိုရင် ကျမ်းစာအမှန်တရားကို သတ္တိရှိရှိ ခုခံကာကွယ်နေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကျေနပ်ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။

၈။ သတ္တိရှိရှိဟောပြောဖို့ ဘယ်အကြောင်းရင်းတွေ ရှိသလဲ။

အမှုဆောင်လုပ်ငန်းမှာ။ ခရစ်ယာန်စစ်တွေအနေနဲ့ ကျွန်တော်တို့ဟာ “ယေဟောဝါဘုရား၏ အခွင့်အာဏာဖြင့် ရဲရင့်စွာဟောပြော” နေဖို့ လိုအပ်တယ်။ (တ. ၁၄:၃) ဘယ်အကြောင်းရင်းတွေကြောင့် သတ္တိရှိရှိ ဟောပြောနိုင်တာလဲ။ ဦးဆုံး၊ ကျွန်တော်တို့ ဟောပြောတဲ့သတင်းဟာ အမှန်တရားဖြစ်ပြီး ကျမ်းစာကို အခြေခံတယ်။ (ယော. ၁၇:၁၇) ဒုတိယ၊ ကျွန်တော်တို့ဟာ “ဘုရားသခင့် လုပ်ဖော်ဆောင်ဖက်” တွေဖြစ်ပြီး ကျွန်တော်တို့ကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကိုယ်တော်ထောက်မပေးနေတယ်။ (၁ ကော. ၃:၉; တ. ၄:၃၁) တတိယ၊ ယေဟောဝါကိုရော လူတွေကိုပါ ကျွန်တော်တို့ ချစ်မြတ်နိုးတယ်။ ဒါကြောင့် သတင်းကောင်းဟောပြောဖို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ (မ. ၂၂:၃၇-၃၉) ကျွန်တော်တို့သတ္တိရှိတဲ့အတွက် မဟောပြောဘဲ နှုတ်ဆိတ်သွားမှာ မဟုတ်ဘူး။ အဲဒီအစား ‘ဉာဏ်မျက်စိကွယ်’ နေသူတွေ၊ တစ်နည်းအားဖြင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ လှည့်ဖြားမှုခံနေရသူတွေကို အမှန်တရားအကြောင်း သွန်သင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ (၂ ကော. ၄:၄) ငြင်းပယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုခံရရင်တောင် ကျွန်တော်တို့ ဆက်ဟောပြောနေပါလိမ့်မယ်။—၁ သက်. ၂:၁၊ ၂

၉။ စမ်းသပ်မှုတွေ ကြုံရချိန်မှာ သတ္တိရှိကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

စမ်းသပ်မှုတွေ ကြုံရချိန်မှာ။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းက အခက်အခဲတွေကို ခံရပ်နိုင်ဖို့ လိုအပ်တဲ့ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိရရှိစေတယ်။ ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ကျွန်တော်တို့ ဝမ်းနည်းကြတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ မပျောက်ဆုံးသွားဘူး။ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ (၂ ကော. ၁:၃၊ ၄; ၁ သက်. ၄:၁၃) ကျွန်တော်တို့ မကျန်းမာတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ ဝေဒနာခံစားရမှာပဲ။ ဒါပေမဲ့ ဘုရားသခင်မနှစ်သက်တဲ့ ဆေးကုသမှုမှန်သမျှကို ငြင်းပယ်ကြတယ်။ (တ. ၁၅:၂၈၊ ၂၉) ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ ‘ကိုယ့်စိတ်နှလုံးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်’ နေမှာပဲ။ ဒါပေမဲ့ လက်မြှောက်အရှုံးမပေးပါဘူး။ “စိတ်နှလုံးကြေကွဲနေသူတွေရဲ့ အနီးမှာ” ရှိတဲ့ ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်ကိုးစားတယ်။ *၁ ယော. ၃:၁၉၊ ၂၀; ဆာ. ၃၄:၁၈ကဘ။

ယေရှု ပိုင်းခြားသိမြင်မှုရှိတယ်

၁၀။ ပိုင်းခြားသိမြင်မှုဆိုတာ ဘာလဲ။ ပိုင်းခြားသိမြင်မှုရှိတဲ့ ခရစ်ယာန်တစ်ယောက်ဟာ ဘယ်လိုပြောဆိုပြုမူသလဲ။

၁၀ ပိုင်းခြားသိမြင်မှုဆိုတာ အမှားအမှန်ကို ခွဲခြားသိရှိနိုင်ပြီး မှန်ရာကို ရွေးချယ်နိုင်တဲ့ အရည်အသွေးဖြစ်တယ်။ (ဟေဗြဲ ၅:၁၄) ပိုင်းခြားသိမြင်မှုရှိတဲ့ ခရစ်ယာန်တစ်ယောက်ဟာ ဘုရားသခင်နဲ့ ဆက်ဆံရေးခိုင်မြဲစေမယ့် ဆုံးဖြတ်ချက်တွေချတယ်။ ကိုယ့်အပြောအဆိုအားဖြင့် တခြားသူတွေကို မထိခိုက်စေအောင် ဂရုစိုက်တယ်။ တည်ဆောက်မှုဖြစ်စေတဲ့ စကားတွေကို ရွေးချယ်ပြောဆိုခြင်းအားဖြင့် ယေဟောဝါကို ပျော်ရွှင်စေတယ်။ (သု. ၁၁:၁၂၊ ၁၃) အဲဒီလိုလူဟာ ‘ဒေါသထွက်နှေးသူ’ လည်းဖြစ်တယ်။ (သု. ၁၄:၂၉ကဘ) အဲဒီအပြင် ‘လမ်းမှန်အတိုင်း တည့်တည့်လျှောက်တယ်။’ ဆိုလိုတာက ဘဝတစ်လျှောက်လုံးမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတယ်။ (သု. ၁၅:၂၁ကဘ) ဘယ်လိုနည်းနဲ့ ပိုင်းခြားသိမြင်မှု ရှိလာနိုင်သလဲ။ ကျမ်းစာကို လေ့လာပြီး သိရှိလာတာတွေကို ကျင့်သုံးခြင်းအားဖြင့် ဖြစ်တယ်။ (သု. ၂:၁-၅၊ ၁၀၊ ၁၁) ပိုင်းခြားသိမြင်မှု တင်ပြခဲ့တဲ့ ယေရှုရဲ့ အကောင်းဆုံးစံနမူနာကိုလည်း လေ့လာပြီး တုပနိုင်တယ်။

၁၁။ ယေရှုဟာ အပြောအဆိုမှာ ပိုင်းခြားသိမြင်မှုရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

၁၁ ယေရှုဟာ ပြောဆိုပြုမူသမျှမှာ ပိုင်းခြားသိမြင်မှု တင်ပြခဲ့တယ်။ ယေရှုရဲ့ အပြောအဆို။ ယေရှုဟာ သတင်းကောင်းဟောပြောချိန်မှာ နားထောင်သူတွေ အံ့သြရလောက်အောင် နှစ်လိုဖွယ်စကားလုံးတွေ အသုံးပြုခဲ့တယ်။ (မ. ၇:၂၈; လု. ၄:၂၂) ကျမ်းစာကို မကြာခဏ ဖတ်ရှု၊ ကိုးကားတယ်။ ဘယ်လိုအခြေအနေမှာ ဘယ်ကျမ်းချက်သုံးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ (မ. ၄:၄၊ ၇၊ ၁၀; ၁၂:၁-၅; လု. ၄:၁၆-၂၁) ယေရှုရဲ့ကျမ်းစာရှင်းပြချက်တွေဟာ ကြားနာသူတွေရဲ့ စိတ်နှလုံးကို အကြီးအကျယ်လှုံ့ဆော်ပေးခဲ့တယ်။ ယေရှု ထမြောက်ပြီးနောက် ဧမောက်ရွာကို သွားတဲ့လမ်းမှာ တပည့်နှစ်ယောက်နဲ့ စကားပြောပြီး မိမိနဲ့သက်ဆိုင်တဲ့ကျမ်းချက်တွေရဲ့ အဓိပ္ပာယ်ကို ရှင်းပြခဲ့တယ်။ နောက်ပိုင်း တပည့်နှစ်ယောက်က “လမ်းခရီး၌ ငါတို့အား ဟောပြော၍ ကျမ်းစာအနက်ကို ရှင်းပြတော်မူသောအခါ ငါတို့၏နှလုံးသည် မီးကဲ့သို့ တောက်လောင်ခဲ့သည်မဟုတ်လော” လို့ ပြောခဲ့တယ်။—လု. ၂၄:၂၇၊ ၃၂

၁၂၊ ၁၃။ ယေရှုဟာ ဒေါသထွက်နှေးပြီး အကျိုးသင့်အကြောင်းသင့်သဘော ရှိတယ်ဆိုတာ ဘယ်ပုံနမူနာတွေက ဖော်ပြသလဲ။

၁၂ ယေရှုရဲ့ စိတ်ခံစားချက်တွေနဲ့ သဘောထား။ ပိုင်းခြားသိမြင်မှုက ‘ဒေါသထွက်နှေး’ ဖို့ ယေရှုကို ကူညီပေးတယ်။ (သု. ၁၆:၃၂ကဘ) ယေရှုဟာ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်သူဖြစ်ပြီး “နူးညံ့သိမ်မွေ့” သူဖြစ်တယ်။ (မ. ၁၁:၂၉) တပည့်တွေ အမှားလုပ်ပေမဲ့ အမြဲစိတ်ရှည်တယ်။ (မာ. ၁၄:၃၄-၃၈; လု. ၂၂:၂၄-၂၇) မတရားဆက်ဆံခံရချိန်မှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခဲ့တယ်။—၁ ပေ. ၂:၂၃

၁၃ ပိုင်းခြားသိမြင်မှုက အကျိုးသင့်အကြောင်းသင့်သဘောရှိဖို့ ယေရှုကို ကူညီပေးတယ်။ ယေရှုဟာ မောရှေပညတ် ထုတ်ပြန်ရတဲ့အကြောင်းရင်းတွေကို နားလည်တယ်။ အဲဒါက လူတွေနဲ့ ယေရှု ဆက်ဆံပုံကို အကျိုးသက်ရောက်ခဲ့တယ်။ ဥပမာ၊ “သွေးသွန်နာစွဲ” တဲ့ အမျိုးသမီးအကြောင်း စဉ်းစားကြည့်ပါ။ (မာကု ၅:၂၅–၃၄ ကိုဖတ်ပါ။) အမျိုးသမီးက လူအုပ်ထဲကနေ တိုးဝှေ့လာပြီး ယေရှုရဲ့ ဝတ်ရုံကို တို့လိုက်တဲ့အခါ ရောဂါပျောက်သွားတယ်။ တကယ်တော့ သူဟာ မောရှေပညတ်အရ မစင်ကြယ်သူဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ မတို့ထိရဘူး။ (ဝတ်. ၁၅:၂၅-၂၇) ဒါပေမဲ့ ယေရှု သူ့ကို ကြမ်းကြမ်းတမ်းတမ်း မပြောခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ “သနားခြင်း၊ သစ္စာရှိခြင်း” စတဲ့အရည်အသွေးတွေဟာ ပညတ်တရားကို လှေနံဓားထစ် လိုက်လျှောက်ခြင်းထက် ပိုအရေးကြီးတယ်ဆိုတာ သိနားလည်လို့ပဲ။ (မ. ၂၃:၂၃) ဒါကြောင့် “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” လို့ ကြင်ကြင်နာနာ ပြောခဲ့တယ်။ ယေရှုရဲ့ ပိုင်းခြားသိမြင်မှုက သနားကြင်နာမှုပြဖို့ အခုလိုလှုံ့ဆော်ပေးခဲ့တာ တကယ့်ကို မှတ်သားစရာပါပဲ။

၁၄။ ဘယ်လုပ်ငန်းကို ယေရှု ရွေးချယ်ခဲ့သလဲ။ အမှုဆောင်လုပ်ငန်းကို ဘယ်နည်းနဲ့ အာရုံစိုက်နိုင်ခဲ့သလဲ။

၁၄ ယေရှုရဲ့ အသက်ရှင်နေထိုင်ပုံ။ ယေရှုဟာ အသက်ရှင်နေထိုင်ပုံအားဖြင့်လည်း ပိုင်းခြားသိမြင်မှု တင်ပြခဲ့တယ်။ အမှုဆောင်လုပ်ငန်းကို တစ်သက်တာလုပ်ငန်းအဖြစ် ရွေးချယ်ခဲ့တယ်။ (လု. ၄:၄၃) အဲဒီအပြင် ကိုယ့်တာဝန်ကို အာရုံစိုက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့ ကူညီပေးမယ့် ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းမှာ အချိန်နဲ့ခွန်အား ပိုအသုံးပြုနိုင်အောင် ဘဝကို ရိုးရိုးရှင်းရှင်းထားတယ်။ (လု. ၉:၅၈) သူသေဆုံးပြီးနောက် ဟောပြောခြင်းလုပ်ငန်းကို တခြားသူတွေ ဆက်လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးဖို့ လိုအပ်တယ်ဆိုတာ သိနားလည်တယ်။ (လု. ၁၀:၁-၁၂; ယော. ၁၄:၁၂) “ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင်” အမှုဆောင်လုပ်ငန်းမှာ တပည့်တွေကို ကူညီပေးမယ်လို့လည်း ကတိပေးခဲ့တယ်။—မ. ၂၈:၁၉၊ ၂၀

ယေရှုရဲ့ ပိုင်းခြားသိမြင်မှုကို တုပပါ

ပိုင်းခြားသိမြင်မှုက လူတွေလိုအပ်တဲ့အရာကို သိအောင်ကြိုးစားပြီး ဂရုတစိုက် ပြောဆိုဖို့ ကူညီပေးတယ် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ကျွန်တော်တို့ရဲ့ အပြောအဆိုမှာ ပိုင်းခြားသိမြင်မှုရှိကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

၁၅ ယေရှုရဲ့ ပိုင်းခြားသိမြင်မှုကို ဘယ်လိုတုပနိုင်သလဲ။ ကျွန်တော်တို့ရဲ့ အပြောအဆို။ ကျွန်တော်တို့ဟာ ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောတဲ့အခါ သူတို့ကို စိတ်ဓာတ်ကျစေမယ့်အစား အားပေးမှုဖြစ်စေမယ့်စကားလုံးတွေကို အသုံးပြုကြတယ်။ (ဧ. ၄:၂၉) တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြတဲ့အခါ ကျွန်တော်တို့ရဲ့စကားဟာ “ဆားခတ်ထား” သလို ဖြစ်နေသင့်တယ်။ တစ်နည်းအားဖြင့်၊ ပညာသားပါပါ ပြောဆိုသင့်တယ်။ (ကော. ၄:၆) လူတွေ လိုအပ်တဲ့အရာ၊ စိတ်ဝင်စားတဲ့အရာကို သိအောင်လုပ်ပြီး ဂရုတစိုက် ပြောဆိုဖို့လည်း ကျွန်တော်တို့ ကြိုးစားတယ်။ ကြင်နာတဲ့စကားလုံးတွေနဲ့ ပြောဆိုတဲ့အခါ သတင်းတရားကို လူတွေ ပိုနားထောင်ချင်လာမှာဖြစ်ပြီး သူတို့ရဲ့စိတ်နှလုံးကို ပိုထိမိနိုင်မှာဖြစ်တယ်။ အဲဒီအပြင် ယုံကြည်ချက်တွေအကြောင်း ရှင်းပြတဲ့အခါ ဖြစ်နိုင်တဲ့အခါတိုင်း ယေဟောဝါရဲ့စကားဖြစ်တဲ့ ကျမ်းစာကနေ ဖတ်ပြတယ်။ ကိုယ်ဘယ်လောက်ပဲပြောနိုင်ပါစေ ကျမ်းစာသတင်းစကားက ပိုအစွမ်းထက်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။—ဟေဗြဲ ၄:၁၂

၁၆၊ ၁၇။ (က) ကျွန်တော်တို့ဟာ ဒေါသထွက်နှေးသူ၊ အကျိုးသင့်အကြောင်းသင့်သဘောရှိသူ ဖြစ်တယ်ဆိုတာ ဘယ်လိုပြနိုင်သလဲ။ (ခ) အမှုဆောင်လုပ်ငန်းကို ကျွန်တော်တို့ ဘယ်နည်းနဲ့ အာရုံစိုက်နိုင်မလဲ။

၁၆ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေနဲ့ သဘောထား။ ပိုင်းခြားသိမြင်မှုက ကျွန်တော်တို့ ဖိအားပေးခံရချိန်မှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်။ ‘အမျက်ထွက်နှေး’ ဖို့လည်း ကူညီပေးတယ်။ (ယာ. ၁:၁၉) ကျွန်တော်တို့ကို လူတွေ စိတ်ထိခိုက်အောင်လုပ်တဲ့အခါ သူတို့ ဘာကြောင့် အဲဒီလိုပြောတယ်၊ လုပ်တယ်ဆိုတာကို နားလည်ပေးဖို့ ကြိုးစားတယ်။ အဲဒီအခါ ခွင့်လွှတ်ဖို့ လွယ်သွားပြီး သူတို့ကိုလည်း စိတ်မဆိုးတော့ဘူး။ (သု. ၁၉:၁၁) ပိုင်းခြားသိမြင်မှုက အကျိုးသင့်အကြောင်းသင့်သဘော ရှိဖို့လည်း ကူညီပေးတယ်။ ညီအစ်ကိုညီအစ်မတွေဆီက ပြည့်ဝစုံလင်မှုကို မမျှော်လင့်ဘူး။ အဲဒီအစား သူတို့မှာ ကိုယ်အပြည့်အဝနားမလည်တဲ့ ပြဿနာတွေ ရှိမှာပဲဆိုတာ သတိရပေးတယ်။ သူတို့ရဲ့ အမြင်သဘောထားတွေကို လိုလိုလားလား နားထောင်ပေးတယ်။ ကိုယ့်အကြိုက်အတိုင်းလုပ်ဖို့ တင်းခံနေမယ့်အစား ဖြစ်နိုင်တဲ့အခါတိုင်း သူတို့ကို အလျှော့ပေးတယ်။—ဖိ. ၄:၅

၁၇ ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံ။ ဟောပြောခြင်းလုပ်ငန်းဟာ အကြီးမားဆုံး အခွင့်ထူးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိနားလည်တယ်။ ဒါကြောင့် အမှုဆောင်လုပ်ငန်းကို အာရုံစိုက်နိုင်အောင် ကူညီပေးမယ့် ဆုံးဖြတ်ချက်တွေချဖို့ ကြိုးစားတယ်။ ဘဝမှာ ယေဟောဝါကို နံပါတ်တစ်နေရာမှာ ထားတယ်။ အဆုံးမရောက်ခင် ဟောပြောခြင်းလုပ်ငန်းမှာ အချိန်နဲ့ခွန်အား ပိုအသုံးပြုနိုင်အောင် ဘဝကို ရိုးရိုးရှင်းရှင်း နေထိုင်တယ်။—မ. ၆:၃၃; ၂၄:၁၄

၁၈။ ထာဝရအသက်လမ်းပေါ် ဘယ်လိုဆက်လျှောက်လှမ်းနိုင်သလဲ။ သင် ဘာလုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၁၈ ယေရှုရဲ့ အရည်အသွေးကောင်းတချို့ကို သိလာရတာ ဝမ်းသာစရာပဲ။ ယေရှုရဲ့ တခြားအရည်အသွေးတွေကို လေ့လာတဲ့အခါ၊ ယေရှုကို ဘယ်လိုတုပနိုင်မယ်ဆိုတာ သိလာတဲ့အခါ ဘယ်လောက်တောင် ပိုအကျိုးရရှိမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့် ယေရှုကို တုပဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ အဲဒီလိုလုပ်ခြင်းအားဖြင့် ထာဝရအသက်လမ်းပေါ် ဆက်လျှောက်လှမ်းနိုင်ပြီး ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။

^ စာပိုဒ်၊ 2 ပေတရုပထမစာစောင် ၁:၈၊ ၉ ကို ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ ခရစ်ယာန်တွေဆီ ရေးတာဖြစ်တယ်။ ဒါပေမဲ့ ပေတရုရဲ့စကားတွေဟာ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်ပါတယ်။

^ စာပိုဒ်၊ 9 စမ်းသပ်မှုတွေ ကြုံရချိန်မှာ သတ္တိရှိကြောင်း ဖော်ပြခဲ့တဲ့ ပုံနမူနာတွေကို ၂၀၀၀၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၂၄-၂၈; ၂၀၀၃၊ ဧပြီ ၂၂၊ နိုးလော့! စာမျက်နှာ ၁၈-၂၁ [လိပ်]; ၁၉၉၆၊ အောက်တိုဘာ-ဒီဇင်ဘာ၊ နိုးလော့! စာမျက်နှာ ၁၁-၁၅ တို့မှာကြည့်ပါ။