မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါ

အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါ

သတင်းကောင်းဟောပြောခြင်းလုပ်ငန်းဟာ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ လုပ်ဆောင်နေတဲ့ အရေးကြီးဆုံးလုပ်ငန်းဖြစ်တယ်။ ဒီလုပ်ငန်းမှာ ယေဟောဝါကို ကိုယ်စားပြုခွင့်ရတာ တကယ့်အခွင့်ထူးပဲ။ ဒါပေမဲ့ ရှေ့ဆောင်နဲ့ ကြေညာသူတွေအတွက် အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေဖို့ တစ်ခါတလေ ခက်ခဲနိုင်တယ်။ ဘာကြောင့်လဲ။

မှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေအောင် ဘယ်အရာတွေက ကူညီပေးနိုင်သလဲ

ကြေညာသူတချို့က အိမ်တွေမှာ လူမရှိလို့ တစ်အိမ်တက်ဆင်းလုပ်ငန်းမှာ လူတွေနဲ့ စကားမပြောရသလောက်ပဲ။ လူရှိပြန်တော့လည်း သတင်းကောင်းကို စိတ်မဝင်စားတာ၊ စိတ်ဆိုးတာတောင် ကြုံရနိုင်တယ်။ ကြေညာသူတချို့ကလည်း တုံ့ပြန်မှုကောင်းတဲ့ ရပ်ကွက်ကြီးမှာ ဟောပြောနေရလို့ လူတိုင်းဆီ မရောက်နိုင်မှာ စိုးရိမ်နေကြတယ်။ တချို့ကျပြန်တော့လည်း နှစ်ပေါင်းများစွာ ဟောပြောခဲ့ပေမဲ့ အဆုံးမရောက်လာသေးလို့ စိတ်ဓာတ်ကျနေကြတယ်။

အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်မှုလျော့နည်းစေနိုင်တဲ့ အခက်အခဲတွေကို ကျွန်တော်တို့ ကြုံတွေ့ရပါလိမ့်မယ်။ တကယ်တော့ “ဆိုးညစ်သူ” စာတန်မာရ်နတ် ချုပ်ကိုင်ထားတဲ့လောကမှာ အသက်ရှင်နေရတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ ခက်ခဲမယ်ဆိုတာ မျှော်လင့်ပြီးသားပါပဲ။—၁ ယော. ၅:၁၉

သင်ဟာ အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုအခက်အခဲပဲ ကြုံတွေ့ရပါစေ ယေဟောဝါကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်မှုတိုးများလာဖို့ ဘာလုပ်ဆောင်နိုင်သလဲ။ အကြံပြုချက်တချို့ကို ဆွေးနွေးကြည့်ကြစို့။

ကြေညာသူအသစ်တွေကို ကူညီပေးပါ

နှစ်တိုင်း ယေဟောဝါသက်သေအဖြစ် လူထောင်ပေါင်းများစွာ နှစ်ခြင်းခံကြတယ်။ သင်ဟာ နှစ်ခြင်းခံပြီးခါစလူသစ်ဖြစ်မယ်ဆိုရင် နှစ်ပေါင်းများစွာ ဟောပြောခဲ့သူတွေဆီကနေ အများကြီး သင်ယူနိုင်ပါတယ်။ သင်ဟာ နှစ်ပေါင်းများစွာဟောပြောခဲ့တဲ့ ကြေညာသူဖြစ်မယ်ဆိုရင် လူသစ်တွေကို လေ့ကျင့်ပေးနိုင်မလား။ အဲဒီလိုလေ့ကျင့်ပေးခြင်းကနေ ကျေနပ်ပျော်ရွှင်မှု ခံစားရနိုင်ပါတယ်။

တပည့်တွေ ထိရောက်တဲ့သွန်သင်သူဖြစ်လာနိုင်ဖို့ လမ်းညွှန်ချက်လိုတယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ဘယ်လိုဟောပြောရမယ်ဆိုတာ သင်ပေးခဲ့တယ်။ (လု. ၈:၁) ဒီနေ့လည်း လူသစ်တွေဟာ ထိရောက်တဲ့သွန်သင်သူတွေ ဖြစ်လာနိုင်ဖို့ အလားတူလေ့ကျင့်မှု လိုအပ်တယ်။

ကြေညာသူအသစ်ဟာ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ရင်းနဲ့ပဲ အလိုလို တတ်မြောက်လာမယ်လို့ သင် မယူဆလိုက်ပါနဲ့။ ကြင်နာမှုရှိပြီး မေတ္တာပါတဲ့ သွန်သင်သူရဲ့ သတ်သတ်မှတ်မှတ် ညွှန်ကြားချက်ကို သူလိုအပ်တယ်။ (၁) အိမ်ရှင်ကို ဘာပြောမယ်ဆိုတာ ဘယ်လိုပြင်ဆင်ပြီး လေ့ကျင့်ရတယ်၊ (၂) လူတွေနဲ့ ဘယ်လိုစကားစမြည်ပြောရတယ်၊ (၃) စာစောင်တွေ ဘယ်လိုဝေငှရတယ်၊ (၄) စိတ်ဝင်စားသူတွေဆီ ဘယ်လိုပြန်လည်ပတ်ရတယ်၊ (၅) ကျမ်းစာသင်အံမှု ဘယ်လိုစရတယ် ဆိုတာတွေကို အတွေ့အကြုံရင့်ကျက်တဲ့ ကြေညာသူက သင်ပေးဖို့ လိုအပ်တယ်။ ကြေညာသူအသစ်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ ကြေညာသူ သင်ပြပေးတာကို သေချာကြည့်ပြီး တုပမယ်ဆိုရင် ထိရောက်တဲ့အမှုဆောင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ (လု. ၆:၄၀) အဲဒီအပြင် လိုအပ်တဲ့အခါ သူ့ကို ကူညီပေးဖို့ ဘေးမှာတစ်ယောက်ယောက် အဆင်သင့်ရှိတယ်ဆိုတဲ့ အသိစိတ်ကြောင့် ယုံကြည်စိတ်ချမှု ပိုရှိလာပါလိမ့်မယ်။ ချီးမွမ်းပေးတာ၊ အကြံပေးတာတွေကနေလည်း သူ အကျိုးရရှိနိုင်တယ်။—ဒေ. ၄:၉၊ ၁၀

ကိုယ့်တွဲဖက်နဲ့ စကားပြောပါ

တချို့နေ့တွေမှာ အိမ်ရှင်တွေနဲ့ စကားပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ ကိုယ့်တွဲဖက်နဲ့ပဲ အများဆုံးပြောဖြစ်သွားတယ်။ ယေရှုက တပည့်တွေကို “နှစ်ဦးစီ” စေလွှတ်ခဲ့တယ်ဆိုတာ သတိရပါ။ (လု. ၁၀:၁) သူတို့အတူသွားရင်း အချင်းချင်းကို စိတ်အားတက်လာအောင် အားပေးနိုင်တယ်။ ကျွန်တော်တို့လည်း အမှုဆောင်လုပ်ငန်းမှာ ညီအစ်ကိုညီအစ်မတွေနဲ့ တွဲဖက်လုပ်ဆောင်ရင်း “အပြန်အလှန် အားပေးခွင့်” ရရှိနိုင်တယ်။—ရော. ၁:၁၂

ဘာအကြောင်းတွေ ပြောနိုင်သလဲ။ မကြာသေးခင်က ရရှိထားတဲ့ အားရှိစရာတွေ့ကြုံမှုအကြောင်း ပြောနိုင်တယ်။ ကိုယ်ပိုင်လေ့လာမှု ဒါမှမဟုတ် မိသားစုလေ့လာမှုကနေ သိရှိလာတဲ့ စိတ်ဝင်စားစရာအကြောင်း ပြောနိုင်တယ်။ အစည်းအဝေးမှာ ကြားခဲ့ရတဲ့ အားရှိစရာအချက်တစ်ချက် ဝေမျှနိုင်တယ်။ တစ်ခါတလေ ကိုယ်နဲ့သိပ်မခင်တဲ့ ကြေညာသူနဲ့ တွဲရတဲ့အခါတွေ ရှိနိုင်တယ်။ အဲဒီအခါမျိုးမှာ သူဘယ်လိုအမှန်တရား ရလာတယ်၊ ဘယ်အချက်ကြောင့် ယေဟောဝါရဲ့ အဖွဲ့အစည်းဖြစ်မှန်း ယုံကြည်သွားတယ်ဆိုတာတွေ မေးနိုင်တယ်။ သူရရှိထားတဲ့ အခွင့်ထူးတွေ၊ တွေ့ကြုံမှုတွေအကြောင်း မေးနိုင်တယ်။ သင့်အတွေ့အကြုံတွေကိုလည်း ဝေမျှနိုင်တယ်။ ဒါကြောင့် ရပ်ကွက်က ဘယ်လိုပဲတုံ့ပြန်ပါစေ အမှုဆောင်လုပ်ငန်းမှာ တစ်ယောက်ယောက်နဲ့ တွဲဖက်လုပ်ဆောင်တဲ့အခါ ‘အချင်းချင်း တည်ဆောက်ပေး’ ဖို့ အခွင့်ကောင်း ရရှိနိုင်ပါတယ်။—၁ သက်. ၅:၁၁

ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့ အလေ့အကျင့်ကောင်း ရှိနေစေပါ

အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေဖို့ဆိုရင် ကိုယ်ပိုင်လေ့လာမှု ကောင်းကောင်းလုပ်ဖို့ လိုအပ်တယ်။ “သစ္စာနှင့် သတိပညာရှိသောကျွန်” က လေ့လာနိုင်စရာ အကြောင်းအရာအမျိုးမျိုး ထုတ်ဝေပေးထားတယ်။ (မ. ၂၄:၄၅) ကိုယ်ပိုင်လေ့လာမှု ပြုလုပ်နိုင်တဲ့ အကြောင်းအရာတစ်ခုကို ဆွေးနွေးကြည့်ကြစို့။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ဘာကြောင့် သိပ်အရေးကြီးတာလဲ။ “ အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့် ဇွဲထက်သန်နေရမလဲ” ဆိုတဲ့လေးထောင့်ကွက်မှာ အကြောင်းရင်းတချို့ ဖော်ပြထားတယ်။

အဲဒီလေးထောင့်ကွက်မှာ ဖော်ပြထားတဲ့အချက်တွေကို သုံးသပ်ခြင်းက ဇွဲထက်သန်စွာဆက်ဟောပြောဖို့ လှုံ့ဆော်ပေးနိုင်တယ်။ ဇွဲထက်သန်စွာဟောပြောသင့်တဲ့ တခြားအကြောင်းရင်းတွေကိုလည်း ရှာဖွေလေ့လာဖို့ ကြိုးစားပါ။ ပြီးနောက် အဲဒီအကြောင်းရင်းတွေကို တွေးတောဆင်ခြင်ပါ။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ပိုဇွဲထက်သန်လာပါလိမ့်မယ်။

နည်းသစ်တွေကို စမ်းသုံးကြည့်လိုစိတ်ရှိပါ

ယေဟောဝါရဲ့အဖွဲ့အစည်းက အမှုဆောင်လုပ်ငန်းမှာ တိုးတက်နိုင်မယ့်နည်းလမ်းတွေကို အမြဲအကြံပြုလေ့ရှိတယ်။ ဥပမာ၊ တစ်အိမ်တက်ဆင်းလုပ်ငန်းအပြင် စာရေးသက်သေခံတာ၊ ဖုန်းနဲ့သက်သေခံတာ၊ လမ်းပေါ် ဒါမှမဟုတ် လူသွားလူလာများတဲ့ တခြားနေရာတွေမှာ သက်သေခံတာ၊ အလွတ်သဘောသက်သေခံတာ၊ အလုပ်မှာသက်သေခံတာ စတဲ့နည်းတွေကို စမ်းကြည့်နိုင်တယ်။ သက်သေခံသိပ်မရှိတဲ့ ဒါမှမဟုတ် လုံးဝမရှိတဲ့ဒေသတွေမှာ ဟောပြောဖို့လည်း စီစဉ်နိုင်တယ်။

သင်ဟာ နည်းသစ်တွေကို စမ်းကြည့်လိုစိတ်ရှိသလား။ အဲဒီနည်းတွေကို စမ်းကြည့်ခဲ့သူများစွာဟာ အောင်မြင်မှုရရှိနေကြတယ်။ ဥပမာသုံးခုကို သုံးသပ်ကြည့်ပါ။

အေပရယ်လို့ခေါ်တဲ့ ညီအစ်မတစ်ယောက်ဟာ ကျမ်းစာသင်အံမှု အစပြုနိုင်ပုံနဲ့ပတ်သက်ပြီး နိုင်ငံတော်ဓမ္မအမှု မှာပါတဲ့အကြံပြုချက်ကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်ဖော်သုံးယောက်ကို သင်အံမှုကမ်းလှမ်းကြည့်တယ်။ သုံးယောက်စလုံး သင်အံမှုလက်ခံပြီး အစည်းအဝေးတွေလာတက်လို့ သူသိပ်အံ့သြခဲ့ရတယ်။

မဂ္ဂဇင်းတွေမှာပါတဲ့ သတ်သတ်မှတ်မှတ်ဆောင်းပါးတွေကို စိတ်ဝင်စားမယ့်သူတွေကိုရှာဖို့ အဖွဲ့အစည်းက အားပေးထားတယ်။ အမေရိကန်ပြည်ထောင်စုက တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်ဟာ ကားတာယာအကြောင်းဖော်ပြထားတဲ့ နိုးလော့! ကို ဒေသတစ်ခုမှာရှိတဲ့ တာယာဆိုင်မန်နေဂျာတွေကို ဝေငှခဲ့တယ်။ အဲဒီအပြင် “သင့်ဆရာဝန်အား နားလည်ပေးခြင်း” ဆိုတဲ့ နိုးလော့! ကိုလည်း ဆရာဝန် ၁၀၀ ကျော်ရဲ့ ရုံးခန်းတွေမှာ သူနဲ့ သူ့ဇနီး ဝေငှခဲ့တယ်။ ဒီလိုလုပ်ဆောင်တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းကိုရော စာပေတွေကိုပါ လူသိများလာတယ်လို့ သူပြောတယ်။ သူတို့နှစ်ယောက်ဟာ ရပ်ကွက်မှာရှိတဲ့လူတွေအကြောင်း ပိုသိလာတဲ့အခါ ပြန်လည်ပတ်မှုတွေ ပိုရလာတယ်။

ဂျူဒီလို့ခေါ်တဲ့ညီအစ်မတစ်ယောက်က ဖုန်းနဲ့သက်သေခံဖို့ အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဌာနချုပ်ကို စာရေးပြောတယ်။ ကျန်းမာရေးမကောင်းတဲ့ အသက် ၈၆ နှစ်အရွယ်မိခင်ဟာ ဖုန်းနဲ့အမြဲသက်သေခံတယ်၊ အခု ၉၂ နှစ်အရွယ်အမျိုးသမီးကြီးနဲ့ ကျမ်းစာသင်အံမှုစနေပြီလို့ သူပြောတယ်။

အဖွဲ့အစည်းထုတ်စာပေတွေမှာပါတဲ့ အကြံပြုချက်တွေဟာ တကယ်အသုံးတည့်ပါတယ်။ ဒါကြောင့် စမ်းသုံးကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်မှုနဲ့ ပျော်ရွှင်မှု ဆက်ရှိနိုင်ပါလိမ့်မယ်။

လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချမှတ်ပါ

အမှုဆောင်လုပ်ငန်းမှာ အောင်မြင်တယ်ဆိုတာ စာပေ ဘယ်လောက်ဝေငှတယ်၊ ကျမ်းစာသင်အံမှု ဘယ်နှခုရှိတယ်၊ လူဘယ်နှယောက်ကို ယေဟောဝါသက်သေဖြစ်အောင် ကူညီပေးခဲ့တယ် ဆိုတာတွေအပေါ် မမူတည်ပါဘူး။ နောဧအကြောင်း စဉ်းစားကြည့်ပါ။ သူ့မိသားစုကလွဲလို့ လူဘယ်နှယောက်ကို ယေဟောဝါကို ဝတ်ပြုလာအောင် ကူညီပေးနိုင်ခဲ့လို့လဲ။ ဒါပေမဲ့ ဟောပြောရာမှာ အောင်မြင်ခဲ့တယ်လို့ ကျိန်းသေပြောနိုင်တယ်။ အရေးကြီးတာက ယေဟောဝါကို သစ္စာရှိရှိ၀တ်ပြုသွားဖို့ပဲ။—၁ ကော. ၄:၂

ဟောပြောခြင်းလုပ်ငန်းမှာ စိတ်ထက်သန်နေနိုင်ဖို့ဆိုရင် လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချမှတ်ဖို့လိုတယ်ဆိုတာ ကြေညာသူများစွာ တွေ့ရှိကြတယ်။ အဲဒီပန်းတိုင်တချို့က ဘာတွေလဲ။ “ လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချမှတ်ပါ” ဆိုတဲ့လေးထောင့်ကွက်မှာ ပန်းတိုင်တချို့ ဖော်ပြထားတယ်။

အကျိုးဖြစ်ထွန်းပြီး အဓိပ္ပာယ်ရှိတဲ့ အမှုဆောင်လုပ်ငန်းဖြစ်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ပန်းတိုင်ရောက်တဲ့အခါ သတင်းကောင်းဟောပြောဖို့ အတတ်နိုင်ဆုံးကြိုးစားနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကျေနပ်မှုခံစားရပါလိမ့်မယ်။

ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ ခက်ခဲနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းမှာ ဇွဲထက်သန်နေဖို့ သင်လုပ်ဆောင်နိုင်တဲ့အရာတွေ ရှိပါတယ်။ သင့်တွဲဖက်နဲ့ အားပေးမှုဖြစ်စေတဲ့စကားတွေ ပြောဆိုပါ။ အဓိပ္ပာယ်ရှိတဲ့ ကိုယ်ပိုင်လေ့လာမှု မှန်မှန်ပြုလုပ်ပါ။ သစ္စာနဲ့ သတိပညာရှိကျွန်ရဲ့ အကြံပြုချက်တွေကို စမ်းသုံးကြည့်ပါ။ လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချမှတ်ပါ။ အရေးကြီးဆုံးကတော့ ယေဟောဝါဟာ သင့်ကို သူ့ရဲ့သက်သေတစ်ယောက်အနေနဲ့ ဟောပြောခြင်းအခွင့်ထူး ပေးအပ်ထားတယ်ဆိုတာ သတိရပါ။ (ဟေရှာ. ၄၃:၁၀) အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်စွာပါဝင်နေရင်း ပျော်ရွှင်ကျေနပ်မှု ခံစားရမှာ သေချာပါတယ်။

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

 အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့် ဇွဲထက်သန်နေရမလဲ

▪ ဟောပြောခြင်းလုပ်ငန်းက ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။—မာ. ၁၃:၁၀

▪ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် နာခံမှုရှိကြောင်း တင်ပြနိုင်တယ်။—မ. ၂၈:၁၉၊ ၂၀

▪ ယေဟောဝါက လူဆိုးတွေ မပြောင်းလဲရင် ဘာဖြစ်မယ်ဆိုတာ ကြိုတင်သတိပေးစေချင်တယ်။—ယေဇ. ၃:၁၉

▪ သတင်းကောင်းဟောပြောဖို့ ကျွန်တော်တို့မှာ တာဝန်ရှိ တယ်။—တ. ၂၀:၂၆၊ ၂၇; ရော. ၁:၁၄၊ ၁၅

▪ လူဆိုးတွေ တရားစီရင်ခံရတဲ့အခါ သွေးပြစ်သင့်တော့မှာ မဟုတ်ဘူး။—ယေဇ. ၃:၁၈

▪ ကျမ်းစာအမှန်တရားအကြောင်း သွန်သင်ပေးခြင်းက ကိုယ်တိုင်ကိုရော နားထောင်သူတွေကိုပါ ကယ်တင်ခြင်း ရရှိစေနိုင်တယ်။—၁ တိ. ၄:၁၆

▪ ယေဟောဝါအကြောင်း လူသိရှင်ကြား ချီးမွမ်းပြောဆိုခြင်းက ဝတ်ပြုရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။—ဟေဗြဲ ၁၃:၁၅

▪ ဟောပြောခြင်းလုပ်ငန်းမှာ နာခံမှုရှိရှိပါဝင်ခြင်းက ယေဟောဝါနဲ့ ယေရှုကို ချစ်ကြောင်း ဖော်ပြရာရောက်တယ်။—ယော. ၁၄:၁၅; ၁ ယော. ၅:၃

▪ ဒီလုပ်ငန်းမှာပါဝင်ခြင်းအားဖြင့် စာတန် မုသာကောင်ဖြစ်ကြောင်း သက်သေထူနိုင်တယ်။—ဟေရှာ. ၄၃:၁၀-၁၂; ၂ ကော. ၄:၄

[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်]

 လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချမှတ်ပါ

▪ အမှုဆောင်လုပ်ငန်းအတွက် တစ်ပတ်စာဇယားဆွဲပြီး အဲဒီအတိုင်းလုပ်ဆောင်ပါ။

▪ အခွင့်အရေးရတိုင်း ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။

▪ ဖြစ်နိုင်မယ်ဆိုရင် အနည်းဆုံးကျမ်းချက်တစ်ချက် ဖတ်ပြပါ။

▪ မဂ္ဂဇင်းတွေ များများဝေငှနိုင်ဖို့ ကြိုးစားပါ။

▪ သတင်းကောင်းနားထောင်သူတိုင်းဆီ ပြန်လည်ပတ်ပါ။

▪ ဟောပြောနည်းအမျိုးမျိုးကို စမ်းသုံးကြည့်ပါ။

▪ အလွတ်သဘောသက်သေခံနိုင်မယ့် အခွင့်အရေးတွေကို ဖန်တီးပါ။