မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း

ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း

“ငါ၏ညီတို့တွင် အငယ်ဆုံးသောသူတစ်ဦးကို သင်တို့ပြုကြသမျှသည် ငါ့အားပြုရာရောက်၏။”—မ. ၂၅:၄၀

၁၊ ၂။ (က) ယေရှုက မိတ်ဆွေရင်းချာတွေကို ဘယ်ပုံဥပမာတွေ ပြောပြခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) သိုးနဲ့ဆိတ်ပုံဥပမာနဲ့ပတ်သက်ပြီး ဘာကို နားလည်ဖို့ လိုအပ်သလဲ။

ယေရှုဟာ မိတ်ဆွေရင်းချာတွေဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်တို့ကို စိတ်၀င်စားစရာအကြောင်းတစ်ခု ပြောပြနေတယ်။ သစ္စာနဲ့သတိပညာရှိကျွန်၊ အပျိုကညာဆယ်ဦး၊ တဲလင့်ပုံဥပမာတွေကို ပြောပြပြီးနောက် ပုံဥပမာနောက်တစ်ခုကို ဆက်ပြောတယ်။ အဲဒီပုံဥပမာမှာ “လူမျိုးအပေါင်း” ကို “လူသား” တရားစီရင်မယ့် အချိန်အကြောင်း ယေရှု ပြောတယ်။ “လူသား” ဟာ လူတွေကို အုပ်စုနှစ်စုခွဲမယ်။ တစ်စုဟာ ဆိတ်အဖြစ်၊ နောက်တစ်စုဟာ သိုးအဖြစ် သတ်မှတ်ခံရတယ်။ အရေးကြီးတဲ့ တတိယအုပ်စုအကြောင်းကိုလည်း ပြောတယ်။ အဲဒီအုပ်စုကတော့ မင်းကြီးရဲ့ ‘ညီတွေ’ ဖြစ်တယ်။မဿဲ ၂၅:၃၁–၄၆ ကိုဖတ်ပါ။

ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ တမန်တော်တွေလိုပဲ ဒီပုံဥပမာကို စိတ်ဝင်စားတယ်။ ဒီပုံဥပမာဟာ လူတွေရဲ့အသက်နဲ့ပတ်သက်နေလို့ပဲ။ တချို့က ထာဝရအသက်ရမယ်၊ တချို့ကတော့ ဖျက်ဆီးခံရမယ်လို့ ယေရှုပြောတယ်။ ဒါကြောင့် ပုံဥပမာရဲ့ ဆိုလိုရင်းကိုသိဖို့၊ ထာဝရအသက်ရအောင် ဘာလုပ်ရမယ်ဆိုတာကိုသိဖို့ သိပ်အရေးကြီးတယ်။ ဒီဆောင်းပါးမှာ အောက်ပါမေးခွန်းတွေကို ဆွေးနွေးပါမယ်– သိုးနဲ့ဆိတ်ပုံဥပမာကို နားလည်ဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ။ ပုံဥပမာမှာ ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုကို အလေးပေးထားတယ်ဆိုတာ ဘယ်လိုသိရသလဲ။ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို ဘယ်သူတွေ ရရှိထားသလဲ။ အခုအချိန်မှာ “မင်းကြီး” နဲ့ မင်းကြီးရဲ့ ‘ညီတွေ’ ကို သစ္စာရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။

ပုံဥပမာကို နားလည်ဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ

၃၊ ၄။ (က) သိုးနဲ့ဆိတ်ပုံဥပမာကို နားလည်ဖို့ဆိုရင် ဘယ်အချက်တွေကို သိဖို့လိုအပ်သလဲ။ (ခ) ၁၈၈၁၊ ကင်းမျှော်စင် မှာ အဲဒီပုံဥပမာကို ဘယ်လိုရှင်းပြထားသလဲ။

သိုးနဲ့ဆိတ်ပုံဥပမာရဲ့ ဆိုလိုရင်းကို နားလည်ဖို့ဆိုရင် အောက်ပါအချက်သုံးချက်ကို သိဖို့ လိုအပ်တယ်– (၁) “လူသား” ဒါမှမဟုတ် “မင်းကြီး၊” သိုးနဲ့ဆိတ်၊ မင်းကြီးရဲ့ ‘ညီတွေ’ ဟာ ဘယ်သူတွေလဲ၊ (၂) “လူသား” ဟာ သိုးနဲ့ဆိတ်ကို ဘယ်အချိန်မှာ ခွဲခြား ဒါမှမဟုတ် တရားစီရင်သလဲ၊ (၃) တချို့ကို သိုးအဖြစ်၊ တချို့ကို ဆိတ်အဖြစ် ဘာကြောင့်သတ်မှတ်သလဲ ဆိုတဲ့အချက်တွေဖြစ်တယ်။

၁၈၈၁၊ ကင်းမျှော်စင် မှာ “လူသား” ဒါမှမဟုတ် “မင်းကြီး” ဟာ ယေရှုဖြစ်တယ်၊ မင်းကြီးရဲ့ ‘ညီတွေ’ ဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးမယ့်သူတွေသာမက စုံလင်မှုပြန်ရရှိပြီးနောက် မြေကြီးပေါ်အသက်ရှင်မယ့် လူသားအားလုံးဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒီအပြင် လူတွေဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ သိုးနဲ့ဆိတ်အဖြစ် ခွဲခြားခံရမယ်၊ ပြုမူလုပ်ဆောင်သမျှမှာ ဘုရားသခင့်မေတ္တာကို တုပသူတွေဟာ သိုးအဖြစ် သတ်မှတ်ခံရမယ်လို့လည်း ရှင်းပြတယ်။

၅။ ၁၉၂၃ မှာ ဘုရားသခင့်လူမျိုးဟာ ပုံဥပမာကို ဘယ်လိုနားလည်ခဲ့သလဲ။

နောက်ပိုင်း ဒီပုံဥပမာကို ပိုရှင်းရှင်းလင်းလင်း နားလည်ဖို့ ယေဟောဝါ ကူညီပေးခဲ့တယ်။ ၁၉၂၃၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် မှာ “လူသား” ဟာ ယေရှုဖြစ်တယ်လို့ ဖော်ပြတယ်။ ဒါပေမဲ့ ပုံဥပမာမှာပါတဲ့ ‘ညီတွေ’ ဟာ ယေရှုနဲ့အတူ အုပ်စိုးမယ့်သူတွေကိုသာ ဆိုလိုတယ်၊ သူတို့အားလုံးဟာ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ ကောင်းကင်ကို ရောက်နေလိမ့်မယ်လို့ ကျမ်းချက်တွေသုံးပြီး ရှင်းပြတယ်။ သိုးတွေဟာ ယေရှုနဲ့ ညီတွေရဲ့ အုပ်ချုပ်မှုအောက် မြေကြီးပေါ်အသက်ရှင်မယ့်သူတွေကို ဆိုလိုတယ်လို့ ဆက်ရှင်းပြတယ်။ သိုးနဲ့ဆိတ် ခွဲခြားမယ့်အချိန်နဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုရှင်းပြသလဲ။ ခရစ်တော်ရဲ့ညီတွေဟာ အနှစ်တစ်ထောင်အတွင်းမှာ ခရစ်တော်နဲ့အတူ ကောင်းကင်ကနေ အုပ်ချုပ်နေမှာဖြစ်တဲ့အတွက် မြေကြီးအတန်းအစားက သူတို့ကို ကူညီတာဖြစ်စေ၊ ဥပေက္ခာပြုတာဖြစ်စေ မလုပ်နိုင်ဘူး။ ဒါကြောင့် သိုးနဲ့ဆိတ်ခွဲခြားခြင်းဟာ ယေရှုရဲ့ဘိသိက်ခံညီတွေ မြေကြီးပေါ်ရှိနေတုန်း၊ အနှစ်တစ်ထောင်အုပ်ချုပ်မှု မစခင်မှာ ဖြစ်ရမယ်လို့ ရှင်းပြတယ်။ လူတွေဟာ ယေရှုကို ယုံကြည်တဲ့အတွက်၊ နိုင်ငံတော်အားဖြင့် ပိုကောင်းမွန်တဲ့ ဘဝအသက်တာ ရရှိမယ်လို့ ယုံကြည်တဲ့အတွက် သိုးတွေအဖြစ် စီရင်ခံရမှာဖြစ်တယ်လို့လည်း ရှင်းပြတယ်။

၆။ ၁၉၉၅ မှာ ပုံဥပမာကို နားလည်ပုံ ဘယ်လိုပြောင်းလဲသွားသလဲ။

ဒါကြောင့် လူတွေဟာ ဒီဆုံးခန်းကာလမှာ ဟောပြောခြင်းလုပ်ငန်းအားဖြင့် တရားစီရင်ခံနေရတယ်ဆိုပြီး နှစ်ပေါင်းများစွာတစ်လျှောက် ကျွန်တော်တို့ နားလည်ခဲ့တယ်။ သတင်းတရားကို လက်ခံသူဟာ သိုးဖြစ်ပြီး ငြင်းပယ်သူဟာ ဆိတ်ဖြစ်တယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ၁၉၉၅ မှာ ပုံဥပမာကို နားလည်ပုံ ပြောင်းလဲသွားတယ်။ ၁၉၉၅၊ ကင်းမျှော်စင် မှာ မဿဲ ၂၄:၂၉–၃၁ (ဖတ်ပါ) နဲ့ မဿဲ ၂၅:၃၁၊ ၃၂ (ဖတ်ပါ) ကို နှိုင်းယှဉ်ပြီး ‘မိမိဘုန်းတော်ကိုဆောင်လျက် လူသားကြွလာ’ ချိန်ဖြစ်တဲ့ ကြီးစွာသောဒုက္ခအတွင်းမှာ လူတွေကို ယေရှု တရားစီရင်လိမ့်မယ်လို့ ရှင်းပြတယ်။ *

ယေရှုပြောခဲ့တဲ့ ပုံဥပမာတွေကို နားလည်ဖို့ ယေဟောဝါ ကူညီပေးခဲ့တဲ့အတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ပါတယ်

၇။ အခုအချိန်မှာ ပုံဥပမာကို ဘယ်လိုရှင်းရှင်းလင်းလင်း နားလည်ထားသလဲ။

ဒီနေ့အချိန်မှာတော့ သိုးနဲ့ဆိတ်ပုံဥပမာကို ရှင်းရှင်းလင်းလင်း နားလည်နေပြီ။ “လူသား” ဒါမှမဟုတ် “မင်းကြီး” ဟာ ယေရှုဖြစ်တယ်။ မင်းကြီးရဲ့ ‘ညီတွေ’ ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေ၊ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတွေ ဖြစ်တယ်။ (ရော. ၈:၁၆၊ ၁၇) “သိုး” နဲ့ “ဆိတ်” ဟာ လူမျိုးအသီးသီးထဲက လူတွေဖြစ်တယ်။ သူတို့ဟာ မကြာခင်စတင်တော့မယ့် ကြီးစွာသောဒုက္ခရဲ့အဆုံးပိုင်းနားမှာ တရားစီရင်ခံရပါလိမ့်မယ်။ မြေကြီးပေါ်ရှိနေသေးတဲ့ ဘိသိက်ခံတွေကို ဘယ်လိုဆက်ဆံတယ် ဆိုတဲ့အပေါ်မူတည်ပြီး လူတွေကို ယေရှု တရားစီရင်ပါလိမ့်မယ်။ ဒီပုံဥပမာနဲ့ မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာပါတဲ့ တခြားပုံဥပမာတွေကို နားလည်ဖို့ နှစ်တွေတစ်လျှောက် ယေဟောဝါ ကူညီပေးခဲ့တဲ့အတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ပါတယ်။

ဟောပြောခြင်းလုပ်ငန်း သိပ်အရေးကြီးတယ်ဆိုတာ ဒီပုံဥပမာက သင်ပေး

၈၊ ၉။ ယေရှုက သိုးတွေကို “ဖြောင့်မတ်သူ” တွေလို့ ဘာကြောင့် ခေါ်ခဲ့သလဲ။

ယေရှုက သိုးနဲ့ဆိတ်ပုံဥပမာမှာ “ဟောပြော” ဒါမှမဟုတ် “ဟောပြောခြင်းလုပ်ငန်း” ဆိုတဲ့စကားလုံးတွေ မသုံးခဲ့ပါဘူး။ ဒါဆို ဟောပြောခြင်းလုပ်ငန်း သိပ်အရေးကြီးတယ်ဆိုတာ ဒီပုံဥပမာက သင်ပေးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

အရင်ဆုံး၊ ယေရှုဟာ တစ်ခုခုသွန်သင်ပေးဖို့ ပုံဥပမာ သုံးတယ်ဆိုတာ သတိပြုပါ။ ဒီပုံဥပမာမှာ တကယ့်သိုးတွေ၊ ဆိတ်တွေအကြောင်း ပြောနေတာမဟုတ်ဘူး။ အဲဒီလိုပဲ၊ သိုးအဖြစ် တရားစီရင်ခံရမယ့်သူတိုင်းဟာ ဘိသိက်ခံတွေကို စားစရာတွေ၊ အဝတ်တွေ ပေးရမယ်၊ နေမကောင်းတဲ့အခါ ပြုစုရမယ်၊ ထောင်ကျတဲ့အခါ သွားတွေ့ရမယ်လို့ ပြောနေတာမဟုတ်ဘူး။ ယေရှုက သိုးတွေကို “ဖြောင့်မတ်သူ” တွေအဖြစ် ဖော်ပြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘိသိက်ခံတွေကို ယေရှုရဲ့ ညီတွေအဖြစ် သဘောထားပြီး ခက်ခဲတဲ့ဒီနောက်ဆုံးကာလအတွင်း သူတို့အပေါ် သစ္စာစောင့်သိနေလို့ပဲ။—မ. ၁၀:၄၀-၄၂; ၂၅:၄၀၊ ၄၆; ၂ တိ. ၃:၁-၅

၁၀။ သိုးတွေက ခရစ်တော်ရဲ့ညီတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၀ ဒုတိယအနေနဲ့ ဒီပုံဥပမာရဲ့ ရှေ့နောက်စကားတွေကို သုံးသပ်ကြည့်ပါ။ ယေရှုက ဆုံးခန်းကာလမှာ ဖြစ်မယ့်အရာတွေအကြောင်း ပြောနေချိန်မှာ သိုးနဲ့ဆိတ်ပုံဥပမာကို ပြောခဲ့တာဖြစ်တယ်။ (မ. ၂၄:၃) ဥပမာ၊ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” လို့ ယေရှုပြောတယ်။ (မ. ၂၄:၁၄) အဲဒီနောက် သိုးနဲ့ဆိတ်ပုံဥပမာကို မပြောခင်လေးမှာ တဲလင့်ပုံဥပမာကို ပြောခဲ့တယ်။ ဘိသိက်ခံတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ကြိုးစားလုပ်ဆောင်ရမယ်ဆိုတာ သင်ပေးဖို့ တဲလင့်ပုံဥပမာကို ပြောခဲ့တယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ ဘိသိက်ခံတွေ နည်းနည်းလေးပဲ ကျန်တော့တယ်။ လုပ်စရာတော့ အများကြီးရှိသေးတယ်။ ဘိသိက်ခံတွေဟာ အဆုံးမရောက်ခင် “လူမျိုးအပေါင်း” ကို ဟောပြောဖို့ မိန့်မှာခံထားရတယ်။ ဒါပေမဲ့ သိုးနဲ့ဆိတ်ပုံဥပမာမှာ သိခဲ့ရတဲ့အတိုင်း “သိုး” တွေက ယေရှုရဲ့ ညီတွေကို ကူညီပေးတယ်။ ယေရှုရဲ့ ညီတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ဟောပြောခြင်းလုပ်ငန်းမှာ ကူညီပေးခြင်းပဲ။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းအတွက် ငွေကြေးလှူဒါန်းရုံ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဘိသိက်ခံတွေကို အားပေးရုံနဲ့ လုံလောက်ပြီလား။

ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို ဘယ်သူတွေ ရရှိထားသလဲ

၁၁။ တချို့ ဘယ်လိုစဉ်းစားမိနိုင်သလဲ။ ဘာကြောင့်လဲ။

၁၁ ဒီနေ့အချိန်မှာ ယေရှုရဲ့တပည့်တွေ ရှစ်သန်းရှိတယ်။ သူတို့ထဲကအများစုဟာ ဘိသိက်ခံတွေ မဟုတ်ဘူး။ ယေရှုက သူတို့ကို တဲလင့်တွေ မပေးအပ်ခဲ့ဘူး။ ဘိသိက်ခံညီတွေကိုပဲ ပေးအပ်ခဲ့တယ်။ (မ. ၂၅:၁၄-၁၈) ဒါကြောင့် ‘ဟောပြောပါဆိုတဲ့မိန့်မှာချက်ဟာ ဘိသိက်ခံမဟုတ်သူတွေနဲ့ တကယ်သက်ဆိုင်ရဲ့လား’ လို့ တချို့ စဉ်းစားမိနိုင်တယ်။ သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်ကြစို့။

၁၂။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ ယေရှုရဲ့စကားတွေကနေ ဘာသိရသလဲ။

၁၂ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ တပည့်အားလုံးကို ယေရှု မိန့်မှာခဲ့တယ်။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ယေရှုက လူတွေကို “တပည့်ဖြစ်စေ” ဖို့၊ သူ “မိန့်မှာသမျှ” ကို စောင့်ရှောက်နိုင်အောင် သွန်သင်ပေးဖို့ နောက်လိုက်တွေကို မှာခဲ့တယ်။ အဲဒီမိန့်မှာချက်တွေထဲမှာ ဟောပြောပါဆိုတဲ့မိန့်မှာချက်လည်း ပါတယ်။ (မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။) ဒါကြောင့် တပည့်ဖြစ်လာသူအားလုံးဟာ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို လိုက်နာရမယ်။ ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ကျွန်တော်တို့အားလုံး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရမယ်ဆိုတာ ရှင်းနေပါတယ်။—တ. ၁၀:၄၂

ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ ကျွန်တော်တို့အားလုံး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရမယ်

၁၃။ တမန်တော်ယောဟန်မြင်ခဲ့တဲ့ စိတ်အာရုံကနေ ဘာသိရသလဲ။

၁၃ ဘိသိက်ခံတွေရော တခြားသူတွေပါ ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်မယ်လို့ ဗျာဒိတ်ကျမ်းကနေ သိရတယ်။ “သတို့သမီး” က လူတွေကို အသက်ရေလာသောက်ဖို့ ဖိတ်ခေါ်နေတယ်ဆိုတဲ့ စိတ်အာရုံကို တမန်တော်ယောဟန် မြင်ခဲ့ရတယ်။ သတို့သမီးဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် ဘိသိက်ခံ ၁၄၄,၀၀၀ ကိုဆိုလိုတယ်။ (ဗျာ. ၁၄:၁၊ ၃; ၂၂:၁၇) ရေက ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်သကာကို ဆိုလိုတယ်။ အဲဒီပူဇော်သကာကို အခြေခံပြီး လူတွေဟာ အပြစ်နဲ့သေခြင်းကင်းတဲ့ အသက်တာကို ရရှိပါလိမ့်မယ်။ (မ. ၂၀:၂၈; ယော. ၃:၁၆; ၁ ယော. ၄:၉၊ ၁၀) ဘိသိက်ခံတွေဟာ ရွေးနုတ်ဖိုးအကြောင်း၊ ရွေးနုတ်ဖိုးကနေ အကျိုးရရှိနိုင်ပုံအကြောင်း လူတွေကို ထက်ထက်သန်သန် သွန်သင်ပေးနေတယ်။ (၁ ကော. ၁:၂၃) ဒါပေမဲ့ တမန်တော်ယောဟန် မြင်ရတဲ့စိတ်အာရုံမှာ ဘိသိက်ခံမဟုတ်တဲ့ နောက်အုပ်စုတစ်စုအကြောင်း ဖော်ပြထားတယ်။ သူတို့ဟာ မြေကြီးပေါ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေဖြစ်တယ်။ သူတို့လည်း “လာလော့” လို့ လူတွေကို ဖိတ်ခေါ်ဖို့ မိန့်မှာခံထားရတယ်။ တခြားသူတွေကို သတင်းကောင်းဟောပြောခြင်းအားဖြင့် အဲဒီမိန့်မှာချက်ကို သူတို့နာခံနေကြတယ်။ ဒါကြောင့် သတင်းကောင်းကိုလက်ခံသူအားလုံးဟာ တခြားသူတွေကို ပြန်ဟောပြောရမယ်ဆိုတာ ဒီစိတ်အာရုံက ဖော်ပြတယ်။

၁၄။ “ခရစ်တော်၏တရား” ကို လိုက်နာခြင်းမှာ ဘာပါဝင်သလဲ။

၁၄ “ခရစ်တော်၏တရား” ကို လိုက်နာသူအားလုံး ဟောပြောရမယ်။ (ဂလ. ၆:၂) ယေဟောဝါက သူ့ကို ဝတ်ပြုသူအားလုံး လိုက်နာဖို့ ပညတ်တွေ တစ်ပုံစံတည်းပေးတယ်။ ရှေးခေတ်တုန်းက အစ္စရေးတွေရော တိုင်းတစ်ပါးသားတွေပါ ပညတ်တစ်မျိုးတည်း လိုက်နာခဲ့ရတယ်။ (ထွ. ၁၂:၄၉; ဝတ်. ၂၄:၂၂) ဒီနေ့ခေတ်မှာတော့ အစ္စရေးတွေကိုပေးခဲ့တဲ့ ပညတ်အားလုံးကို လိုက်နာဖို့ မလိုအပ်တော့ဘူး။ ဘိသိက်ခံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ “ခရစ်တော်၏တရား” ကိုလိုက်နာရမယ်။ အဲဒီတရားမှာ ယေရှုရဲ့သွန်သင်ချက်အားလုံး ပါဝင်တယ်။ အရေးကြီးဆုံးသွန်သင်ချက်တစ်ခုကတော့ မေတ္တာပြဖို့ပဲ။ (ယော. ၁၃:၃၅; ယာ. ၂:၈) ကျွန်တော်တို့ဟာ ယေဟောဝါ၊ ယေရှုနဲ့ လူတွေကို ချစ်ရမယ်။ အဲဒီချစ်ခြင်းမေတ္တာကို တင်ပြနိုင်တဲ့ အကောင်းဆုံးနည်းကတော့ နိုင်ငံတော်သတင်း ဟောပြောခြင်းပါပဲ။—ယော. ၁၅:၁၀; တ. ၁:၈

၁၅။ ဟောပြောပါဆိုတဲ့မိန့်မှာချက်ဟာ တပည့်အားလုံးနဲ့ သက်ဆိုင်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၅ တပည့်တချို့ကို ယေရှု ပြောခဲ့တာတွေက တစ်ခါတလေ တပည့်အများကြီးနဲ့လည်း သက်ဆိုင်တယ်။ ဥပမာ၊ ယေရှုက နိုင်ငံတော်ပဋိညာဉ်ကို တပည့် ၁၁ ယောက်နဲ့ပဲ ဖွဲ့ခဲ့တယ်။ ဒါပေမဲ့ အဲဒီပဋိညာဉ်က ၁၄၄,၀၀၀ အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ (လု. ၂၂:၂၉၊ ၃၀; ဗျာ. ၅:၁၀; ၇:၄-၈) အဲဒီလိုပဲ၊ ထမြောက်ပြီးနောက်ပိုင်းမှာလည်း ယေရှုဟာ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို တပည့်အနည်းငယ်ကိုပဲ ပေးခဲ့တယ်။ (တ. ၁၀:၄၀-၄၂; ၁ ကော. ၁၅:၆) ဒါပေမဲ့ ပထမရာစုမှာရှိတဲ့ ယေရှုရဲ့တပည့်အားလုံး အဲဒီမိန့်မှာချက်ကို နာခံခဲ့တယ်။ (တ. ၈:၄; ၁ ပေ. ၁:၈) ဒီနေ့ခေတ်မှာလည်း ယေရှုက ကျွန်တော်တို့တစ်ယောက်ကိုမှ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီမိန့်မှာချက်ကို ကျွန်တော်တို့ နာခံနေတယ်။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်သူ ရှစ်သန်းရှိတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းဟာ ယေရှုကို အမှန်တကယ်ယုံကြည်ကြောင်း တင်ပြရာရောက်တယ်ဆိုတာ ကျွန်တော်တို့ သိနားလည်တယ်။—ယာ. ၂:၁၈

အခုအချိန်ဟာ သစ္စာရှိရမယ့်အချိန်ဖြစ်

၁၆–၁၈။ ခရစ်တော်ရဲ့ညီတွေကို ဘယ်လို ကူညီထောက်မနိုင်သလဲ။ အခုအချိန်မှာ ဘာကြောင့် အဲဒီလိုလုပ်ဆောင်သင့်သလဲ။

၁၆ စာတန်ဟာ သူ့ “အချိန်တိုတောင်း” တာကို သိတဲ့အတွက် မြေကြီးပေါ်ရှိနေသေးတဲ့ ခရစ်တော်ရဲ့ညီတွေကို မီးကုန်ယမ်းကုန် တိုက်ခိုက်နေတယ်။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇) ဒါပေမဲ့ သူဘယ်လောက်ပဲ တိုက်ခိုက်ပါစေ ဘိသိက်ခံတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ဆက်ဦးဆောင်နေတယ်။ ပိုများသည်ထက်များတဲ့ လူတွေဟာ တစ်ခါနဲ့မှမတူအောင် သတင်းကောင်းကို ကြားနေရတယ်။ ဘိသိက်ခံတွေနဲ့အတူ ယေရှုရှိနေပြီး သူတို့ကို လမ်းညွှန်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။—မ. ၂၈:၂၀

ခရစ်တော်ရဲ့ ညီတွေကို ကူညီထောက်မရတာဟာ အခွင့်ထူးဖြစ်တယ်

၁၇ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ညီတွေကို ကူညီထောက်မရတာဟာ အခွင့်ထူးဖြစ်တယ်လို့ ကျွန်တော်တို့ ယူမှတ်တယ်။ နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမနဲ့ ဌာနခွဲရုံးတွေ ဆောက်လုပ်ဖို့ ငွေအား၊ လူအားတွေ ပါဝင်လှူဒါန်းခြင်းအားဖြင့်လည်း ကူညီထောက်မနေတယ်။ “သစ္စာနှင့် သတိပညာရှိသောကျွန်” ခန့်အပ်ထားတဲ့ အကြီးအကဲတွေနဲ့ တခြားညီအစ်ကိုတွေကို သစ္စာရှိရှိ နာခံခြင်းအားဖြင့်လည်း ခရစ်တော်ရဲ့ညီတွေကို ကူညီထောက်မနေတယ်။—မ. ၂၄:၄၅-၄၇; ဟေဗြဲ ၁၃:၁၇

၁၈ ကျန်ရှိနေတဲ့ ဘိသိက်ခံတွေဟာ မကြာခင်မှာ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံရပါလိမ့်မယ်။ အဲဒီနောက် ကောင်းကင်တမန်တွေဟာ “မြေကြီး၏ လေးမျက်နှာလေတို့ကို” လွှတ်လိုက်တဲ့အခါ ကြီးစွာသောဒုက္ခ စတင်ပါလိမ့်မယ်။ (ဗျာ. ၇:၁-၃) အာမဂေဒုန်မစခင်လေးမှာ ယေရှုက ဘိသိက်ခံတွေကို ကောင်းကင်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။ (မ. ၁၃:၄၁-၄၃) ဒါကြောင့် ကျွန်တော်တို့ဟာ သိုးအဖြစ် တရားစီရင်ခံချင်ရင် အခုအချိန်မှာ ခရစ်တော်ရဲ့ ဘိသိက်ခံညီတွေကို သစ္စာရှိရှိ ကူညီထောက်မနေရပါမယ်။

ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ ညီတွေကို နည်းအမျိုးမျိုးနဲ့ ကူညီပေး (အပိုဒ် ၁၇ ကိုကြည့်ပါ)

^ စာပိုဒ်၊ 6 ဒီပုံဥပမာရဲ့ အသေးစိတ်ရှင်းပြချက်အတွက် ၁၉၉၅၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် ပါ “အသင်သည် တရားပလ္လင်တော်ရှေ့မှာ အဘယ်အနေအထားရှိမည်နည်း” နဲ့ “သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း” ဆိုတဲ့ ဆောင်းပါးတွေကို ကြည့်ပါ။