မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

အရင်တုန်းက အဖွဲ့အစည်းထုတ်စာပေတွေမှာ အနှိုင်းနဲ့ အနှိုင်းခံအကြောင်း မကြာခဏဖော်ပြလေ့ရှိတယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေအတွင်းမှာတော့ သိပ်မဖော်ပြတော့ဘူး။ ဘာကြောင့်လဲ။

၁၉၅၀၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ “အနှိုင်း” နဲ့ “အနှိုင်းခံ” ကို အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အနှိုင်းဆိုတာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် အရာတစ်ခုကို ပုံဆောင်တဲ့ ပုဂ္ဂိုလ်၊ ဖြစ်ရပ် ဒါမှမဟုတ် အရာတစ်ခုခုဖြစ်တယ်။ အနှိုင်းခံဆိုတာ အနှိုင်း ပုံဆောင်တဲ့ ပုဂ္ဂိုလ်၊ ဖြစ်ရပ် ဒါမှမဟုတ် အရာတစ်ခုခုဖြစ်တယ်။ အနှိုင်းကို အရိပ်၊ အနှိုင်းခံကို အကောင်အထည် လို့လည်းခေါ်တယ်။

အရင်တုန်းက အဖွဲ့အစည်းထုတ်စာပေတွေမှာ ဒေဗောရ၊ ဧလိဟု၊ ယေဖသ၊ ယောဘ၊ ရာခပ်၊ ရေဗက္ကနဲ့ တခြားသစ္စာရှိအမျိုးသားအမျိုးသမီးတွေဟာ ဘိသိက်ခံ ဒါမှမဟုတ် “လူအုပ်ကြီး” ကိုပုံဆောင်တဲ့ အနှိုင်းဖြစ်တယ်လို့ ပြောခဲ့တယ်။ (ဗျာ. ၇:၉) ဥပမာ၊ ယေဖသ၊ ယောဘ၊ ရေဗက္ကဟာ ဘိသိက်ခံတွေကို ပုံဆောင်ပြီး ဒေဗောရနဲ့ ရာခပ်ဟာ လူအုပ်ကြီးကို ပုံဆောင်တယ်လို့ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာတော့ အဲဒီလို နှိုင်းယှဉ်ပြီး မရှင်းပြတော့ဘူး။ ဘာကြောင့်လဲ။

အနှိုင်း

ရှေးခေတ်အစ္စရေးမှာ ပူဇော်တဲ့ ပသခါသိုးသငယ်ဟာ အနှိုင်းဖြစ်တယ်။—တော. ၉:၂

အနှိုင်းခံ

ခရစ်တော်ဟာ ‘ငါတို့၏ ပသခါသိုးသငယ်’ ဖြစ်တယ်လို့ ပေါလုပြောတယ်။—၁ ကော. ၅:၇

ကျမ်းစာမှာ တချို့ကျမ်းစာဇာတ်ကောင်တွေဟာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် အရာတစ်ခုကို ပုံဆောင်တဲ့ အနှိုင်းဖြစ်တယ်လို့ သွန်သင်ထားတာရှိပါတယ်။ ဥပမာ၊ ဂလာတိ ၄:၂၁-၃၁ မှာ တမန်တော်ပေါလုက အမျိုးသမီးနှစ်ယောက်ပါဝင်တဲ့ “ပုံဆောင်ချက်” အကြောင်း ပြောခဲ့တယ်။ ပထမအမျိုးသမီးက အာဗြဟံရဲ့ကျွန်မ ဟာဂရဖြစ်တယ်။ ဟာဂရဟာ မောရှေပညတ်အားဖြင့် ယေဟောဝါနဲ့ နှောင်ဖွဲ့ထားတဲ့ အစ္စရေးလူမျိုးကို ပုံဆောင်တယ်လို့ ပေါလုရှင်းပြတယ်။ ဒုတိယအမျိုးသမီးကတော့ အာဗြဟံရဲ့ ဇနီးမယား၊ “လွတ်လပ်သောမိန်းမ” စာရာဖြစ်တယ်။ စာရာဟာ ဘုရားသခင့်ဇနီးကို ပုံဆောင်တယ်။ ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်း ဖြစ်တယ်။ အဲဒီအပြင် ဘုရင်နဲ့ ယဇ်ပုရောဟိတ်ဖြစ်တဲ့ မေလခိဇေဒက်နဲ့ ယေရှုရဲ့ ဆင်တူချက်တွေအကြောင်းကိုလည်း ပေါလုပြောခဲ့တယ်။ (ဟေဗြဲ ၆:၂၀; ၇:၁-၃) ပရောဖက်ဟေရှာယကို ယေရှုနဲ့၊ ဟေရှာယရဲ့သားတွေကို ဘိသိက်ခံခရစ်ယာန်တွေနဲ့ ပေါလု ခိုင်းနှိုင်းခဲ့တယ်။ (ဟေဗြဲ ၂:၁၃၊ ၁၄) အဲဒီလို နှိုင်းယှဉ်ဖော်ပြဖို့ ပေါလုကို ယေဟောဝါ လမ်းညွှန်ခဲ့တယ်။ ဒါကြောင့် အဲဒီအနှိုင်းနဲ့ အနှိုင်းခံတွေဟာ တိကျမှန်ကန်တယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။

ဒါပေမဲ့ ကျမ်းစာမှာ လူတစ်ယောက်ဟာ အနှိုင်းဖြစ်တယ်လို့ ဖော်ပြထားရင်တောင် သူ့ဘဝရဲ့ အသေးစိတ်အချက်အလက်တွေ၊ ဖြစ်ရပ်တွေဟာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့အရာတွေကို ပုံဆောင်တယ်လို့ မယူဆသင့်ဘူး။ ဥပမာ၊ မေလခိဇေဒက်ဟာ ယေရှုကို ပုံဆောင်တယ်လို့ ပေါလုရှင်းပြတယ်။ ဒါပေမဲ့ မင်းကြီးလေးပါးကို အာဗြဟံအနိုင်ရပြီးနောက် မုန့်နဲ့စပျစ်ရည်ကို မေလခိဇေဒက် ယူဆောင်လာတဲ့အချိန် အကြောင်းကိုတော့ ပေါလု ဘာမှမပြောဘူး။ ဒါကြောင့် အဲဒီဖြစ်ရပ် နောက်ကွယ်မှာရှိတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့ ကျမ်းစာအကြောင်းရင်း ဘာမှမရှိဘူး။—က. ၁၄:၁၊ ၁၈

ခရစ်တော်သေဆုံးပြီးနောက်ပိုင်း ရာစုနှစ်တွေမှာ စာရေးဆရာတချို့ဟာ အမှားကြီးတစ်ခု ကျူးလွန်ခဲ့ကြတယ်။ ကျမ်းစာမှတ်တမ်းတိုင်းလိုလိုဟာ အနှိုင်းဖြစ်တယ်လို့ ပြောခဲ့ကြတယ်။ စွယ်စုံကျမ်းတစ်အုပ် (The International Standard Bible Encyclopaedia) က သြရီဂျင်၊ အမ်ဘရို့စ်နဲ့ ဂျရုမ်းတို့ရဲ့ သွန်သင်ချက်တွေအကြောင်း ဖော်ပြပြီး အခုလိုပြောတယ်– “ကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့ သေးငယ်တဲ့အဖြစ်အပျက်တိုင်းမှာတောင် အနှိုင်းတွေကို သူတို့ ရှာဖွေခဲ့တယ်။ ရှာတဲ့အတိုင်းလည်း တွေ့ခဲ့ပါတယ်။ အရိုးရှင်းဆုံးအခြေအနေမှာတောင် [မြုပ်နေတဲ့] အမှန်တရား ကိန်းအောင်းနေတယ်လို့ သူတို့ထင်ခဲ့ကြတယ်။ . . . တပည့်တွေရှေ့ သခင် ကိုယ်ထင်ရှားပြတဲ့ညမှာ တပည့်တွေဖမ်းမိတဲ့ ငါး ၁၅၃ ကောင်က ဘာကိုပုံဆောင်တယ်ဆိုတာကိုတောင် ရှာဖွေဖို့ တချို့ကြိုးစားခဲ့ကြတယ်။”

နောက်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဟစ်ပိုမြို့သား သြဂတ်စတင်းကလည်း အမျိုးသား ၅,၀၀၀ ကို မုယောမုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်သုံးပြီး ယေရှု ကျွေးမွေးခဲ့တဲ့ ကျမ်းစာမှတ်တမ်းမှာ ပုံဆောင်ချက်ရှိတယ်လို့ ပြောတယ်။ မုယောမုန့်ငါးလုံးဟာ ကျမ်းစာရဲ့ ပထမကျမ်းငါးစောင်ကို ပုံဆောင်တယ်လို့ သူပြောတယ်။ မုယောဟာ ဂျုံထက်အဆင့်နိမ့်တယ်လို့ ယူဆထားတဲ့အတွက် “ဓမ္မဟောင်းကျမ်း” ဟာ “ဓမ္မသစ်ကျမ်း” ထက် ပိုအဆင့်နိမ့်တယ်လို့ ဆိုလိုတယ်၊ ငါးနှစ်ကောင်ဟာလည်း ဘုရင်တစ်ယောက်နဲ့ ယဇ်ပုရောဟိတ်တစ်ယောက်ကို ပုံဆောင်တယ်လို့ သူရှင်းပြတယ်။ ကျမ်းပညာရှင်နောက်တစ်ယောက်ကလည်း ဧသောရဲ့ သားဦးအခွင့်အရေးကို ပဲနီဟင်းတစ်ခွက်နဲ့ ယာကုပ်ဝယ်တာဟာ လူသားတွေ ကောင်းကင်မျှော်လင့်ချက်ရဖို့ ယေရှု သူ့ရဲ့သွေးနဲ့ဝယ်တာကို ပုံဆောင်တယ်လို့ ရှင်းပြတယ်။

အဲဒီရှင်းပြချက်တွေဟာ ယုံရခက်ခက်ပဲ။ ပြဿနာက ဘာလဲ။ ဘယ်ကျမ်းမှတ်တမ်းက ပိုကြီးမြတ်တဲ့အရာတစ်ခုခုကို ပုံဆောင်တယ်၊ ဘယ်ကျမ်းမှတ်တမ်းကတော့ မပုံဆောင်ဘူးဆိုတာ လူသားတွေ မသိနိုင်ဘူး။ ဒါဆို ပညာရှိလုပ်ရပ်က ဘာဖြစ်မလဲ။ ပုဂ္ဂိုလ်၊ ဖြစ်ရပ် ဒါမှမဟုတ် အရာတစ်ခုခုဟာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့အရာကို ပုံဆောင်တယ်လို့ ကျမ်းစာမှာ ရှင်းပြရင် အဲဒါကို ကျွန်တော်တို့ လက်ခံတယ်။ ဒါပေမဲ့ ကျမ်းစာမှတ်တမ်းတစ်ခုဟာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့အရာကို ပုံဆောင်တယ်ဆိုတဲ့ ကျမ်းစာအထောက်အထားမရှိရင်တော့ အဲဒီပုံဆောင်ချက်ကို အနက်မဖွင့်သင့်ဘူး။

ဒါဆိုရင် ကျမ်းစာမှာဖတ်ရတဲ့ အသေးစိတ်အချက်အလက်တွေ၊ မှတ်တမ်းတွေကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။ “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏” လို့ တမန်တော်ပေါလု ရေးတယ်။ (ရော. ၁၅:၄) ပေါလုဟာ ပထမရာစု ဘိသိက်ခံခရစ်ယာန်တွေဆီ ရေးနေတာဖြစ်တယ်။ ကျမ်းစာမှတ်တမ်းတွေကနေ ဘယ်လိုအကျိုးရရှိနိုင်တယ်ဆိုတဲ့အကြောင်း သူပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး “အခြားသိုး” အပါအဝင် ခရစ်ယာန်အားလုံးဟာ ကျမ်းစာမှာပါတဲ့ သင်ခန်းစာတွေကနေ အကျိုးရရှိနေကြတယ်။—ယော. ၁၀:၁၆; ၂ တိ. ၃:၁

ဒါကြောင့် ကျမ်းစာမှတ်တမ်းအများစုဟာ ဘိသိက်ခံတွေနဲ့ပဲ၊ “အခြားသိုး” တွေနဲ့ပဲ ဒါမှမဟုတ် သတ်သတ်မှတ်မှတ် အချိန်ကာလတစ်ခုအတွင်းမှာရှိတဲ့ ခရစ်ယာန်တွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ အဲဒီအစား ကျမ်းစာမှတ်တမ်း အများစုဟာ အတိတ်တုန်းကရော လက်ရှိမှာပါ ဘုရားသခင့်ကျေးကျွန်အားလုံးကို အကျိုးပြုနေပါတယ်။ ဥပမာ၊ ယောဘရဲ့ ဆင်းရဲဒုက္ခဟာ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံတွေ ခံရတဲ့ဆင်းရဲဒုက္ခကိုပဲ ပုံဆောင်တာ မဟုတ်ပါဘူး။ ဘိသိက်ခံဖြစ်စေ၊ “အခြားသိုး” ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ဘုရားသခင့်ကျေးကျွန်များစွာဟာ ယောဘလို ဆင်းရဲဒုက္ခခံစားနေရပြီး ယောဘမှတ်တမ်းကို လေ့လာခြင်းကနေ အကျိုးရရှိနေကြတယ်။ သူတို့ဟာ ‘ယေဟောဝါဘုရား ပေးသနားတော်မူသောရလဒ်ကို သိမြင်ကြပြီ။ သို့ဖြင့် ယေဟောဝါဘုရားသည် အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာမှုရှိတော်မူကြောင်းကိုလည်း သိမြင်ကြပြီ။’—ယာ. ၅:၁၁

ဒီနေ့ခေတ်အသင်းတော်တွေမှာ ဒေဗောရလို သစ္စာရှိတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတွေ၊ ဧလိဟုလို ပညာရှိတဲ့ လူငယ်အကြီးအကဲတွေကို တွေ့နေရတယ်။ ယေဖသလို ဇွဲနဲ့ ရဲစွမ်းသတ္တိရှိတဲ့ ရှေ့ဆောင်တွေ၊ ယောဘလို စိတ်ရှည်တဲ့ သစ္စာရှိအမျိုးသားအမျိုးသမီးတွေကိုလည်း တွေ့နေရတယ်။ ‘ကျမ်းစာမှာ ရေးထားနှင့်သမျှ’ ကို ဒီနေ့ခေတ်မှာ ရရှိနိုင်အောင် လုပ်ဆောင်ပေးတဲ့အတွက်၊ ‘ကျမ်းစာမှရရှိတဲ့ နှစ်သိမ့်ခြင်းအားဖြင့် မျှော်လင့်ခွင့်ရရှိစေ’ တဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်တယ်။

အထက်မှာဆွေးနွေးခဲ့တဲ့ အကြောင်းရင်းတွေကြောင့် အဖွဲ့အစည်းထုတ်စာပေတွေမှာ ကျမ်းစာမှတ်တမ်းတိုင်းရဲ့ ပုံဆောင်ချက် ဒါမှမဟုတ် အနာဂတ်ပြည့်စုံချက်ကို ရှင်းပြဖို့ မကြိုးစားတော့ဘူး။ အဲဒီအစား ကျမ်းစာမှာပါတဲ့ အဖိုးတန်သင်ခန်းစာတွေကို သွန်သင်ပေးဖို့ပဲ ပိုအာရုံစိုက်နေတာဖြစ်တယ်။