မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို အမြဲယုံကြည်ကိုးစားပါ

ယေဟောဝါကို အမြဲယုံကြည်ကိုးစားပါ

‘အို လူတို့၊ ကိုယ်တော့်ကို အချိန်အခါတိုင်း ယုံကြည်ကိုးစားကြပါ။’—ဆာ. ၆၂:၈၊ ကဘ။

၁–၃။ ယေဟောဝါကို ယုံကြည်ကိုးစားနိုင်တယ်ဆိုတာ ပေါလု ဘာကြောင့်စိတ်ချခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

သင်ဟာ ပထမရာစုခေတ်၊ ရောမမြို့မှာ အသက်ရှင်နေတဲ့ ခရစ်ယာန်တစ်ယောက် ဆိုပါစို့။ တကယ့်ကို အန္တရာယ်ရှိတဲ့အချိန်ပဲ။ ရောမတွေက ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းတယ်။ ရောမမြို့ မီးလောင်မှုအတွက် ခရစ်ယာန်တွေကို အပြစ်ပုံချပြီး လူတွေကိုမုန်းတီးသူတွေလို့ စွပ်စွဲကြတယ်။ ညီအစ်ကိုညီအစ်မ အတော်များများ အဖမ်းခံရတယ်။ တချို့က သားရဲတွေရဲ့သတ်ပုတ်မှုကို ခံရတယ်။ တချို့လည်း သစ်တိုင်မှာ သံရိုက်ခံရပြီး ညမီးတိုင်အဖြစ် အရှင်လတ်လတ် မီးရှို့ခံရတယ်။ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲလို့ သင် နေ့တိုင်းစိုးရိမ်နေရတယ်။

အဲဒီခက်ခဲတဲ့အချိန်အတွင်း တမန်တော်ပေါလု ထောင်ကျနေတယ်။ ညီအစ်ကိုညီအစ်မတွေ ကူညီပေးပါ့မလားလို့ အစပိုင်းမှာ သူစိုးရိမ်ခဲ့ပုံရတယ်။ “ငါသည် ပထမအကြိမ် ထုချေပြောဆိုချိန်၌ မည်သူမျှ ငါ့ဘက်တွင်မရှိ။ ငါ့ကို အားလုံးစွန့်ခွာသွားကြ၏။ သူတို့သည် မှတ်သားခြင်းမခံရပါစေနှင့်” လို့ တိမောသေဆီ ရေးခဲ့တာကို ကြည့်ရင် သိနိုင်တယ်။ ဒါပေမဲ့ လုံးဝကူကယ်ရာမဲ့ အခြေအနေမျိုး မဟုတ်ဘူးဆိုတာ ပေါလုသိတယ်။ “သခင်သည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားပေးတော်မူ၏။ ခြင်္သေ့၏ခံတွင်းမှလည်း ငါ ကယ်နုတ်ခံရ၏” လို့ ပေါလုပြောတယ်။ ယေဟောဝါက ပေါလုလိုအပ်တဲ့ အကူအညီကို သခင်ယေရှုကတစ်ဆင့် ပေးခဲ့တယ်။—၂ တိ. ၄:၁၆၊ ၁၇ *

အရင်တုန်းက သူ့ကို ယေဟောဝါ ဘယ်လိုကူညီခဲ့တယ်ဆိုတာ ပေါလုပြန်အမှတ်ရတယ်။ ဒါကြောင့် အခုကြုံနေရတဲ့ အခက်အခဲကိုရော အနာဂတ်မှာကြုံရမယ့် ဘယ်အခက်အခဲကိုမဆိုပါ ခံရပ်နိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါပေးမယ်ဆိုတာ သူ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် ‘သခင်သည် ငါ့ကို ဆိုးညစ်မှုမှန်သမျှမှ ကယ်နုတ်လိမ့်မည်’ လို့ သူပြောတယ်။ (၂ တိ. ၄:၁၈) ညီအစ်ကိုညီအစ်မတွေ အကူအညီမပေးနိုင်တဲ့ အခြေအနေမျိုးမှာတောင် ယေဟောဝါနဲ့ ယေရှု ကူညီပေးမယ်ဆိုတာကို အမြဲယုံကြည်စိတ်ချနိုင်မှန်း ပေါလုသိရှိခဲ့ရတယ်။ အဲဒါကို သူ လုံးဝသံသယမဝင်ခဲ့ဘူး။

ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်တဲ့ အခွင့်အရေးများ

၄၊ ၅။ (က) သင် လိုအပ်တဲ့အကူအညီကို အမြဲတမ်းပေးနိုင်သူက ဘယ်သူလဲ။ (ခ) ယေဟောဝါနဲ့ဆက်ဆံရေး ဘယ်လိုခိုင်မြဲလာနိုင်သလဲ။

သင်ဟာ အခက်အခဲတစ်ခု ကြုံနေပြီး ကူညီမယ့်သူမရှိဘဲ တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားခဲ့ရဖူးသလား။ အလုပ်ပြုတ်သွားတာ၊ ကျောင်းမှာ အခက်အခဲတွေ ကြုံရတာဖြစ်နိုင်တယ်။ ကျန်းမာရေးမကောင်းတာ ဒါမှမဟုတ် တခြားပြဿနာကြုံရတာ ဖြစ်နိုင်တယ်။ တခြားသူတွေဆီမှာ အကူအညီတောင်းပေမဲ့ အကူအညီမပေးလို့ စိတ်ပျက်မိနိုင်တယ်။ တချို့ပြဿနာတွေကို လူတွေ မဖြေရှင်းပေးနိုင်ဘူး။ အဲဒီလိုအခါမျိုးမှာ သင် ဘာလုပ်မလဲ။ ‘ယေဟောဝါကို ယုံကြည်ကိုးစားပါ’ လို့ ကျမ်းစာပြောတယ်။ (သု. ၃:၅၊ ၆ကဘ) ဒါပေမဲ့ ကိုယ်တော်ကူညီပေးမယ်ဆိုတာ သေချာလို့လား။ သေချာပါတယ်။ မိမိကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးတယ်ဆိုတာ ယုံကြည်စိတ်ချစေတဲ့ ကျမ်းစာမှတ်တမ်းတွေ အများကြီးရှိတယ်။

အခက်အခဲတွေက ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်ဖို့ အခွင့်အရေးရရှိစေတယ်

လူတွေ သင့်ကို မကူညီတဲ့အခါ မနာကြည်းပါနဲ့။ အဲဒီအစား ပေါလုကို တုပပါ။ အခက်အခဲတွေက ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်တဲ့ အခွင့်အရေးဖြစ်တယ်၊ ယေဟောဝါရဲ့ ဂရုစိုက်မှုကို ကိုယ်တွေ့ခံစားနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်တယ်လို့ ယူမှတ်ပါ။ အဲဒီလိုယူမှတ်မယ်ဆိုရင် ယေဟောဝါအပေါ် သင့်ယုံကြည်ကိုးစားမှု တိုးများလာပြီး ကိုယ်တော်နဲ့ ဆက်ဆံရေးခိုင်မြဲလာပါလိမ့်မယ်။

ယေဟောဝါကို ယုံကြည်ကိုးစားဖို့ အရေးကြီး

၆။ စိတ်ပျက်စရာပြဿနာတစ်ခု ကြုံရချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ဘာကြောင့် မလွယ်ကူနိုင်သလဲ။

သင်ဟာ စိတ်ပျက်စရာပြဿနာတစ်ခု ကြုံနေရတယ်ဆိုပါစို့။ ပြဿနာကို အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းပြီးပြီ။ ယေဟောဝါဆီလည်း ဆုတောင်းပြီးပြီ။ ဒါဆို ယေဟောဝါကူညီပေးမယ်လို့ ယုံကြည်စိတ်ချပြီး စိတ်အေးအေးထားနိုင်ပြီလား။ ထားနိုင်ပါပြီ။ (ဆာလံ ၆၂:၈ နဲ့ ၁ ပေတရု ၅:၇ တို့ကိုဖတ်ပါ။) ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိချင်တယ်ဆိုရင် ယေဟောဝါကို ယုံကြည်ကိုးစားတတ်အောင် သင်ယူဖို့ အရေးကြီးတယ်။ အဲဒီလိုလုပ်ဖို့ အမြဲတမ်းတော့ မလွယ်ပါဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုကတော့ ယေဟောဝါက သင့်ဆုတောင်းချက်ကို ချက်ချင်း အဖြေမပေးတာမျိုး ဖြစ်နိုင်လို့ပဲ။—ဆာ. ၁၃:၁၊ ၂; ၇၄:၁၀; ၈၉:၄၆; ၉၀:၁၃; ဟဗ. ၁:၂

ကောင်းကင်ဖခင် ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာသိတယ်

၇။ ယေဟောဝါက ဆုတောင်းချက်တွေကို အမြဲတမ်းတော့ ချက်ချင်းအဖြေမပေးတာ ဘာကြောင့်လဲ။

ယေဟောဝါက ဆုတောင်းချက်တွေကို အမြဲတမ်းတော့ ချက်ချင်း အဖြေမပေးတာ ဘာကြောင့်လဲ။ ယေဟောဝါဟာ အဖေဖြစ်ပြီး ကျွန်တော်တို့က သားသမီးတွေဖြစ်တယ်လို့ ကျမ်းစာပြောတယ်။ (ဆာ. ၁၀၃:၁၃) အဖေတစ်ယောက်ဟာ ကလေးတောင်းသမျှကို မပေးဘူး။ ချက်ချင်း မပေးတာမျိုးလည်းရှိတယ်။ ကလေးဟာ ပစ္စည်းတစ်ခုကို အရူးအမူးလိုချင်နေပေမဲ့ နောက်ပိုင်းမှာတော့ လုံးဝမလိုချင်တော့တာမျိုး ဖြစ်နိုင်မှန်း အဖေသိတယ်။ အဖေဟာ ကလေးအတွက်ရော၊ ပတ်သက်နေတဲ့ တခြားသူတွေအတွက်ပါ အကောင်းဆုံးဖြစ်မယ့်အရာကို သိတယ်။ ကလေးဘာလိုအပ်တယ်၊ ဘယ်အချိန်မှာ ပေးရမယ်ဆိုတာကိုလည်း သိတယ်။ တကယ်လို့ တောင်းသမျှကို ချက်ချင်းပေးနေမယ်ဆိုရင် အဖေဟာ ကလေးရဲ့ကျွန်ဖြစ်သွားပါလိမ့်မယ်။ ကောင်းကင်ဖခင်ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးတယ်။ ကိုယ်တော်ဟာ ဉာဏ်ပညာရှိဖန်ဆင်းရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာလိုအပ်တယ်ဆိုတာ သိတယ်။ ကျွန်တော်တို့တောင်းဆိုတဲ့အရာကို ပေးရမယ့် အကောင်းဆုံးအချိန်ကိုလည်း သိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လိုဖြေကြားပေးမယ်ဆိုတာကို စောင့်ကြည့်တာဟာ အကောင်းဆုံးဖြစ်တယ်။—ဟေရှာယ ၂၉:၁၆; ၄၅:၉ နဲ့နှိုင်းယှဉ်ပါ။

၈။ ကျွန်တော်တို့ရဲ့ ခံနိုင်ရည်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကတိပေးထားသလဲ။

လူတစ်ဦးစီ ခံနိုင်တဲ့အရာ၊ မခံနိုင်တဲ့အရာကို ယေဟောဝါသိတယ်ဆိုတာလည်း အမှတ်ရပါ။ (ဆာ. ၁၀၃:၁၄) ဒါကြောင့် ကျွန်တော်တို့ လိုအပ်တဲ့ခွန်အားကို ကိုယ်တော်ပေးတယ်။ ဆက်မခံနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်အခါတွေ ရှိနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ‘လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေး’ မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။) ကျွန်တော်တို့ ခံရပ်နိုင်တဲ့ အတိုင်းအတာကို ယေဟောဝါသိတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

၉။ ယေဟောဝါဆီဆုတောင်းပြီး အကူအညီတောင်းပေမဲ့ ချက်ချင်းအဖြေမရတဲ့အခါ ဘာလုပ်သင့်သလဲ။

ယေဟောဝါဆီဆုတောင်းပြီး အကူအညီတောင်းပေမဲ့ ချက်ချင်းအဖြေမရတဲ့အခါ စိတ်ရှည်ကြပါစို့။ ယေဟောဝါက ကျွန်တော်တို့ကို ကူညီပေးချင်ပေမဲ့ အကောင်းဆုံးအချိန်ကို စောင့်နေတယ်ဆိုတာ သတိရပါ။ ‘ယေဟောဝါက သင်တို့ကိုမျက်နှာသာပေးဖို့ စိတ်ရှည်ရှည်စောင့်နေတယ်။ သင်တို့ကိုကရုဏာပြဖို့ ထလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ဖြစ်လို့ပဲ။ ကိုယ်တော့်ကို မျှော်လင့်စောင့်စားနေသူအားလုံး ပျော်ရွှင်ကြတယ်’ လို့ ကျမ်းစာပြောတယ်။—ဟေရှာ. ၃၀:၁၈ကဘ။

“ခြင်္သေ့၏ခံတွင်း”

၁၀–၁၂ (က) မကျန်းမာတဲ့ မိသားစုဝင်တွေကို ပြုစုတဲ့အခါ ဘာအခက်အခဲကြုံရနိုင်သလဲ။ (ခ) ခက်ခဲချိန်တွေမှာ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ကိုယ်တော်နဲ့ သင့်ဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ ဥပမာပေးပါ။

၁၀ သင်ဟာ တော်တော်ခက်ခဲတဲ့ အခြေအနေမျိုး ကြုံရတဲ့အခါ ပေါလုလိုပဲ “ခြင်္သေ့၏ခံတွင်း” နား ရောက်နေတယ်လို့ ခံစားရနိုင်တယ်။ (၂ တိ. ၄:၁၇) အဲဒီလိုအချိန်မျိုးမှာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ သိပ်အရေးကြီးတယ်။ ဥပမာ၊ မကျန်းမာတဲ့မိသားစုဝင်တစ်ယောက်ကို ပြုစုနေရတာဖြစ်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ သင် ဆုတောင်းတယ်။ * သင်နဲ့ သင့်အခြေအနေကို ယေဟောဝါမြင်ပြီး နားလည်ပေးတယ်ဆိုတာ သတိရတဲ့အခါ စိတ်သက်သာမှု ခံစားရနိုင်တယ်။ သင် ခံနိုင်ရည်ရှိဖို့၊ ဆက်သစ္စာရှိနိုင်ဖို့ ကိုယ်တော်ကူညီပေးပါလိမ့်မယ်။—ဆာ. ၃၂:၈

ကောင်းကင်ဖခင်က သူ့ကို သစ္စာရှိရှိ နာခံနိုင်ဖို့ သင့်ကို ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ

၁၁ တစ်ခါတလေ အခြေအနေတွေက ယေဟောဝါ မကူညီပေးတဲ့ပုံ ပေါက်နေနိုင်တယ်။ ဆရာဝန်တွေနဲ့ သဘောထားမတိုက်ဆိုင်တာမျိုး ဖြစ်နိုင်တယ်။ ဆွေမျိုးတွေ အားပေးမယ်လို့ မျှော်လင့်ထားပေမဲ့ အခြေအနေတွေကို ပိုဆိုးအောင်လုပ်တာမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုအခါမျိုးမှာ ခွန်အားရဖို့ ယေဟောဝါကို အမြဲအားကိုးပါ။ ယေဟောဝါဆီ အမြဲချဉ်းကပ်ပါ။ (၁ ဓမ္မရာဇဝင် ၃၀:၃၊ ကိုဖတ်ပါ။) နောက်ပိုင်း ယေဟောဝါကူညီပေးပုံကို သိလာတဲ့အခါ ကိုယ်တော်နဲ့ပိုရင်းနှီးလာပါလိမ့်မယ်။

၁၂ ညီအစ်မလင်ဒါ အဲဒီလိုပဲခံစားခဲ့ရတယ်။ * သူဟာ ဖျားနာနေတဲ့မိဘတွေ သေဆုံးတဲ့အထိ နှစ်ပေါင်းများစွာ ပြုစုပေးခဲ့ရတယ်။ သူအခုလိုပြောတယ်– “ကျွန်မရဲ့ခင်ပွန်း၊ မောင်လေးနဲ့ ကျွန်မတို့သုံးယောက် ဘာဆက်လုပ်ရမှန်း မသိတော့တဲ့အခါတွေရှိတယ်။ တစ်ခါတလေ အကူအညီမဲ့နေသလို ခံစားရတယ်။ ဒါပေမဲ့ နောက်ကြောင်းကို ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်မတို့နဲ့အတူ ယေဟောဝါရှိခဲ့တယ်ဆိုတာ အထင်အရှားမြင်ရတယ်။ ဘာဆက်လုပ်ရမှန်း မသိတော့တဲ့အချိန်မျိုးမှာတောင် ကိုယ်တော်က ကျွန်မတို့ကို ခွန်အားပေးပြီး လိုအပ်တာတွေကို ပြင်ဆင်ပေးခဲ့တယ်။”

၁၃။ အဖြစ်ဆိုး တစ်ခုပြီးတစ်ခု ကြုံရချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ခံနိုင်ရည်ရှိဖို့ ရော်န်ဒါကို ဘယ်လိုကူညီပေးခဲ့သလဲ။

၁၃ ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားခြင်းက အဖြစ်ဆိုးတွေကို ခံနိုင်ရည်ရှိအောင်လည်း ကူညီပေးတယ်။ ညီအစ်မရော်န်ဒါ အဲဒီလိုပဲကြုံတွေ့ခဲ့ရတယ်။ ယေဟောဝါသက်သေမဟုတ်တဲ့ ခင်ပွန်းဖြစ်သူက သူ့ကို ကွာရှင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ မောင်ဖြစ်သူမှာ လူးပက်စ်လို့ခေါ်တဲ့ ရောဂါဆိုးတစ်မျိုး ခံစားနေရမှန်း သိလိုက်ရတယ်။ လအနည်းငယ်အကြာမှာ မောင်လေးရဲ့ဇနီး သေဆုံးသွားတယ်။ အဲဒီလိုစိတ်ချောက်ချားစရာ အဖြစ်ဆိုးတွေ ကြုံရပြီးနောက် စိတ်သက်သာလာတဲ့အခါ ရော်န်ဒါဟာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ ရှေ့ဆောင်စလုပ်ပြီးနောက်မှာ သူ့အမေ သေဆုံးသွားတယ်။ ဒီလိုအဖြစ်ဆိုးတွေကို သူဘယ်လိုခံရပ်နိုင်ခဲ့သလဲ။ “ယေဟောဝါနဲ့ ကျွန်မ နေ့တိုင်းဆက်သွယ်တယ်။ ဆုံးဖြတ်ချက်သေးသေးလေးဖြစ်နေရင်တောင် ဘုရားသခင်နဲ့တိုင်ပင်တယ်။ ဒီလိုလုပ်ခြင်းကြောင့် ယေဟောဝါဟာ ကျွန်မအတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကိုမဟုတ်ဘဲ ကိုယ်တော့်ကို အားကိုးတတ်လာတယ်။ ကျွန်မကို ဘုရားသခင် တကယ်ကူညီပေးခဲ့တယ်။ လိုအပ်နေတာအားလုံး ရရှိခဲ့တယ်။ ယေဟောဝါနဲ့ လက်တွဲလုပ်ဆောင်နေသလို ခံစားခဲ့ရတယ်” လို့ သူပြောတယ်။

မိသားစုအတွင်းမှာတောင် ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို စမ်းသပ်မှုဖြစ်စေနိုင်တဲ့ အခက်အခဲတွေ ကြုံတွေ့ရနိုင် (အပိုဒ် ၁၄–၁၆ ကိုကြည့်ပါ)

၁၄။ မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရတဲ့အခါ သင့်ကို ယေဟောဝါ ဘယ်လိုကူညီနိုင်သလဲ။

၁၄ ခက်ခဲတဲ့အခြေအနေ နောက်တစ်ခုကို စဉ်းစားကြည့်ပါ။ မိသားစုဝင်တစ်ယောက် နှင်ထုတ်ခံရတယ်ဆိုပါစို့။ နှင်ထုတ်ခံရသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို သင်သိတယ်။ (၁ ကော. ၅:၁၁; ၂ ယော. ၁၀) ဒါပေမဲ့ နှင်ထုတ်ခံရသူကိုလည်း သိပ်ချစ်တော့ ကျမ်းစာမိန့်မှာချက်ကို လိုက်နာဖို့ မဖြစ်နိုင်ဘူး၊ သိပ်ခက်တယ်လို့ ခံစားရနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကောင်းကင်ဖခင်က သူ့ကို သစ္စာရှိရှိ နာခံနိုင်ဖို့ သင့်ကို ခွန်အားပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်သလား။ ဒီအခြေအနေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးပိုခိုင်မြဲလာစေမယ့် အခွင့်အရေးဖြစ်တယ်လို့ သင် ယူမှတ်မလား။

၁၅။ ယေဟောဝါကို အာဒံ ဘာကြောင့် မနာခံခဲ့တာလဲ။

၁၅ ဒီကိစ္စနဲ့ပတ်သက်ပြီး ပထမလူသားအာဒံရဲ့ အခြေအနေကို စဉ်းစားကြည့်ပါ။ ယေဟောဝါကို မနာခံဘဲ ဆက်အသက်ရှင်နိုင်တယ်ဆိုပြီး သူယုံကြည်ခဲ့သလား။ မယုံကြည်ခဲ့ပါဘူး။ “အာဒံသည် လှည့်ဖြားခံခဲ့ရသည်မဟုတ်” လို့ ကျမ်းစာမှာပြောတယ်။ (၁ တိ. ၂:၁၄) ဒါဆို ယေဟောဝါကို သူဘာကြောင့် မနာခံခဲ့တာလဲ။ ယေဟောဝါထက် ဇနီးဖြစ်သူဧဝကို ပိုချစ်လို့ သူပေးတဲ့အသီးကို စားလိုက်တာဖြစ်တယ်။ ယေဟောဝါရဲ့ မိန့်မှာချက်ကို နာခံမယ့်အစား မိန်းမစကား နားထောင်ခဲ့တယ်။—က. ၃:၆၊ ၁၇

၁၆။ ကျွန်တော်တို့ အချစ်ရဆုံးသူဟာ ဘယ်သူဖြစ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၆ ဒီအချက်က ဆွေမျိုးတွေကို မချစ်ရတော့ဘူးလို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ အဲဒီအစား ကျွန်တော်တို့အချစ်ရဆုံးသူဟာ ယေဟောဝါ ဖြစ်သင့်တယ်ဆိုတာ သင်ပေးတယ်။ (မဿဲ ၂၂:၃၇၊ ၃၈ ကိုဖတ်ပါ။) တကယ်တော့ အဲဒါက ဆွေမျိုးတွေ ယေဟောဝါကို ဝတ်ပြုသည်ဖြစ်စေ၊ မဝတ်ပြုသည်ဖြစ်စေ သူတို့ကို အကျိုးပြုတယ်။ ဒါကြောင့် ယေဟောဝါကို ချစ်တဲ့မေတ္တာတိုးများလာအောင်၊ ကိုယ်တော့်ကို ပိုယုံကြည်ကိုးစားလာအောင် လုပ်ဆောင်နေပါ။ နှင်ထုတ်ခံထားရတဲ့ မိသားစုဝင်အတွက် စိုးရိမ်နေတယ်ဆိုရင် သင်ခံစားနေရတာအားလုံး ယေဟောဝါကို ဆုတောင်းပြောပြပါ။ * (ရော. ၁၂:၁၂; ဖိ. ၄:၆၊ ၇) အရမ်းနာကျင်ခံစားနေရတယ်ဆိုရင်တောင် ဒီအခြေအနေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲလာစေမယ့် အခွင့်အရေးဖြစ်တယ်လို့ ယူမှတ်ပါ။ အဲဒီအခါ ယေဟောဝါကို နာခံခြင်းက အကောင်းဆုံးရလဒ်ရရှိစေမယ်ဆိုတဲ့ အသိစိတ်နဲ့ ကိုယ်တော့်ကို ယုံကြည်ကိုးစားနိုင်ပါလိမ့်မယ်။

စောင့်ဆိုင်းနေရင်း

ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြပါ (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေမယ်ဆိုရင် ယေဟောဝါဘာလုပ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်သလဲ။

၁၇ ယေဟောဝါက ပေါလုကို “ခြင်္သေ့၏ခံတွင်း” ကနေ ဘာကြောင့် ကယ်တင်ခဲ့တာလဲ။ “ငါ့အားဖြင့် ဟောပြောခြင်းလုပ်ငန်း အကုန်အစင် ပြီးမြောက်စေရန်” ဖြစ်တယ်လို့ ပေါလုပြောတယ်။ (၂ တိ. ၄:၁၇) ယေဟောဝါက ကျွန်တော်တို့ကိုလည်း “သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်း ပေးအပ်ထားပြီး သူ့ရဲ့ “လုပ်ဖော်ဆောင်ဖက်” အဖြစ် ယူမှတ်တယ်။ (၁ သက်. ၂:၄; ၁ ကော. ၃:၉) ဒီလုပ်ငန်းမှာ အတတ်နိုင်ဆုံး အလုပ်များနေမယ်ဆိုရင် ကျွန်တော်တို့ လိုအပ်သမျှကို ယေဟောဝါပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (မ. ၆:၃၃) အဲဒီအပြင် ဆုတောင်းချက်တွေကို ယေဟောဝါဖြေကြားပေးမယ့် အချိန်ကို စောင့်ဆိုင်းရတာလည်း လွယ်ကူလာပါလိမ့်မယ်။

၁၈။ ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ ကိုယ်တော်နဲ့ဆက်ဆံရေး ပိုခိုင်မြဲလာဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲ။

၁၈ ဒါကြောင့် နေ့ရက်တိုင်း ယေဟောဝါနဲ့ဆက်ဆံရေး ခိုင်မြဲလာအောင် လုပ်ဆောင်ပါ။ အခက်အခဲတွေ ကြုံရပြီး စိုးရိမ်ပူပန်လာတဲ့အခါ အဲဒါကို ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲလာစေမယ့် အခွင့်အရေးအဖြစ် အသုံးချပါ။ ဘုရားသခင့် နှုတ်မြွက်စကားတော် ကျမ်းစာကို ဖတ်ရှုလေ့လာ၊ တွေးတောဆင်ခြင်ပါ။ ယေဟောဝါဆီ အမြဲဆုတောင်းပါ။ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေပါ။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် အခုရော အနာဂတ်မှာပါ ဘယ်အခက်အခဲကိုမဆို ခံနိုင်ရည်ရှိအောင် ယေဟောဝါကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

^ စာပိုဒ်၊ 2 ပေါလုဟာ တကယ့်ခြင်္သေ့တွေရဲ့ရန်ကနေ ကယ်နုတ်ခံရတာဖြစ်နိုင်သလို တခြားအန္တရာယ်ရှိအခြေအနေကနေ ကယ်နုတ်ခံရတာလည်း ဖြစ်နိုင်တယ်။

^ စာပိုဒ်၊ 10 ကျန်းမာရေးပြဿနာကြုံနေရတဲ့ ခရစ်ယာန်တွေကိုရော သူတို့ကို ကြည့်ရှုစောင့်ရှောက်သူတွေကိုပါ ကူညီပေးနိုင်ဖို့ ဆောင်းပါးတွေ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။ ၁၉၉၄၊ ဖေဖော်ဝါရီ ၈ [လိပ်]၁၉၉၇၊ ဖေဖော်ဝါရီ ၈ [လိပ်]၂၀၀၀၊ မေ ၂၂ [လိပ်]၂၀၀၂၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်းတွေကို ကြည့်ပါ။

^ စာပိုဒ်၊ 12 နာမည်တွေကို ပြောင်းထားပါတယ်။

^ စာပိုဒ်၊ 16 ယေဟောဝါကို မိသားစုဝင်တစ်ဦးစွန့်သွားတဲ့အခါ ကူညီပေးနိုင်ဖို့ ဆောင်းပါးတွေ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။ ကင်းမျှော်စင် ၂၀၀၆၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၁၇-၂၁ နဲ့ ၂၀၀၇၊ ဇန်နဝါရီ ၁၅၊ စာမျက်နှာ ၁၇-၂၀ တို့ကိုကြည့်ပါ။