မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ဘယ်လောက်ခိုင်မြဲသလဲ

ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ဘယ်လောက်ခိုင်မြဲသလဲ

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာ. ၄:၈

၁။ ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲအောင် လုပ်ဆောင်ဖို့ ဘာကြောင့် လိုအပ်သလဲ။

သင်ဟာ နှစ်ခြင်းခံပြီးသား ကျေးကျွန်တစ်ယောက်ဖြစ်မယ်ဆိုရင် သိပ်တန်ဖိုးရှိတဲ့အရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေး ရှိခြင်းပါပဲ။ ဒါပေမဲ့ စာတန့်လောက,က အဲဒီဆက်ဆံရေးပျက်သွားအောင် တိုက်ခိုက်နေတယ်။ ကိုယ်တိုင်ရဲ့ မစုံလင်မှုကလည်း အဲဒီဆက်ဆံရေးကို အားနည်းစေနိုင်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲသည်ထက်ခိုင်မြဲအောင် လုပ်ဆောင်ရမယ်။

၂။ ယေဟောဝါနဲ့ ဆက်ဆံရေးပိုခိုင်မြဲအောင် ဘာလုပ်ရမလဲ။

ယေဟောဝါဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလား။ ကိုယ်တော်ဟာ သင့်မိတ်ဆွေဖြစ်တယ်လို့ ခံစားရသလား။ ကိုယ်တော်နဲ့ ဆက်ဆံရေး ပိုခိုင်မြဲချင်သလား။ ယာကုပ် ၄:၈ မှာ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ပြောထားတယ်။ ဆက်ဆံရေးလို့ပြောတဲ့အခါ နှစ်ဖက်နှစ်လမ်းကိစ္စဖြစ်တယ်။ ယေဟောဝါဆီ သင် ချဉ်းကပ်မယ်ဆိုရင် ကိုယ်တော်လည်း သင့်ဆီ ချဉ်းကပ်ပါလိမ့်မယ်။ သင် အဲဒီလိုလုပ်ဆောင်တဲ့အခါ ကိုယ်တော်က သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက် ပိုဖြစ်လာပါလိမ့်မယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးပိုခိုင်မြဲလာပြီး ယေရှုလိုတောင် ခံစားရပါလိမ့်မယ်။ ယေရှုက ‘ငါ့ကို စေလွှတ်တော်မူသောအရှင်သည် အမှန်တည်ရှိတော်မူ၏။ ထိုအရှင်ကို ငါသိ၏’ လို့ပြောခဲ့တယ်။ (ယော. ၇:၂၈၊ ၂၉) ဒါပေမဲ့ ယေဟောဝါဆီ ချဉ်းကပ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ။

ဘုရားသခင်ကို သင် ဘယ်လိုဆက်သွယ်နိုင်သလဲ (အပိုဒ် ၃ ကိုကြည့်ပါ)

၃။ ယေဟောဝါနဲ့ ဘယ်လို ဆက်သွယ်နိုင်သလဲ။

ယေဟောဝါဆီ ချဉ်းကပ်ချင်ရင် ကိုယ်တော်နဲ့ ပုံမှန်ဆက်သွယ်ဖို့ လိုအပ်တယ်။ ဘယ်လို လုပ်ဆောင်နိုင်သလဲ။ ရပ်ဝေးမှာနေတဲ့ မိတ်ဆွေတစ်ယောက်နဲ့ သင် ဘယ်လိုဆက်သွယ်နိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ သူ့ဆီ မကြာခဏ စာရေးနိုင်တယ်။ ဖုန်းနဲ့စကားပြောနိုင်တယ်။ အဲဒီလိုပဲ ယေဟောဝါဆီ ပုံမှန်ဆုတောင်းတာက ကိုယ်တော့်ကို စကားပြောနေတာဖြစ်တယ်။ (ဆာလံ ၁၄၂:၂ ကိုဖတ်ပါ။) ယေဟောဝါကရော သင့်ကို ဘယ်လိုစကားပြောသလဲ။ ကိုယ်တော့်နှုတ်မြွက်စကားဖြစ်တဲ့ ကျမ်းစာကို ပုံမှန်ဖတ်ရှုပြီး တွေးတောဆင်ခြင်ခြင်းက သင့်ကို စကားပြောဖို့ ကိုယ်တော့်ကို အခွင့်ပေးနေတာဖြစ်တယ်။ (ဟေရှာယ ၃၀:၂၀၊၂၁ ကိုဖတ်ပါ။) အဲဒီလိုပုံမှန်ဆက်သွယ်ခြင်းက ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို ဘယ်လိုခိုင်မြဲစေနိုင်တယ်၊ ကိုယ်တော်နဲ့ မိတ်ဆွေစစ် ဘယ်လိုဖြစ်စေနိုင်တယ်ဆိုတာ လေ့လာကြည့်ကြစို့။

ကျမ်းစာလေ့လာခြင်းအားဖြင့် ယေဟောဝါကို စကားပြောခွင့်ပေးပါ

၄၊ ၅။ ကျမ်းစာကတစ်ဆင့် သင့်ကို ယေဟောဝါ ဘယ်လိုဆက်သွယ်သလဲ။ ဥပမာပေးပါ။

ကျမ်းစာမှာ လူအားလုံးအတွက် ဘုရားသခင့်သတင်းစကား ပါရှိတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ကျမ်းစာက ဘုရားသခင်နဲ့ ရင်းနှီးလာအောင် သင့်ကို ကူညီပေးနိုင်သလား။ ကူညီပေးနိုင်ပါတယ်။ ကျမ်းစာကို ပုံမှန်ဖတ်ရှုလေ့လာတဲ့အခါ ဖတ်တဲ့အရာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရတယ်ဆိုတာ သတိထားကြည့်ပါ။ ပြီးနောက် သိရှိလာတာတွေကို ဘယ်လိုကျင့်သုံးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီလိုလုပ်ဆောင်ခြင်းက သင့်ကို စကားပြောဖို့ ယေဟောဝါကို အခွင့်ပေးနေတာဖြစ်တယ်။ ကိုယ်တော်ဟာ သင့်မိတ်ဆွေဖြစ်လာပြီး သင်လည်း ကိုယ်တော်နဲ့ ရင်းနှီးလာပါလိမ့်မယ်။—ဟေဗြဲ ၄:၁၂; ယာ. ၁:၂၃-၂၅

ဥပမာအနေနဲ့ “မြေကြီးပေါ်မှာ ဘဏ္ဍာကို မစုဆောင်းကြနှင့်တော့” ဆိုတဲ့ ယေရှုရဲ့စကားကို ဖတ်ရတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ ဘဝမှာ ယေဟောဝါကို ဦးစားထားဖို့ သင်အတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုရင်တော့ ကိုယ်တော့်နှစ်သက်မှု ရနေတယ်လို့ ခံစားရမှာဖြစ်တယ်။ ဒါပေမဲ့ ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့၊ ဘုရားအမှုဆောင်ခြင်းကို ပိုအာရုံစိုက်ဖို့ လိုအပ်နေတယ်လို့ သိလာတယ်ဆိုရင်ကော။ သင့်ကို ယေဟောဝါ ကူညီပေးနိုင်ပါတယ်။ အဲဒီအခါ ကိုယ်တော့်ဆီချဉ်းကပ်ဖို့ သင်လုပ်ဆောင်ရမယ့်အရာကို သဘောပေါက်လာပါလိမ့်မယ်။—မ. ၆:၁၉၊ ၂၀

၆၊ ၇။ (က) ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော်တို့နဲ့ ယေဟောဝါကြား ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲ။ (ခ) ဘာရည်ရွယ်ချက်နဲ့ ကျမ်းစာလေ့လာသင့်သလဲ။

ကျမ်းစာကို လေ့လာတဲ့အခါ ယေဟောဝါရဲ့အမှုကို ပိုထမ်းဆောင်နိုင်ဖို့ ဘာတွေပြောင်းလဲရမယ်ဆိုတာ သိလာတယ်။ အဲဒီအပြင် ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေနဲ့ အရည်အသွေးကောင်းတွေကိုလည်း သိလာတယ်။ အဲဒီအခါ ကိုယ်တော့်ကို ပိုချစ်လာတယ်။ ကိုယ်တော်လည်း ကျွန်တော်တို့ကို ပိုချစ်လာတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပိုခိုင်မြဲလာတယ်။၁ ကောရိန္သု ၈:၃ ကိုဖတ်ပါ။

ဒါပေမဲ့ ယေဟောဝါဆီ ချဉ်းကပ်ချင်တယ်ဆိုရင် ကျမ်းစာကိုလေ့လာတဲ့ ရည်ရွယ်ချက် မှန်ရမယ်။ “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်” လို့ ယေရှုပြောတယ်။ (ယော. ၁၇:၃) ကျမ်းစာဖတ်တဲ့အခါ စိတ်ဝင်စားစရာ အကြောင်းအရာအသစ်တွေ သိလာတာ မှန်ပါတယ်။ ဒါပေမဲ့ အဓိကရည်ရွယ်ချက်ကတော့ ယေဟောဝါကို တကယ့်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပိုသိကျွမ်းလာဖို့ ဖြစ်သင့်တယ်။ထွက်မြောက်ရာ ၃၃:၁၃ ကိုဖတ်ပါ *; ဆာ. ၂၅:၄

၈။ (က) ဘုရင်သြဇိကို ယေဟောဝါ ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး တချို့ ဘယ်လိုခံစားရနိုင်သလဲ။ (ခ) သင်ဟာ ယေဟောဝါကို သိကျွမ်းမယ်ဆိုရင် ကိုယ်တော့်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရမလဲ။

ယေဟောဝါနဲ့ ပိုရင်းနှီးလာတဲ့အခါ ကိုယ်တော့်လုပ်ရပ်တစ်ခုခုနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ အကြောင်းရင်း မဖော်ပြထားရင်တောင် စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး။ ဥပမာ၊ ယုဒဘုရင်သြဇိခေတ်မှာ လူတွေဟာ မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။ သြဇိကတော့ သူတို့လိုမဟုတ်ဘဲ ‘ယေဟောဝါရဲ့ အမြင်မှာ မှန်ရာကို ဆက်လုပ်တယ်။’ (၄ ရာ. ၁၅:၁-၅ကဘ) ဒါပေမဲ့ ယေဟောဝါက သြဇိကို အနူရောဂါနဲ့ ဒဏ်ခတ်လိုက်တယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းကို အဲဒီကျမ်းမှတ်တမ်းမှာ မဖော်ပြထားဘူး။ ဒီမှတ်တမ်းကိုဖတ်ရတဲ့အခါ ယေဟောဝါနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။ သြဇိကို အကြောင်းမရှိဘဲ ဒဏ်ခတ်လိုက်လို့ ယေဟောဝါ မတရားဘူးလို့ ခံစားရပြီး စနိုးစနောင့်ဖြစ်မိသလား။ သင်သာ ယေဟောဝါကို ကောင်းကောင်း သိကျွမ်းမယ်ဆိုရင် အဲဒီလို ခံစားရမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့နည်းလမ်းတွေဟာ အမြဲမှန်ကန်တယ်၊ ကိုယ်တော်က ‘တော်ရုံတန်ရုံပဲ ဆုံးမ’ တယ်ဆိုတာ သင်သိတယ်။ (ယေ. ၃၀:၁၁ကဘ) ဒါကြောင့် သြဇိကို ယေဟောဝါ ဒဏ်ခတ်ရတဲ့အကြောင်းရင်းကို မသိရင်တောင် ယေဟောဝါရဲ့လုပ်ရပ် မှန်ကန်တယ်ဆိုတာ သင် ယုံကြည်စိတ်ချနိုင်တယ်။

၉။ ဘယ်အသေးစိတ်အချက်တွေက သြဇိကို ယေဟောဝါ ဒဏ်ခတ်ရတဲ့အကြောင်းရင်းကို နားလည်စေသလဲ။

ကျမ်းစာမှာ ဘုရင်သြဇိအကြောင်း အသေးစိတ်ဖော်ပြထားတာ ရှိပါတယ်။ ၂ ရာဇဝင်ချုပ် ၂၆:၃-၅၊ ၁၆-၂၁ (ကဘ) မှာ သြဇိဟာ ‘ယေဟောဝါရဲ့ အမြင်မှာ မှန်ရာကို’ လုပ်တယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ သူ ‘စိတ်မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်’ လို့လည်း ဆက်ဖော်ပြတယ်။ သြဇိဟာ ယဇ်ပုရောဟိတ်တွေပဲ လုပ်ခွင့်ရှိတဲ့အရာကို လုပ်ဖို့ ကြိုးစားခဲ့တယ်။ ယဇ်ပုရောဟိတ် ရှစ်ဆယ့်တစ်ယောက်က သူ့ကို တားခဲ့တယ်။ ဒါပေမဲ့ သူတို့ကို အကြီးအကျယ်ဒေါသထွက်တယ်။ ဒါက သူဘယ်လောက် မာနတက်နေတယ်ဆိုတာ ပြလိုက်တာပဲ။ ဒီအသေးစိတ်အချက်တွေက သြဇိကို ယေဟောဝါ ဘာကြောင့် အနူရောဂါနဲ့ဒဏ်ခတ်တယ်ဆိုတာ နားလည်စေတယ်။

ယေဟောဝါကို ပိုသိကျွမ်းလာလေ ကိုယ်တော့်လုပ်ရပ်တွေ အမြဲမှန်တယ်ဆိုတာ ပိုယုံကြည်စိတ်ချလာလေ ဖြစ်ပါလိမ့်မယ်

၁၀။ ဘုရားသခင့်လုပ်ရပ် မှန်သမျှရဲ့ အကြောင်းရင်းတွေကို သိဖို့ ဘာကြောင့် မလိုအပ်သလဲ။ ယေဟောဝါရဲ့လုပ်ရပ် အမြဲမှန်တယ်ဆိုတာ ဘယ်လို ပိုယုံကြည်စိတ်ချလာနိုင်သလဲ။

၁၀ ဒီကနေ ဘာသင်ခန်းစာ ရသလဲ။ ဘုရင်သြဇိမှတ်တမ်းမှာ သူ့ကို ယေဟောဝါ ဒဏ်ခတ်ရတဲ့ အကြောင်းရင်းကို နားလည်ဖို့ အသေးစိတ်အချက်အလက်တွေ ဖော်ပြထားတယ်။ ဒါပေမဲ့ တချို့အကြောင်းအရာတွေကို ကျမ်းစာမှာ အသေးစိတ်မဖော်ပြထားတဲ့အခါ ဘယ်လိုလုပ်မလဲ။ ယေဟောဝါရဲ့လုပ်ရပ် မှန်ရဲ့လားလို့ သင် သံသယဝင်မလား။ ဒါမှမဟုတ် ယေဟောဝါရဲ့လုပ်ရပ် အမြဲမှန်တယ်ဆိုတာကို ယုံကြည်စိတ်ချဖို့ ကျမ်းစာမှာ အချက်အလက်အလုံအလောက် ပါရှိတယ်လို့ ယူမှတ်မလား။ (တရား. ၃၂:၄) ယေဟောဝါကို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပိုသိကျွမ်းလာတဲ့အခါ ဘုရားသခင့်လုပ်ရပ် မှန်သမျှရဲ့ အကြောင်းရင်းတွေကို သိဖို့မလိုတော့တဲ့အထိ ကိုယ်တော့်ကို ပိုချစ်ပြီး ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။ ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါက သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ဆာ. ၇၇:၁၂၊ ၁၃

ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို စကားပြောပါ

၁၁–၁၃။ ဆုတောင်းချက်တွေကို ယေဟောဝါနားထောင်တယ်ဆိုတာ သင် ဘယ်လိုသိနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ကျွန်တော်တို့က ဆုတောင်းခြင်းအားဖြင့် ယေဟောဝါဆီ ချဉ်းကပ်တယ်။ ကိုယ်တော့်ကို ချီးမွမ်းတယ်၊ ကျေးဇူးတင်တယ်၊ အကူအညီတောင်းတယ်။ (ဆာ. ၃၂:၈) ဒါပေမဲ့ ယေဟောဝါနဲ့ တကယ်ရင်းနှီးချင်တယ်ဆိုရင် ဆုတောင်းချက်တွေကို ကိုယ်တော် နားထောင်တယ်ဆိုတာ ယုံကြည်စိတ်ချရမယ်။

၁၂ ဆုတောင်းချက်တွေကိုဘုရားသခင်နားမထောင်ဘူး၊ ဆုတောင်းခြင်းဟာ စိတ်ကုထုံးတစ်ခုသာဖြစ်တယ်လို့ လူတချို့ ပြောကြတယ်။ ဆုတောင်းခြင်းက ကိုယ့်ရဲ့ပြဿနာနဲ့ ဖြေရှင်းနည်းကို သေချာသိလာဖို့လောက်သာ ကူညီပေးတယ်လို့ သူတို့ထင်ကြတယ်။ အဲဒီလိုကူညီပေးတာ မှန်ပါတယ်။ ဒါပေမဲ့ သင်ဆုတောင်းတဲ့အခါ ယေဟောဝါ အမှန်တကယ်နားထောင်ပါတယ်။ ဘယ်လိုသိနိုင်သလဲ။

ဆုတောင်းချက်တွေကို ယေဟောဝါနားထောင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်

၁၃ ဒီအချက်ကို စဉ်းစားကြည့်ပါ။ ယေရှု မြေကြီးပေါ်မလာခင်တုန်းက လူသားကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားခဲ့တာ သူသိတယ်။ မြေကြီးပေါ်ရောက်လာတဲ့အခါ သူ့ရဲ့အတွေးနဲ့ ခံစားချက်အားလုံးကို ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ တစ်ကြိမ်မှာဆိုရင် တစ်ညလုံးတောင် ဆုတောင်းခဲ့တယ်။ (လု. ၆:၁၂; ၂၂:၄၀-၄၆) ဆုတောင်းချက်တွေကို ယေဟောဝါ တကယ်နားမထောင်ဘူးလို့သာ ယေရှုသိထားခဲ့ရင် အဲဒီလို ဆုတောင်းပါ့မလား။ နောက်လိုက်တွေကိုလည်း ယေဟောဝါဆီ ဘယ်လိုဆုတောင်းရမယ်ဆိုတာ သင်ပေးခဲ့တယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ နားမထောင်ဘူးလို့သာ ယေရှုသိထားရင် အဲဒီလို သင်ပေးပါ့မလား။ ဒါကြောင့် ဆုတောင်းချက်တွေကို ယေဟောဝါ တကယ်နားထောင်တယ်ဆိုတာ ယေရှုသိမှန်း ထင်ရှားတယ်။ ‘အဖ၊ ကျွန်တော့်စကားကို နားညောင်းတဲ့အတွက် ကျေးဇူးကြီးလှပါတယ်။ ကျွန်တော့်စကားကို ကိုယ်တော် အမြဲနားညောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်’ လို့တောင် ယေရှုပြောခဲ့တယ်။ ကျွန်တော်တို့လည်း ဆုတောင်းချက်တွေကို ယေဟောဝါနားထောင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ယော. ၁၁:၄၁၊ ၄၂; ဆာ. ၆၅:၂

၁၄၊ ၁၅။ (က) တိတိကျကျဆုတောင်းခြင်းကနေ ဘယ်လိုအကျိုးရရှိသလဲ။ (ခ) ကေသီရဲ့ဆုတောင်းချက်က ယေဟောဝါနဲ့ဆက်ဆံရေးခိုင်မြဲလာအောင် သူ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။

၁၄ သင့်ဆုတောင်းချက်တွေရဲ့အဖြေဟာ အမြဲသိသာထင်ရှားချင်မှ ထင်ရှားမယ်။ ဒါပေမဲ့ တိတိကျကျဆုတောင်းတဲ့အခါ ယေဟောဝါရဲ့ ဖြေကြားချက်ကို ပိုကွဲကွဲပြားပြားသိလာနိုင်ပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ သင့်ရဲ့စိုးရိမ်ပူပန်မှုမှန်သမျှကို ပွင့်ပွင့်လင်းလင်း ဆုတောင်းပြောပြမယ်ဆိုရင် ကိုယ်တော်လည်း သင့်ဆီ ချဉ်းကပ်ပါလိမ့်မယ်။

၁၅ ဥပမာ၊ ကေသီဟာ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်ပေမဲ့ ဒီလုပ်ငန်းကို မကြိုက်ဘူး။ * “အမှုဆောင်သွားရတာကို ကျွန်မ မကြိုက်ဘူး။ လုံးဝကို မကြိုက်တာ” လို့ သူပြောတယ်။ အလုပ်ကနေ အငြိမ်းစားယူပြီးနောက် အကြီးအကဲတစ်ယောက်က သူ့ကို မှန်မှန်ရှေ့ဆောင်လုပ်ဖို့ အားပေးတယ်။ “ကျွန်မကို မှန်မှန်ရှေ့ဆောင်လျှောက်လွှာတောင် ယူလာပေးတယ်။ ဒါနဲ့ ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကစပြီး လယ်ကွင်းလုပ်ငန်းကို နှစ်သက်လာအောင် ကူညီပေးပါလို့ ယေဟောဝါဆီ နေ့တိုင်း ဆုတောင်းတော့တယ်” လို့ သူပြောတယ်။ သူ့ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးသလား။ ရှေ့ဆောင်လုပ်ငန်းမှာ သုံးနှစ်ပါဝင်ပြီးနောက် သူ အခုလိုပြောတယ်– “အမှုဆောင်လုပ်ငန်းမှာ အချိန်များများပါဝင်ရတဲ့အပြင် တခြားညီအစ်မတွေဆီကနေ ပိုသင်ယူသိရှိလာတဲ့အတွက် ဟောပြောခြင်းစွမ်းရည် တဖြည်းဖြည်း တိုးတက်လာတယ်။ အခုဆိုရင် လယ်ကွင်းလုပ်ငန်းကို ကြိုက်ရုံမက မြတ်နိုးလာပြီ။ ယေဟောဝါနဲ့ ဆက်ဆံရေးလည်း အရင်ကထက် အများကြီးပိုကောင်းလာတယ်။” ကေသီရဲ့ဆုတောင်းချက်က ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲလာအောင် သူ့ကို တကယ်ကူညီပေးခဲ့တယ်။

ယေဟောဝါနဲ့ဆက်ဆံရေးခိုင်မြဲအောင် အမြဲလုပ်ဆောင်ပါ (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)

သင့်အပိုင်းကို လုပ်ဆောင်ပါ

၁၆၊ ၁၇။ (က) ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲနေအောင် ဘာလုပ်ဆောင်ရမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်းဆွေးနွေးမလဲ။

၁၆ ကျွန်တော်တို့က ယေဟောဝါဆီ ထာဝစဉ်ချဉ်းကပ်နိုင်တယ်။ ဒါကြောင့် ကျမ်းစာပုံမှန်လေ့လာခြင်းအားဖြင့် ကိုယ်တော်စကားပြောတာကို နားထောင်ပါ။ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော့်ကို စကားပြောပါ။ အဲဒီလို လုပ်ဆောင်မယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲသည်ထက် ခိုင်မြဲလာပါလိမ့်မယ်။ စမ်းသပ်မှုတွေကို ခံရပ်နိုင်အောင် ကိုယ်တော်ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့က ယေဟောဝါဆီ ထာဝစဉ်ချဉ်းကပ်နိုင်တယ်

၁၇ ဒါပေမဲ့ တစ်ခါတလေ ယေဟောဝါကို ပုံမှန်ဆုတောင်းနေတဲ့ကြားက ပြဿနာတွေ မပြေလည်ဘဲ ဆက်ရှိနေတာမျိုး ဖြစ်နိုင်တယ်။ အဲဒီလို အခါမျိုးမှာ ယေဟောဝါကို ယုံကြည်စိတ်ချမှု အားနည်းလာနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါနားမထောင်ဘူးလို့ ခံစားရလာနိုင်တယ်။ ကျွန်တော်တို့ဟာ ကိုယ်တော့်မိတ်ဆွေမှ ဟုတ်ရဲ့လားလို့ သံသယဝင်လာနိုင်တယ်။ သင် အဲဒီလိုခံစားနေရတယ်ဆိုရင် ဘာလုပ်ဆောင်နိုင်သလဲ။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 7 ထွက်မြောက်ရာ ၃၃:၁၃ (ကဘ)– ‘ကျွန်တော်ဟာ စိတ်တော်နဲ့တွေ့တဲ့သူဆိုရင် ကိုယ်တော့်ကိုသိပြီး မျက်နှာသာဆက်ရနိုင်ဖို့ နည်းလမ်းတော်တွေအကြောင်း သင်ပေးပါ။ ဒီလူမျိုးဟာ ကိုယ်တော့်လူမျိုးပဲဆိုတာကိုလည်း သတိရလှည့်ပါ။’

^ စာပိုဒ်၊ 15 နာမည် ပြောင်းထားပါတယ်။