မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးတာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားကြသလဲ

အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးတာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားကြသလဲ

‘အရာအားလုံးမှာ သတ်မှတ်ထားတဲ့အချိန်ရှိတယ်။’—ဒေ. ၃:၁၊ ကဘ။

၁၊ ၂။ အသင်းတော်များစွာမှာ ဘယ်အချက်ကို တိုက်နယ်ကြီးကြပ်မှူးတွေ သတိထားမိသလဲ။

တိုက်နယ်ကြီးကြပ်မှူးဟာ သူ့လည်ပတ်မှုအတွင်း အကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်နေတယ်။ အလုပ်ကြိုးစားတဲ့ ဒီအကြီးအကဲတွေကို သူသိပ်ချစ်တယ်။ သူတို့ထဲကတချို့ဟာ သူ့အဖေအရွယ်လောက်ရှိတယ်။ ဒါပေမဲ့ သူ စိုးရိမ်မိတဲ့ကိစ္စတစ်ခုရှိတယ်။ ဒါနဲ့ အစည်းအဝေးပြီးခါနီးမှာ “ညီအစ်ကိုတို့၊ အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ထမ်းဆောင်နိုင်အောင် တခြားသူတွေကို လေ့ကျင့်ပေးဖို့ ဘာတွေလုပ်နေသလဲ” လို့ အကြီးအကဲတွေကို မေးလိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက် တိုက်နယ်အပတ်မှာ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ သူမှာခဲ့တာကို ဒီအကြီးအကဲတွေ မှတ်မိတယ်။ နောက်ဆုံး၊ အကြီးအကဲတစ်ယောက်က “ဘာမှမလုပ်ဖြစ်သလောက်ပဲ” လို့ ပြောတဲ့အခါ တခြားအကြီးအကဲတွေလည်း ခေါင်းညိတ်ထောက်ခံကြတယ်။

သင်လည်း အကြီးအကဲတစ်ယောက်ဖြစ်မယ်ဆိုရင် အဲဒီလို ဖြေကောင်းဖြေပါလိမ့်မယ်။ အသင်းတော်ကို ကူညီစောင့်ရှောက်နိုင်အောင် လူကြီးလူငယ် ညီအစ်ကိုတွေကို လေ့ကျင့်ပေးရာမှာ အကြီးအကဲတွေအနေနဲ့ အချိန်ပိုအသုံးပြုဖို့ လိုအပ်နေတယ်ဆိုတာ တိုက်နယ်ကြီးကြပ်မှူးတွေ သတိထားမိတယ်။ ဒါပေမဲ့ အဲဒီလိုလေ့ကျင့်ပေးဖို့ မလွယ်ဘူး။ ဘာကြောင့်လဲ။

၃။ (က) တခြားသူတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးတယ်ဆိုတာ ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။ ဒီလေ့ကျင့်မှုကို ကျွန်တော်တို့အားလုံး ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။) (ခ) တခြားသူတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတချို့အတွက် ဘာကြောင့် ခက်ခဲနိုင်သလဲ။

အကြီးအကဲတစ်ယောက်အနေနဲ့ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ အရေးကြီးမှန်း သင်သိပါတယ်။ * လက်ရှိအချိန်မှာ အသင်းတော်တွေ ခိုင်ခံ့နေဖို့၊ အနာဂတ်မှာ အသင်းတော်သစ်တွေကို ကူညီပေးဖို့ ညီအစ်ကိုတွေ ပိုလိုအပ်နေမှန်းလည်း သိထားတယ်။ (ဟေရှာယ ၆၀:၂၂ ကိုဖတ်ပါ။) ‘အခြားသူများကို သွန်သင်ပေး’ ရမယ်လို့ ကျမ်းစာမှာ ပြောတယ်။ (၂ တိမောသေ ၂:၂ ကိုဖတ်ပါ။) ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ခက်ကောင်းခက်ပါလိမ့်မယ်။ မိသားစုရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရတာကတစ်ဖက်၊ အလုပ်ကတစ်ဖက်၊ ဒီကြားထဲ အသင်းတော်ရဲ့ လိုအပ်ရာတွေနဲ့ တခြားအရေးကြီးကိစ္စတွေကိုလည်း လုပ်ဆောင်ရသေးတယ်။ လုပ်စရာများလွန်းတဲ့အတွက် တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်ယူရမယ်။ ဒီလိုလုပ်ဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

လေ့ကျင့်ပေးခြင်းဟာ အရေးကြီးကိစ္စဖြစ်

၄။ တစ်ခါတလေ အကြီးအကဲတွေဟာ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ဘာကြောင့် နှောင့်နှေးနေသလဲ။

တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ ဘာကြောင့်ခက်ခဲနိုင်သလဲ။ ‘အသင်းတော်ရဲ့ တခြားကိစ္စတွေက ပိုအရေးကြီးတယ်။ ချက်ချင်းလုပ်ရမယ်။ တခြားသူတွေကို ချက်ချင်းမလေ့ကျင့်ပေးလို့လည်း အသင်းတော်ကို ဘာမှကြီးကြီးမားမား မထိခိုက်သွားပါဘူး’ လို့ တချို့ တွေးမိကောင်းတွေးမိလိမ့်မယ်။ အဲဒါ မှန်သလား။ တချို့ကိစ္စတွေကို ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ နှောင့်နှေးနေခြင်းက အသင်းတော်ကို ထိခိုက်စေနိုင်တယ်။

၅၊ ၆။ ယာဉ်မောင်းပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ အဲဒီပုံဥပမာကို အသင်းတော်မှာ လေ့ကျင့်ပေးခြင်းနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်သလဲ။

ဥပမာတစ်ခုကို စဉ်းစားကြည့်ပါ။ ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းဖို့ဆိုရင် အင်ဂျင်ဝိုင် မှန်မှန်လဲပေးရမယ်။ ဒါပေမဲ့ ယာဉ်မောင်းဟာ အင်ဂျင်ဝိုင်လဲတာထက် လောင်စာဆီဖြည့်ဖို့ ပိုအရေးကြီးတယ်၊ လောင်စာမရှိရင် ကားမောင်းလို့ ရမှာမဟုတ်ဘူးလို့ ထင်မိနိုင်တယ်။ လောလောဆယ်လည်း အလုပ်များနေတော့ နောက်မှပဲ အင်ဂျင်ဝိုင်လဲတော့မယ်လို့ သူစဉ်းစားမိနိုင်တယ်။ အချိန်အတိုင်းအတာတစ်ခုထိတော့ ကားမောင်းလို့ ရနေမယ်။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင် အန္တရာယ်ရှိတယ်။ လိုအပ်တဲ့အချိန်မှာ အင်ဂျင်ဝိုင်မလဲပေးရင် အနှေးနဲ့အမြန်ဆိုသလို ကားပျက်သွားလိမ့်မယ်။ နောက်ဆုံး ကားကိုပြင်ဖို့ အချိန်နဲ့ငွေ အများကြီးကုန်ရလိမ့်မယ်။ သင်ခန်းစာက ဘာလဲ။

အကြီးအကဲတွေဟာ အရေးကြီးကိစ္စတွေကို ချက်ချင်းလုပ်ဆောင်ရမယ်။ အဲဒီလိုမလုပ်ရင် အသင်းတော်ကို ထိခိုက်နိုင်တယ်။ ယာဉ်မောင်းဟာ လောင်စာဆီမှန်မှန်ဖြည့်ဖို့ လိုအပ်သလို အကြီးအကဲတွေလည်း “သာ၍အရေးကြီးသောအရာများကို သေချာစွာသိ” ရမယ်။ (ဖိ. ၁:၁၀) ဒါပေမဲ့ အကြီးအကဲတချို့ဟာ အရေးကြီးကိစ္စတွေနဲ့ပဲ အလုပ်များနေလွန်းလို့ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်မရှိတော့ဘူး။ ဒါဟာ ကားကို အင်ဂျင်ဝိုင်မလဲပေးတာနဲ့တူတယ်။ အကြီးအကဲတွေဟာ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ နှောင့်နှေးနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို အသင်းတော်မှာ လိုအပ်ရာတွေကို လုပ်ဆောင်ဖို့ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုတွေ အလုံအလောက် ရှိတော့မှာမဟုတ်ဘူး။

၇။ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးတဲ့ အကြီးအကဲတွေကို ဘယ်လိုရှုမြင်သင့်သလဲ။

ဒါကြောင့် တခြားသူတွေကို လေ့ကျင့်ပေးခြင်းဟာ အရေးမကြီးဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့။ အသင်းတော်ရဲ့ ရှေ့ရေးကို စိတ်ဝင်စားပြီး တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးနေတဲ့ အကြီးအကဲတွေဟာ ပညာရှိတဲ့ဘဏ္ဍာစိုးတွေဖြစ်ပြီး ညီအစ်ကိုညီအစ်မတွေအတွက် တန်ဖိုးရှိသူတွေဖြစ်တယ်။ (၁ ပေတရု ၄:၁၀ ကိုဖတ်ပါ။) အသင်းတော်ရော ဘယ်လိုအကျိုးခံစားရသလဲ။

အချိန်ကို ပညာရှိရှိအသုံးပြုခြင်း

၈။ (က) အကြီးအကဲတွေအနေနဲ့ ဘယ်အကြောင်းရင်းတွေကြောင့် တခြားသူတွေကို လေ့ကျင့်ပေးသင့်သလဲ။ (ခ) ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်နေတဲ့ အကြီးအကဲတွေရဲ့ အရေးကြီးတာဝန်က ဘာလဲ။ (“ အရေးကြီးတာဝန်” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)

တကယ့်ကို အတွေ့အကြုံရှိအကြီးအကဲတွေတောင် အသက်ကြီးလာတဲ့အခါ အသင်းတော်မှာ အခုလုပ်နိုင်သလောက် လုပ်နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုရမယ်။ (မိ. ၆:၈) ‘မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကို’ ရုတ်တရက် ကြုံရနိုင်ပြီး အသင်းတော်တာဝန်တွေ ထမ်းဆောင်ဖို့ ခက်ခဲသွားနိုင်တယ်ဆိုတာ အကြီးအကဲတွေ ထည့်စဉ်းစားသင့်တယ်။ (ဒေ. ၉:၁၁၊ ၁၂ကဘ; ယာ. ၄:၁၃၊ ၁၄) အကြီးအကဲတွေဟာ ယေဟောဝါရဲ့ သိုးတွေကို ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့အတွက် နှစ်တွေတစ်လျှောက် ကိုယ်သင်ယူသိရှိခဲ့တာတွေကို လူငယ်ညီအစ်ကိုတွေကို ကြိုးစားသင်ပေးကြတယ်။ဆာလံ ၇၁:၁၇၊ ၁၈ ကိုဖတ်ပါ။

၉။ အနာဂတ်မှာကြုံရမယ့် ဘယ်ဖြစ်ရပ်ကြောင့် တခြားသူတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးသလဲ။

တခြားသူတွေကို လေ့ကျင့်ပေးနေတဲ့ အကြီးအကဲတွေဟာ သိပ်တန်ဖိုးရှိတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အသင်းတော်ကို ခိုင်ခံ့စေတယ်။ သူတို့ရဲ့ လေ့ကျင့်ပေးမှုကြောင့် ညီအစ်ကိုများစွာဟာ အခုရော လာမယ့်ကြီးစွာသောဒုက္ခအတွင်းမှာပါ အသင်းတော် ခိုင်ခံ့စည်းလုံးနေအောင် ကူညီပေးဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ (ယေဇ. ၃၈:၁၀-၁၂; မိ. ၅:၅၊ ၆) ဒါကြောင့် ချစ်ရတဲ့အကြီးအကဲတို့၊ ဒီနေ့ကစပြီး တခြားသူတွေကို လေ့ကျင့်ပေးဖို့ ပုံမှန်အချိန်ယူကြပါ။

၁၀။ အကြီးအကဲတွေဟာ တခြားသူကို လေ့ကျင့်ရာမှာ အချိန်ရဖို့ ဘာလုပ်ဆောင်နိုင်သလဲ။

၁၀ သင့်ရဲ့ အချိန်ဇယားမှာ လုပ်စရာတွေအပြည့်ပဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သင်ဟာ အသင်းတော်ရဲ့ အရေးကြီးကိစ္စတွေကို လုပ်ဆောင်နေရတယ်။ ဒါကြောင့် အဲဒီအချိန်ထဲက တချို့ကိုဖယ်ပြီး တခြားသူတွေကို လေ့ကျင့်ရာမှာ အသုံးပြုဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ (ဒေ. ၃:၁) အဲဒီလိုလုပ်ဆောင်ခြင်းက အချိန်ကို ပညာရှိရှိ အသုံးပြုရာကျပြီး အနာဂတ်မှာ အသင်းတော်ကို အကျိုးပြုပါလိမ့်မယ်။

လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးပါ

၁၁။ (က) နိုင်ငံအသီးသီးက အကြီးအကဲတွေပေးတဲ့ အကြံပြုချက်တွေဟာ ဘယ်အချက်ကို ဖော်ပြသလဲ။ (ခ) သုတ္တံ ၁၅:၂၂ အရ တခြားအကြီးအကဲတွေရဲ့ အကြံပြုချက်တွေကို သုံးသပ်ခြင်းက ဘာကြောင့်အရေးကြီးသလဲ။

၁၁ တခြားသူတွေကို လေ့ကျင့်ပေးရာမှာ အောင်မြင်နေတဲ့ အကြီးအကဲတချို့ကို မကြာသေးခင်က မေးမြန်းခဲ့တယ်။ * သူတို့ရဲ့ အခြေအနေတွေ မတူပေမဲ့ သူတို့အားလုံး တူညီတဲ့အကြံပြုချက်တွေ ပေးခဲ့တယ်။ အဲဒီအချက်က ဘာကိုဖော်ပြသလဲ။ ကျမ်းစာကို အခြေခံတဲ့လေ့ကျင့်မှုဟာ “အရပ်ရပ်ရှိ အသင်းတော်တိုင်း” မှာရှိတဲ့ လေ့ကျင့်မှုခံယူသူတွေကို အကျိုးပြုတယ်ဆိုတာ ဖော်ပြတယ်။ (၁ ကော. ၄:၁၇) ဒါကြောင့် ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ အဲဒီအကြီးအကဲတွေရဲ့ အကြံပြုချက်တချို့ကို သုံးသပ်ပါမယ်။—သု. ၁၅:၂၂

၁၂။ လေ့ကျင့်ပေးမယ့်သူဟာ ဘာလုပ်ဖို့ လိုအပ်သလဲ။ ဘာကြောင့်လဲ။

၁၂ ဦးဆုံး၊ လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ။ ဥယျာဉ်မှူးတစ်ယောက်ဟာ အပင်မစိုက်ခင် မြေကြီးကို အသင့်ပြင်ပေးဖို့ လိုအပ်သလို လေ့ကျင့်ပေးမယ့်သူကလည်း ဘာမှမသင်ပေးခင် လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးဖို့ လိုအပ်တယ်။ ဘယ်လိုအသင့်ပြင်နိုင်သလဲ။ ပရောဖက်ရှမွေလရဲ့ ပုံနမူနာကို တုပခြင်းအားဖြင့် အသင့်ပြင်ပေးနိုင်တယ်။

၁၃–၁၅။ (က) ယေဟောဝါက ရှမွေလကို ဘာလုပ်ဖို့ မိန့်မှာသလဲ။ (ခ)  ရှမွေလက တာဝန်သစ်အတွက် ရှောလုကို ဘယ်လိုအသင့်ပြင်ပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ဂ) ဒီကျမ်းစာမှတ်တမ်းကို ဒီနေ့ခေတ်အကြီးအကဲတွေ ဘာကြောင့် အထူးစိတ်ဝင်စားသင့်သလဲ။

၁၃ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ကျော်တုန်းကဖြစ်တယ်။ ယေဟောဝါက တစ်နေ့မှာ သက်ကြီးပရောဖက် ရှမွေလကို ‘မနက်ဖြန် ဒီအချိန်လောက်မှာ ဗင်ယာမိန်နယ်သားတစ်ယောက်ကို မင်းဆီ ငါလွှတ်လိုက်မယ်။ သူ့ကို ငါ့လူမျိုးအစ္စရေးတွေရဲ့ ခေါင်းဆောင်အဖြစ် ဘိသိက်ပေးရမယ်’ လို့ ပြောတယ်။ (၁ ရာ. ၉:၁၅၊ ၁၆ကဘ) ခေါင်းဆောင်သစ်တစ်ယောက်ကို ယေဟောဝါ ဘိသိက်ပေးခိုင်းတဲ့အတွက် အစ္စရေးလူမျိုးကို သူဦးဆောင်ရတော့မှာ မဟုတ်ဘူးဆိုတာ ရှမွေလ သိတယ်။ ဒါကြောင့် ‘ဒီတာဝန်အသစ်အတွက် အဲဒီလူကို ငါ ဘယ်လိုအသင့်ပြင်ပေးရမလဲ’ လို့ သူတွေးမိတယ်။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။

၁၄ နောက်တစ်နေ့မှာ ရှောလုကို တွေ့တဲ့အခါ ‘ဒီလူပဲ’ လို့ ယေဟောဝါပြောတယ်။ ရှမွေလလည်း သူ စဉ်းစားထားတဲ့အတိုင်း ချက်ချင်း လုပ်ဆောင်ခဲ့တယ်။ ရှောလုနဲ့ စကားပြောနိုင်ဖို့ အခြေအနေဖန်တီးလိုက်တယ်။ ရှမွေလက ရှောလုနဲ့ သူ့နောက်လိုက်ကို သူနဲ့အတူ စားသောက်ဖို့ ဖိတ်လိုက်တယ်။ အကောင်းဆုံးထိုင်ခုံမှာ ထိုင်ခိုင်းပြီး အကောင်းဆုံးအသားတုံးတွေ ချပေးတယ်။ ပြီးတော့ ‘စားပါ။ ဒီပွဲမှာ မင်းစားဖို့ သူတို့ဖယ်ထားပေးတာ’ လို့ ပြောတယ်။ စားပြီးတဲ့နောက် ရှောလုကို အိမ်ခေါ်သွားတယ်။ လမ်းတစ်လျှောက် သူတို့နှစ်ယောက် ကောင်းကောင်းစကားပြောနိုင်ခဲ့တယ်။ ရှမွေလရဲ့အိမ်ကို ရောက်တဲ့အခါ အိမ်မိုးပေါ်တက်သွားကြတယ်။ ‘အိမ်မိုးပေါ်မှာ ဆက်စကားပြော’ ပြီးနောက် အိပ်ရာဝင်ကြတယ်။ နောက်တစ်နေ့မှာ ရှမွေလက ရှောလုကို ဘိသိက်ပေးလိုက်တယ်။ သူ့ကို နမ်းပြီး နောက်ထပ်ညွှန်ကြားချက်တွေ ပေးတယ်။ ရှောလုလည်း ထွက်သွားတယ်။ ဆက်လုပ်ဆောင်ရမယ့်အရာတွေအတွက် သူအသင့်ဖြစ်နေပါပြီ။—၁ ရာ. ၉:၁၇-၂၇ကဘ; ၁၀:၁။

၁၅ လူတစ်ယောက်ကို လူမျိုးခေါင်းဆောင်အဖြစ် ဘိသိက်ပေးတာက အသင်းတော်မှာ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲ ဒါမှမဟုတ် ဓမ္မအမှုထမ်းဖြစ်ဖို့ လေ့ကျင့်ပေးတာနဲ့ သိပ်ကွာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရှောလုရဲ့ စိတ်နှလုံးကို ရှမွေလ အသင့်ပြင်ပေးပုံကနေ အရေးကြီးသင်ခန်းစာများစွာကို အကြီးအကဲတွေ သင်ယူနိုင်တယ်။ အဲဒီထဲက နှစ်ခုကို သုံးသပ်ကြည့်ကြစို့။

လိုလိုလားလားရှိပြီး မိတ်ဆွေကောင်းဖြစ်ပါ

၁၆။ (က) အစ္စရေးတွေ ဘုရင်တစ်ပါး တောင်းဆိုတဲ့အခါ ရှမွေလ ဘယ်လိုခံစားခဲ့ရသလဲ။ (ခ) ရှောလုကို ဘိသိက်ပေးဖို့ ယေဟောဝါပြောတဲ့အခါ ရှမွေလ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၆ လိုလိုလားလားရှိပါ။ မတွန့်ဆုတ်ပါနဲ့။ အစ္စရေးတွေ လူသားဘုရင်တစ်ပါး လိုချင်နေတယ်ဆိုတာ ရှမွေလသိလိုက်ရချိန်မှာ စိတ်ဓာတ်ကျပြီး အပယ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ (၁ ရာ. ၈:၄-၈) ရှမွေလဟာ လူတွေတောင်းဆိုတဲ့အတိုင်း ဘုရင်တစ်ပါး မခန့်အပ်ပေးချင်ဘူး။ ဒါကြောင့် လူတွေ တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ သူ့ကို ယေဟောဝါ သုံးကြိမ်တိတိ ပြောခဲ့ရတယ်။ (၁ ရာ. ၈:၇၊ ၉၊ ၂၂) ရှမွေလ အဲဒီလိုခံစားနေရပေမဲ့ သူ့နေရာအစားဝင်မယ့်သူကို မနာလိုမဖြစ်ဘူး၊ ဒေါသမထွက်ဘူး။ ရှောလုကို ဘိသိက်ပေးဖို့ ယေဟောဝါပြောတဲ့အခါ သူ မတွန့်ဆုတ်ခဲ့ဘူး။ အလုပ်သဘောအရ မဟုတ်ဘဲ ယေဟောဝါကို ချစ်လို့ လိုလိုလားလား နာခံခဲ့တယ်။

အလုပ်များတဲ့အချိန်ဇယားထဲကနေ အချိန်တချို့ကို ဖယ်ထုတ်ပြီး ကိုယ်လေ့ကျင့်ပေးမယ့်သူနဲ့ မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ

၁၇။ ဒီနေ့ခေတ်မှာ အကြီးအကဲတွေဟာ ရှမွေလကို ဘယ်လိုတုပနေသလဲ။ အဲဒီလိုတုပတဲ့အတွက် ဘာခံစားရသလဲ။

၁၇ ရှမွေလကို တုပပြီး တခြားသူတွေကို မေတ္တာပါပါ လေ့ကျင့်ပေးနေတဲ့ အတွေ့အကြုံရှိအကြီးအကဲတွေ ဒီနေ့ခေတ်မှာ အများကြီးရှိတယ်။ (၁ ပေ. ၅:၂) ကြင်နာမှုရှိတဲ့၊ တစ်ကိုယ်ကောင်းစိတ်ကင်းတဲ့ အဲဒီအကြီးအကဲတွေဟာ တခြားသူတွေကို လိုလိုလားလား လေ့ကျင့်ပေးနေတယ်။ ကိုယ့်ရဲ့အခွင့်ထူးတချို့ ဝေမျှပေးလိုက်ရမှာကို မစိုးရိမ်ကြဘူး။ အဲဒီအစား ကိုယ်လေ့ကျင့်ပေးနေသူတွေကို အသင်းတော်ရဲ့ လိုအပ်ရာတွေကို ကူညီလုပ်ဆောင်ပေးမယ့် အဖိုးတန် “လုပ်ဖော်ဆောင်ဖက်” အဖြစ် သဘောထားကြတယ်။ (၂ ကော. ၁:၂၄; ဟေဗြဲ ၁၃:၁၆) ကိုယ်လေ့ကျင့်ပေးလိုက်သူတွေက ယေဟောဝါရဲ့ လူတွေကို အစွမ်းအစရှိသမျှနဲ့ ကူညီပေးနေတာ သူတို့ မြင်ရတဲ့အခါ ပျော်ရွှင်ကြတယ်။—တ. ၂၀:၃၅

၁၈၊ ၁၉။ အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးမယ့်သူရဲ့ စိတ်နှလုံးကို ဘယ်လိုအသင့်ပြင်ပေးနိုင်သလဲ။ အဲဒီလိုလုပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

၁၈ လေ့ကျင့်ပေးသူလောက်သာမဟုတ်ဘဲ မိတ်ဆွေဖြစ်အောင်လုပ်ပါ။ ရှမွေလဟာ ရှောလုကို တွေ့ချိန်မှာ သူ့ခေါင်းပေါ်ဆီလောင်းပြီး ချက်ချင်း ဘိသိက်ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် ဘုရားသခင့်လူမျိုးကို ဦးဆောင်ဖို့ ဘာမှအသင့်မဖြစ်သေးဘဲ ဘိသိက်ပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ရှမွေလဟာ ရှောလုကို ဘိသိက်မပေးခင် သူ့ရဲ့စိတ်နှလုံးကို အသင့်ပြင်ပေးဖို့ အချိန်ယူခဲ့တယ်။ သူနဲ့ အတူစားသောက်တယ်။ အတူလမ်းလျှောက်တယ်။ အချိန်အတော်ကြာ စကားပြောပြီး အနားတောင်ယူလိုက်သေးတယ်။ ရှမွေလဟာ ဘုရင်သစ်ကို ဘိသိက်ပေးဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းခဲ့တယ်။

တခြားသူတွေကို စတင် မလေ့ကျင့်ပေးခင် မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

၁၉ ဒီနေ့လည်း အလားတူပဲ။ အကြီးအကဲတစ်ယောက်ဟာ ညီအစ်ကိုတစ်ယောက်ကို စတင်မလေ့ကျင့်ပေးခင် သူနဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားသင့်တယ်။ ကိုယ်လေ့ကျင့်ပေးမယ့်သူနဲ့ ခင်ခင်မင်မင်ဖြစ်အောင်လုပ်တဲ့ နည်းတွေဟာ အခြေအနေနဲ့ ယဉ်ကျေးမှုပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ဒါပေမဲ့ သင် ဘယ်နေရာမှာပဲ နေထိုင်ပါစေ အလုပ်များတဲ့အချိန်ဇယားထဲကနေ အချိန်တချို့ကို ဖယ်ထုတ်ပြီး သူနဲ့မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ။ ဒါမှ သူဟာ သင့်အတွက် အရေးကြီးသူဖြစ်မှန်း သူသိလာပါလိမ့်မယ်။ (ရောမ ၁၂:၁၀ ကိုဖတ်ပါ။) သင့်ရဲ့ မေတ္တာပါ ဂရုစိုက်မှုနဲ့ လေ့ကျင့်ပေးမှုကို သူ သိပ်ကျေးဇူးတင်ပါလိမ့်မယ်။

၂၀၊ ၂၁။ (က) တခြားသူတွေကို လေ့ကျင့်ပေးရာမှာ ဘယ်လိုနည်းနဲ့ အောင်မြင်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

၂၀ တခြားသူတွေကို လေ့ကျင့်ပေးရာမှာ အောင်မြင်ဖို့ဆိုရင် လေ့ကျင့်ပေးရတဲ့အလုပ်ကို မြတ်နိုးရုံသာမက ကိုယ်လေ့ကျင့်ပေးနေသူကိုလည်း ချစ်ရမယ်။ (ယောဟန် ၅:၂၀ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီလိုချစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ သူ့ကို သင်တကယ်ဂရုစိုက်တယ်ဆိုတာ သူ ခံစားရမှသာ လိုလိုလားလား သင်ယူချင်ပါလိမ့်မယ်။ ဒါကြောင့် အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးဖို့လောက်သာမဟုတ်ဘဲ သူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ပါ ကြိုးစားအားထုတ်ပါ။—သု. ၁၇:၁၇; ယော. ၁၅:၁၅

၂၁ လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးပြီးပြီဆိုရင်တော့ စတင် လေ့ကျင့်ပေးလို့ရပါပြီ။ ဒါပေမဲ့ ဘယ်နည်းလမ်းတွေကို အသုံးပြုနိုင်သလဲ။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 3 ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးဟာ အထူးသဖြင့် အကြီးအကဲတွေအတွက် ဖြစ်တယ်။ ဒါပေမဲ့ ဒီအကြောင်းကို လူတိုင်းလည်း စိတ်ဝင်စားသင့်တယ်။ ဘာကြောင့်လဲ။ အသင်းတော်မှာ ပိုလုပ်ဆောင်နိုင်အောင် လေ့ကျင့်မှုလိုအပ်တယ်ဆိုတာ ညီအစ်ကိုအားလုံး သဘောပေါက်စေဖို့ ဒီဆောင်းပါးနှစ်ခုက ကူညီပေးပါလိမ့်မယ်။ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုများများရှိလေ အသင်းတော်မှာရှိတဲ့လူတိုင်း အကျိုးရရှိလေပါပဲ။

^ စာပိုဒ်၊ 11 အဲဒီအကြီးအကဲတွေဟာ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ပြင်သစ်၊ ပြင်သစ်ဂီယာနာ၊ ဂျပန်၊ ကိုရီးယား၊ မက္ကဆီကို၊ နမီးဘီးယား၊ နိုင်ဂျီးရီးယား၊ ရေယူနီယံ၊ ရုရှား၊ တောင်အာဖရိကနဲ့ အမေရိကန် နိုင်ငံတွေကဖြစ်တယ်။