မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

‘အခြေအနေကောင်းတဲ့အခါမှာရော မကောင်းတဲ့အခါမှာပါ’ ကောင်းချီးတွေ ခံစားရ

‘အခြေအနေကောင်းတဲ့အခါမှာရော မကောင်းတဲ့အခါမှာပါ’ ကောင်းချီးတွေ ခံစားရ

မာလာဝီနိုင်ငံ၊ နမ်ကူဘာရွာလေးက ယေဟောဝါသက်သေမိသားစုမှာ ၁၉၃၀၊ မတ်လတုန်းက ကျွန်တော်မွေးဖွားလာတယ်။ ၁၉၄၂ မှာ ကျွန်တော့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး လှပတဲ့မြစ်တစ်ခုမှာ နှစ်ခြင်းခံခဲ့တယ်။ “တရားစကားတော်ကို ဟောပြောလော့။ အခြေအနေကောင်းသည့်အခါ၌ဖြစ်စေ၊ မကောင်းသည့်အခါ၌ဖြစ်စေ ထိုအမှုကို အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့” ဆိုပြီး တိမောသေကို တမန်တော်ပေါလု အားပေးခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ တစ်လျှောက် ကျွန်တော် လုပ်ဆောင်ခဲ့တယ်။—၂ တိ. ၄:၂

၁၉၄၈ မှာ မာလာဝီနိုင်ငံကို ညီအစ်ကို နေသန် အိပ်ခ်ျ နောရ်နဲ့ မီလ်တန် ဂျီ ဟဲန်ရှယ်လ်တို့ လာလည်ပတ်တယ်။ သူတို့ရဲ့လည်ပတ်မှုက အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ အားပေးမှုဖြစ်စေခဲ့တယ်။ နောက်ပိုင်း ကျွန်တော့်လိုပဲ အချိန်ပြည့်ပန်းတိုင်ရှိတဲ့ ချစ်စရာညီအစ်မ လီဒါစီနဲ့ ဆုံခဲ့တယ်။ ၁၉၅၀ မှာ ကျွန်တော်တို့ လက်ထပ်လိုက်ပြီး ၁၉၅၃ မှာ ကလေးနှစ်ယောက် ရှိနေပြီ။ မိသားစုတာဝန်တွေ ရှိပေမဲ့ မှန်မှန်ရှေ့ဆောင်စလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နှစ်နှစ်ကြာပြီးနောက် အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။

စည်းဝေးပွဲတွေက အနာဂတ်မှာကြုံရမယ့် နှိပ်စက်ညှဉ်းပန်းမှုတွေအတွက် ခံနိုင်ရည်ရှိစေ

အဲဒီနောက် မကြာခင်မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အသင်းတော်တွေကို လည်ပတ်ခွင့်ရရှိခဲ့တယ်။ လီဒါစီရဲ့ ထောက်မမှုကြောင့် မိသားစုရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်ပြီး တစ်ချိန်တည်းမှာ အချိန်ပြည့်လုပ်ငန်းမှာလည်း ဆက်ပါဝင်နိုင်ခဲ့တယ်။ * ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်တယ်။ သေချာအစီအစဉ်ဆွဲခဲ့တဲ့အပြင် သားသမီးငါးယောက်ရဲ့ ဝိုင်းကူမှုကြောင့် လီဒါစီလည်း ၁၉၆၀ ကစပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နိုင်ခဲ့တယ်။

၁၉၆၂ မှာ “ရဲစွမ်းသတ္တိရှိသော ဓမ္မအမှုဆောင်များ” ခရိုင်စည်းဝေးကို တက်ရောက်ခဲ့တယ်။ တစ်နှစ်ကြာပြီးနောက် ညီအစ်ကို ဟဲန်ရှယ်လ်က အထူးခရိုင်စည်းဝေးအတွက် မာလာဝီနိုင်ငံကို ရောက်လာတယ်။ ဘလဲန်တိုင်ရာမြို့ပြင်မှာကျင်းပတဲ့ အဲဒီစည်းဝေးကို လူပေါင်း ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။ အဲဒီအထူးအစီအစဉ်တွေက ရှေ့မှာကြုံရမယ့် အခက်အခဲတွေအတွက် မာလာဝီနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့အားလုံးကို အသင့်ပြင်ပေးပြီး ခွန်အားပေးခဲ့တယ်။

ခက်ခဲတဲ့အချိန်အခါရောက်လာ

အစိုးရက ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပိတ်ပင်လိုက်ပြီး ဌာနခွဲခြံကို သိမ်းလိုက်

၁၉၆၄ မှာ ယေဟောဝါသက်သေတွေ နှိပ်စက်ညှဉ်းပန်းခံရတယ်။ နိုင်ငံရေးမှာ မပါဝင်လို့ဖြစ်တယ်။ နိုင်ငံတော်ခန်းမ ၁၀၀ ကျော်နဲ့ ညီအစ်ကိုညီအစ်မတွေရဲ့အိမ် ၁,၀၀၀ ကျော် ဖျက်ဆီးခံရတယ်။ လီဒါစီနဲ့ ကျွန်တော်ကတော့ သက်သေခံတွေ ပိတ်ပင်ခံရတဲ့ ၁၉၆၇ အထိ တိုက်နယ်လုပ်ငန်းမှာ ဆက်ပါဝင်ခဲ့တယ်။ အစိုးရက ဌာနခွဲခြံကို သိမ်းလိုက်ပြီး သာသနာပြုတွေကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။ လီဒါစီနဲ့ ကျွန်တော်အပါအဝင် သက်သေခံများစွာကိုလည်း ထောင်ချလိုက်တယ်။ ကျွန်တော်တို့ ထောင်ကနေလွတ်လာတော့ တိုက်နယ်လုပ်ငန်းမှာ ပိပိရိရိ ဆက်ပါဝင်ခဲ့တယ်။

၁၉၇၂၊ အောက်တိုဘာလရဲ့ နေ့တစ်နေ့မှာ မာလာဝီလူငယ်အသင်းလို့ခေါ်တဲ့ အစွန်းရောက်နိုင်ငံရေးအုပ်စုရဲ့ အဖွဲ့ဝင်တွေ ကျွန်တော်တို့အိမ်ဘက် ထွက်လာတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တစ်ယောက်က အရင်ပြေးလာပြီး ပုန်းနေဖို့ပြောတယ်။ သူတို့က ကျွန်တော့်ကိုသတ်ဖို့ စီစဉ်ထားတာ။ ကျွန်တော်လည်း ဇနီးနဲ့သားသမီးတွေကို အနီးအနားက ငှက်ပျောပင်တွေကြားမှာ သွားပုန်းဖို့ပြောလိုက်တယ်။ ကျွန်တော်ကတော့ သရက်ပင်ပေါ်တက်သွားတယ်။ သူတို့ရောက်လာပြီး ကျွန်တော်တို့အိမ်နဲ့ ပစ္စည်းအားလုံးကို ဖျက်ဆီးလိုက်တာကို သရက်ပင်ပေါ်ကနေ ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။

နိုင်ငံရေးမှာ မပါဝင်တဲ့အတွက် ညီအစ်ကိုညီအစ်မတွေရဲ့ အိမ်တွေ မီးရှို့ဖျက်ဆီးခံရ

နှိပ်စက်ညှဉ်းပန်းမှုတွေ ပြင်းထန်လာတဲ့အတွက် သက်သေခံထောင်ပေါင်းများစွာဟာ မာလာဝီနိုင်ငံကနေ ထွက်ပြေးကြတယ်။ ၁၉၇၄၊ ဇွန်လအထိ မိုဇမ်ဘစ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ ကျွန်တော်တို့ နေထိုင်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့လီဒါစီဟာ မိုဇမ်ဘစ်နိုင်ငံ၊ ဒွန်ဝါမြို့လေးမှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ မာလာဝီနိုင်ငံကို ပြန်ပို့ခံရတဲ့ ၁၉၇၅ အထိ အဲဒီမြို့လေးမှာ ရှေ့ဆောင်ဆက်လုပ်ခဲ့တယ်။ မာလာဝီနိုင်ငံမှာတော့ သက်သေခံတွေ နှိပ်စက်ညှဉ်းပန်းခံနေရတုန်းပဲ။

မာလာဝီနိုင်ငံကို ပြန်ရောက်တဲ့အခါ လီလောင်ဝေးမြို့တော်မှာ အသင်းတော်တွေကို လည်ပတ်ဖို့ ခန့်အပ်ခံရတယ်။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲတွေကြားမှာတောင် ကျွန်တော်တို့လည်ပတ်တဲ့ တိုက်နယ်တွေမှာ အသင်းတော်အရေအတွက် တိုးများလာတယ်။

ယေဟောဝါရဲ့ မေတ္တာပါ ထောက်မမှု

တစ်နေ့မှာ နိုင်ငံရေးအစည်းအဝေးလုပ်နေတဲ့ ရွာတစ်ရွာကို ကျွန်တော်တို့ရောက်သွားတယ်။ သက်သေခံတွေဖြစ်မှန်း လူတချို့သိသွားပြီး မာလာဝီလူငယ်ရှေ့ဆောင်လမ်းပြအဖွဲ့လို့ခေါ်တဲ့ အုပ်စုနဲ့အတူ ထိုင်ခိုင်းတယ်။ ကျွန်တော်တို့လည်း အကူအညီနဲ့ လမ်းညွှန်မှုရဖို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ အစည်းအဝေးလည်းပြီးရော ကျွန်တော်တို့ကို ရိုက်နှက်ကြပါလေရော။ ရုတ်တရက်ပဲ အဒေါ်ကြီးတစ်ယောက် ပြေးလာပြီး “သူတို့ကိုလွှတ်လိုက်ပါ။ သူက ငါ့အစ်ကိုရဲ့သား။ လွှတ်ပေးလိုက်ပါ” လို့အော်ပြောလိုက်တယ်။ ဒါနဲ့ စည်းဝေးကြီးကြပ်သူက “လွှတ်ပေးလိုက်” လို့ပြောလိုက်တယ်။ တကယ်တော့ ဒီအဒေါ်ကြီးက ကျွန်တော်တို့နဲ့ အမျိုးမတော်ပါဘူး။ သူဘာကြောင့် အခုလိုပြောမှန်း ကျွန်တော်တို့ နားမလည်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါအဖြေပေးလိုက်တာပဲလို့ ခံစားရတယ်။

နိုင်ငံရေးပါတီကတ်

၁၉၈၁ မှာ မာလာဝီလူငယ်ရှေ့ဆောင်လမ်းပြအဖွဲ့က ကျွန်တော်တို့ကို တွေ့သွားပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ရဲ့စက်ဘီးတွေ၊ အထုပ်တွေ၊ စာအုပ်တွေနဲ့ တိုက်နယ်ဖိုင်တွေကို သိမ်းပြီး ကျွန်တော်တို့ကို လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့လည်း အကြီးအကဲတစ်ယောက်ရဲ့အိမ်ကို သုတ်ခြေတင်တော့တာပဲ။ ဒါပေမဲ့ တိုက်နယ်ဖိုင်တွေထဲက အချက်အလက်တွေအတွက်တော့ စိုးရိမ်မိတယ်။ မာလာဝီလူငယ်ရှေ့ဆောင်လမ်းပြအဖွဲ့က ဖိုင်တွေကို ကြည့်လိုက်တဲ့အခါ မာလာဝီနိုင်ငံတစ်ဝန်းက ညီအစ်ကိုတွေပို့ထားတဲ့စာတွေကို တွေ့သွားတယ်။ ကျွန်တော့်ကို အစိုးရအရာရှိကြီးတစ်ယောက်လို့ထင်ပြီး ကြောက်သွားကြတယ်။ ချက်ချင်းပဲ စာတွေကို ဒေသခံအကြီးအကဲတွေဆီ ပြန်လာပေးကြတယ်။

နောက်တစ်ကြိမ်မှာတော့ လှေတစ်စင်းနဲ့ မြစ်ကူးနေချိန်ဖြစ်တယ်။ လှေပိုင်ရှင်က နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ လှေပေါ်လိုက်ပါလာသူတိုင်းရဲ့ နိုင်ငံရေးပါတီကတ်ကို လိုက်စစ်နေတယ်။ ကျွန်တော်တို့နားရောက်တော့ ရဲတွေအလိုရှိနေတဲ့သူခိုးတစ်ယောက်ကို တွေ့သွားတယ်။ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး သူလည်း ပါတီကတ်တွေကို လိုက်မစစ်တော့ဘူး။ ယေဟောဝါရဲ့ မေတ္တာပါထောက်မမှုကို ခံစားခဲ့ရပြန်တယ်။

ဖမ်းဆီးထောင်ချခံရ

၁၉၈၄၊ ဖေဖော်ဝါရီမှာ ဇမ်ဘီယာဌာနခွဲရုံးကို မှတ်တမ်းပို့ဖို့ လီလောင်ဝေးမြို့ကို ကျွန်တော်သွားနေတယ်။ ရဲတစ်ယောက်က ကျွန်တော့်ကိုတားပြီး အိတ်ကိုရှာတယ်။ ကျမ်းစာစာပေတချို့တွေ့သွားတော့ ရဲစခန်းခေါ်သွားပြီး ထုထောင်းပါလေရော။ အဲဒီနောက် ကြိုးတွေနဲ့တုပ်ပြီး သူခိုးတွေပဲရှိတဲ့အကျဉ်းခန်းထဲ ထည့်လိုက်တယ်။

နောက်တစ်နေ့မှာ ရဲချုပ်က အခန်းတစ်ခုထဲခေါ်သွားတယ်။ အဲဒီနောက် “ကျွန်တော် ထရောဖင်မ် အာရ် နဆော်မ်ဘာဟာ ထောင်ကနေ လွတ်ဖို့ ယေဟောဝါသက်သေအဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်” လို့ရေးထားတဲ့စာမှာ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်လည်း ငြင်းလိုက်ပြီး “ထောင်ချရုံမက သတ်မယ်ဆိုလည်း အဆင်သင့်ပါပဲ။ ယေဟောဝါသက်သေအဖြစ်ကနေတော့ မနုတ်ထွက်နိုင်ဘူး” လို့ပြောလိုက်တယ်။ ရဲချုပ်လည်း ဒေါသထွက်ပြီး စားပွဲကို ထုလိုက်တယ်။ ထုသံကျယ်လွန်းလို့ ဘေးအခန်းက ရဲတောင် ပြေးလာတယ်။ ရဲချုပ်က အဲဒီရဲကို “ဒီလူက သက်သေခံအဖြစ်ကနေ နုတ်ထွက်ပါတယ်ဆိုတဲ့စာကို လက်မှတ်ထိုးဖို့ ငြင်းနေတယ်။ ဒါကြောင့် ယေဟောဝါသက်သေဖြစ်တယ်ဆိုတဲ့စာမှာပဲ လက်မှတ်ထိုးခိုင်းလိုက်။ လီလောင်ဝေးမှာရှိတဲ့ထောင်ထဲ ပို့ပစ်မယ်” လို့ပြောတယ်။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်တော် ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း ကျွန်တော့်ဇနီးမသိဘူး။ လေးရက်ကြာမှ ညီအစ်ကိုတွေ သူ့ကို သတင်းပေးနိုင်ခဲ့တယ်။

လီလောင်ဝေး ရဲစခန်းမှာတော့ ရဲတွေက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ရဲချုပ်က “ထမင်းစားလိုက်ပါဦး။ ခင်ဗျားက တခြားသူတွေလို ခိုးဝှက်လို့မဟုတ်ဘဲ ဘုရားကြောင့် ထောင်ချခံရတာ” လို့ပြောတယ်။ အဲဒီနောက် ကက်ချီရီထောင်ကို ပို့လိုက်တယ်။ အဲဒီမှာ ငါးလနေခဲ့ရတယ်။

ထောင်ပိုင်က ကျွန်တော်ရောက်လာလို့ သိပ်ပျော်သွားတယ်။ ထောင်ထဲမှာ “ပါစတာ” တစ်ယောက်လိုချင်နေတာကိုး။ လက်ရှိပါစတာကို ဖြုတ်လိုက်ပြီး “ခင်ဗျား မဟောနဲ့တော့။ ခင်ဗျားက ကိုယ့်ချာ့ချ်ကနေ ပြန်ခိုးလို့ ထောင်ချခံရတာ” လို့ပြောတယ်။ ဒါကြောင့် ကျွန်တော်လည်း ထောင်သားတွေကို အပတ်တိုင်း ကျမ်းစာအကြောင်း ဟောခွင့်ရခဲ့တယ်။

နောက်ပိုင်း အခြေအနေပိုဆိုးလာတယ်။ မာလာဝီနိုင်ငံမှာ သက်သေခံဘယ်နှယောက်ရှိတယ်ဆိုတာ ထောင်အရာရှိတွေ သိချင်တယ်။ ကျွန်တော်မဖြေတော့ သတိလစ်သွားတဲ့အထိ ရိုက်ကြတယ်။ နောက်တစ်ကြိမ်မှာတော့ ဌာနချုပ်ဘယ်မှာလဲဆိုတာ သူတို့သိချင်တယ်။ “ခင်ဗျားတို့မေးတာ ရိုးရိုးလေးပဲ။ ကျွန်တော်ပြောပြမယ်” လို့ပြောလိုက်တယ်။ အဲဒီနောက် ကျမ်းစာထဲမှာ ကျွန်တော်တို့ရဲ့ ဌာနချုပ်အကြောင်း ဖော်ပြထားတယ်လို့ ပြောတော့ သူတို့အံ့သြသွားပြီး “ဘယ်ကျမ်းချက်လဲ” လို့ မေးကြတယ်။

ဟေရှာယ ၄၃:၁၂ မှာပဲ” လို့ပြောတော့ အဲဒီကျမ်းချက်ကို ဖွင့်ပြီး ဖတ်ကြည့်ကြတယ်။ ‘“သင်တို့ဟာ ငါ့သက်သေတွေဖြစ်တယ်။ ငါဟာ ဘုရားသခင်ပဲ”လို့ ယေဟောဝါ ပြောတယ်’ ဆိုတဲ့အဲဒီကျမ်းချက်ကို သုံးခါတောင် ဖတ်ကြတယ်။ ပြီးနောက် “ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်က ဘယ်လိုလုပ် အမေရိကန်မှာမဟုတ်ဘဲ ကျမ်းစာထဲမှာ ရှိနေတာလဲ” လို့ ပြောကြတယ်။ ကျွန်တော်က “အမေရိကန်မှာရှိတဲ့ ယေဟောဝါသက်သေတွေလည်း ဒီကျမ်းချက်ဟာ ကျွန်တော်တို့ရဲ့ ဌာနချုပ်အကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်ဖြစ်တယ်လို့ ယုံကြည်ကြတယ်” ဆိုပြီးပြောလိုက်တယ်။ သူတို့လိုချင်တဲ့အဖြေမရလို့ ကျွန်တော့်ကို လီလောင်ဝေးမြို့ မြောက်ဘက်မှာရှိတဲ့ ဒဇဲလီကာထောင်ကို ပို့လိုက်တယ်။

အခြေအနေမကောင်းတဲ့အခါမှာတောင် ကောင်းချီးတွေ ခံစားရ

၁၉၈၄၊ ဇူလိုင်မှာ ဒဇဲလီကာထောင်ကို ရောက်သွားတော့ အဲဒီမှာ သက်သေခံ ၈၁ ယောက် ရှိနေတယ်။ ထောင်မှာ လူများလွန်းလို့ ထောင်သား ၃၀၀ က ကြမ်းပြင်ပေါ်မှာ ပူးပူးကပ်ကပ်အိပ်ရတယ်။ သက်သေခံအားလုံး အုပ်စုလေးတွေဖွဲ့ပြီး ကျမ်းချက်တစ်ချက်ကို နေ့တိုင်းဆွေးနွေးနိုင်ခဲ့တယ်။ ဒီကနေ ခွန်အားအများကြီးရရှိခဲ့တယ်။

စစ်ဆေးပြီးနောက် ညီအစ်ကိုတွေကို ဖမ်းသွား

၁၉၈၄၊ အောက်တိုဘာမှာ ကျွန်တော်တို့အားလုံး တရားရုံးရောက်ပြီး ထောင်ဒဏ်နှစ်နှစ်စီ စီရင်ခံရတယ်။ အရင်ကလိုပဲ သက်သေခံမဟုတ်သူတွေနဲ့ အတူနေရတယ်။ ဒါပေမဲ့ ထောင်ပိုင်က “ယေဟောဝါသက်သေတွေ ဆေးလိပ်မသောက်ဘူး။ ဒါကြောင့် အစောင့်တွေ၊ သူတို့ဆီကနေ ဆေးလိပ်တွေ မတောင်းနဲ့။ ဆေးလိပ် မီးညှိပေးဖို့လည်း မခိုင်းကြနဲ့။ သူတို့က ဘုရားလူတွေ။ ယေဟောဝါသက်သေအားလုံးကို တစ်နေ့ ထမင်းနှစ်နပ်ကျွေးကြ။ သူတို့က ရာဇဝတ်မှုကျူးလွန်လို့ မဟုတ်ဘဲ ကျမ်းစာယုံကြည်ချက်တွေကြောင့် ထောင်ချခံနေရတာ” လို့ပြောတယ်။

ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းကြောင့် ပိုအကျိုးခံစားခဲ့ရတယ်။ မှောင်တဲ့အချိန် ဒါမှမဟုတ် မိုးရွာတဲ့အချိန်တွေမှာဆို အစောင့်တွေက ထောင်သားတွေကို အပြင်ထွက်ခွင့်မပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကိုတော့ ထွက်ခွင့်ပေးတယ်။ ကျွန်တော်တို့ထွက်ပြေးမှာမဟုတ်ဘူးဆိုတာ သူတို့ယုံလို့ပဲ။ ဥပမာ၊ တစ်ကြိမ်မှာ ကျွန်တော်တို့ လယ်ထဲအလုပ်လုပ်နေတုန်း အစောင့်တစ်ယောက် နေမကောင်းဖြစ်တော့ သူ့ကို ထမ်းပြီး ထောင်ဝင်းထဲခေါ်လာပေးတယ်။ ကျွန်တော်တို့ အမူအကျင့်ကောင်း ဆက်တင်ပြတဲ့အတွက် ယေဟောဝါရဲ့နာမည်ကို အစောင့်တွေ ချီးမွမ်းတာ မြင်ခဲ့ရတယ်။—၁ ပေ. ၂:၁၂ *

အခြေအနေကောင်းတဲ့အချိန် ပြန်ရောက်လာ

၁၉၈၅၊ မေ ၁၁ မှာ ဒဇဲလီကာထောင်ကနေ လွတ်ပြီး မိသားစုဆီ ပြန်နိုင်ခဲ့တယ်။ ခက်ခဲတဲ့အချိန်တစ်လျှောက်လုံး သမာဓိတည်ကြည်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။ “ညီအစ်ကိုတို့၊ . . . ငါတို့ကြုံရသော ဆင်းရဲဒုက္ခအကြောင်း သင်တို့မသိဘဲ မနေစေလိုပါ။ ထိုအချိန်က ငါတို့သည် . . . အသက်ရှင်ရန်ပင် မသေချာဘဲ ဖြစ်ခဲ့ရ၏။ ငါတို့သည် သေဒဏ်စီရင်ခြင်းခံရပြီဟု ထင်မှတ်ကြ၏။ ထိုသို့ဖြစ်ရခြင်းမှာ ငါတို့သည် ကိုယ့်ကိုယ်ကိုယ်အားမကိုးဘဲ လူသေတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို အားကိုးကြမည်အကြောင်းဖြစ်၏။ ဘုရားသခင်သည် ငါတို့ကို အလွန် ကြောက်မက်ဖွယ်ကောင်းသော သေဘေးမှ ကယ်လွှတ်တော်မူခဲ့သည်” လို့ပြောခဲ့တဲ့ တမန်တော်ပေါလုလို ကျွန်တော်တို့ ခံစားခဲ့ရတယ်။—၂ ကော. ၁:၈-၁၀

၂၀၀၄ တုန်းက နိုင်ငံတော်ခန်းမရှေ့မှာ ညီအစ်ကို နဆော်မ်ဘာနဲ့ သူ့ဇနီး လီဒါစီ

တစ်ခါတလေ လွတ်လမ်းမမြင်တဲ့ အချိန်အခါတွေရှိတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကို ဆက်ဂုဏ်တင်နိုင်ဖို့ ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနဲ့ နှိမ့်ချမှုပေးပါဆိုပြီး အမြဲဆုတောင်းတယ်။

‘အခြေအနေကောင်းတဲ့အခါမှာရော မကောင်းတဲ့အခါမှာပါ’ ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းကို ယေဟောဝါကောင်းချီးပေးခဲ့တယ်။ အခု၊ လီလောင်ဝေးမြို့မှာ လှပတဲ့ဌာနခွဲရုံးတစ်ခုရှိနေပြီး မာလာဝီတစ်နိုင်ငံလုံးမှာ နိုင်ငံတော်ခန်းမအသစ် ၁,၀၀၀ ကျော်ရှိနေတာကို မြင်ရလို့ ဝမ်းသာပီတိဖြစ်မိတယ်။ ယေဟောဝါဆီကလာတဲ့ အဲဒီကောင်းချီးတွေက လီဒါစီနဲ့ ကျွန်တော့်အတွက်တော့ အံ့သြစရာကောင်းလွန်းလို့ အိပ်မက်လိုပါပဲ။ *

^ စာပိုဒ်၊ 6 အခုတော့ သားသမီးငယ်လေးတွေရှိတဲ့ ညီအစ်ကိုတွေကို တိုက်နယ်လုပ်ငန်းမှာ အမှုဆောင်ဖို့ မတောင်းဆိုတော့ဘူး။

^ စာပိုဒ်၊ 27 မာလာဝီနိုင်ငံက နှိပ်စက်ညှဉ်းပန်းမှုတွေအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေရဲ့ ၁၉၉၉ နှစ်ချုပ်စာအုပ် [လိပ်]၊ စာမျက်နှာ ၁၇၁-၂၂၃ ကိုကြည့်ပါ။

^ စာပိုဒ်၊ 31 ဒီဆောင်းပါးကို ပြင်ဆင်နေတုန်း ညီအစ်ကို နဆော်မ်ဘာဟာ အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့တယ်။