မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရည်အချင်းပြည့်မီလာအောင် တခြားသူတွေကို အကြီးအကဲတွေ လေ့ကျင့်ပေးပုံ

အရည်အချင်းပြည့်မီလာအောင် တခြားသူတွေကို အကြီးအကဲတွေ လေ့ကျင့်ပေးပုံ

“ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။”—၂ တိ. ၂:၂

၁။ (က) လေ့ကျင့်မှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို ဘုရားသခင့်ကျေးကျွန်တွေ သိထားသလဲ။ အဲဒီအချက်က ဒီနေ့ခေတ်နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်းဆွေးနွေးမလဲ။

လေ့ကျင့်မှုကနေ အောင်မြင်မှုရစေတယ်ဆိုတာကို ဘုရားသခင့်ကျေးကျွန်တွေ ရှေးကတည်းက သိတယ်။ ဥပမာ၊ အာဗြံက ‘မိမိအိမ်၌ လေ့ကျင့်ထားသောလူ’ တွေကို ခေါ်ပြီး လောတကို သွားကယ်ခဲ့တယ်။ သူတို့ဟာ လောတကိုဖမ်းသွားသူတွေကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်။ (က. ၁၄:၁၄-၁၆သမ္မာ) ဘုရင်ဒါဝိဒ်ခေတ်မှာ လူတချို့ဟာ ယေဟောဝါကို ချီးမွမ်းတဲ့သီချင်းတွေ သီဆိုဖို့ ‘လေ့ကျင့်’ ခံထားရတယ်။ (၅ ရာ. ၂၅:၇ကဘ) ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ စာတန်၊ စာတန့်လောကနဲ့ တိုက်ခိုက်နေရတယ်။ (ဧ. ၆:၁၁-၁၃) ယေဟောဝါရဲ့နာမည်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ကိုယ်တော့်ကို ချီးမွမ်းဖို့ ကြိုးစားအားထုတ်နေကြတယ်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ဒါကြောင့် ရှေးခေတ်က ဘုရားသခင့်ကျေးကျွန်တွေလိုပဲ အောင်မြင်မှုရချင်တယ်ဆိုရင် ကျွန်တော်တို့ လေ့ကျင့်ခံထားရဖို့ လိုအပ်တယ်။ ယေဟောဝါက အသင်းတော်မှာ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို တာဝန်ပေးထားတယ်။ (၂ တိ. ၂:၂) ယေဟောဝါရဲ့ သိုးတွေကို ဂရုစိုက်စောင့်ရှောက်နိုင်အောင် ညီအစ်ကိုတွေကို လေ့ကျင့်ပေးရာမှာ ဘယ်နည်းလမ်းတွေကို အကြီးအကဲတချို့ အသုံးပြုနေသလဲ။

ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာအောင် လုပ်ဆောင်ပေးပါ

၂။ အကြီးအကဲတစ်ယောက်ဟာ ဘာမှမသင်ပေးခင် ဘာလုပ်ဖို့ လိုအပ်နိုင်သလဲ။ ဘာကြောင့်လဲ။

အကြီးအကဲတွေကို ဥယျာဉ်မှူးနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဥယျာဉ်မှူးဟာ အပင်မစိုက်ခင် မြေသားကို မြေသြဇာကျွေးဖို့ လိုအပ်တဲ့အခါတွေ ရှိနိုင်တယ်။ ဒါမှ အပင်ရှင်သန်ကြီးထွားနိုင်မယ်။ အဲဒီလိုပဲ အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးမယ့်သူကို ဘာမှမသင်ပေးခင် သူနဲ့အတူ ကျမ်းစာမူတချို့ကို ဆွေးနွေးဖို့ လိုအပ်နိုင်တယ်။ အဲဒီကျမ်းစာမူတွေက သင်ယူသိရှိလာတာကို လက်တွေ့ကျင့်သုံးဖို့ အသင့်ဖြစ်နေနိုင်အောင် သူ့ကိုကူညီပေးပါလိမ့်မယ်။—၁ တိ. ၄:၆

၃။ (က) ကိုယ်လေ့ကျင့်ပေးနေသူနဲ့ စကားစမြည်ပြောဆိုချိန်မှာ မာကု ၁၂:၂၉၊ ၃၀ မှာပါတဲ့ ယေရှုရဲ့စကားကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ခ) အကြီးအကဲရဲ့ ဆုတောင်းချက်က သူလေ့ကျင့်ပေးနေသူကို ဘယ်လိုအကျိုးပြုနိုင်သလဲ။

ကိုယ်လေ့ကျင့်ပေးနေသူရဲ့ စိတ်နှလုံးနဲ့အတွေးထဲ အမှန်တရား ဘယ်လောက်ထိစိမ့်ဝင်နေသလဲဆိုတာကို သိရှိဖို့ အရေးကြီးတယ်။ အဲဒီလိုသိနိုင်ဖို့ ‘ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းက ညီအစ်ကိုရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ’ လို့ သူ့ကိုမေးနိုင်တယ်။ အဲဒီမေးခွန်းက ယေဟောဝါကို ဘယ်လို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်နိုင်တယ်ဆိုတဲ့အကြောင်း စကားစမြည်ပြောဆိုဖို့ လမ်းဖွင့်ပေးနိုင်တယ်။ (မာကု ၁၂:၂၉၊ ၃၀ ကိုဖတ်ပါ။) သင်ဟာ သူနဲ့အတူ ဆုတောင်းနိုင်တယ်။ လေ့ကျင့်မှုအတွက် သူလိုအပ်နေတဲ့ သန့်ရှင်းသောစွမ်းအားတော် ပေးသနားဖို့ ယေဟောဝါဆီ အသနားခံနိုင်တယ်။ အဲဒီညီအစ်ကိုက သူ့အတွက် ဆုတောင်းပေးတာကို ကြားတဲ့အခါ ပိုကြိုးစားချင်စိတ်ရှိလာပါလိမ့်မယ်။

၄။ (က) လေ့ကျင့်မှုခံယူနေသူ တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ ကျမ်းစာမှတ်တမ်းတချို့ကို ဖော်ပြပါ။ (ခ) တခြားသူတွေကို လေ့ကျင့်ပေးတဲ့အခါ အကြီးအကဲတွေမှာ ဘယ်ပန်းတိုင်ရှိသင့်သလဲ။

ကူညီတတ်တာ၊ ယုံကြည်စိတ်ချရတာ၊ နှိမ့်ချမှုရှိတာ စတဲ့အရည်အသွေးတွေရဲ့ အရေးကြီးမှုကို ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်းတချို့ရှိတယ်။ သင်ဟာ စတင်လေ့ကျင့်ပေးချိန်မှာ အဲဒီမှတ်တမ်းတွေကို သူနဲ့ ဆွေးနွေးနိုင်တယ်။ အဲဒီလိုဆွေးနွေးခြင်းက အဲဒီအရည်အသွေးတွေ အရေးကြီးတယ်ဆိုတာ သူသဘောပေါက်လာအောင် ကူညီပေးနိုင်တယ်။ (၃ ရာ. ၁၉:၁၉-၂၁; နေ. ၇:၂; ၁၃:၁၃; တ. ၁၈:၂၄-၂၆) အဲဒီအရည်အသွေးတွေဟာ မြေသြဇာလိုပဲ သူ အလျင်အမြန်တိုးတက်လာဖို့ ကူညီပေးပါလိမ့်မယ်။ ပြင်သစ်နိုင်ငံက အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဂျီးန်ကလော့ဒ် အခုလိုပြောတယ်– “တခြားသူတွေကို လေ့ကျင့်ပေးတဲ့အခါ ကျွန်တော့်ရဲ့ အဓိကပန်းတိုင်ကတော့ ကျမ်းစာမူတွေကိုအခြေခံပြီး ဆုံးဖြတ်ချက်ချတတ်လာအောင် သူတို့ကို ကူညီပေးဖို့ပဲ။ ကျမ်းစာမှာပါတဲ့ ‘အံ့ဖွယ်ရာတွေကို မြင်နိုင်’ အောင် ကူညီပေးမယ့် ကျမ်းချက်တစ်ချက်ကို သူတို့နဲ့အတူ ဖတ်နိုင်ဖို့ ကျွန်တော်အခွင့်အရေးရှာတယ်။” (ဆာ. ၁၁၉:၁၈) တခြားဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သေးသလဲ။

ချမှတ်နိုင်တဲ့ပန်းတိုင်တွေနဲ့ ချမှတ်သင့်တဲ့အကြောင်းရင်းတွေကို ပြောပြပါ

၅။ (က) ကိုယ်လေ့ကျင့်ပေးနေသူနဲ့ ဘုရားရေးရာပန်းတိုင်တွေအကြောင်း ဆွေးနွေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) အကြီးအကဲတွေဟာ ငယ်ရွယ်သေးသူတွေကိုတောင် ဘာကြောင့် လေ့ကျင့်ပေးသင့်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

ဘုရားရေးရာဘက်မှာ ဘာပန်းတိုင်တွေရှိသလဲလို့ လေ့ကျင့်မှုခံယူနေသူကို မေးပါ။ ဘာပန်းတိုင်မှ မရှိဘူးဆိုရင် လက်လှမ်းမီနိုင်တဲ့ပန်းတိုင်တစ်ခု ချမှတ်နိုင်အောင် ကူညီပေးပါ။ သင်ချမှတ်ခဲ့တဲ့ပန်းတိုင်နဲ့ အဲဒီပန်းတိုင်ကို ပြည့်မီတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း စိတ်အားထက်သန်စွာ ပြောပြပါ။ အဲဒီနည်းလမ်းဟာ ရိုးရိုးလေးဖြစ်ပေမဲ့ သိပ်ထိရောက်တယ်။ အာဖရိကမှာနေထိုင်တဲ့ ရှေ့ဆောင်နဲ့အကြီးအကဲဖြစ်သူ ညီအစ်ကိုဗစ်တာ အခုလိုပြောတယ်– “ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ပန်းတိုင်တွေနဲ့ ပတ်သက်ပြီး အကြီးအကဲတစ်ယောက် မေးခွန်းတချို့ မေးခဲ့တယ်။ အဲဒီမေးခွန်းတွေက အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး အလေးအနက် စဉ်းစားဖို့ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။” အသက်ငယ်ရွယ်သေးတဲ့၊ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ ညီအစ်ကိုတွေကိုတောင် လေ့ကျင့်ပေးဖို့ အရေးကြီးတယ်လို့ အတွေ့အကြုံရှိအကြီးအကဲတွေ ပြောတယ်။ သူတို့လုပ်ဆောင်နိုင်မယ့် တာဝန်တွေကို အသက်အရွယ်အလိုက် ပေးအပ်နိုင်တယ်။ ညီအစ်ကိုတွေဟာ ငယ်ရွယ်တုန်းမှာ လေ့ကျင့်ခံထားရတယ်ဆိုရင် အာရုံပျံ့လွင့်စရာများတဲ့ အသက်အရွယ်ရောက်လာချိန်မှာ ဘုရားရေးရာပန်းတိုင်တွေကိုပဲ ဆက်အာရုံစိုက်နိုင်ပါလိမ့်မယ်။ဆာလံ ၇၁:၅၊ ၁၇ ကိုဖတ်ပါ။ *

ညီအစ်ကိုတစ်ယောက်ကို အလုပ်တာဝန်တစ်ခု ပေးအပ်တဲ့အခါ ဒီအလုပ်ကို လုပ်ဆောင်ဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာ ရှင်းပြပြီး သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုကို ချီးမွမ်းပေးပါ (အပိုဒ် ၅-၈ ကိုကြည့်ပါ)

၆။ ယေရှုက တခြားသူတွေကို လေ့ကျင့်ရာမှာ ဘယ်အရေးကြီးနည်းလမ်းကို အသုံးပြုခဲ့သလဲ။

ကိုယ်လေ့ကျင့်ပေးနေသူမှာ အမှုဆောင်လိုစိတ်ရှိလာအောင် ဘာလုပ်ရမယ်ဆိုတာကို ပြောရုံထက်မက ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုပါ ရှင်းပြရမယ်။ ကြီးမြတ်တဲ့ဆရာယေရှုဟာ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို တမန်တော်တွေကို ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီမိန့်မှာချက်ကို မပေးခင် ဘာကြောင့် နာခံသင့်တယ်ဆိုတဲ့ အကြောင်းရင်းကို အရင်ရှင်းပြတယ်။ “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။ ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့” လို့ ယေရှုပြောတယ်။ (မ. ၂၈:၁၈၊ ၁၉) ယေရှုရဲ့ လေ့ကျင့်နည်းကို သင် ဘယ်လိုတုပနိုင်သလဲ။

၇၊ ၈။ (က) ဒီနေ့ခေတ်မှာ အကြီးအကဲတွေဟာ ယေရှုရဲ့ လေ့ကျင့်နည်းကို ဘယ်လိုတုပနိုင်သလဲ။ (ခ) ကိုယ်လေ့ကျင့်ပေးနေသူကို ချီးမွမ်းပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ဂ) တခြားသူတွေကို လေ့ကျင့်ရာမှာ ဘယ်အကြံပြုချက်တွေက အကြီးအကဲတွေကို ကူညီပေးနိုင်သလဲ။ (“ တခြားသူတွေကို လေ့ကျင့်ပေးနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)

သင်လည်း ညီအစ်ကိုတစ်ယောက်ကို အလုပ်တာဝန်တစ်ခု မပေးအပ်ခင် ဒီတာဝန်ကိုလုပ်ဆောင်ဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာ ကျမ်းစာသုံးပြီး ရှင်းပြပါ။ ဒီနည်းအားဖြင့် စည်းမျဉ်းစည်းကမ်းတွေကိုသာ မဟုတ်ဘဲ ကျမ်းစာမူတွေကိုပါ ထည့်စဉ်းစားတတ်အောင် သူ့ကို သင်ကြားပေးနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမရဲ့ အဝင်လမ်းတစ်လျှောက်ကို ဘေးကင်းသန့်ရှင်းအောင်ထားဖို့ ညီအစ်ကိုတစ်ယောက်ကို သင်တာဝန်ပေးတယ်ဆိုပါစို့။ တိတု ၂:၁၀ ကို ဖတ်ပြနိုင်တယ်။ ပြီးနောက် နိုင်ငံတော်ခန်းမကို ဘေးကင်းသန့်ရှင်းအောင် ထားခြင်းက “ဘုရားသခင်၏ သွန်သင်ခြင်းကို” ဘယ်လို “တန်ဆာဆင်” နိုင်တယ်ဆိုတာ ရှင်းပြပါ။ အဲဒီအပြင် သူ့လုပ်ဆောင်မှုကြောင့် အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေ ဘယ်လိုအကျိုးရမယ်ဆိုတာ စဉ်းစားကြည့်ဖို့ ပြောနိုင်တယ်။ အဲဒီလိုစကားစမြည်ပြောဆိုပြီး လေ့ကျင့်ပေးခြင်းက စည်းမျဉ်းစည်းကမ်းတွေထက် လူတွေကို ပိုထည့်စဉ်းစားဖို့ သူ့ကို ကူညီပေးပါလိမ့်မယ်။ သူ့လုပ်ဆောင်မှုကနေ ညီအစ်ကိုညီအစ်မတွေ အကျိုးရရှိတာကို သူမြင်တဲ့အခါ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။

သင့်အကြံပြုချက်တွေကို လိုက်နာတဲ့အတွက် သူ့ကို ချီးမွမ်းပေးဖို့လည်း အရေးကြီးတယ်။ ဘာကြောင့်လဲ။ ရေက အပင်ကို ကြီးထွားသန်စွမ်းစေသလို ရိုးရိုးသားသား ချီးမွမ်းပေးခြင်းကလည်း လေ့ကျင့်မှုခံယူသူကို တိုးတက်စေနိုင်တယ်။—မဿဲ ၃:၁၇ နဲ့နှိုင်းယှဉ်ပါ။

အခက်အခဲနောက်တစ်ခု

၉။ (က) ချမ်းသာတဲ့နိုင်ငံတချို့မှာ လူငယ်ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတွေ ဘယ်အခက်အခဲ ကြုံရနိုင်သလဲ။ (ခ) လူငယ်ညီအစ်ကိုတချို့ရဲ့ ဘဝမှာ ဘုရားအမှုဆောင်ခြင်းက ဘာကြောင့် ပထမဦးစားပေး မဖြစ်လာသလဲ။

ချမ်းသာတဲ့နိုင်ငံမှာရှိတဲ့ အကြီးအကဲတွေဟာ အခက်အခဲနောက်တစ်ခု ကြုံတွေ့ရနိုင်တယ်။ အသက် ၂၀၊ ၃၀ ဝန်းကျင်ရှိတဲ့ နှစ်ခြင်းခံပြီးသားညီအစ်ကိုတွေကို အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ဖို့ အားပေးရခက်နေတာ ဖြစ်နိုင်တယ်။ အသင်းတော်မှာ လူငယ်ညီအစ်ကိုတချို့ တာဝန်တွေ ပိုမထမ်းဆောင်ရတဲ့ အကြောင်းရင်းတချို့ကို နိုင်ငံ ၂၀ လောက်က အတွေ့အကြုံရှိအကြီးအကဲတွေ ပြောပြတယ်။ လူငယ်ညီအစ်ကိုတွေကို ငယ်ငယ်ကတည်းက ဘုရားရေးရာပန်းတိုင်တွေ ချမှတ်ဖို့ မိဘတွေ အားမပေးကြဘူးလို့ အဲဒီအကြီးအကဲအများစု ပြောတယ်။ သူတို့က အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ချင်ပြန်တော့လည်း မိဘတွေက အဆင့်မြင့်ပညာရေး၊ အလုပ်အကိုင် စတဲ့လောကပန်းတိုင်တွေ ချမှတ်ဖို့ပဲ အားပေးတယ်။ ဒါကြောင့် သူတို့ဘဝမှာ ဘုရားအမှုဆောင်ခြင်းက ဘယ်တော့မှ ပထမဦးစားပေး မဖြစ်လာဘူး။—မ. ၁၀:၂၄

၁၀၊ ၁၁။ (က) အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးနေသူရဲ့ အတွေးအခေါ်ပြောင်းလဲဖို့ ဘယ်လိုတဖြည်းဖြည်းကူညီပေးနိုင်သလဲ။ (ခ) အကြီးအကဲဟာ ကိုယ်လေ့ကျင့်ပေးနေသူကို လှုံ့ဆော်ပေးဖို့ ဘယ်ကျမ်းချက်တွေကို သုံးနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၁၀ ညီအစ်ကိုတစ်ယောက်ဟာ အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ဖို့ စိတ်ဝင်စားပုံမရဘူး ဆိုပါစို့။ အဲဒီလိုအခါမျိုးမှာ သူ့အတွေးအခေါ်ကို ပြောင်းလဲနိုင်ဖို့ဆိုရင် တော်တော်စိတ်ရှည်ရမယ်။ ဒါပေမဲ့ ပြောင်းလဲနိုင်ပါတယ်။ ဥယျာဉ်မှူးတစ်ယောက်ဟာ အပင်ဖြောင့်ဖြောင့်တန်းတန်း ကြီးထွားလာစေဖို့ ပင်စည်ကို တဖြည်းဖြည်းတည့်မတ်ပေးတယ်။ အဲဒီလိုပဲ သင်လည်း အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ခြင်းနဲ့ပတ်သက်ပြီး သူ့အတွေးအခေါ်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လာအောင် တဖြည်းဖြည်း ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၁ ကိုယ်လေ့ကျင့်ပေးနေသူနဲ့ မိတ်ဆွေဖြစ်အောင် အချိန်ယူပါ။ သူ့ကို အသင်းတော်မှာ လိုအပ်တယ်ဆိုတာ သိစေပါ။ အဲဒီနောက် ယေဟောဝါဆီ သူ့ရဲ့ဆက်ကပ်အပ်နှံမှုအကြောင်း တွေးတောနိုင်အောင် ကူညီပေးမယ့် ကျမ်းချက်တွေကို အချိန်ရရင်ရသလို သူနဲ့အတူထိုင်ပြီး ဆွေးနွေးပါ။ (ဒေ. ၅:၄; ဟေရှာ. ၆:၈; မ. ၆:၂၄၊ ၃၃; လု. ၉:၅၇-၆၂; ၁ ကော. ၁၅:၅၈; ၂ ကော. ၅:၁၅; ၁၃:၅) အဲဒီအပြင် သူ့စိတ်နှလုံးကိုထိမိစေဖို့ ဒီလိုမေးခွန်းတွေ မေးပါ– ‘ညီအစ်ကို့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘယ်ကတိပေးခဲ့သလဲ။ ညီအစ်ကိုနှစ်ခြင်းခံချိန်မှာ ယေဟောဝါ ဘယ်လိုခံစားခဲ့ရမယ်လို့ ထင်သလဲ။ (သု. ၂၇:၁၁) စာတန်ကော ဘယ်လိုခံစားခဲ့ရမလဲ။’ (၁ ပေ. ၅:၈) အဲဒီကျမ်းချက်တွေက သိပ်တန်ခိုးပါပြီး ကိုယ်လေ့ကျင့်ပေးသူရဲ့စိတ်နှလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ဟေဗြဲ ၄:၁၂ ကိုဖတ်ပါ။ *

လေ့ကျင့်မှုခံယူသူတို့၊ သစ္စာရှိကြောင်း တင်ပြပါ

၁၂၊ ၁၃။ (က) လေ့ကျင့်မှုခံယူသူတစ်ယောက်အနေနဲ့ ဘယ်သဘောထားကို ဧလိရှဲ တင်ပြခဲ့သလဲ။ (ခ) ဧလိရှဲရဲ့ သစ္စာသမာဓိကို ယေဟောဝါ ဘယ်လိုကောင်းချီးပေးခဲ့သလဲ။

၁၂ လူငယ်ညီအစ်ကိုတို့၊ သင်တို့ရဲ့အကူအညီကို အသင်းတော်မှာ သိပ်လိုအပ်တယ်။ ယေဟောဝါအတွက် အမှုဆောင်ရာမှာ ဘယ်သဘောထားရှိမယ်ဆိုရင် သင်တို့အောင်မြင်မှုရနိုင်မလဲ။ အဖြေကိုသိနိုင်ဖို့ ရှေးခေတ်က လေ့ကျင့်မှုခံယူခဲ့သူတစ်ယောက်ရဲ့ ဘဝဖြစ်ရပ်တချို့ကို သုံးသပ်ကြည့်ကြစို့။

၁၃ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ လောက်မှာ ပရောဖက်ဧလိယက လူငယ်ဧလိရှဲကို သူ့လက်ထောက်အဖြစ် ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဧလိရှဲ ချက်ချင်းလက်ခံလိုက်ပြီး ပရောဖက်ရဲ့ဝေယျာဝစ္စတွေကို သစ္စာရှိရှိလုပ်ပေးခဲ့တယ်။ (၄ ရာ. ၃:၁၁) ဧလိယက ဧလိရှဲကို ခြောက်နှစ်လောက် လေ့ကျင့်ပေးတယ်။ အစ္စရေးမှာ ဧလိယရဲ့အမှုဆောင်တာဝန် ပြီးဆုံးတော့မယ်။ ဒီအချိန်မှာ ဧလိယက သူ့နောက် မလိုက်တော့ဖို့ ဧလိရှဲကို ပြောတယ်။ ဒါပေမဲ့ ဧလိရှဲက ‘သခင့်ကို ကျွန်တော် ခွဲမသွားပါဘူး’ လို့ သုံးကြိမ်တိတိပြောတယ်။ အတတ်နိုင်ဆုံး ဆရာ့နားမှာနေဖို့ ဧလိရှဲ စိတ်ပိုင်းဖြတ်ထားတယ်။ ဧလိရှဲရဲ့သစ္စာသမာဓိကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ လေပွေအားဖြင့် ဧလိယ ခေါ်ဆောင်ခံရတာကို မြင်တွေ့ခွင့် ပေးခဲ့တယ်။—၄ ရာ. ၂:၁-၁၂ကဘ။

၁၄။ (က) လေ့ကျင့်မှုခံယူနေသူတွေဟာ ဧလိရှဲကို ဘယ်လိုတုပနိုင်သလဲ။ (ခ) လေ့ကျင့်မှုခံယူသူဟာ သစ္စာရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။

၁၄ လေ့ကျင့်မှုခံယူသူတစ်ယောက်အနေနဲ့ ဧလိရှဲကို သင်ဘယ်လိုတုပနိုင်သလဲ။ ပါချည်ပါချဲ့ အလုပ်ဖြစ်နေရင်တောင် ကိုယ်ရတဲ့တာဝန်မှန်သမျှကို ချက်ချင်းလက်ခံပါ။ သင့်ကိုလေ့ကျင့်ပေးသူဟာ သင့်မိတ်ဆွေဖြစ်တယ်ဆိုတာ သတိရပါ။ သင့်အတွက် သူလုပ်ဆောင်ပေးနေတာတွေကို တန်ဖိုးထားလေးမြတ်တယ်ဆိုတာ သူ့ကိုပြောပြပါ။ သူ့ဆီကနေ ဆက်သင်ယူချင်စိတ်ရှိတယ်ဆိုတာ ပြသပါ။ အရေးကြီးဆုံးကတော့ သင့်တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ပါ။ ဘာကြောင့်လဲ။ သင်ဟာ သစ္စာရှိသူ၊ ယုံကြည်အားထားရသူဖြစ်တယ်ဆိုတာ ဖော်ပြမှသာ ယေဟောဝါက သင့်ကို အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ပေးချင်နေတယ်ဆိုတာကို အကြီးအကဲတွေ ယုံကြည်စိတ်ချနိုင်မှာဖြစ်တယ်။—ဆာ. ၁၀၁:၆; ၂ တိမောသေ ၂:၂ ကိုဖတ်ပါ။

အတွေ့အကြုံရှိအကြီးအကဲတွေကို ရိုသေလေးစားပါ

၁၅၊ ၁၆။ (က) ဧလိရှဲဟာ ဆရာကို ရိုသေလေးစားကြောင်း ဘယ်နည်းတွေနဲ့ ဖော်ပြခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) တခြားပရောဖက်တွေက ဧလိရှဲကို ဘာကြောင့် ယုံကြည်စိတ်ချလာသလဲ။

၁၅ ဧလိရှဲရဲ့မှတ်တမ်းက ဒီနေ့ခေတ်မှာ အတွေ့အကြုံရှိအကြီးအကဲတွေကို ညီအစ်ကိုတွေ ရိုသေလေးစားဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ဖော်ပြတယ်။ ဧလိယနဲ့ ဧလိရှဲဟာ ယေရိခေါမြို့မှာရှိတဲ့ ပရောဖက်တစ်စုနဲ့ တွေ့ပြီးနောက် ယော်ဒန်မြစ်နား ရောက်လာတယ်။ အဲဒီနောက် ‘ဧလိယက ပရောဖက်ဝတ်ရုံကို ချွတ်၊ လိပ်လိုက်ပြီးနောက် ရေကိုရိုက်တဲ့အခါ ရေနှစ်ခြမ်းကွဲသွားတယ်။’ နှစ်ယောက်သား ခြောက်သွေ့တဲ့ ယော်ဒန်မြစ်ကြမ်းပြင်ကိုဖြတ်ပြီး ‘စကားတပြောပြောနဲ့ ဆက်လျှောက်လာ’ တယ်။ ဧလိရှဲဟာ သူ့ဆရာပြောသမျှကို ဂရုတစိုက်နားထောင်ပြီး ဆက်သင်ယူနေတုန်းပဲ။ အားလုံးတတ်သွားပြီလို့ ဘယ်တော့မှ မယူဆခဲ့ဘူး။ အဲဒီနောက် လေပွေအားဖြင့် ဧလိယ ခေါ်ဆောင်ခံရတယ်။ ဧလိရှဲလည်း ယော်ဒန်မြစ်နား ပြန်လျှောက်လာတယ်။ ဧလိယရဲ့ဝတ်ရုံနဲ့ ရေကိုရိုက်ပြီး ‘ဧလိယရဲ့ဘုရား ယေဟောဝါ ဘယ်မှာလဲ’ လို့ပြောတဲ့အခါ ရေနှစ်ခြမ်းကွဲသွားတယ်။—၄ ရာ. ၂:၈-၁၄ကဘ။

၁၆ ဧလိရှဲရဲ့ ဦးဆုံးအံ့ဖွယ်အမှုဟာ ဧလိယရဲ့ နောက်ဆုံးအံ့ဖွယ်အမှုနဲ့ တစ်ထပ်တည်းတူနေတာ သတိပြုမိပါသလား။ ဒီအချက်က ဘာကို သင်ပေးသလဲ။ အခုအချိန်မှာ ကိုယ်က ဆရာဖြစ်သွားပြီဆိုတော့ ဧလိယလုပ်ခဲ့တာတွေကို ပြောင်းပစ်ရမယ်ဆိုတဲ့ အတွေးမျိုး ဧလိရှဲမှာ မရှိခဲ့ဘူး။ အဲဒီအစား ဧလိယရဲ့ လုပ်ပုံကိုင်ပုံတွေကို အတုခိုးခဲ့တယ်။ ဒီနည်းအားဖြင့် ဧလိယကို ရိုသေလေးစားကြောင်း ဖော်ပြခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် တခြားပရောဖက်တွေလည်း ဧလိရှဲကို ယုံကြည်စိတ်ချလာတယ်။ (၄ ရာ. ၂:၁၅) ဧလိရှဲဟာ ပရောဖက်အဖြစ် နှစ်ပေါင်း ၆၀ အမှုဆောင်ခဲ့တယ်။ ဧလိယထက် အံ့ဖွယ်အမှုတွေ ပိုလုပ်ဆောင်နိုင်တဲ့တန်ခိုးကို ယေဟောဝါ ပေးခဲ့တယ်။ ဒီမှတ်တမ်းကနေ ဒီနေ့ခေတ် လေ့ကျင့်မှုခံယူသူတွေ ဘာသင်ယူနိုင်သလဲ။

၁၇။ (က) ဒီနေ့ခေတ် လေ့ကျင့်မှုခံယူသူတွေဟာ ဧလိရှဲရဲ့သဘောထားကို ဘယ်လိုတုပနိုင်သလဲ။ (ခ) ယေဟောဝါက အချိန်တန်တဲ့အခါ သစ္စာရှိရှိ လေ့ကျင့်မှုခံယူသူတွေကို ဘယ်လိုအသုံးပြုမလဲ။

၁၇ သင်ဟာ အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ရလာတဲ့အခါ တခြားသူတွေ အရင်ကလုပ်ခဲ့တဲ့ နည်းလမ်းတွေကို လုံးဝပြောင်းလဲပစ်ရမယ်လို့ မယူဆပါနဲ့။ အသင်းတော်ရဲ့ လိုအပ်မှုကြောင့်သာ ဒါမှမဟုတ် ယေဟောဝါရဲ့ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်ကြောင့်သာ အပြောင်းအလဲတွေ လုပ်ဆောင်ရမယ်ဆိုတာ သတိရပါ။ ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲချင်သလို ပြောင်းလဲလိုက်တာမျိုး မဖြစ်သင့်ဘူး။ ဧလိရှဲဟာ ဧလိယရဲ့နည်းလမ်းတွေအတိုင်း ဆက်လုပ်ဆောင်ခြင်းအားဖြင့် တခြားပရောဖက်တွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိခဲ့ပြီး ဆရာကို ရိုသေလေးစားကြောင်း ဖော်ပြခဲ့တယ်။ အဲဒီလိုပဲ သင်လည်း သင့်ကိုလေ့ကျင့်ပေးသူတွေ သုံးခဲ့တဲ့ ကျမ်းစာအခြေပြုနည်းလမ်းတွေကို ဆက်အသုံးပြုခြင်းအားဖြင့် ညီအစ်ကိုညီအစ်မတွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပြီး အတွေ့အကြုံရှိအကြီးအကဲတွေကို ရိုသေလေးစားကြောင်း ဖော်ပြနိုင်တယ်။ (၁ ကောရိန္သု ၄:၁၇ ကိုဖတ်ပါ။) သင်ဟာ အတွေ့အကြုံရလာတာနဲ့အမျှ အမြဲတိုးတက်နေတဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ တစ်ပြေးညီလိုက်နိုင်အောင် အသင်းတော်ကို ကူညီပေးဖို့ အပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ ယေဟောဝါက ဧလိရှဲကို ကူညီပေးခဲ့သလို သင့်ကိုလည်း အချိန်တန်တဲ့အခါ သင့်ကိုလေ့ကျင့်ပေးသူတွေထက် ပိုကြီးမြတ်တဲ့အလုပ်တွေ လုပ်ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ယော. ၁၄:၁၂

၁၈။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်နေသလဲ။

၁၈ ဒီဆောင်းပါးနဲ့ ရှေ့ဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက ညီအစ်ကိုတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို လှုံ့ဆော်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ညီအစ်ကိုတွေလည်း လိုလိုလားလား လေ့ကျင့်မှုခံယူပြီး သင်ယူသိရှိလာတာတွေကို ယေဟောဝါရဲ့ လူမျိုးအကျိုးအတွက် အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အသင်းတော်တွေကို ခိုင်ခံ့စေပါလိမ့်မယ်။ အဲဒီအပြင် လာမယ့်စိတ်လှုပ်ရှားစရာအချိန်အတွင်း သစ္စာရှိနေနိုင်အောင်လည်း ကျွန်တော်တို့ယောက်တိုင်းကို ကူညီပေးပါလိမ့်မယ်။

^ စာပိုဒ်၊ 5 လူငယ်ညီအစ်ကိုတစ်ယောက်ဟာ အသင်းတော်မှာအမှုဆောင်ဖို့ လိုအပ်တဲ့ ရင့်ကျက်မှု၊ နှိမ့်ချမှုနဲ့ တခြားအရည်အသွေးတွေကို တင်ပြနေတယ်ဆိုရင် အသက် ၂၀ မပြည့်သေးရင်တောင် သူ့ကို ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ဖို့ အကြီးအကဲတွေ ထောက်ခံနိုင်တယ်။—၁ တိ. ၃:၈-၁၀၊ ၁၂; ၁၉၉၀၊ ဇူလိုင် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄ ကိုကြည့်ပါ။

^ စာပိုဒ်၊ 11 ၂၀၁၂၊ ဧပြီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၆၊ အပိုဒ် ၈-၁၃ နဲ့ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်၊ အခန်း ၁၆၊ အပိုဒ် ၁-၃ မှာပါတဲ့ အချက်တွေကို ဆွေးနွေးနိုင်ပါတယ်။