မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်ကို သင် တိုက်ခိုက်အောင်မြင်နိုင်

စာတန်ကို သင် တိုက်ခိုက်အောင်မြင်နိုင်

“[စာတန်] ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့။”—၁ ပေ. ၅:၉

၁။ (က) စာတန်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲဟာ အခုအချိန်မှာ ဘာကြောင့် အထူးသဖြင့် အရေးကြီးသလဲ။ (ခ) စာတန်ကို တိုက်ခိုက်အောင်မြင်နိုင်မှန်း ဘယ်လိုသိရသလဲ။

စာတန်ဟာ ဘိသိက်ခံအကြွင်းအကျန်တွေနဲ့ “အခြားသိုး” တွေကို တိုက်ခိုက်နေတယ်။ (ယော. ၁၀:၁၆) ကျန်ရှိနေတဲ့ အချိန်တိုအတွင်း ယေဟောဝါရဲ့ကျေးကျွန် များနိုင်သမျှများများကို ဝါးမျိုဖို့ အစွမ်းကုန်ကြိုးစားနေတယ်။ (ဗျာဒိတ် ၁၂:၉၊ ၁၂ ကိုဖတ်ပါ။) ဒါပေမဲ့ စာတန်ကို တိုက်ခိုက်အောင်မြင်နိုင်ပါတယ်။ ‘မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်’ လို့ ကျမ်းစာမှာပြောထားတယ်။—ယာ. ၄:၇

၂၊ ၃။ (က) စာတန်ဟာ သူ မတည်ရှိဘူးလို့ လူတွေကို ဘာကြောင့် ယုံစေချင်သလဲ။ (ခ) စာတန် တကယ်တည်ရှိမှန်း ကျွန်တော်တို့ ဘယ်လိုသိရသလဲ။

လူများစွာဟာ စာတန်တည်ရှိတယ်ဆိုတဲ့ အယူအဆကို လှောင်ပြောင်ကြတယ်။ သူတို့အတွက်တော့ စာတန်နဲ့ နတ်ဆိုးတွေဟာ စာအုပ်တွေ၊ သရဲကားတွေ၊ ဗီဒီယိုဂိမ်းတွေထဲက ဇာတ်ကောင်တွေလောက်ပဲဖြစ်တယ်။ စဉ်းစားဉာဏ်ရှိသူဟာ နတ်ဆိုးတွေ ရှိတာကို မယုံဘူးလို့ သူတို့ထင်ကြတယ်။ စာတန်နဲ့ နတ်ဆိုးတွေ တကယ်တည်ရှိတာကို လူတွေ မယုံလို့ စာတန် စိတ်အနှောင့်အယှက်ဖြစ်သလား။ မဖြစ်ပါဘူး။ သူတည်ရှိမှန်း မယုံသူတွေကို လှည့်စားရတာ ပိုတောင်လွယ်သေးတယ်။ (၂ ကော. ၄:၄) တကယ်တော့ စာတန်ဟာ လူတွေကို အဲဒီလို ယုံစေချင်တယ်။ ဒါမှ သူတို့ကို လှည့်စားလို့ရမယ်။

ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်တဲ့ ကျွန်တော်တို့ကတော့ လှည့်စားမခံရပါဘူး။ မာရ်နတ်ဟာ တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ ဘယ်လိုသိတာလဲ။ စာတန်ဟာ မြွေကတစ်ဆင့် ဧဝကို စကားပြောခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (က. ၃:၁-၅) ယေဟောဝါကိုတောင် စကားပြောပြီး ယောဘရဲ့ စိတ်ရင်းကို မေးခွန်းထုတ်ခဲ့တယ်။ (ယောဘ ၁:၉-၁၂) ယေရှုကိုလည်း သွေးဆောင်ဖို့ ကြိုးစားခဲ့တယ်။ (မ. ၄:၁-၁၀) ၁၉၁၄ မှာ ယေရှု ဘုရင်ဖြစ်ပြီးနောက် စာတန်ဟာ မြေကြီးပေါ်ကျန်နေသေးတဲ့ ဘိသိက်ခံတွေကို စတင် “စစ်တိုက်” တော့တယ်။ (ဗျာ. ၁၂:၁၇) ဒီတိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ စာတန်ဟာ ဘိသိက်ခံတွေနဲ့ အခြားသိုးတွေရဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒီတိုက်ပွဲမှာ အောင်မြင်ဖို့ဆိုရင် စာတန်ကို တိုက်ခိုက်ရမယ်၊ ယုံကြည်ခြင်း ခိုင်မာနေအောင် လုပ်ဆောင်ရမယ်။ အဲဒီလိုလုပ်ဆောင်နိုင်တဲ့ နည်းလမ်းသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

မာနကြီးခြင်းကို ရှောင်ပါ

၄။ စာတန်ဟာ ဘယ်လိုနည်းနဲ့ မာနကြီးတဲ့နေရာမှာ ပြိုင်စံရှားသူဖြစ်သလဲ။

စာတန်ဟာ သိပ်မာနကြီးတယ်။ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကိုတောင် စိန်ခေါ်ရဲတယ်။ ယေဟောဝါအစား သူ့ကို ဝတ်ပြုဖို့ တခြားသူတွေကို သွေးဆောင်ခဲ့တယ်။ မာနကြီးတဲ့နေရာမှာတော့ ပြိုင်စံရှားပဲ။ ဒါကြောင့် စာတန်ကို တိုက်ခိုက်နိုင်တဲ့ နည်းတစ်နည်းကတော့ မာနကြီးခြင်းကို ရှောင်ပြီး နှိမ့်ချစိတ်ကို မွေးမြူခြင်းပဲ။၁ ပေတရု ၅:၅ ကိုဖတ်ပါ။

၅၊ ၆။ (က) ဘယ်လိုမာနမျိုးက မမှားသလဲ။ ရှင်းပြပါ။ (ခ) ဘယ်လိုမာနမျိုးက အန္တရာယ်ရှိသလဲ။ ကျမ်းစာပုံနမူနာတချို့ကို ဖော်ပြပါ။

အဘိဓာန်တစ်အုပ်မှာ မာနဆိုတာ “ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလေးစားတဲ့ ခံစားချက်၊ ကိုယ် ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးသူတွေရဲ့ ပြီးမြောက်အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေကြောင့် ပျော်ရွှင်ကျေနပ်တဲ့ ခံစားချက်” ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ထားတယ်။ အဲဒီလိုခံစားချက်တွေရှိတာ မမှားပါဘူး။ တမန်တော်ပေါလုက သက်သာလောနိတ်မြို့မှာရှိတဲ့ ညီအစ်ကိုတွေကို “သင်တို့ခံနေရသော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဆင်းရဲရှိသမျှတို့တွင် ခံနိုင်ရည်နှင့် ယုံကြည်ခြင်းရှိကြသောကြောင့် ငါတို့သည် ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဂုဏ်ယူဝါကြွားကြ၏” လို့ ပြောခဲ့တယ်။ (၂ သက်. ၁:၄) ဒါကြောင့် တခြားသူတွေနဲ့ ကိုယ်တိုင်ရဲ့ ပြီးမြောက်အောင်မြင်မှုတွေကြောင့် ပျော်ရွှင်နိုင်ပါတယ်။ ဂုဏ်ယူနိုင်ပါတယ်။ ကိုယ့်မိသားစု၊ ယဉ်ကျေးမှု၊ ကိုယ်ကြီးပြင်းလာတဲ့ဒေသနဲ့ပတ်သက်ပြီး ရှက်နေဖို့ မလိုဘူး။—တ. ၂၁:၃၉

ဒါပေမဲ့ ဂုဏ်ယူရာကနေ မာနတက်လာနိုင်တယ်။ ဒါက ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်တယ်။ မာနကြီးသူဟာ ဆုံးမခံရတဲ့အခါ စိတ်ဆိုးတယ်။ ဆုံးမမှုကို နှိမ့်ချစွာ လက်ခံမယ့်အစား ငြင်းပယ်တာမျိုးတောင် ဖြစ်နိုင်တယ်။ (ဆာ. ၁၄၁:၅) အဲဒီလိုမာနဟာ “ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း၊ တခြားသူတွေထက် ပိုသာတယ်လို့ ယူမှတ်ခြင်း” ဖြစ်တယ်ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အဲဒီလိုမာနကို ယေဟောဝါ မုန်းတယ်။ (ယေဇ. ၃၃:၂၈; အာ. ၆:၈) စာတန်ကတော့ သူ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ဝါကြွားပြီး မာနထောင်နေသူတွေကို ချစ်တယ်။ နိမ်ရောဒ၊ ဖာရောနဲ့ အဗရှလုံတို့ ဝါကြွားပြီး မာနထောင်တာကို စာတန်မြင်တဲ့အခါ ဘယ်လောက်ဝမ်းသာမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (က. ၁၀:၈၊ ၉; ထွ. ၅:၁၊ ၂; ၂ ရာ. ၁၅:၄-၆) ကာဣနလည်း မာနစိတ်ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ပျက်စီးခဲ့ရတယ်။ ယေဟောဝါကိုယ်တိုင် သူ့ကို သတိပေးပေမဲ့ မာနစိတ်ကြောင့် နားမထောင်ခဲ့ဘူး။ ဘုရားသခင့်သတိပေးချက်တွေကို လျစ်လျူရှုခဲ့တယ်။ ခေါင်းမာမာနဲ့ ရှေ့ဆက်တိုးပြီး အပြစ်ကျူးလွန်ခဲ့တယ်။—က. ၄:၆-၈

၇၊ ၈။ (က) လူမျိုးရေးစိတ်ဆိုတာ ဘာလဲ။ အဲဒါက မာနစိတ်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။ (ခ) မာနစိတ်က အသင်းတော်ရဲ့ ငြိမ်သက်မှုကို ဘယ်လို ထိခိုက်စေနိုင်တယ်ဆိုတာ ရှင်းပြပါ။

ဒီနေ့ခေတ်မှာ လူတွေဟာ မာနစိတ်ကို အန္တရာယ်ရှိတဲ့နည်းလမ်းများစွာနဲ့ ဖော်ပြနေကြတယ်။ မာနစိတ်ဟာ တစ်ခါတလေ လူမျိုးရေးစိတ်နဲ့ ဆက်စပ်နေတယ်။ အဘိဓာန်တစ်အုပ်မှာ လူမျိုးရေးစိတ်ဆိုတာ ကိုယ်နဲ့လူမျိုးမတူသူတွေကို ခွဲခြားဆက်ဆံခြင်းဖြစ်တယ်လို့ အနက်ဖွင့်ထားတယ်။ “လူမျိုးတိုင်းမှာ မတူညီတဲ့ အရည်အသွေးတွေ၊ အစွမ်းအစတွေရှိပေမဲ့ လူမျိုးတချို့ကတော့ ပင်ကိုအရ ပိုသာလွန်တယ် ဒါမှမဟုတ် ပိုနိမ့်ကျတယ်” လို့လည်း အနက်ဖွင့်ထားတယ်။ လူမျိုးရေးစိတ်ကြောင့် ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ရတယ်။

မာနကြီးခြင်းက အသင်းတော်ရဲ့ ငြိမ်သက်မှုကို ထိခိုက်စေနိုင်တယ်

ခရစ်ယာန်အသင်းတော်မှာတော့ အဲဒီလို မဖြစ်သင့်ဘူး။ ဒါပေမဲ့ မာနစိတ်ကြောင့် ညီအစ်ကိုညီအစ်မတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ပေါ်လာနိုင်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်။ ပထမရာစုခရစ်ယာန်တချို့ အဲဒီလို ဖြစ်ခဲ့တယ်။ ဒါကြောင့် ယာကုပ်က “သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းတို့သည် အဘယ်ကဖြစ်သနည်း” လို့ မေးခဲ့တယ်။ (ယာ. ၄:၁) ကျွန်တော်တို့မှာ တခြားသူတွေကို မုန်းတီးစိတ်၊ သူတို့ထက် ပိုသာတယ်ဆိုတဲ့စိတ် ရှိနေမယ်ဆိုရင် သူတို့ကို ထိခိုက်အောင် ပြုမူပြောဆိုမိနိုင်တယ်။ (သု. ၁၂:၁၈) မာနကြီးခြင်းက အသင်းတော်ရဲ့ ငြိမ်သက်မှုကို ထိခိုက်စေနိုင်တာ သေချာပါတယ်။

၉။ လူမျိုးရေးစိတ်နဲ့ ထိခိုက်ပျက်စီးစေနိုင်တဲ့ မာနကြီးခြင်းပုံစံအားလုံးကို ရှောင်ဖို့ ကျမ်းစာက ဘယ်လိုကူညီပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ကျွန်တော်တို့မှာ တခြားသူတွေထက် ပိုသာတယ်ဆိုတဲ့စိတ် ရှိနေမယ်ဆိုရင် ‘မာနကြီးသူတိုင်းကို’ ယေဟောဝါမုန်းတယ်ဆိုတာ သတိရလိုက်ပါ။ (သု. ၁၆:၅) အဲဒီအပြင် ‘တခြားလူမျိုး၊ တခြားနိုင်ငံသား ဒါမှမဟုတ် ငါနဲ့ ယဉ်ကျေးမှုမတူသူတွေထက် ငါ ပိုသာတယ်လို့ ခံစားနေရသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပြီး စိတ်နှလုံးကို ဆန်းစစ်ဖို့လည်း လိုအပ်တယ်။ တကယ်လို့ အဲဒီလိုခံစားနေရတယ်ဆိုရင် ဘုရားသခင်ဟာ “လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်း” ထားတယ်ဆိုတာကို ကျွန်တော်တို့ လျစ်လျူရှုရာကျတယ်။ (တ. ၁၇:၂၆) တကယ်တော့ ကျွန်တော်တို့အားလုံးဟာ အာဒံဆီက ဆင်းသက်လာတဲ့အတွက် လူမျိုးတစ်မျိုးတည်းလို့ ပြောနိုင်တယ်။ ဒါကြောင့် တချို့လူမျိုးကို ပိုသာအောင် ဘုရားသခင် ဖန်ဆင်းထားတယ်လို့ ယုံကြည်တာဟာ သိပ်မိုက်မဲရာကျတယ်။ အဲဒီလိုယုံကြည်နေမယ်ဆိုရင် ခရစ်ယာန်မေတ္တာနဲ့ စည်းလုံးမှုကို ဖျက်ဆီးဖို့ စာတန်ကို အခွင့်ပေးနေတာပဲ။ (ယော. ၁၃:၃၅) စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် ထိခိုက်ပျက်စီးစေနိုင်တဲ့ မာနကြီးခြင်းပုံစံအားလုံးကို ရှောင်ရမှာဖြစ်တယ်။—သု. ၁၆:၁၈

ပစ္စည်းဥစ္စာအဓိကထားခြင်းနဲ့ လောကကိုချစ်ခြင်းကို ရှောင်ပါ

၁၀၊ ၁၁။ (က) ဒီလောကကို ဘာကြောင့် အလွယ်တကူ ချစ်မိသွားနိုင်သလဲ။ (ခ) ဒေမဟာ လောကကို ချစ်တဲ့အတွက် ဘာရလဒ် ရခဲ့သလဲ။

၁၀ စာတန်ဟာ ‘ဒီလောကကို အစိုးရသောမင်း’ ဖြစ်ပြီး ထိန်းချုပ်ထားတယ်။ (ယော. ၁၂:၃၁; ၁ ယော. ၅:၁၉) ဒီလောက အားပေးအားမြှောက်လုပ်နေတဲ့ အရာများစွာဟာ ကျမ်းစာစံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ လောကမှာရှိတဲ့အရာတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စာတန်ဟာ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကို အမြတ်ထုတ်ဖို့၊ ကျွန်တော်တို့ အပြစ်လုပ်မိစေဖို့ ဒီလောကကို အသုံးပြုမှာ သေချာတယ်။ လောကကို ချစ်ဖို့၊ ယေဟောဝါနဲ့ ဆက်ဆံရေးကို အလေးမထားဖို့ ကျွန်တော်တို့ကို သူ သွေးဆောင်ပါလိမ့်မယ်။၁ ယောဟန် ၂:၁၅၊ ၁၆ ကိုဖတ်ပါ။

၁၁ ပထမရာစုခရစ်ယာန်တချို့ဟာ လောကကို ချစ်ခဲ့တယ်။ ဥပမာ၊ ‘ဒေမသည် လက်ရှိလောကစနစ်ကို ချစ်သောကြောင့် ငါ့ကိုစွန့်ခွာသွားလေပြီ’ လို့ ပေါလု ပြောတယ်။ (၂ တိ. ၄:၁၀) လောကရဲ့ ဘယ်အစိတ်အပိုင်းကို ဒေမ ချစ်ပြီး ပေါလုကို စွန့်ခွာသွားတယ်ဆိုတာ ကျမ်းစာမှာ အတိအကျ မဖော်ပြထားဘူး။ ယေဟောဝါကို အမှုဆောင်တာထက် ပစ္စည်းဥစ္စာတွေကို ပိုချစ်သွားတာဖြစ်နိုင်တယ်။ ဒါကြောင့် ဘုရားသခင့်အမှုတော်မှာ စိတ်လှုပ်ရှားစရာ အခွင့်ထူးတွေကို သူ ဆုံးရှုံးခဲ့ရတယ်။ အဲဒါ တန်ရဲ့လား။ လုံးဝ မတန်ပါဘူး။ တကယ်လို့သာ သူသစ္စာရှိနေမယ်ဆိုရင် ပေါလုရဲ့လုပ်ဖော်ဆောင်ဖက် ဆက်ဖြစ်နေပါလိမ့်မယ်။ ဒီလောကဟာ ယေဟောဝါပေးနိုင်တာထက် ပိုကောင်းတဲ့အရာတစ်ခုခုကို ဘယ်တော့မှ မပေးနိုင်ပါဘူး။—သု. ၁၀:၂၂

ငွေဟာ ယေဟောဝါနဲ့ဆက်ဆံရေးထက် ပိုအရေးကြီးလာတာမျိုး ဘယ်တော့မှ အဖြစ်မခံပါနဲ့

၁၂။ “စည်းစိမ်ဥစ္စာ၏ လှည့်စား” နိုင်စွမ်းကို သုံးပြီး ကျွန်တော်တို့ကို စာတန် ဘယ်လို အမြတ်ထုတ်နိုင်သလဲ။

၁၂ ဒီနေ့အချိန်မှာ ကျွန်တော်တို့လည်း အဲဒီလို ဖြစ်သွားနိုင်တယ်။ ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ပေးချင်တာ မဆန်းပါဘူး။ (၁ တိ. ၅:၈) ယေဟောဝါဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေချင်တယ်။ ဒါကြောင့်လည်း အာဒံနဲ့ ဧဝကို လှပတဲ့ ပရဒိသုမှာ နေထိုင်စေခဲ့တယ်။ (က. ၂:၉) ဒါပေမဲ့ စာတန်ဟာ “စည်းစိမ်ဥစ္စာ၏ လှည့်စား” နိုင်စွမ်းကို သုံးပြီး ကျွန်တော်တို့ရဲ့ အလိုဆန္ဒတွေကို အမြတ်ထုတ်နိုင်တယ်။ (မ. ၁၃:၂၂) ငွေရှိရင်၊ ပစ္စည်းဥစ္စာတွေရှိရင် ပျော်ရွှင်မယ်၊ အောင်မြင်မယ်လို့ လူများစွာ ထင်ကြတယ်။ ကျွန်တော်တို့မှာသာ အဲဒီလိုအတွေးမျိုးရှိရင် ပိုင်ဆိုင်ထားတဲ့ တန်ဖိုးအရှိဆုံးအရာတောင် ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိခြင်းပဲ။ “မည်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်မည်။ သို့မဟုတ် တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ” လို့ ယေရှုသတိပေးထားတယ်။ (မ. ၆:၂၄) ပစ္စည်းဥစ္စာတွေအတွက်ပဲ အစေခံနေတယ်ဆိုရင် ယေဟောဝါကို အမှုဆောင်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီလိုပဲ စာတန်ဖြစ်စေချင်တယ်။ ဒါကြောင့် ဘဝမှာ ငွေ ဒါမှမဟုတ် ငွေနဲ့ဝယ်လို့ရနိုင်တဲ့အရာတွေဟာ ယေဟောဝါနဲ့ဆက်ဆံရေးထက် ပိုအရေးကြီးလာတာမျိုး ဘယ်တော့မှ အဖြစ်မခံပါနဲ့။ စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး သဘောထားမှန်ရှိရမယ်။၁ တိမောသေ ၆:၆–၁၀ ကိုဖတ်ပါ။

လိင်အကျင့်ယိုယွင်းခြင်းကို ရှောင်ပါ

၁၃။ ဒီလောကဟာ အိမ်ထောင်ရေးနဲ့ လိင်ကိစ္စကို တလွဲထင်မြင်အောင် ဘယ်လိုသွေးထိုးနေသလဲ။

၁၃ စာတန်ရဲ့ နောက်ထောင်ချောက်တစ်ခုကတော့ လိင်အကျင့်ယိုယွင်းခြင်းပဲ။ ကိုယ့်ယောက်ျား၊ ဇနီးနဲ့ အိမ်ထောင်ရေးအပေါ် သစ္စာရှိတာဟာ ခေတ်နောက်ကျသွားပြီ၊ မလွတ်လပ်ဘူးလို့ လူများစွာ ထင်ကြတယ်။ ဥပမာ၊ မင်းသမီးတစ်ယောက်က “လူတစ်ယောက်တည်းကိုပဲ သစ္စာရှိဖို့ မဖြစ်နိုင်ဘူး။ သစ္စာရှိတဲ့သူ၊ သစ္စာရှိချင်တဲ့သူ တစ်ယောက်ကိုမှ ကျွန်မ မမြင်ဖူးဘူး” လို့ ပြောတယ်။ မင်းသားတစ်ယောက်ကလည်း “တစ်ယောက်ယောက်ကို ရိုးမြေကျပေါင်းသင်းချင်တာဟာ လူတွေရဲ့ ပင်ကိုဗီဇ ဟုတ်ရဲ့လားဆိုတာ မသေချာဘူး” လို့ပြောတယ်။ ဘုရားသခင့်လက်ဆောင်ဖြစ်တဲ့ အိမ်ထောင်ရေးကို နာမည်ကျော်ပုဂ္ဂိုလ်တွေ အဲဒီလိုဝေဖန်ကဲ့ရဲ့တဲ့အခါ စာတန် သိပ်ပျော်မှာပဲ။ အိမ်ထောင်ရေးအစီအစဉ်ကို စာတန် မထောက်ခံဘူး။ အိမ်ထောင်ရေးကိုလည်း မသာယာစေချင်ဘူး။ ဒါကြောင့် စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် အိမ်ထောင်နဲ့ပတ်သက်ပြီး ဘုရားသခင့်အမြင်မျိုး ရှိရမယ်။

၁၄၊ ၁၅။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ သင် ဘာလုပ်နိုင်သလဲ။

၁၄ ကျွန်တော်တို့ဟာ အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေဖြစ်စေ လိင်အကျင့်ယိုယွင်းမှုပုံစံအားလုံးကို ကြိုးစားတွန်းလှန်ရမယ်။ အဲဒီလိုတွန်းလှန်ဖို့ လွယ်သလား။ လုံးဝ မလွယ်ပါဘူး။ ဥပမာ၊ သင်ဟာ လူငယ်ဆိုရင် အတန်းဖော်တွေ တွေ့ကရာလူနဲ့ လိင်ဆက်ဆံတဲ့အကြောင်း ကြွားဝါပြောဆိုနေတာကို ကြားရနိုင်တယ်။ ဖုန်းကတစ်ဆင့် မဖွယ်မရာ မက်ဆေ့ခ်ျတွေ၊ ရုပ်ပုံတွေ၊ ကလေးညစ်ညမ်းရုပ်ပုံတွေ ပို့တဲ့အကြောင်း ကြွားဝါပြောဆိုနေတာ ဖြစ်နိုင်တယ်။ “မတရားမေထုန် ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏” လို့ ကျမ်းစာမှာပြောတယ်။ (၁ ကော. ၆:၁၈) လိင်ဆိုင်ရာ ကူးစက်ရောဂါတွေကြောင့် လူများစွာဟာ ဝေဒနာတွေခံစားပြီး သေဆုံးကြရတယ်။ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခဲ့တာကို နောင်တရတဲ့အကြောင်း လူငယ်အများစု ဝန်ခံကြတယ်။ ဖျော်ဖြေရေးလောက,ကတော့ ဘုရားသခင့်ပညတ်တွေကို ကျွန်တော်တို့ ချိုးဖောက်ရင်လည်း ဘာဆိုးကျိုးမှခံစားရမှာမဟုတ်ဘူးလို့ ယုံစေချင်တယ်။ အဲဒီအလိမ်အညာတွေကို ယုံမိရင် “အပြစ်၏လှည့်စားနိုင်စွမ်း” ရဲ့ သားကောင်ဖြစ်သွားနိုင်တယ်။—ဟေဗြဲ ၃:၁၃

၁၅ သင်ဟာ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ကိုယ့်ရဲ့အားနည်းချက်ကို အသိအမှတ်ပြုပါ။ (ရော. ၇:၂၂၊ ၂၃) တွန်းလှန်နိုင်တဲ့ခွန်အားပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ (ဖိ. ၄:၆၊ ၇၊ ၁၃) လိင်အကျင့်ယိုယွင်းမိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ပါ။ (သု. ၂၂:၃) သွေးဆောင်ခံရတဲ့အခါ ချက်ချင်း ရှောင်ထွက်သွားပါ။—က. ၃၉:၁၂

၁၆။ စာတန်ရဲ့ သွေးဆောင်မှုတွေကို ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ဒီကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

၁၆ ယေရှုဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးစံနမူနာရှင်ဖြစ်တယ်။ စာတန့်ကတိစကားတွေကို နားမယောင်ဘူး။ အဲဒါတွေအကြောင်း စဉ်းတောင်မစဉ်းစားဘူး။ အဲဒီအစား “ကျမ်းစာ၌ ရေးထားသည်” လို့ စာတန်ကို ချက်ချင်းတုံ့ပြန်ခဲ့တယ်။ (မဿဲ ၄:၄–၁၀ ကိုဖတ်ပါ။) ယေရှုဟာ ကျမ်းစာကို အကျွမ်းတဝင်ရှိတာကြောင့် သွေးဆောင်ခံရတဲ့အခါ ကျမ်းချက်တွေကို ချက်ချင်း ကိုးကားနိုင်ခဲ့တယ်။ စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရမယ်။—၁ ကော. ၆:၉၊ ၁၀

ခံနိုင်ရည်ရှိခြင်းအားဖြင့် တိုက်ခိုက်အောင်မြင်ပါ

၁၇၊ ၁၈။ (က) တခြားဘယ်ထောင်ချောက်တွေကို စာတန် အသုံးပြုသလဲ။ ကျွန်တော်တို့ ဘာကြောင့် အဲဒီလို မျှော်လင့်ထားသလဲ။ (ခ) စာတန် ဘာဖြစ်သွားမလဲ။ ဒါက ခံနိုင်ရည်ရှိဖို့ ဘယ်လိုအားပေးမှုဖြစ်စေသလဲ။

၁၇ မာနကြီးခြင်း၊ ပစ္စည်းဥစ္စာအဓိကထားခြင်းနဲ့ လိင်အကျင့်ယိုယွင်းခြင်းဟာ စာတန့်ထောင်ချောက် သုံးခုပဲရှိသေးတယ်။ နောက်ထပ် အများကြီးရှိသေးတယ်။ ဥပမာ၊ ခရစ်ယာန်တချို့ဟာ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု၊ အတန်းဖော်တွေရဲ့ လှောင်ပြောင်မှုကို ခံနေရတယ်။ တချို့ကျတော့ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတဲ့နိုင်ငံတွေမှာ နေထိုင်ကြတယ်။ အဲဒီလိုအခက်အခဲတွေကို ကျွန်တော်တို့ မျှော်လင့်ထားတယ်။ ယေရှုကိုယ်တိုင် ဒီလို သတိပေးခဲ့လို့ဖြစ်တယ်။ “လူခပ်သိမ်းတို့သည် ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသူသည် ကယ်တင်ခြင်းရလိမ့်မည်။”—မ. ၁၀:၂၂

စာတန် အပြီးအပိုင် ဖျက်ဆီးခံရမယ် (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈ စာတန်ကို ဘယ်လိုတိုက်ခိုက်အောင်မြင်နိုင်သလဲ။ “သင်တို့သည် ခံနိုင်ရည်ရှိခြင်းအားဖြင့် အသက်ရလိမ့်မည်” လို့ ယေရှုပြောတယ်။ (လု. ၂၁:၁၉) ဘယ်လူသားမှ ကျွန်တော်တို့ကို ထာဝစဉ်အန္တရာယ်မပြုနိုင်ဘူး။ ဘယ်သူမှ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးပျက်စီးသွားအောင် မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ခွင့်ပြုမှသာ အဲဒီလိုဖြစ်နိုင်မယ်။ (ရော. ၈:၃၈၊ ၃၉) ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တချို့ သေသွားခဲ့ရင်တောင် စာတန် အနိုင်ရပြီလို့ မဆိုလိုပါဘူး။ သူတို့ကို ယေဟောဝါ ထမြောက်ပေးပါလိမ့်မယ်။ (ယော. ၅:၂၈၊ ၂၉) စာတန်မှာတော့ ဘာအနာဂတ်မှ မရှိဘူး။ ဒီဆိုးညစ်တဲ့လောက ဖျက်ဆီးခံရပြီးနောက် စာတန်ဟာ တွင်းနက်ကြီးထဲ အနှစ် ၁,၀၀၀ ပစ်ချခံရပါလိမ့်မယ်။ (ဗျာ. ၂၀:၁-၃) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု ကုန်ဆုံးတဲ့အခါ စာတန်ဟာ “ထောင်ထဲမှ လွတ်လာ” ပြီး စုံလင်တဲ့လူသားတွေကို လှည့်စားဖို့ နောက်ဆုံးအနေနဲ့ ကြိုးစားပါလိမ့်မယ်။ အဲဒီနောက် သူ ဖျက်ဆီးခံရပါလိမ့်မယ်။ (ဗျာ. ၂၀:၇-၁၀) မာရ်နတ်မှာ အနာဂတ်မရှိပေမဲ့ ကျွန်တော်တို့မှာတော့ ရှိပါတယ်။ ဒါကြောင့် စာတန်ကို ဆက်တိုက်ခိုက်ပြီး ယုံကြည်ခြင်း ခိုင်မာနေအောင် လုပ်ဆောင်ပါ။ စာတန်ကို သင် တိုက်ခိုက်အောင်မြင်နိုင်ပါတယ်။