မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်

နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်

“နိုးကြားနေကြလော့။ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။”—၁ ပေ. ၅:၈

၁။ ကောင်းကင်တမန်တစ်ပါးကနေ စာတန်ဖြစ်လာပုံကို ရှင်းပြပါ။

တစ်ချိန်တုန်းကတော့ ဒီကောင်းကင်တမန်ဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူသားတွေရဲ့ ဝတ်ပြုမှုကို လိုချင်တပ်မက်လာတယ်။ မှားယွင်းတဲ့ အဲဒီဆန္ဒကို ချက်ချင်းတွန်းလှန်မယ့်အစား အပြစ်လုပ်တဲ့အထိ ကြီးထွားခွင့်ပြုခဲ့တယ်။ (ယာ. ၁:၁၄၊ ၁၅) သူ့နာမည်ရင်းကို ကျွန်တော်တို့မသိပေမဲ့ သူ့ကို စာတန်လို့ ခေါ်တယ်။ သူဟာ ‘အမှန်တရားမှာ မတည်မနေ’ ဘူး။ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ပြီး “မုသာ၏အဖ” ဖြစ်လာတယ်။—ယော. ၈:၄၄

၂၊ ၃။ “စာတန်၊” “မာရ်နတ်၊” “မြွေ၊” “နဂါး” စတဲ့နာမည်တွေက ယေဟောဝါရဲ့ အကြီးမားဆုံးရန်သူအကြောင်း ဘာဖော်ပြနေသလဲ။

စာတန်ဟာ ယေဟောဝါကို ပုန်ကန်ချိန်ကစပြီး ကိုယ်တော်ရဲ့ အကြီးမားဆုံးရန်သူဖြစ်လာတယ်။ လူသားအားလုံးရဲ့ ရန်သူလည်းဖြစ်တယ်။ သူနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်ကိုကြည့်ရင် သူ ဘယ်လောက်ဆိုးမှန်း သိနိုင်တယ်။ စာတန်ရဲ့အဓိပ္ပာယ်ဟာ “ခုခံသူ” ဖြစ်တဲ့အတွက် သူဟာ ဘုရားသခင့်အုပ်ချုပ်မှုကို မုန်းပြီး အစွမ်းရှိသမျှနဲ့ ခုခံတိုက်ခိုက်တယ်ဆိုတာ ဖော်ပြတယ်။ သူ အမြင်ချင်ဆုံးကတော့ ယေဟောဝါရဲ့ အုပ်ချုပ်မှု အဆုံးတိုင်သွားတာကိုပဲ။

ဗျာဒိတ် ၁၂:၉ မှာ စာတန်ကို မာရ်နတ်လို့ ခေါ်ထားတယ်။ “ရှုတ်ချဂုဏ်ဖျက်သူ” လို့အဓိပ္ပာယ်ရတယ်။ စာတန်ဟာ ဘုရားသခင်လိမ်ညာတယ်လို့ စွပ်စွဲပြောဆိုခြင်းအားဖြင့် ကိုယ်တော့်ကို ရှုတ်ချဂုဏ်ဖျက်ခဲ့တယ်။ “မူလမြွေ” ဆိုတဲ့နာမည်က ဧဝကို လှည့်စားဖို့ မြွေတစ်ကောင်ကို သူ ဘယ်လို အသုံးပြုခဲ့တယ်ဆိုတာ အမှတ်ရစေတယ်။ “နဂါးကြီး” ဆိုတဲ့ နာမည်ကလည်း စာတန်အကြောင်း ကောင်းကောင်းဖော်ပြလိုက်တာပဲ။ သူဟာ ရက်စက်ယုတ်မာတယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်မပြည့်စုံအောင် တားဆီးချင်တယ်။ ဘုရားသခင့်လူမျိုးကိုလည်း ဖျက်ဆီးပစ်ချင်တယ်။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်းလေ့လာကြမလဲ။

စာတန်ဟာ ကျွန်တော်တို့ရဲ့ သစ္စာသမာဓိကို အဓိကတိုက်ခိုက်နေတယ်။ ဒါကြောင့်လည်း “သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (၁ ပေ. ၅:၈) ဒီဆောင်းပါးမှာ စာတန်ရဲ့ စရိုက်လက္ခဏာ သုံးခုအကြောင်း လေ့လာသွားပါမယ်။ ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးရဲ့ ဆိုးညစ်တဲ့ရန်သူလက်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာ သိရှိလာပါလိမ့်မယ်။

စာတန် တန်ခိုးရှိ

၅၊ ၆။ (က) ကောင်းကင်တမန်တွေ “တန်ခိုးကြီး” ကြောင်း ဖော်ပြတဲ့ ဥပမာတွေ ပေးပါ။ (ခ) စာတန်က ဘယ်လိုနည်းနဲ့ “သေခြင်းတရားကို ဖြစ်ပေါ်စေ” သလဲ။

ကောင်းကင်တမန်တွေဟာ “တန်ခိုးကြီး” ကြတယ်။ (ဆာ. ၁၀၃:၂၀) လူသားတွေထက် အသိဉာဏ်နဲ့ ခွန်အား ပိုကြီးမားတယ်။ သစ္စာရှိ ကောင်းကင်တမန်တွေဟာ သူတို့ရဲ့တန်ခိုးကို အကောင်းဘက်ကနေ အသုံးပြုတယ်။ ဥပမာ၊ ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါးတည်းက အာရှုရိစစ်သား ၁၈၅,၀၀၀ ကို သတ်ပစ်လိုက်တယ်။ လူတစ်ယောက်မပြောနဲ့၊ စစ်တပ်တစ်တပ်တောင် အဲဒီလိုလုပ်ဖို့ မလွယ်ဘူး။ (၄ ရာ. ၁၉:၃၅) နောက်တစ်ကြိမ်မှာတော့ ကောင်းကင်တမန်တစ်ပါးက သူ့တန်ခိုးနဲ့ အသိဉာဏ်ကိုသုံးပြီး ယေရှုရဲ့တမန်တော်တွေကို ထောင်ကနေ လွှတ်ပေးခဲ့တယ်။ အစောင့်တွေ အနားမှာရပ်နေပေမဲ့ ကောင်းကင်တမန် သော့ဖွင့်ပြီး တမန်တော်တွေကို လွှတ်ပေးလိုက်တာ၊ ပြီးနောက် သော့ပြန်ခတ်လိုက်တာကို သူတို့ သတိတောင်မထားမိဘူး။—တ. ၅:၁၈-၂၃

သစ္စာရှိကောင်းကင်တမန်တွေက သူတို့တန်ခိုးကို အကောင်းဘက်ကနေသုံးပေမဲ့ စာတန်ကတော့ မကောင်းတဲ့ဘက်ကနေ သုံးတယ်။ စာတန် တန်ခိုးသြဇာကြီးမားတာ သေချာတယ်။ ကျမ်းစာမှာ သူ့ကို “ဤလောကကို အစိုးရသောမင်း” နဲ့ “ဤလောကစနစ်၏ ဘုရား” လို့ခေါ်ထားတယ်။ (ယော. ၁၂:၃၁; ၂ ကော. ၄:၄) စာတန်မှာ “သေခြင်းတရားကို ဖြစ်ပေါ်စေ” နိုင်စွမ်းတောင် ရှိတယ်။ (ဟေဗြဲ ၂:၁၄) ဒီလိုပြောလို့ လူအားလုံးကို သူ တိုက်ရိုက်သတ်ပစ်တယ်လို့ မဆိုလိုပါဘူး။ ဒါဆို ဘာကိုဆိုလိုသလဲ။ တစ်ချက်အနေနဲ့ ဒီလောကဟာ စာတန်ရဲ့ မုန်းတီးတဲ့သဘော၊ ကြမ်းတမ်းတဲ့သဘောနဲ့ ပြည့်နှက်နေတယ်။ နောက်တစ်ချက်ကတော့ ဧဝဟာ စာတန်ရဲ့ အလိမ်အညာကို ယုံမိတဲ့အတွက်၊ အာဒံဟာ ဘုရားသခင်ကို မနာခံတဲ့အတွက် လူသားအားလုံး အပြစ်နဲ့သေခြင်းအောက် ရောက်ခဲ့ရတယ်။ (ရော. ၅:၁၂) ယေရှုက စာတန်ကို “လူ့အသက်ကို သတ်သောသူ” လို့ ခေါ်ခဲ့တယ်။ (ယော. ၈:၄၄) စာတန်ဟာ တကယ့်ကို တန်ခိုးရှိတဲ့ရန်သူပါပဲ။

ယေဟောဝါရဲ့ အကူအညီသာမပါရင် စာတန်ကို ကျွန်တော်တို့ ဘယ်တော့မှ တိုက်ခိုက်အောင်မြင်နိုင်မှာ မဟုတ်ဘူး

၇။ နတ်ဆိုးတွေဟာ တန်ခိုးရှိမှန်း ဘယ်လိုဖော်ပြကြသလဲ။

စာတန်ကို ခုခံတွန်းလှန်ခြင်းက ဘုရားသခင့်အုပ်ချုပ်မှုကို ပုန်ကန်တဲ့ စာတန့်ဘက်တော်သားအားလုံးကိုလည်း ခုခံတွန်းလှန်ရာရောက်တယ်။ အဲဒီထဲမှာ နတ်ဆိုးတွေလို့ခေါ်တဲ့ ပုန်ကန်တဲ့ကောင်းကင်တမန်အုပ်စုကြီး ပါဝင်တယ်။ (ဗျာ. ၁၂:၃၊ ၄) နတ်ဆိုးတွေလည်း လူတွေထက် သိပ်တန်ခိုးကြီးမှန်း မကြာခဏ ဖော်ပြကြတယ်။ လူတွေကို သူတို့ အကြီးအကျယ် ထိခိုက်နာကျင်စေကြတယ်။ (မ. ၈:၂၈-၃၂; မာ. ၅:၁-၅) နတ်ဆိုးတွေရဲ့ တန်ခိုး၊ “နတ်ဆိုးမင်း” ရဲ့ တန်ခိုးကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ (မ. ၉:၃၄) ယေဟောဝါရဲ့ အကူအညီသာမပါရင် စာတန်ကို ကျွန်တော်တို့ ဘယ်တော့မှ တိုက်ခိုက်အောင်မြင်နိုင်မှာ မဟုတ်ဘူး။

စာတန် ရက်စက်

၈။ (က) စာတန်ရဲ့ရည်ရွယ်ချက်က ဘာလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ဒီလောကဟာ စာတန်ရဲ့ ရက်စက်တဲ့သဘောထားကို ဘယ်လိုဖော်ပြနေတယ်လို့ သင်ထင်သလဲ။

တမန်တော်ပေတရုက စာတန်ကို ‘တစ်ဦးတစ်ယောက်ကို မျိုဖို့ လှည့်လည်ရှာဖွေနေတဲ့ ဟောက်သောခြင်္သေ့’ နဲ့ ခိုင်းနှိုင်းခဲ့တယ်။ စာတန်ရဲ့ ရက်စက်ယုတ်မာတဲ့သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်တာပဲ။ တစ်ကမ္ဘာလုံး သူ့လက်ထဲမှာ ရှိနေပေမဲ့ မကျေနပ်သေးဘူး။ သားကောင်တွေကို မနားတမ်းဝါးမျိုချင်နေတဲ့ ခြင်္သေ့နဲ့တူတယ်။ (၁ ယော. ၅:၁၉) သူ့ရဲ့အဓိကပစ်မှတ်ကတော့ မြေကြီးပေါ်ရှိနေသေးတဲ့ ဘိသိက်ခံတွေနဲ့ သူတို့ရဲ့အပေါင်းပါ “အခြားသိုး” တွေဖြစ်တယ်။ (ယော. ၁၀:၁၆; ဗျာ. ၁၂:၁၇) စာတန့်ရည်ရွယ်ချက်က ယေဟောဝါရဲ့လူမျိုးကို ဖျက်ဆီးပစ်ဖို့ပဲ။ ပထမရာစုကစပြီး အခုချိန်ထိ ခရစ်ယာန်စစ်တွေ နှိပ်စက်ညှဉ်းပန်းခံရတာက စာတန် ဘယ်လောက်ရက်စက်တယ်ဆိုတာ သက်သေထူတယ်။

၉၊ ၁၀။ (က) စာတန်ဟာ အစ္စရေးတွေကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲ။ (ဥပမာပေးပါ။) (ခ) စာတန်ဟာ ဘယ်အထူးအကြောင်းရင်းကြောင့် ရှေးခေတ်အစ္စရေးလူမျိုးကို အဓိကပစ်မှတ်ထားခဲ့သလဲ။ (ဂ) ဒီနေ့ခေတ်မှာ ယေဟောဝါရဲ့ကျေးကျွန်တစ်ယောက် ကြီးလေးတဲ့အပြစ် ကျူးလွန်မိတဲ့အခါ မာရ်နတ် ဘယ်လိုခံစားရမယ်လို့ သင် ထင်သလဲ။

စာတန်ဟာ သူ့ရဲ့ရက်စက်မှုကို နောက်တစ်နည်းနဲ့လည်း ဖော်ပြတယ်။ ဆာလောင်နေတဲ့ခြင်္သေ့ဟာ သားကောင်ကို မသနားဘူး။ မသတ်ခင်မှာ မသနားသလို သတ်ပြီးနောက်မှာလည်း ဘယ်လိုမှ မခံစားရဘူး။ အဲဒီလိုပဲ၊ စာတန်လည်း သူတိုက်ခိုက်သူတွေကို လုံးဝမသနားဘူး။ ဥပမာ၊ လိင်အကျင့်ယိုယွင်းခြင်း၊ လောဘကြီးခြင်း စတဲ့အပြစ်တွေကို အစ္စရေးတွေကျူးလွန်တိုင်း စာတန် ဘယ်လိုခံစားရမယ်လို့ သင်ထင်သလဲ။ ဇိမရိရဲ့ လိင်အကျင့်ယိုယွင်းမှု၊ ဂေဟာဇိရဲ့ လောဘကြီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေကို မြင်တဲ့အခါ စာတန် အောင်ပွဲခံနေမယ်ဆိုတာ သင် မြင်ယောင်မိသလား။—တော. ၂၅:၆-၈၊ ၁၄၊ ၁၅; ၄ ရာ. ၅:၂၀-၂၇

ယေဟောဝါရဲ့ကျေးကျွန်တစ်ယောက် အပြစ်ကျူးလွန်တဲ့အခါ စာတန် သိပ်ပျော်တယ် (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀ ရှေးခေတ်အစ္စရေးတွေကို စာတန် အဓိကပစ်မှတ်ထားရတဲ့ အထူးအကြောင်းရင်းရှိတယ်။ မေရှိယဟာ အဲဒီလူမျိုးကနေ ဆင်းသက်လာမယ်၊ စာတန်ကို ဖျက်ဆီးပြီး ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို သက်သေထူမယ်ဆိုတာ သတိရပါ။ (က. ၃:၁၅) စာတန်ဟာ အစ္စရေးတွေကို ဘုရားသခင့်မျက်နှာသာ မရစေချင်ဘူး။ ဒါကြောင့် သူတို့အပြစ်လုပ်မိအောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ တခြားသူရဲ့မိန်းမနဲ့ ဒါဝိဒ် ဖောက်ပြန်တဲ့အခါ သူ့အတွက် စာတန် စိတ်မကောင်းဖြစ်လိမ့်မယ်လို့ မထင်ပါနဲ့။ ကတိထားရာပြည်ထဲ မောရှေဝင်ခွင့်မရတဲ့အခါ သူ့ကို သနားလိမ့်မယ်လို့ မထင်ပါနဲ့။ တကယ်တော့ ဘုရားသခင့်ကျေးကျွန်တစ်ယောက် ကြီးလေးတဲ့အပြစ်ကျူးလွန်တာကို မြင်တဲ့အခါ စာတန်သိပ်ပျော်တယ်။ အဲဒီလိုအောင်ပွဲရတိုင်း ယေဟောဝါကို သူကဲ့ရဲ့ထေ့ငေ့ါတယ်။—သု. ၂၇:၁၁

၁၁။ စာတန်ဟာ စာရာကို ဘာကြောင့် ပစ်မှတ်ထားတာ ဖြစ်နိုင်သလဲ။

၁၁ စာတန်ဟာ အထူးသဖြင့် မေရှိယဆင်းသက်လာမယ့် မျိုးရိုးကို မုန်းတီးတယ်။ အာဗြဟံကို “လူမျိုးကြီး” ဖြစ်စေမယ်လို့ ယေဟောဝါ ပြောပြီးနောက် ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (က. ၁၂:၁-၃) အာဗြဟံနဲ့ စာရာ အီဂျစ်ပြည်မှာ ရောက်နေတုန်း ဖာရောက စာရာကို နန်းတော်ခေါ်ပြီး သိမ်းပိုက်ဖို့ကြံတယ်။ ဒါပေမဲ့ စာရာကို ယေဟောဝါ ကာကွယ်ပေးပြီး ခက်ခဲတဲ့အခြေအနေကနေ ကယ်တင်ခဲ့တယ်။ (ကမ္ဘာဦး ၁၂:၁၄–၂၀ ကိုဖတ်ပါ။) ဣဇာက်မမွေးခင် ဂေရာမြို့မှာလည်း အဲဒီလိုဖြစ်ခဲ့တယ်။ (က. ၂၀:၁-၇) အဲဒီအဖြစ်အပျက်တွေရဲ့ တရားခံဟာ စာတန်ဖြစ်နိုင်သလား။ စာရာဟာ ချမ်းသာတဲ့ဥရမြို့ကနေ ထွက်ပြီး တဲတွေနဲ့ နေထိုင်နေရတယ်ဆိုတာ သတိရပါ။ ဒါကြောင့် ဖာရောနဲ့ အဘိမလက်မင်းရဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်တွေကို ဗန်းပြပြီး စာရာကို သွေးဆောင်ဖို့ စာတန်ကြိုးစားခဲ့တာလား။ အဲဒီဘုရင်တစ်ပါးပါးနဲ့ စာရာ ထိမ်းမြားခြင်းအားဖြင့် ကိုယ့်ယောက်ျားအပြင် ယေဟောဝါကိုတောင် သစ္စာဖောက်သွားလိမ့်မယ်လို့ စာတန်ထင်နေတာလား။ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ စာရာသာ မေရှိယဆင်းသက်လာမယ့် မျိုးဆက်ဖြစ်ခွင့်ကို ဆုံးရှုံးသွားရင် စာတန်သိပ်ပျော်မှာ သေချာတယ်။ ဒီမိန်းမကောင်းတစ်ယောက်ရဲ့ အိမ်ထောင်ရေး၊ ဂုဏ်သိက္ခာ၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီးသွားခဲ့ရင် စာတန် လုံးဝစိတ်မကောင်းဖြစ်မှာမဟုတ်ဘူး။ ယုတ်မာရက်စက်လွန်းတဲ့ စာတန်ပါပဲ။

အမှားအမှန်ကို စာတန် ဂရုမစိုက်ဘူး

၁၂၊ ၁၃။ (က) ယေရှု မွေးဖွားပြီးနောက် စာတန်ဟာ သူ့ရက်စက်မှုကို ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) ဒီနေ့အချိန်မှာ ယေဟောဝါကို ချစ်ပြီး အမှုတော်ဆောင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး စာတန် ဘယ်လိုခံစားရမယ်လို့ သင်ထင်သလဲ။

၁၂ အာဗြဟံသေဆုံးပြီးနောက် ရာစုနှစ်ပေါင်းများစွာကြာတဲ့အခါ ယေရှု မွေးဖွားလာတယ်။ ဒီကလေးကိုလည်း ချစ်စရာကောင်းလိုက်တာလို့ စာတန်မြင်မယ်မထင်နဲ့။ ဒီကလေးကြီးလာရင် ကတိထားရာမေရှိယ ဖြစ်လာမယ်ဆိုတာ စာတန်သိတယ်။ ယေရှုဟာ အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအပိုင်းဖြစ်ပြီး နောက်ပိုင်းမှာ “မာရ်နတ်၏ အမှုအရာများကို ချိုးဖျက်” မယ့်သူဖြစ်တယ်။ (၁ ယော. ၃:၈) ဒီကလေးကို သတ်တာက ရက်စက်လွန်းရာကျတယ်လို့ စာတန် တွေးမလား။ မတွေးပါဘူး။ အမှားအမှန်ကို သူ ဂရုမစိုက်ဘူး။ ကလေးကို သတ်ဖို့ အပူတပြင်းကြိုးစားတော့တယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၃ “ဂျူးတို့၏ ရှင်ဘုရင်” မွေးဖွားပြီဆိုတဲ့သတင်းကို နက္ခတ်ဗေဒင်ဆရာတွေဆီကနေ ဟေရုဒ်မင်းကြားတဲ့အခါ အကြီးအကျယ်ဒေါသထွက်ပြီး သတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ (မ. ၂:၁-၃၊ ၁၃) ဒါကြောင့် ဘက်သလီဟင်မြို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျားအားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ (မဿဲ ၂:၁၃–၁၈ ကိုဖတ်ပါ။) ဒါပေမဲ့ အဲဒီကြောက်မက်ဖွယ် သတ်ဖြတ်မှုကနေ ယေရှု လွတ်မြောက်ခဲ့တယ်။ ဒီမှတ်တမ်းကနေ ရန်သူ စာတန်အကြောင်း ဘာသိရသလဲ။ စာတန်ဟာ လူ့အသက်ကို တန်ဖိုးမထားဘူး။ ကလေးတွေကိုတောင် လုံးဝ ထည့်မစဉ်းစားဘူး။ တကယ့်ကို “ဟောက်သောခြင်္သေ့” ပါပဲ။ သူ ဘယ်လောက်ရက်စက်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

စာတန် လှည့်စားတတ်

၁၄၊ ၁၅။ စာတန်ဟာ ဘယ်လိုနည်းနဲ့ “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ” သလဲ။

၁၄ မေတ္တာရှင် ဘုရားသခင်ယေဟောဝါကို လူတွေ ကျောခိုင်းသွားအောင် စာတန်လုပ်ဆောင်တဲ့ တစ်ခုတည်းသောနည်းကတော့ သူတို့ကို လှည့်စားခြင်းပဲ။ (၁ ယော. ၄:၈) “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း” လူတွေ မသိမှတ်တော့အောင်၊ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ လိုအပ်မှန်း မသိတော့အောင် စာတန်လှည့်စားတယ်။ (မ. ၅:၃) မာရ်နတ်ဟာ “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ” တဲ့အတွက် ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကို သူတို့ မမြင်နိုင်တော့ဘူး။—၂ ကော. ၄:၄

၁၅ လူတွေကို စာတန် လှည့်စားတဲ့ အကြီးမားဆုံးနည်းကတော့ မှားယွင်းတဲ့ဘာသာအားဖြင့် ဖြစ်တယ်။ ယေဟောဝါဟာ မိမိ ‘တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား’ ဖြစ်မှန်း စာတန်သိတယ်။ (ထွ. ၂၀:၅ကဘ) ဒါကြောင့် ယေဟောဝါကလွဲလို့ ဘိုးဘေးတွေကိုဖြစ်စေ၊ သဘာဝကိုဖြစ်စေ၊ တိရစ္ဆာန်တွေကိုဖြစ်စေ ဘယ်အရာ၊ ဘယ်သူ့ကိုမဆို လူတွေ ကိုးကွယ်တဲ့အခါ စာတန် သိပ်ပျော်တယ်။ ဝမ်းနည်းစရာက ကိုယ့်ဝတ်ပြုမှုကို ဘုရားသခင်လက်ခံတယ်လို့ ထင်နေသူများစွာတောင် မှားယွင်းတဲ့ ယုံကြည်ချက်တွေ၊ ထုံးတမ်းစဉ်လာတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတယ်။ ဟေရှာယခေတ်က အစ္စရေးတွေလည်း အဲဒီလိုအခြေအနေမျိုး ဖြစ်ခဲ့တယ်။ ဒါကြောင့် ‘သင်တို့က စားစရာမဟုတ်တဲ့အရာအတွက် ဘာကြောင့် ပိုက်ဆံပေးနေကြတာလဲ။ ကျေနပ်မှုမပေးနိုင်တဲ့အရာအတွက် ဘာကြောင့် ချွေးနှဲစာကို ဖြုန်းနေကြတာလဲ။ ငါ့စကားကို သေချာနားထောင်ကြပါ။ ကောင်းတဲ့အစာကို စားကြပါ။ သင်တို့က တကယ်အရသာရှိတဲ့အစာကို စားပြီး ပျော်ရွှင်ကြည်နူးရလိမ့်မယ်’ လို့ ယေဟောဝါ ပြောခဲ့တယ်။—ဟေရှာ. ၅၅:၂ကဘ။

ယေဟောဝါရဲ့ ဇွဲထက်သန်တဲ့ ကျေးကျွန်တွေကိုတောင် စာတန်လှည့်စားနိုင်တယ်

၁၆၊ ၁၇။ (က) “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” လို့ ပေတရုကို ယေရှု ဘာကြောင့် ပြောခဲ့သလဲ။ (ခ) ကျွန်တော်တို့ သတိလက်လွတ်ဖြစ်သွားအောင် စာတန် ဘယ်နည်းနဲ့ လှည့်စားနိုင်သလဲ။

၁၆ ယေဟောဝါရဲ့ ဇွဲထက်သန်တဲ့ကျေးကျွန်တွေကိုတောင် စာတန်လှည့်စားနိုင်တယ်။ ဥပမာ၊ ယေရှုက မကြာခင် သူအသတ်ခံရတော့မယ့်အကြောင်း တပည့်တွေကို ပြောတဲ့အခါ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေရှုကိုချစ်တဲ့ တမန်တော်ပေတရုက ‘ကိုယ့်ကိုယ်ကိုယ်သနားပါ သခင်။ ဒီအဖြစ်မျိုးကို ကိုယ်တော် လုံးဝမကြုံရပါ’ လို့ ပြောတဲ့အခါ “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” လို့ ယေရှု ပြန်ပြောခဲ့တယ်။ (မ. ၁၆:၂၂၊ ၂၃) ပေတရုကို “စာတန်” လို့ ယေရှု ဘာကြောင့် ခေါ်ခဲ့သလဲ။ မကြာခင် ဘာဖြစ်တော့မယ်ဆိုတာ ယေရှုသိနေလို့ပဲ။ မကြာခင်မှာ ယေရှုက ရွေးနုတ်ဖိုးပူဇော်သကာအဖြစ် သေဆုံးပြီး စာတန် မုသာကောင်ဖြစ်တယ်ဆိုတာ သက်သေထူလိမ့်မယ်။ ဒီအချိန်ဟာ လူ့သမိုင်းမှာ အရေးကြီးဆုံးအချိန်ဖြစ်တယ်။ “ကိုယ့်ကိုယ်ကိုယ်သနား” နေရမယ့်အချိန်မဟုတ်ဘူး။ ယေရှုသာ သတိလက်လွတ်ဖြစ်သွားရင် စာတန်သိပ်ပျော်မှာ သေချာတယ်။

၁၇ ဒီလောကစနစ်ရဲ့အဆုံး သိပ်နီးနေပြီ။ ဒါကြောင့် ကျွန်တော်တို့လည်း အရေးကြီးတဲ့အချိန်မှာ အသက်ရှင်နေကြတယ်။ စာတန်ဟာ ကျွန်တော်တို့ကို ဒီလောကမှာ အောင်မြင်ဖို့ပဲ သဲကြီးမဲကြီး ကြိုးစားစေချင်တယ်။ ဒီနည်းအားဖြင့် “ကိုယ့်ကိုယ်ကိုယ်သနား” စေချင်တယ်။ နောက်ဆုံးကာလမှာ အသက်ရှင်နေမှန်း မေ့သွားစေချင်တယ်။ သတိလက်လွတ်ဖြစ်သွားစေချင်တယ်။ ဒါပေမဲ့ ဘယ်တော့မှ အဲဒီလို အဖြစ်မခံပါနဲ့။ အဲဒီအစား၊ သတိရှိရှိ ‘စောင့်နေပါ။’ (မ. ၂၄:၄၂) အဆုံးရောက်ဖို့ အဝေးကြီးလိုသေးတယ် ဒါမှမဟုတ် လာတော့မှာမဟုတ်ပါဘူးဆိုတဲ့ စာတန်ရဲ့ အလိမ်အညာကို ဘယ်တော့မှ မယုံကြည်လိုက်ပါနဲ့။

၁၈၊ ၁၉။ (က) ကျွန်တော်တို့ကို စာတန် ဘယ်နည်းနဲ့ လှည့်စားနိုင်သလဲ။ (ခ) ကျွန်တော်တို့ ဆက်နိုးကြားနေဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ။

၁၈ ကျွန်တော်တို့ကို စာတန် နောက်တစ်နည်းနဲ့လည်း လှည့်စားတယ်။ ယေဟောဝါရဲ့မေတ္တာကို ကျွန်တော်တို့ မရထိုက်ဘူး၊ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ကိုယ်တော် ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ သူ ယုံစေချင်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ စာတန်ရဲ့ အလိမ်အညာတွေဖြစ်တယ်။ ယေဟောဝါရဲ့မေတ္တာကို တကယ်မရထိုက်သူဟာ ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပါ။ စာတန်ပဲ။ ဘုရားသခင် ဘယ်တော့မှ ခွင့်မလွှတ်မယ့်သူဟာ ဘယ်သူလဲ။ စာတန်ပဲ။ ကျွန်တော်တို့နဲ့ ပတ်သက်ရင်တော့ ကျမ်းစာမှာ ဒီလိုပြောတယ်– “ဘုရားသခင်သည် သင်တို့၏ လုပ်ရပ်များနှင့် နာမတော်အတွက် သင်တို့ပြသောမေတ္တာကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်သည်မဟုတ်။” (ဟေဗြဲ ၆:၁၀) ယေဟောဝါ စိတ်ရွှင်လန်းစေဖို့ ကျွန်တော်တို့ လုပ်ဆောင်တာမှန်သမျှကို ကိုယ်တော်တန်ဖိုးထားတယ်။ အဲဒါတွေ ဘယ်တော့မှ အချည်းနှီးမဖြစ်ဘူး။ (၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ။) ဒါကြောင့် စာတန့်အလိမ်အညာစကားတွေရဲ့ လှည့်စားမှုကို မခံပါနဲ့။

၁၉ ကျွန်တော်တို့ လေ့လာခဲ့တဲ့အတိုင်း စာတန်ဟာ တန်ခိုးရှိတယ်၊ ရက်စက်တယ်၊ လှည့်စားတတ်တယ်။ ဒီလိုရန်သူမျိုးနဲ့ တိုက်ခိုက်ရာမှာ ဘယ်လိုအောင်မြင်နိုင်မလဲ။ အောင်မြင်နိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ စာတန့်နည်းပရိယာယ်တွေကို ကျမ်းစာမှာဖော်ပြထားတဲ့အတွက် ‘သူ၏အကြံအစည်တွေကို’ ကျွန်တော်တို့ ‘မသိဘဲမနေဘူး။’ (၂ ကော. ၂:၁၁) စာတန့် တိုက်ခိုက်နည်းအမျိုးမျိုးကို သိထားရင် ဆက်နိုးကြားနေဖို့ ပိုလွယ်ကူတယ်။ ဒါပေမဲ့ စာတန်ရဲ့ နည်းပရိယာယ်တွေကို သိထားရုံနဲ့ မပြီးသေးဘူး။ ‘မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယာ. ၄:၇) နောက်ဆောင်းပါးမှာ စာတန်ကို တိုက်ခိုက်အောင်မြင်နိုင်တဲ့ ကဏ္ဍသုံးခုအကြောင်း ဆွေးနွေးပါမယ်။