မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရအသက်ကတိပေးထားတဲ့ ဘုရားသခင်ကို တုပပါ

ထာဝရအသက်ကတိပေးထားတဲ့ ဘုရားသခင်ကို တုပပါ

“ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့။” —ဧ. ၅:၁

၁။ ယေဟောဝါကို တုပဖို့ ဘယ်စွမ်းရည်က ကျွန်တော်တို့ကို ကူညီပေးနိုင်သလဲ။

ယေဟောဝါက ကျွန်တော်တို့ကို တခြားသူတွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာပေးနိုင်တဲ့စွမ်းရည် ထည့်သွင်းဖန်ဆင်းထားတယ်။ ဒါကြောင့် ကိုယ်တစ်ခါမှ မကြုံဖူးတဲ့အခြေအနေဖြစ်နေရင်တောင် အတိုင်းအတာတစ်ခုထိ ကိုယ်ချင်းစာပေးနိုင်တယ်။ (ဧဖက် ၅:၁၊ ၂ ကိုဖတ်ပါ။) ဒီစွမ်းရည်က ယေဟောဝါကို တုပဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။ ဒီစွမ်းရည်ကို ဘယ်လိုအသုံးပြုတယ်ဆိုတာ ဘာကြောင့် ဂရုစိုက်ဖို့ လိုသလဲ။

၂။ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ယေဟောဝါ ဘယ်လိုခံစားရသလဲ။

နာကျင်မှုဝေဒနာတွေ မရှိတော့မယ့် အံ့ဖွယ်အနာဂတ် ပြုလုပ်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ဘိသိက်ခံတွေက ကောင်းကင်မှာ၊ “အခြားသိုး” တွေက မြေကြီးမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်နိုင်တယ်။ (ယော. ၁၀:၁၆; ၁၇:၃; ၁ ကော. ၁၅:၅၃) ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ယေဟောဝါ နားလည်တယ်။ အတိတ်တုန်းကလည်း အီဂျစ်ပြည်မှာ အစ္စရေးတွေ ဒုက္ခခံရတဲ့အခါ ယေဟောဝါ နာကျင် ‘ခံစားခဲ့ရတယ်။’ (ဟေရှာ. ၆၃:၉ကဘ) နောက်ပိုင်း ဗိမာန်တော်ပြန်တည်ဆောက်ချိန်မှာ ရန်သူတွေကို အစ္စရေးတွေ ကြောက်တဲ့အခါမှာလည်း သူတို့ရဲ့ ခံစားချက်ကို ယေဟောဝါ နားလည်တယ်။ ‘သင်တို့ကိုထိတဲ့သူဟာ ငါ့မျက်ဆန်ကို ထိတဲ့သူပဲ’ လို့ ကိုယ်တော်ပြောတယ်။ (ဇာ. ၂:၈ကဘ) မိခင်က ကလေးကို ချစ်သလို ယေဟောဝါလည်း သူ့ကျေးကျွန်တွေကို ချစ်ပြီး ကူညီပေးချင်တယ်။ (ဟေရှာ. ၄၉:၁၅) ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ နေရာမှာဝင်ပြီး သူတို့ရဲ့ခံစားချက်ကို နားလည်ပေးခြင်းအားဖြင့် ယေဟောဝါကို တုပကြတယ်။—ဆာ. ၁၀၃:၁၃၊ ၁၄

ယေရှု ယေဟောဝါကိုတုပပြီး လူတွေကို မေတ္တာပြ

၃။ လူတွေနဲ့ပတ်သက်ပြီး ယေရှု ဘယ်လိုခံစားခဲ့ရသလဲ။

ယေရှုဟာ တခြားသူတွေရဲ့ ဒုက္ခကို နားလည်ပေးနိုင်တယ်။ သူ တစ်ခါမှမကြုံဖူးတဲ့ အခြေအနေတွေကိုတောင် နားလည်ပေးနိုင်တယ်။ ဥပမာ၊ လူအတော်များများရဲ့ ဘဝအခြေအနေ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ယေရှုသိတယ်။ ဘာသာရေးခေါင်းဆောင်တွေက သူတို့ကို လိမ်လည်လှည့်ဖြားပြီး လူ့ပညတ်တွေနဲ့ ဝန်ပိစေတယ်။ လူတွေခမျာ အဲဒီဘာသာရေးခေါင်းဆောင်တွေကို ကြောက်နေရတယ်။ (မ. ၂၃:၄; မာ. ၇:၁-၅; ယော. ၇:၁၃) ယေရှုကတော့ အဲဒီဘာသာရေးခေါင်းဆောင်တွေကို မကြောက်ဘူး။ သူတို့ရဲ့ အလိမ်အညာတွေကိုလည်း မယုံဘူး။ ဒါပေမဲ့ အဲဒီအခြေအနေကြုံနေရသူတွေကို နားလည်ပေးနိုင်တယ်။ ဒါကြောင့် “အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံရသည့် ထိန်းသူမဲ့ သိုးများ” လို ဖြစ်နေတဲ့ လူတွေကို မြင်တဲ့အခါ “သနား” တယ်။ (မ. ၉:၃၆) ယေရှုဟာ လူတွေကို ချစ်ဖို့၊ ‘ကရုဏာရှိပြီး သနားစာနာတတ်’ ဖို့ ဖခင်ဆီကနေ သင်ယူထားတယ်။—ဆာ. ၁၀၃:၈ကဘ။

၄။ လူတွေဒုက္ခရောက်တာကို မြင်တဲ့အခါ ယေရှု ဘာလုပ်ခဲ့သလဲ။

ယေရှုဟာ သူ့ဖခင်လိုပဲ လူတွေကို ချစ်တဲ့အတွက် သူတို့ဒုက္ခရောက်တဲ့အခါ ကူညီပေးတယ်။ ဥပမာ၊ ယေရှုနဲ့တမန်တော်တွေက ဟောပြောဖို့ ခရီးဝေးနှင်လာရလို့ မောပန်းပြီး အေးအေးဆေးဆေး အနားယူချင်နေတယ်။ ဒါပေမဲ့ လူတွေစောင့်နေတာကို ယေရှုမြင်တဲ့အခါ သနားသွားပြီး မောပန်းနေတဲ့ကြားက “များစွာသွန်သင်” ပေးခဲ့တယ်။—မာ. ၆:၃၀၊ ၃၁၊ ၃၄

ယေဟောဝါရဲ့မေတ္တာကို တုပပါ

၅၊ ၆။ ယေဟောဝါရဲ့မေတ္တာကို တုပချင်ရင် ဘာလုပ်ရမလဲ။ ဥပမာပေးပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေဟောဝါရဲ့မေတ္တာကို တုပချင်ရင် ဘာလုပ်ရမလဲ။ အယ်လန်လို့ခေါ်တဲ့ ညီအစ်ကိုငယ်တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ မျက်စိမှုန်နေပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တော့တဲ့ ညီအစ်ကိုကြီးတစ်ယောက်အကြောင်း သူစဉ်းစားမိတယ်။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” ဆိုတဲ့ ယေရှုရဲ့စကားတွေကို အယ်လန် သတိရမိတယ်။ (လု. ၆:၃၁) ဒါနဲ့ ‘တခြားသူတွေ ဘာလုပ်ပေးတာကို ငါ လိုချင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တဲ့အခါ ‘တခြားသူတွေ ငါနဲ့ ဘောလုံးကစားတာကို လိုချင်တယ်’ ဆိုတဲ့အဖြေ ထွက်လာတယ်။ ဒါပေမဲ့ ဒီညီအစ်ကိုကြီးနဲ့ ဘောလုံးသွားကစားပေးဖို့ မဖြစ်နိုင်ဘူး။ သူက မပြေးနိုင်ဘူး၊ ဘောလုံးလည်း မကန်နိုင်ဘူး။ ဒါကြောင့် ဒီကိစ္စမှာ အယ်လန်တကယ်စဉ်းစားရမှာက ‘ငါသာ ဒီညီအစ်ကိုနေရာမှာရှိရင် တခြားသူတွေ ဘာလုပ်ပေးတာကို လိုချင်မလဲ’ ဆိုတဲ့မေးခွန်းပဲ။

အယ်လန်ဟာ ငယ်ရွယ်ပေမဲ့ အသက်ကြီးသူတွေရဲ့ ခံစားချက်ကို နားလည်ဖို့ ကြိုးစားတယ်။ ဒါကြောင့် အဲဒီညီအစ်ကိုကြီးကို အချိန်ပေးပြီး သူ့စကားတွေကို သေချာနားထောင်ပေးတယ်။ အဲဒီညီအစ်ကိုဟာ ကျမ်းစာဖတ်ဖို့၊ တစ်အိမ်တက်ဆင်းသွားဖို့ အခက်တွေ့နေတာကို အယ်လန် သိလာရတယ်။ သူ့ကို ဘယ်လိုကူညီပေးရမလဲဆိုတာ သိလာပြီး အတတ်နိုင်ဆုံး ကူညီပေးချင်လာတယ်။ ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ ခံစားချက်ကိုနားလည်ပြီး မေတ္တာပြခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်တယ်။—၁ ကော. ၁၂:၂၆

ယေဟောဝါရဲ့မေတ္တာကို တုပပါ (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ ညီအစ်ကိုညီအစ်မတွေကြုံနေရတဲ့ အခက်အခဲကို ဘယ်လိုနားလည်လာနိုင်သလဲ။

တခြားသူတွေကြုံနေရတဲ့ အခက်အခဲကို နားလည်ဖို့ အမြဲမလွယ်ကူဘူး။ အထူးသဖြင့် ကိုယ်တစ်ခါမှ မကြုံဖူးတဲ့အခါမျိုးမှာ ဖြစ်တယ်။ ဥပမာ၊ ညီအစ်ကိုညီအစ်မများစွာဟာ ဖျားနာလို့၊ ထိခိုက်ဒဏ်ရာရလို့၊ အသက်ကြီးလာလို့ ဝေဒနာခံစားနေရတယ်။ တချို့ကျတော့ စိတ်ဓာတ်ကျလို့၊ အစိုးရိမ်လွန်လို့၊ မတော်မတရားဆက်ဆံခံခဲ့ရလို့ စိတ်သောကရောက်နေကြတယ်။ တချို့ကျတော့ သားသမီးတွေကို တစ်ကိုယ်တည်း ထိန်းကျောင်းနေရတယ်။ မယုံကြည်သူမိသားစုဝင်တွေနဲ့ နေထိုင်နေရတယ်။ လူတိုင်းမှာ ပြဿနာကိုယ်စီရှိကြတယ်။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ မေတ္တာပြပြီး ကူညီပေးချင်တယ်။ ဘယ်လိုကူညီပေးနိုင်သလဲ။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ရာတွေ မတူညီနိုင်ဘူး။ ဒါကြောင့် လူတစ်ယောက်ပြောတာကို သေချာနားထောင်ပြီး သူ့ခံစားချက်ကို နားလည်ဖို့ ကြိုးစားမယ်ဆိုရင် ကူညီပေးနိုင်တဲ့အကောင်းဆုံးနည်းကို သိလာမယ်။ သူ့ပြဿနာနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြနိုင်တယ်။ ဒါမှမဟုတ် တခြားတစ်နည်းနည်းနဲ့ ကူညီပေးနိုင်တယ်။ ဒီလိုလုပ်တာက ယေဟောဝါရဲ့မေတ္တာကို တုပရာရောက်တယ်။ရောမ ၁၂:၁၅ နဲ့ ၁ ပေတရု ၃:၈ တို့ကိုဖတ်ပါ။

ယေဟောဝါရဲ့ ကြင်နာမှုကို တုပပါ

၈။ ကြင်နာမှုပြဖို့ ယေရှုကို ဘာကကူညီပေးခဲ့သလဲ။

ယေဟောဝါဟာ လူသားအားလုံးကို ကြင်နာတယ်။ (လု. ၆:၃၅) ယေဟောဝါရဲ့ ကြင်နာမှုကို ယေရှု တုပခဲ့တယ်။ လူတွေကို အဲဒီလိုကြင်နာမှုပြနိုင်အောင် ယေရှုကို ဘာကကူညီပေးခဲ့သလဲ။ ကိုယ့်အပြောအဆို၊ အပြုအမူကြောင့် လူတွေဘယ်လိုခံစားရမယ်ဆိုတာ ယေရှု အမြဲထည့်စဉ်းစားတယ်။ ဥပမာ၊ မိန်းမပျက်လို့ လူသိများတဲ့ အမျိုးသမီးတစ်ယောက် ယေရှုဆီ ရောက်လာတယ်။ တရှုပ်ရှုပ်ငိုနေလိုက်တာ ယေရှုခြေထောက်ပေါ် မျက်ရည်တွေ တစ်ပေါက်ပေါက် ကျနေတယ်။ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဘယ်လောက်ဝမ်းနည်းပြီး နောင်တရနေတယ်ဆိုတာ ယေရှု သိတယ်။ သူ့ကို မကြင်မနာ ဆက်ဆံလိုက်ရင် ပိုဆိုးသွားနိုင်တယ်ဆိုတာလည်း ယေရှုသိတယ်။ ဒါကြောင့် သူလုပ်ခဲ့တဲ့ ကောင်းမှုတွေအတွက် ချီးမွမ်းပြီး အပြစ်တွေကို ခွင့်လွှတ်လိုက်တယ်။ အဲဒီအပြင် ဒီလုပ်ရပ်ကို မကျေနပ်တဲ့ ဖာရိရှဲကိုလည်း ယေရှု ကြင်ကြင်နာနာ ပြောဆိုခဲ့တယ်။—လု. ၇:၃၆-၄၈

ဆုံးဖြတ်ချက်တစ်ခုမချခင် ကိုယ်နဲ့ တခြားသူတွေကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ ထည့်စဉ်းစားပါ

၉။ ယေဟောဝါရဲ့ ကြင်နာမှုကို တုပဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

ယေဟောဝါရဲ့ ကြင်နာမှုကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။ တစ်ခုခုမပြောခင်၊ မလုပ်ခင် အရင်စဉ်းစားရမယ်။ ခရစ်ယာန်တစ်ယောက်ဟာ “ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့် ဆက်ဆံရာတွင် သိမ်မွေ့သောသူ” ဖြစ်ရမယ်လို့ ပေါလု ရေးခဲ့တယ်။ (၂ တိ. ၂:၂၄) နူးညံ့သိမ်မွေ့သူဟာ တခြားသူတွေ စိတ်မထိခိုက်အောင် ဘယ်လိုပြောဆိုပြုမူရမယ်ဆိုတာ သိနားလည်တယ်။ ဥပမာ၊ အောက်ပါအခြေအနေတွေမှာ ကြင်နာမှု ဘယ်လိုပြနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အလုပ်ကြီးကြပ်သူက ရေသာခိုနေတယ်ဆိုရင် သင် ဘယ်လိုတုံ့ပြန်မလဲ။ လပေါင်းများစွာ အစည်းအဝေးမတက်တဲ့ ညီအစ်ကိုတစ်ယောက် အစည်းအဝေးလာတက်တဲ့အခါ ဘာပြောမလဲ။ အမှုဆောင်မှာ အိမ်ရှင်က မအားဘူးလို့ ပြောလာရင် သူ့ကို ဘယ်လို စာနာမှုပြမလဲ။ အိမ်မှာ ဇနီးက သင်စီစဉ်ထားတာတချို့အကြောင်း သူ့ကို ဘာကြောင့် မပြောပြတာလဲလို့ မေးလာတဲ့အခါ ကြင်ကြင်နာနာနဲ့ ဘယ်လိုရှင်းပြမလဲ။ ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ ခံစားချက်ကို ထည့်စဉ်းစားရမယ်။ ကိုယ့်အပြောအဆိုက တခြားသူတွေကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ စဉ်းစားရမယ်။ ဒါမှ ကိုယ့်အပြောအဆို၊ အပြုအမူမှာ ယေဟောဝါရဲ့ ကြင်နာမှုကို တုပနိုင်မယ်။သုတ္တံ ၁၅:၂၈ ကိုဖတ်ပါ။

ယေဟောဝါရဲ့ ဉာဏ်ပညာကို တုပပါ

၁၀၊ ၁၁။ ယေဟောဝါရဲ့ ဉာဏ်ပညာကို တုပဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

၁၀ ယေဟောဝါဟာ အတိုင်းအဆမဲ့ ဉာဏ်ပညာရှိသူဖြစ်တယ်။ အနာဂတ်မှာဖြစ်မယ့်အရာကို ကြိုမြင်နိုင်တယ်။ ကျွန်တော်တို့ကတော့ အနာဂတ်ကို ကြိုမသိနိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပညာရှိရှိ ပြုမူနိုင်သလဲ။ ဆုံးဖြတ်ချက်တစ်ခုမချခင် ကိုယ်နဲ့ တခြားသူတွေကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ ထည့်စဉ်းစားပါ။ အစ္စရေးတွေလို မဖြစ်ပါနဲ့။ သူတို့က ယေဟောဝါကို မနာခံရင် ဘာဖြစ်မယ်ဆိုတာ ထည့်မစဉ်းစားဘူး။ ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးအကြောင်း၊ ကိုယ်တော်လုပ်ဆောင်ပေးခဲ့တာတွေအကြောင်း ထည့်မစဉ်းစားဘူး။ ဒါကြောင့် မကောင်းတာကို သူတို့လုပ်တော့မယ်ဆိုတာ မောရှေသိတယ်။ ‘အစ္စရေးတွေဟာ စဉ်းစားဉာဏ်မရှိ၊ သိနားလည်နိုင်စွမ်းမရှိတဲ့ လူမျိုးပဲ။ သူတို့သာ ဉာဏ်ပညာရှိရင် ဆင်ခြင်သုံးသပ်နိုင်လိမ့်မယ်။ အကျိုးဆက်ကို စဉ်းစားမိလိမ့်မယ်’ လို့ မောရှေပြောတယ်။—တရား. ၃၁:၂၉၊ ၃၀; ၃၂:၂၈၊ ၂၉ကဘ။

၁၁ ဥပမာ၊ သင် ရည်းစားထားတယ်ဆိုပါစို့။ တစ်ယောက်ယောက်ကို ကြိုက်သွားပြီဆိုတာနဲ့ ကိုယ့်ခံစားချက်နဲ့ လိင်ဆန္ဒတွေကို ထိန်းချုပ်ဖို့ ခက်သွားပြီဆိုတာ သတိရပါ။ ဒါကြောင့် ယေဟောဝါနဲ့ ကိုယ့်ဆက်ဆံရေးကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ မလုပ်ပါနဲ့။ ပညာရှိပါ။ အန္တရာယ်ကိုရှောင်ပါ။ ‘အမြော်အမြင်ရှိသူဟာ အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ ဆက်သွားပြီး ဆိုးကျိုးတွေ ခံစားရတတ်တယ်’ ဆိုတဲ့ ယေဟောဝါရဲ့ ပညာရှိအကြံဉာဏ်ကို နားထောင်ပါ။—သု. ၂၂:၃ကဘ။

သင့်ရဲ့ အတွေးအခေါ်ကို ထိန်းချုပ်ပါ

၁၂။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်က ဘယ်လို အန္တရာယ်ဖြစ်စေနိုင်သလဲ။

၁၂ ပညာရှိသူဟာ ကိုယ့်အတွေးအခေါ်ကို ထိန်းချုပ်တယ်။ မီးဟာ ကောင်းကျိုးပြုနိုင်သလို ဆိုးကျိုးလည်းပြုနိုင်တယ်။ မီးကို ဆင်ဆင်ခြင်ခြင်အသုံးပြုမယ်ဆိုရင် ချက်ပြုတ်နိုင်တယ်။ ဆင်ဆင်ခြင်ခြင် အသုံးမပြုဘူးဆိုရင်တော့ အိမ်မီးလောင်ပြီး အသက်တောင် ပါသွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်လည်း အဲဒီလိုပဲ။ ယေဟောဝါရဲ့အရည်အသွေးတွေအကြောင်း တွေးတောမယ်ဆိုရင် ကျွန်တော်တို့ကို ကောင်းကျိုးပြုနိုင်တယ်။ လိင်အကျင့်ယိုယွင်းတဲ့အကြောင်းပဲ တွေးနေမယ်ဆိုရင်တော့ လိင်စိတ်တွေ ထကြွပြီး အပြစ်ပြုမိနိုင်တယ်။ ယေဟောဝါနဲ့ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်။ယာကုပ် ၁:၁၄၊ ၁၅ ကိုဖတ်ပါ။

၁၃။ ဘယ်အကြောင်းကို ဧဝ စဉ်းစားခဲ့သလဲ။

၁၃ ပထမဆုံးလူမိန်းမ ဧဝဆီကနေ သင်ခန်းစာယူနိုင်တယ်။ ယေဟောဝါတားမြစ်ထားတဲ့ ‘အကောင်းအဆိုးသိကျွမ်းရာအပင်’ ရဲ့အသီးကို စားချင်တဲ့စိတ် ဧဝမှာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ သတိပြုကြည့်ပါ။ (က. ၂:၁၆၊ ၁၇ကဘ) စာတန်က ‘မင်းတို့ လုံးဝ သေမှာမဟုတ်ဘူး။ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့်လာမယ်၊ ဘုရားလိုဖြစ်လာပြီး အကောင်းအဆိုးကို သိလာမယ်ဆိုတာ ဘုရားသခင်သိတယ်’ လို့ ပြောတယ်။ အကောင်းအဆိုးကိုသာ ကိုယ်တိုင် ဆုံးဖြတ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ဧဝ စဉ်းစားမိတယ်။ အဲဒီအကြောင်းကိုပဲ ဧဝ ဆက်တွေးနေပြီး ‘အပင်ရဲ့အသီးက စားချင်စရာ၊ မက်မောစရာကောင်းတာကို မြင်’ လာတယ်။ အဲဒီနောက် အသီးကို ‘ယူစားလိုက်တယ်။ ယောက်ျားကိုပေးတော့ သူလည်း စားလိုက်တယ်။’ (က. ၃:၁-၆ကဘ) ရလဒ်အနေနဲ့ ‘အပြစ်တရားဟာ ဒီလောကထဲ ဝင်လာတယ်။ အပြစ်တရားအားဖြင့် သေခြင်းတရားလည်း ဝင်လာတယ်။’ (ရော. ၅:၁၂) တကယ်တော့ ဧဝဟာ သူ့အတွေးအခေါ်ကို ထိန်းချုပ်သင့်တယ်။

၁၄။ လိင်အကျင့်ယိုယွင်းမှုအကြောင်း ကျမ်းစာမှာ ဘယ်လိုသတိပေးထားသလဲ။

၁၄ ဧဝ ကျူးလွန်ခဲ့တာ လိင်အကျင့်ယိုယွင်းတဲ့အပြစ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ လိင်အကျင့်ယိုယွင်းတဲ့အကြောင်း မျက်စိထဲမှာ ပုံဖော်ပြီး စဉ်းစားမနေဖို့ ယေရှု သတိပေးတယ်။ “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” လို့ ယေရှု ပြောခဲ့တယ်။ (မ. ၅:၂၈) ပေါလုကလည်း “လူ့ဇာတိအလိုဆန္ဒများအတွက် မကြံစည်ကြနှင့်” လို့ သတိပေးခဲ့တယ်။—ရော. ၁၃:၁၄

၁၅။ ဘယ်ဘဏ္ဍာကို စုဆောင်းသင့်သလဲ။ ဘာကြောင့်လဲ။

၁၅ အန္တရာယ်ရှိတဲ့ နောက်အတွေးအခေါ်တစ်ခုကတော့ ဘုရားသခင်အကြောင်းထက် ချမ်းသာကြွယ်ဝဖို့အကြောင်းပဲ စဉ်းစားခြင်းဖြစ်တယ်။ ငွေဟာ ချမ်းသာသူရဲ့ စိတ်ကူးထဲမှာ ‘အကာအကွယ်ပေးတဲ့မြို့ရိုး’ နဲ့တူပေမဲ့ တကယ်တမ်းတော့ မကာကွယ်ပေးနိုင်ပါဘူး။ (သု. ၁၈:၁၁ကဘ) ဘဝမှာ ယေဟောဝါကို ဦးစားမထားဘဲ ကိုယ့်အတွက်ပဲ ပစ္စည်းဥစ္စာတွေ ရှာဖွေနေသူဟာ လူမိုက်ဖြစ်တယ်လို့ ယေရှုပြောတယ်။ သူဟာ ‘ဘုရားသခင့်ရှေ့မှာ မကြွယ်ဝသူ’ ဖြစ်တယ်။ (လု. ၁၂:၁၆-၂၁) အဲဒီအစား ယေဟောဝါ နှစ်သက်တာတွေ လုပ်ဆောင်ခြင်းအားဖြင့် ‘ကောင်းကင်ဘဏ္ဍာ’ ကို စုဆောင်းမယ်ဆိုရင်တော့ ယေဟောဝါရော ကျွန်တော်တို့ပါ ပျော်ရွှင်ပါလိမ့်မယ်။ (မ. ၆:၂၀; သု. ၂၇:၁၁) ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိခြင်းက ဘယ်အရာထက်မဆို ပိုတန်ဖိုးရှိတယ်။

စိုးရိမ်စိတ်ကို ထိန်းချုပ်ပါ

၁၆။ ကျွန်တော်တို့ စိုးရိမ်ပူပန်လာတဲ့အခါ ဘာက ကူညီပေးနိုင်သလဲ။

၁၆ ဒီလောကမှာ ချမ်းသာဖို့ကြိုးစားမယ်ဆိုရင် စိုးရိမ်ပူပန်စရာတွေလည်း များလာမယ်။ (မ. ၆:၁၉) ငွေအတွက် အမြဲစိုးရိမ်နေသူတွေဟာ ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားဖို့ အခက်တွေ့လိမ့်မယ်လို့ ယေရှုပြောတယ်။ (မ. ၁၃:၁၈၊ ၁၉၊ ၂၂) လူတချို့က ကြုံရနိုင်စရာ အဖြစ်ဆိုးတွေအကြောင်း တစ်ချိန်လုံး စိုးရိမ်နေတယ်။ အဲဒီလိုစိုးရိမ်နေမယ်ဆိုရင် ကျန်းမာရေးထိခိုက်လာနိုင်တယ်။ ယေဟောဝါကို ယုံကြည်တဲ့စိတ်တောင် ပျောက်သွားနိုင်တယ်။ အဲဒီအစား ယေဟောဝါကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။ ‘စိုးရိမ်ပူပန်စိတ်က လူကို ဝန်ပိစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်’ လို့ ကျမ်းစာပြောတယ်။ (သု. ၁၂:၂၅ကဘ) ဒါကြောင့် တစ်ခုခုအတွက် စိုးရိမ်ပူပန်လာတဲ့အခါ ကိုယ့်အကြောင်း ကောင်းကောင်းသိသူ၊ ယေဟောဝါကို ဝတ်ပြုသူတစ်ယောက်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပါ။ မိဘ၊ အိမ်ထောင်ဖက်၊ မိတ်ဆွေကောင်းတွေက ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ စိုးရိမ်စိတ်တွေ လျော့သွားစေဖို့ သင့်ကို အားပေးနိုင်တယ်။

စိုးရိမ်ပူပန်လာတဲ့အခါ ယေဟောဝါဆီ ဆုတောင်းပြီး ကိုယ်တော်ပြင်ဆင်ပေးထားတဲ့ အကူအညီတွေအကြောင်း စဉ်းစားပါ

၁၇။ ကျွန်တော်တို့ စိုးရိမ်ပူပန်တဲ့အခါ ယေဟောဝါ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၇ ကျွန်တော်တို့ရဲ့ ခံစားချက်ကို တခြားသူတွေထက် ယေဟောဝါ ပိုနားလည်တယ်။ စိုးရိမ်ပူပန်လာတဲ့အခါ စိတ်တည်ငြိမ်ဖို့ ကိုယ်တော် ကူညီပေးနိုင်တယ်။ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” လို့ ပေါလုပြောတယ်။ (ဖိ. ၄:၆၊ ၇) ကျွန်တော်တို့ကို ကူညီပေးဖို့ ညီအစ်ကိုညီအစ်မတွေ၊ အကြီးအကဲတွေ၊ သစ္စာရှိကျွန်၊ ကောင်းကင်တမန်တွေနဲ့ ယေရှုကို ယေဟောဝါပြင်ဆင်ပေးထားတယ်။ ဒါကြောင့် စိုးရိမ်ပူပန်လာတဲ့အခါ အဲဒီအကူအညီတွေအကြောင်း စဉ်းစားပါ။ သူတို့က ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲနေအောင် သင့်ကို ကူညီပေးနိုင်တယ်။

၁၈။ တခြားသူတွေကို ကိုယ်ချင်းစာပေးနိုင်တဲ့စွမ်းရည်က ကျွန်တော်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၈ တခြားသူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာပေးနိုင်တဲ့စွမ်းရည်ဟာ ယေဟောဝါကို တုပဖို့ ကူညီပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာသိရှိခဲ့ရတယ်။ (၁ တိ. ၁:၁၁; ၁ ယော. ၄:၈) တခြားသူတွေကို မေတ္တာနဲ့ ကြင်နာမှုပြတဲ့အခါ၊ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို စဉ်းစားတဲ့အခါ၊ စိုးရိမ်ပူပန်စိတ်ကို ထိန်းချုပ်တဲ့အခါ ကျွန်တော်တို့ ပျော်ရွှင်လာပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ဘယ်လိုအသက်တာမျိုး ခံစားရမယ်ဆိုတာ တွေးတောရင်း ယေဟောဝါကို အတတ်နိုင်ဆုံး တုပကြပါစို့။—ရော. ၁၂:၁၂