မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဇကျေလကျမ်းမှာ ဖော်ပြထားတဲ့ မာဂေါဂပြည်သား ဂေါဂမင်းက ဘယ်သူလဲ။

မာဂေါဂပြည်သား ဂေါဂမင်းဆိုတဲ့နာမည်ဟာ စာတန်မာရ်နတ်ကို ကောင်းကင်ကနေ ပစ်ချပြီးနောက် ခေါ်တဲ့နာမည်ဖြစ်တယ်လို့ အဖွဲ့အစည်းထုတ်စာပေတွေမှာ နှစ်ပေါင်းများစွာ ရှင်းပြခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့်လူတွေကို ကမ္ဘာချီတိုက်ခိုက်ရာမှာ စာတန် ဦးဆောင်တယ်လို့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားလို့ပဲ။ (ဗျာ. ၁၂:၁-၁၇) ဒါကြောင့် ဂေါဂဟာ စာတန်ရဲ့ နာမည်နောက်တစ်မျိုးဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ခဲ့ကြတယ်။

ဒါပေမဲ့ ဒီရှင်းပြချက်ကြောင့် အရေးကြီးမေးခွန်းတချို့ ပေါ်လာတယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ယေဟောဝါက ဂေါဂကို ဖျက်ဆီးပြီး ‘သားရဲငှက်နဲ့ တောရိုင်းတိရစ္ဆာန်အမျိုးမျိုးစားဖို့ ကျွေးပစ်မယ်’ လို့ ပြောတယ်။ (ယေဇ. ၃၉:၄ကဘ) ‘အဲဒီနေ့မှာ ငါက အစ္စရေးပြည်မှာ ဂေါဂအတွက် သင်္ချိုင်းကိုပေးမယ်’ လို့လည်း ယေဟောဝါ ဆက်ပြောတယ်။ (ယေဇ. ၃၉:၁၁ကဘ) ဒါပေမဲ့ စာတန်ဟာ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တာကြောင့် သူ့ကို ငှက်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ဘယ်လိုစားနိုင်မလဲ။ မြေကြီးပေါ်မှာလည်း ဘယ်လို သင်္ဂြိုဟ်နိုင်မလဲ။ စာတန်ဟာ သင်္ဂြိုဟ်ခြင်း၊ တိရစ္ဆာန်တွေရဲ့ စားသောက်ခြင်း ခံရမှာမဟုတ်ဘဲ အနှစ် ၁,၀၀၀ လုံးလုံး တွင်းနက်ကြီးထဲ ပစ်ချခံရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။—ဗျာ. ၂၀:၁၊ ၂

အနှစ် ၁,၀၀၀ ကုန်တဲ့အခါ စာတန်ဟာ တွင်းနက်ကြီးထဲကနေ ပြန်လွတ်လာပါလိမ့်မယ်။ “သူသည် ဂေါဂနှင့်မာဂေါဂ တည်းဟူသော မြေကြီး၏လေးမျက်နှာမှ ထိုလူမျိုးများကို လှည့်ဖြားရန် ထွက်သွား၍ သူတို့အား စစ်ပွဲသို့ စုရုံးစေလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာ. ၂၀:၈) ဒါပေမဲ့ စာတန်ဟာ ဂေါဂဖြစ်မယ်ဆိုရင် သူ့ကိုယ်သူ ပြန်လှည့်ဖြားတဲ့သဘော သက်ရောက်နေတယ်။ ဒါကြောင့် ယေဇကျေလကျမ်းမှာရော ဗျာဒိတ်ကျမ်းမှာပါ “ဂေါဂ” ဟာ စာတန်ကို မဆိုလိုဘူးဆိုတာ ရှင်းနေပါတယ်။

ဒါဆို မာဂေါဂပြည်သား ဂေါဂဟာ ဘယ်သူလဲ။ ဒီမေးခွန်းကို ဖြေနိုင်ဖို့ဆိုရင် ဘုရားသခင့်လူမျိုးကို ဘယ်သူတိုက်ခိုက်မယ်ဆိုတဲ့ ကျမ်းစာဖော်ပြချက်ကို သိဖို့ လိုအပ်တယ်။ ကျမ်းစာမှာ “မာဂေါဂပြည်သား ဂေါဂမင်း” ရဲ့တိုက်ခိုက်မှု၊ ‘မြောက်ဘုရင်’ ရဲ့တိုက်ခိုက်မှု၊ “မြေကြီးဘုရင်များ” ရဲ့တိုက်ခိုက်မှုအကြောင်း ဖော်ပြထားတယ်။ (ယေဇ. ၃၈:၂၊ ၁၀-၁၃; ဒံ. ၁၁:၄၀၊ ၄၄၊ ၄၅; ဗျာ. ၁၇:၁၄; ၁၉:၁၉) အဲဒါတွေက သီးခြားတိုက်ခိုက်မှုတွေကို ဆိုလိုသလား။ ဆိုလိုပုံမရပါဘူး။ တိုက်ခိုက်မှုတစ်မျိုးတည်းကိုပဲ နာမည်အမျိုးမျိုးနဲ့ ဖော်ပြထားတာဖြစ်နိုင်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ အာမဂေဒုန်စစ်ပွဲကို အစပျိုးပေးတဲ့ အဲဒီနောက်ဆုံးတိုက်ခိုက်မှုမှာ ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပါဝင်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားလို့ပဲ။—ဗျာ. ၁၆:၁၄၊ ၁၆

 

ဘုရားသခင့်လူမျိုးကြုံရတဲ့ နောက်ဆုံးတိုက်ခိုက်မှုအကြောင်း ကျမ်းစာဖော်ပြချက်အားလုံးကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ မာဂေါဂပြည်သား ဂေါဂမင်းဟာ စာတန်ကို မဆိုလိုမှန်း သိသာထင်ရှားတယ်။ အဲဒီအစား မာဂေါဂပြည်သား ဂေါဂမင်းဟာ နိုင်ငံပေါင်းစုံဖွဲ့စည်းထားတဲ့ အုပ်စုတစ်စုကို ဆိုလိုတယ်။ အဲဒီအုပ်စုကို ‘မြောက်ဘုရင်’ ဦးဆောင်မလား။ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုဦးဆောင်မယ်ဆိုတဲ့ ယူဆချက်ဟာ ဂေါဂကို ယေဟောဝါပြောတဲ့ ဒီစကားနဲ့ ကိုက်ညီနေပုံရတယ်– ‘သင်က သင်နဲ့အတူရှိနေတဲ့လူတွေ၊ မြင်းစီးလာတဲ့စစ်တပ်ကြီးတစ်တပ်နဲ့အတူ သင့်နေရာဖြစ်တဲ့ မြောက်ဘက်အစွန်အဖျားဒေသကနေ လာလိမ့်မယ်။’—ယေဇ. ၃၈:၆၊ ၁၅ကဘ။

ယေဇကျေလနဲ့ တစ်ခေတ်တည်းသားဖြစ်သူ ပရောဖက်ဒံယေလလည်း မြောက်ဘုရင်အကြောင်း အခုလိုပြောတယ်– ‘သူက အရှေ့အရပ်နဲ့ မြောက်အရပ်ကနေ ထွက်လာတဲ့ သတင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်။ လူအများကြီးကိုရှင်းရှင်းဖျက်ဆီးဖို့ ဒေါသတကြီးထွက်လာလိမ့်မယ်။ သူက နန်းတော်တမျှခမ်းနားတဲ့ တဲတွေကို ပင်လယ်ကြီးနဲ့ သာယာလှပတဲ့ပြည်ကသန့်ရှင်းတဲ့တောင်ရဲ့ ကြားမှာ ဆောက်လိမ့်မယ်။ သူ့ရဲ့အဆုံး ရောက်လာလိမ့်မယ်။ သူ့ကိုကူညီသူ တစ်ယောက်မှရှိမှာမဟုတ်ဘူး။’ (ဒံ. ၁၁:၄၄၊ ၄၅ကဘ) မြောက်ဘုရင်ရဲ့ အဲဒီလုပ်ရပ်က ယေဇကျေလကျမ်းမှာဖော်ပြထားတဲ့ ဂေါဂရဲ့လုပ်ရပ်နဲ့ တူညီနေတယ်။—ယေဇ. ၃၈:၈-၁၂၊ ၁၆

နောက်ဆုံးတိုက်ခိုက်မှုပြီးနောက် ဘာဖြစ်မလဲ။ ဒံယေလ အခုလိုပြောတယ်– ‘အဲဒီအချိန်အတွင်းမှာ သင့်လူတွေရဲ့အကျိုးအတွက် [၁၉၁၄ ကစပြီး] ရပ်တည်ပေးနေတဲ့ ကြီးမြတ်တဲ့မင်းမိတ်ခေလ [ယေရှုခရစ်] ဟာ [အာမဂေဒုန်မှာ] ပေါ်လာလိမ့်မယ်။ လူမျိုးတစ်မျိုး စဖြစ်လာချိန်ကနေ အဲဒီအချိန်အထိ တစ်ခါမှမဖြစ်ဖူးတဲ့ ဒုက္ခကာလ [ကြီးစွာသောဒုက္ခ] ရောက်လာလိမ့်မယ်။ အသက်စာစောင်ထဲရေးမှတ်ခံရတဲ့ သင့်လူအားလုံးက အဲဒီအချိန်အတွင်းမှာ လွတ်မြောက်လိမ့်မယ်။’ (ဒံ. ၁၂:၁ကဘ) ယေရှုလုပ်ဆောင်မယ့်အရာနဲ့ပတ်သက်တဲ့ အလားတူဖော်ပြချက်ကို ဗျာဒိတ် ၁၉:၁၁-၂၁ မှာတွေ့ရတယ်။

ဒါပေမဲ့ ဗျာဒိတ် ၂၀:၈ မှာဖော်ပြထားတဲ့ “ဂေါဂနှင့်မာဂေါဂ” က ဘယ်သူလဲ။ အနှစ် ၁,၀၀၀ အကုန်မှာဖြစ်မယ့် နောက်ဆုံးစမ်းသပ်မှုအတွင်းမှာ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ပြီး ကိုယ်တော့်လူမျိုးကို တိုက်ခိုက်သူအားလုံးကို ဆိုလိုတယ်။ သူတို့ရဲ့ သဘောထားဟာ မာဂေါဂပြည်သား ဂေါဂမင်းရဲ့ သဘောထားနဲ့ တစ်ထပ်တည်းပဲ။ မာဂေါဂပြည်သား ဂေါဂမင်းက အာမဂေဒုန်မတိုင်ခင်လေးမှာ ဘုရားသခင့်လူမျိုးကို တိုက်ခိုက်တဲ့ တိုင်းနိုင်ငံတွေကို ပုံဆောင်တယ်။ အာမဂေဒုန်မှာ ဖျက်ဆီးခံရမယ့် အဲဒီတိုင်းနိုင်ငံတွေလိုပဲ ဗျာဒိတ် ၂၀:၈ မှာ ဖော်ပြထားတဲ့ “ဂေါဂနှင့်မာဂေါဂ” လည်း ဖျက်ဆီးခံရပါလိမ့်မယ်။ (ဗျာ. ၁၉:၂၀၊ ၂၁; ၂၀:၉) ဒါကြောင့် အနှစ် ၁,၀၀၀ အကုန်မှာ ပုန်ကန်သူအားလုံးကို “ဂေါဂနှင့်မာဂေါဂ” လို့ခေါ်ဆိုတာ သင့်လျော်ပုံရပါတယ်။

ကျမ်းစာကို အလေးအနက်လေ့လာတဲ့ ကျွန်တော်တို့ဟာ မဝေးတော့တဲ့အနာဂတ်မှာ ပေါ်လာမယ့် ‘မြောက်ဘုရင်’ ဘယ်သူဖြစ်မလဲဆိုတာ သိပ်သိချင်နေကြပါတယ်။ ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ဖို့ တိုင်းနိုင်ငံတွေကို ဦးဆောင်လာသူဟာ ဘယ်သူပဲဖြစ်ပါစေ အချက်နှစ်ချက်ကိုတော့ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်– (၁) မာဂေါဂပြည်သား ဂေါဂနဲ့ သူ့စစ်တပ်တွေဟာ စစ်ရှုံးပြီး ဖျက်ဆီးခံရမယ်။ (၂) ဘုရင်ယေရှုခရစ်ဟာ ဘုရားသခင့်လူမျိုးကို ကယ်တင်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းလုံခြုံမှုရှိရာ ကမ္ဘာသစ်ထဲ ခေါ်ဆောင်သွားမယ်။—ဗျာ. ၇:၁၄-၁၇