မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခံနိုင်ရည်ရှိရန်လို”

“ခံနိုင်ရည်ရှိရန်လို”

အယ်နီတာ ယေဟောဝါသက်သေဖြစ်သွားတဲ့အခါ သူ့ယောက်ျား တအားစိတ်ဆိုးတယ်။ * အစည်းအဝေးတွေ တက်ခွင့် မပေးဘူး။ ဘုရားနာမည်မခေါ်ဖို့လည်း အမိန့်ထုတ်တယ်။ ယေဟောဝါဆိုတဲ့ နာမည်ခေါ်သံကြားရုံနဲ့ သူတအားစိတ်ဆိုးတယ်။

ဒါ့အပြင် ကလေးတွေကိုလည်း ယေဟောဝါအကြောင်း မသင်ပေးခိုင်းဘူး။ အစည်းအဝေးတွေကိုလည်း မခေါ်သွားခိုင်းဘူး။ ဒါကြောင့် သူမသိအောင် ကလေးတွေကို သင်ပေးဖို့ သိပ်ခက်တယ်။

ကျွန်တော်တို့လည်း အယ်နီတာလိုပဲ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှုကြုံရနိုင်တယ်။ ကျန်းမာရေးပြဿနာ၊ ကလေး ဒါမှမဟုတ် အိမ်ထောင်ဖက် သေဆုံးတာ၊ မိသားစုဝင်တစ်ယောက် ယေဟောဝါကို ကျောခိုင်းသွားတာ စတာတွေလည်း ကြုံရနိုင်တယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ သမာဓိကို စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်ဖို့ ဘာလုပ်ရမလဲ။

“ခံနိုင်ရည်ရှိရန်လို” တယ်လို့ တမန်တော်ပေါလု ပြောတယ်။ (ဟေဗြဲ ၁၀:၃၆) ခံနိုင်ရည်ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။

အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းပါ

အခက်အခဲကြုံရချိန်မှာ ခံနိုင်ရည်ရှိဖို့ဆိုရင် ယေဟောဝါကို အားကိုးဖို့လိုတယ်ဆိုတာ သတိရပါ။ အကူအညီရဖို့ ဆုတောင်းပါ။ အနှစ်သုံးဆယ်လုံးလုံး ပေါင်းသင်းလာတဲ့ခင်ပွန်း ရုတ်တရက် ဆုံးသွားတဲ့အခါ အန်နာ အဲဒီလိုပဲ ဆုတောင်းခဲ့တယ်။ “အလုပ်ကနေ အိမ်ကို သူ ဘယ်တော့မှ ပြန်မလာတော့ဘူး။ သူ့အသက်က ၅၂ နှစ်ပဲရှိသေးတာ” လို့ အန်နာပြောတယ်။

ဒီအခက်အခဲကို အန်နာ ဘယ်လိုဖြေရှင်းခဲ့သလဲ။ အလုပ်ထဲအာရုံနှစ်ထားပေမဲ့ နာကျင်ခံစားနေရတုန်းပဲ။ “ဒါနဲ့ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပြီး ကူညီပေးဖို့ အသနားခံလိုက်တယ်” လို့သူပြောတယ်။ ယေဟောဝါ ကူညီပေးတယ်လို့ သူခံစားခဲ့ရတယ်။ ဆုတောင်းပြီးပြီးချင်း စိတ်ငြိမ်သက်မှု ရလာတယ်။ “ကျွန်မယောက်ျားကို ယေဟောဝါ အသက်ပြန်ရှင်စေမယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်” လို့ သူပြောတယ်။—ဖိ. ၄:၆၊ ၇

မိမိကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို နားထောင်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၆၅:၂) ကိုယ်တော့်ကို ဆက်ဝတ်ပြုနိုင်ဖို့ လိုအပ်တာမှန်သမျှကို ပေးပါလိမ့်မယ်။ ခက်ခဲတဲ့အခြေအနေတွေမှာတောင် ဆက်သစ္စာရှိဖို့ သင့်ကို ယေဟောဝါ ကူညီပါလိမ့်မယ်။

ညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ် နေပါ

ခံနိုင်ရည်ရှိအောင် ယေဟောဝါ ကူညီပေးတဲ့နောက်တစ်နည်းကတော့ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေအားဖြင့်ပဲ။ သက်သာလောနိတ်ခရစ်ယာန်တွေဆီကနေ သင်ယူနိုင်ပါတယ်။ ရက်ရက်စက်စက် နှိပ်စက်ခံရချိန်မှာ အချင်းချင်းကို သူတို့ကူညီပေးခဲ့ကြတယ်။ အထူးသဖြင့် အဲဒီလိုအချိန်မျိုးမှာ အချင်းချင်းကို အားပေးဖို့လိုအပ်တယ်။ (၁ သက်. ၂:၁၄; ၅:၁၁) အတူတကွစည်းဝေးခြင်း၊ မိတ်ဆွေစစ်တွေဖြစ်ခြင်းအားဖြင့် ယေဟောဝါကို ဆက်သစ္စာရှိနိုင်အောင် သူတို့ ကူညီပေးခဲ့ကြတယ်။ ကျွန်တော်တို့လည်း သူတို့လိုဆက်သစ္စာရှိနိုင်အောင် ဘာလုပ်ရမလဲ။

အထူးသဖြင့် ခက်ခဲချိန်တွေမှာ အချင်းချင်းကို အားပေးပြီး နီးနီးကပ်ကပ်နေဖို့ ကြိုးစားရမယ်။ (ရော. ၁၄:၁၉) တမန်တော်ပေါလုဟာ နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ တခြားပြဿနာတွေကြောင့် အကြီးအကျယ်ဆင်းရဲဒုက္ခရောက်ခဲ့ပေမဲ့ ခံနိုင်ရည်ရှိအောင် ယေဟောဝါ ကူညီပေးခဲ့တယ်။ ဥပမာ၊ ညီအစ်ကိုညီအစ်မတွေကတစ်ဆင့် ပေါလုကို ယေဟောဝါ အားပေးခဲ့တယ်။ မိတ်ဆွေတွေနဲ့ပတ်သက်ပြီး ပေါလုက ‘ဤသူတို့သည် ငါ့ကို အားပေးထောက်မသူများဖြစ်ကြ၏’ လို့ ပြောခဲ့တယ်။ (ကော. ၄:၁၀၊ ၁၁) ပေါလုကို အဲဒီညီအစ်ကိုတွေ သိပ်ချစ်တယ်။ ဒါကြောင့် သူအကူအညီလိုအပ်ချိန်မှာ သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြတယ်။ သင်လည်း ညီအစ်ကိုညီအစ်မတွေရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုကြောင့် အားတက်လာတဲ့အချိန်တွေ ရှိမှာပဲ။

အကြီးအကဲတွေဆီ အကူအညီတောင်းပါ

ယေဟောဝါက အသင်းတော်အကြီးအကဲတွေကိုလည်း ပြင်ဆင်ပေးထားတယ်။ သင့်ကို သူတို့အားပေးနိုင်တယ်။ ကျမ်းစာသုံးပြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်။ သူတို့ဟာ ‘လေကွယ်ရာအရပ်လို၊ မိုးသက်မုန်တိုင်းကနေ ပုန်းခိုရာအရပ်လို၊ ရေမရှိတဲ့ပြည်မှာစီးဆင်းတဲ့ စမ်းချောင်းတွေလို၊ ခြောက်သွေ့တဲ့ပြည်မှာရှိတဲ့ ကျောက်ဆောင်ကြီးရဲ့အရိပ်လို’ ပဲ။ (ဟေရှာ. ၃၂:၂ကဘ) ကျွန်တော်တို့ကို ကူညီဖို့ သူတို့အသင့်ရှိနေတာကို သိရတာ အားရှိစရာပဲ။ ဒါကြောင့် အခက်အခဲကြုံရတဲ့အခါ အကြီးအကဲတွေဆီ အကူအညီတောင်းပါ။ ယေဟောဝါကို ဆက်အမှုဆောင်နိုင်ဖို့ သူတို့ ကူညီပေးနိုင်တယ်။

သင့်ပြဿနာအားလုံးကို အကြီးအကဲတွေ ဖြေရှင်းပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သူတို့ဟာ သင့်လိုပဲ မစုံလင်သူတွေဖြစ်တယ်။ (တ. ၁၄:၁၅) ဒါပေမဲ့ အကြီးအကဲတွေဆီ သွားတဲ့အခါ သင့်ပြဿနာအကြောင်း ယေဟောဝါဆီ သူတို့ဆုတောင်းပေးနိုင်တယ်။ (ယာ. ၅:၁၄၊ ၁၅) ဥပမာ၊ နှစ်ပေါင်းများစွာ ရောဂါဆိုးခံစားနေရတဲ့ အီတလီနိုင်ငံက ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲတွေ အားပေးတယ်။ “သူတို့ရဲ့မေတ္တာနဲ့ ခဏခဏလာလည်ပတ်တာတွေက ခံနိုင်ရည်ရှိအောင် ကျွန်တော့်ကို ကူညီပေးတယ်” လို့ အဲဒီညီအစ်ကိုပြောတယ်။ သင် ဒုက္ခရောက်ချိန်မှာလည်း ယေဟောဝါက သင့်ကို အကြီးအကဲတွေဆီမှာ အကူအညီတောင်းစေချင်တယ်။

ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေပါ

ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေတဲ့အခါ ယေဟောဝါ ကူညီပေးတာကို ခံစားရနိုင်တယ်။ ဂျွန် အဲဒီလိုပဲ လုပ်ဆောင်ခဲ့တယ်။ အသက် ၃၉ နှစ်အရွယ်မှာ ရှားပါးကင်ဆာရောဂါတစ်မျိုး ခံစားနေရမှန်း သိလိုက်ရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မကျန်းမမာဖြစ်နေတော့ တော်တော်စိတ်ပျက်သွားတယ်။ ဇနီးနဲ့ သုံးနှစ်အရွယ်ပဲရှိသေးတဲ့ သားလေးအတွက်လည်း တော်တော်စိတ်ပူမိတယ်။ “ကျွန်တော့်ဇနီးက သားလေးကိုရော ကျွန်တော့်ကိုပါ ပြုစုရတယ်။ ဆေးခန်းရက်ချိန်းတွေကိုလည်း သူပဲ ဂရုစိုက်ပေးရတယ်” လို့ ဂျွန်ပြောတယ်။ ကင်ဆာဆေးကုထုံးတွေကြောင့် ဂျွန်ခမျာ နုံးချည့်ပြီး အစာအိမ်လည်း ထိလာတယ်။ ပြဿနာက ဒီလောက်ပဲမဟုတ်သေးဘူး။ ဂျွန်ရဲ့အဖေလည်း သေကောင်ပေါင်းလဲဖြစ်ပြီး ပြုစုပေးမယ့်သူ လိုနေတယ်။

ဒီခက်ခဲတဲ့အခြေအနေတွေကို ခံရပ်နိုင်အောင် ဂျွန်နဲ့ သူ့မိသားစုကို ဘာကကူညီပေးသလဲ။ ဂျွန်ဟာ မကျန်းမာတဲ့ကြားက ယေဟောဝါရဲ့ အမှုတော်မှာ မိသားစုလိုက် အလုပ်များနေခဲ့တယ်။ သူ အခုလိုပြောတယ်– “အစည်းအဝေးအားလုံး တက်တယ်။ အမှုဆောင်လုပ်ငန်းမှာ အပတ်တိုင်း ပါဝင်တယ်။ ခက်ခဲပေမဲ့ မိသားစုဝတ်ပြုမှု ပုံမှန်လုပ်တယ်။” ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲနေဖို့ သိပ်အရေးကြီးမှန်း သူသိရှိလာတယ်။ ရောဂါရှိမှန်းသိသိချင်း တအားတုန်လှုပ်ချောက်ချားသွားပေမဲ့ မကြာခင်မှာပဲ ပြန်တည်ငြိမ်လာတယ်။ သူ့ကို ယေဟောဝါချစ်ပြီး ခွန်အားပေးမယ်ဆိုတာ သူသိတယ်။ သင်လည်း စိုးရိမ်ကြောက်ရွံ့လာတဲ့အခါ အဲဒီလိုပဲ ယေဟောဝါ ကူညီနိုင်တယ်။ “ကျွန်တော့်ကို ယေဟောဝါ ခွန်အားပေးခဲ့သလို ခင်ဗျားတို့ကိုလည်း ခွန်အားပေးနိုင်ပါတယ်” လို့ ဂျွန်ပြောတယ်။

ဒါကြောင့် အခက်အခဲကြုံရချိန်မှာ “ခံနိုင်ရည်ရှိရန်လို” တယ်ဆိုတဲ့ ပေါလုရဲ့စကားတွေကို သတိရလိုက်ပါ။ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို အားကိုးပါ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ်နေပါ။ အကြီးအကဲတွေဆီမှာ အကူအညီတောင်းပါ။ ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေပါ။ လောလောဆယ်မှာဖြစ်စေ၊ အနာဂတ်မှာဖြစ်စေ ကြုံလာရနိုင်တဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်ဖို့ သင့်ကို ကိုယ်တော်ကူညီပေးပါလိမ့်မယ်။

^ စာပိုဒ်၊ 2 နာမည်တချို့ကို ပြောင်းထားပါတယ်။