မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ဖြစ်

ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ဖြစ်

‘ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။’—၁ ကော. ၁:၂၄

၁။ ‘ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏’ လို့ ပေါလု ဘာကြောင့် ပြောနိုင်ခဲ့သလဲ။

ယေဟောဝါဟာ မိမိရဲ့တန်ခိုးကို ယေရှုခရစ်ကတစ်ဆင့် အံ့ဖွယ်နည်းတွေနဲ့ ဖော်ပြခဲ့တယ်။ ယေရှု မြေကြီးပေါ်ရှိတုန်းက အံ့ဖွယ်အမှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီအံ့ဖွယ်အမှုတချို့အကြောင်း ကျမ်းစာထဲမှာ ဖတ်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာနိုင်တယ်။ (မ. ၉:၃၅; လု. ၉:၁၁) မှန်ပါတယ်။ ယေဟောဝါဟာ ယေရှုကို ကြီးမားတဲ့တန်ခိုးပေးထားတယ်။ ဒါကြောင့်လည်း တမန်တော်ပေါလုက ‘ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏’ လို့ ပြောနိုင်ခဲ့တယ်။ (၁ ကော. ၁:၂၄) ဒါပေမဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ကျွန်တော်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။

၂။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။

ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း ယေရှု လုပ်ဆောင်မယ့်အရာတွေအကြောင်း သင်ပေးတယ်။ ယေရှုဟာ အဲဒီအချိန်မှာ မြေကြီးပေါ်က လူသားအားလုံးကို အကျိုးပြုမယ့် ပိုကြီးမားတဲ့အံ့ဖွယ်အမှုတွေကို ပြုလုပ်လိမ့်မယ်။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ယေရှုနဲ့ သူ့ဖခင်ရဲ့ အရည်အသွေးတွေအကြောင်း အများကြီးသင်ပေးတယ်။ ယေရှုပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုသုံးခုအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အဲဒါတွေက ကျွန်တော်တို့ကို အခုရော အနာဂတ်မှာပါ ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာကိုလည်း လေ့လာသွားပါမယ်။

ရက်ရောဖို့သင်ပေးတဲ့ အံ့ဖွယ်အမှု

၃။ (က) ပထမဆုံးအံ့ဖွယ်အမှုကို ယေရှု ဘာကြောင့်ပြုလုပ်ခဲ့သလဲ။ (ခ) ကာနမြို့မှာ ရက်ရောမှုကို ယေရှု ဘယ်လိုပြခဲ့သလဲ။

ယေရှုဟာ ကာနမြို့က မင်္ဂလာဆောင်မှာ ပထမဆုံးအံ့ဖွယ်အမှုကို ပြုလုပ်ခဲ့တယ်။ မျှော်လင့်ထားတာထက် ဧည့်သည်တွေပိုများသွားလို့ ဝိုင်မလောက်တာ ဖြစ်နိုင်တယ်။ ကြင်စဦးမောင်နှံအတွက် တော်တော်ရှက်စရာပဲ။ သူတို့ ဧည့်ဝတ်မကျေသလို ဖြစ်သွားတယ်။ မင်္ဂလာပွဲမှာ ယေရှုရဲ့မိခင် မာရိလည်း ရှိနေတယ်။ နှစ်တွေတစ်လျှောက် မာရိဟာ ယေရှုနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အားလုံးကို သေချာတွေးတောခဲ့မှာပဲ။ ယေရှုဟာ “အမြင့်ဆုံးသောအရှင်၏ သားတော်” လို့ အခေါ်ခံရမယ်ဆိုတာ မာရိသိတယ်။ (လု. ၁:၃၀-၃၂; ၂:၅၂) ယေရှုမှာ အံ့ဖွယ်အမှုပြုလုပ်နိုင်တဲ့ တန်ခိုးရှိတယ်လို့ မာရိယုံကြည်တဲ့အတွက် ယေရှုဆီ အကူအညီတောင်းလိုက်တာလား။ ဘာပဲဖြစ်ဖြစ် မာရိရော ယေရှုပါ ဒီဇနီးမောင်နှံကို ကူညီချင်တာ ထင်ရှားတယ်။ ဒါကြောင့် ယေရှုဟာ ရေလီတာ ၃၈၀ (ဂါလံ ၁၀၀) ကို “ကောင်းသောစပျစ်ဝိုင်” အဖြစ် အံ့ဖွယ်နည်းနဲ့ ပြောင်းလဲပေးလိုက်တယ်။ (ယောဟန် ၂:၃၊ ၆–၁၁ ကိုဖတ်ပါ။) ယေရှုမှာ ဒီအံ့ဖွယ်အမှု ပြုလုပ်ဖို့ တာဝန်ရှိလို့လား။ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာဟာ လူတွေကို ဂရုစိုက်လို့၊ ရက်ရောတဲ့ဖခင်ကို တုပလို့ဖြစ်တယ်။

“ပေးကမ်းခြင်းကို ကျင့်ယူကြ” ဖို့ ယေရှုပြောတယ်

၄၊ ၅။ (က) ယေရှုရဲ့ ပထမဆုံးအံ့ဖွယ်အမှုက ကျွန်တော်တို့ကို ဘာသင်ကြားပေးသလဲ။ (ခ) ကာနမြို့မှာဖြစ်ခဲ့တဲ့ အံ့ဖွယ်အမှုက အနာဂတ်အကြောင်း ဘာသင်ပေးသလဲ။

ယေရှုဟာ လူအုပ်စုကြီးအတွက် စပျစ်ဝိုင်အလုံအလောက် ပြုလုပ်ပေးခဲ့တယ်။ ဒီအံ့ဖွယ်အမှုက ဘာသင်ပေးမှန်း သဘောပေါက်ပါသလား။ ယေဟောဝါနဲ့ ယေရှုဟာ ကပ်စေးနှဲသူတွေမဟုတ်ဘူး။ သိပ်ရက်ရောတယ်။ သူတို့နှစ်ယောက်စလုံး လူတွေရဲ့ခံစားချက်ကို သိပ်ဂရုစိုက်မှန်း ဒီအံ့ဖွယ်အမှုက စိတ်ချစေတယ်။ ယေဟောဝါဟာ ကမ္ဘာသစ်မှာ လူသားအားလုံးအတွက် သူ့တန်ခိုးကိုသုံးပြီး အစားအစာ အလျှံပယ် ပြင်ဆင်ပေးမယ်ဆိုတာကိုလည်း ဖော်ပြတယ်။ဟေရှာယ ၂၅:၆ ကိုဖတ်ပါ။

ဒီအချက်ကို စဉ်းစားကြည့်ပါ။ မကြာခင်မှာ ယေဟောဝါဟာ ကျွန်တော်တို့ အမှန်တကယ်လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ လူတိုင်းလူတိုင်းဟာ ကောင်းမွန်တဲ့အိမ်နဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါလိမ့်မယ်။ မြေကြီးပရဒိသုမှာ ယေဟောဝါ ရက်ရက်ရောရော ပေးသနားမယ့်အရာတွေအကြောင်း စဉ်းစားကြည့်လိုက်ရင် သိပ်ကျေးဇူးတင်စရာပဲ။

တခြားသူတွေကို ရက်ရက်ရောရော အချိန်ပေးခြင်းအားဖြင့် ယေရှုကို ကျွန်တော်တို့ တုပ (အပိုဒ် ၆ ကိုကြည့်ပါ)

၆။ ယေရှုဟာ သူ့တန်ခိုးကို ဘယ်လို အမြဲအသုံးပြုသလဲ။ ယေရှုကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။

ယေရှုဟာ သူ့တန်ခိုးကို ကိုယ်ကျိုးအတွက် လုံးဝအသုံးမပြုဘူး။ ကျောက်ခဲကို မုန့်ဖြစ်အောင်လုပ်ဖို့ စာတန်သွေးဆောင်ချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ တန်ခိုးကို ကိုယ်ကျိုးအတွက် ယေရှု မသုံးခဲ့ဘူး။ (မ. ၄:၂-၄) အဲဒီအစား တခြားသူတွေကို ကူညီဖို့ပဲ အသုံးပြုခဲ့တယ်။ ယေရှုရဲ့ ကိုယ်ကျိုးမဖက်တဲ့သဘောထားကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။ “ပေးကမ်းခြင်းကို ကျင့်ယူကြ” ဖို့ ယေရှုပြောတယ်။ (လု. ၆:၃၈) တခြားသူတွေကို အိမ်မှာ ထမင်းစားဖိတ်ခြင်းအားဖြင့် အဲဒီလိုလုပ်ဆောင်နိုင်တယ်။ အဲဒီအပြင် ညီအစ်ကိုညီအစ်မတွေကို အစည်းအဝေးပြီးနောက် အချိန်ပေးပြီး ကူညီနိုင်တယ်။ ညီအစ်ကိုတစ်ယောက် ဟောပြောချက်ပေးဖို့ လေ့ကျင့်တာကို နားထောင်ပေးတာမျိုးဖြစ်နိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာလည်း လက်တွေ့ကျကျ ကူညီလေ့ကျင့်ပေးနိုင်တယ်။ တခြားသူတွေကို အတတ်နိုင်ဆုံး ကူညီပေးခြင်းအားဖြင့် ယေရှုရဲ့ ရက်ရောမှုကို တုပနိုင်တယ်။

‘အဝစားပြီး’ ကျေနပ်သွား

၇။ စာတန့်လောကမှာ ဘယ်ပြဿနာ အမြဲရှိနေမလဲ။

ဆင်းရဲမွဲတေမှုဟာ ပြဿနာအသစ်အဆန်း မဟုတ်ပါဘူး။ “ပြည်၌ ဆင်းရဲသားမပြတ်ရ” လို့ အစ္စရေးတွေကို ယေဟောဝါပြောတယ်။ (တရား. ၁၅:၁၁) နှစ်ပေါင်းများစွာကြာပြီးနောက် ယေရှုကလည်း “ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏” လို့ပြောတယ်။ (မ. ၂၆:၁၁) ဒီကမ္ဘာမှာ ဆင်းရဲသားတွေ အမြဲရှိမယ်လို့ ယေရှု ဆိုလိုတာလား။ မဟုတ်ပါဘူး။ စာတန့်လောကမှာ အသက်ရှင်နေသရွေ့တော့ ဆင်းရဲမွဲတေမှု ရှိနေမယ်လို့ ဆိုလိုတာဖြစ်တယ်။ ကမ္ဘာသစ်အသက်တာနဲ့ သိပ်ကိုကွာခြားပါလိမ့်မယ်။ ကမ္ဘာသစ်မှာတော့ ဆင်းရဲမွဲတေမှု ရှိတော့မှာမဟုတ်ဘူး။ လူသားအားလုံး အလျှံပယ်စားသောက်ရပြီး အကျေနပ်ကြီး ကျေနပ်ရပါလိမ့်မယ်။

၈၊ ၉။ (က) ထောင်နဲ့ချီတဲ့လူအုပ်ကို ယေရှု ဘာကြောင့် ကျွေးမွေးခဲ့သလဲ။ (ခ) ဒီအံ့ဖွယ်အမှုနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

ဆာလံဆရာက ယေဟောဝါဟာ ‘လက်ကိုဖြန့်ပြီး သက်ရှိအားလုံးရဲ့အလိုဆန္ဒကို ဖြည့်ဆည်းပေးတယ်’ လို့ ပြောတယ်။ (ဆာ. ၁၄၅:၁၆ကဘ) ယေရှု မြေကြီးပေါ်ရှိတုန်းက သူ့ဖခင်ကို အပြည့်အဝတုပပြီး တခြားသူတွေရဲ့ လိုအပ်ရာကို မကြာခဏ ဖြည့်ဆည်းပေးခဲ့တယ်။ တန်ခိုးရှိမှန်း ပြဖို့လောက်သာ အဲဒီလိုလုပ်တာမဟုတ်ဘူး။ လူတွေကို တကယ်ဂရုစိုက်လို့ဖြစ်တယ်။ မဿဲ ၁၄:၁၄–၂၁ (ဖတ်ပါ။) ကို သုံးသပ်ကြည့်ကြစို့။ လူအုပ်တစ်အုပ်ဟာ မြို့ရွာတွေကနေထွက်ပြီး ယေရှုနောက် ကုန်းကြောင်းလိုက်လာကြတယ်။ (မ. ၁၄:၁၃) ညနေပိုင်းရောက်တော့ လူတွေ ပင်ပန်းပြီး ဆာလောင်နေမှာကို တပည့်တွေ စိုးရိမ်လာတယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် စားစရာသွားဝယ်ဖို့ ပြန်လွှတ်လိုက်ပါလို့ ယေရှုကို ပြောတယ်။ ယေရှု ဘာလုပ်မလဲ။

တပည့်တွေဆီမှာရှိတဲ့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုသုံးပြီး ယောက်ျား ၅,၀၀၀ အပြင် မိန်းမနဲ့ကလေးတွေကို ကျွေးခဲ့တယ်။ ဒီအံ့ဖွယ်အမှုကို ယေရှု ဘာကြောင့်ပြုလုပ်ခဲ့တာလဲ။ လူတွေကို တကယ်ချစ်ပြီး ဂရုစိုက်လို့ဖြစ်တယ်။ လူအုပ်က “အဝစား” ခဲ့ရတယ်။ စားစရာ အတော်များများဖြစ်အောင် ယေရှုလုပ်ပေးခဲ့လို့ ဖြစ်ရမယ်။ အိမ်ပြန်ခရီးဆက်ဖို့ သူတို့ အားရှိလာတယ်။ (လု. ၉:၁၀-၁၇) အားလုံး အဝစားပြီးနောက် စားကြွင်းစားကျန်တွေကို တပည့်တွေ လိုက်ကောက်တဲ့အခါ ၁၂ တောင်း အပြည့်ရတယ်။

၁၀။ အနာဂတ်မှာ ဆင်းရဲမွဲတေမှု ဘာဖြစ်သွားမလဲ။

၁၀ လောဘဇောတိုက်နေတဲ့ အကျင့်ပျက်အုပ်စိုးရှင်တွေကြောင့် လူသန်းပေါင်းများစွာဟာ ဆင်းရဲမွဲတေနေတယ်။ ညီအစ်ကိုညီအစ်မတချို့တောင် လောက်လောက်ငင မစားသောက်ရဘူး။ ဒါပေမဲ့ ယေဟောဝါကို နာခံသူတွေဟာ အကျင့်ပျက်ခြစားမှု၊ ဆင်းရဲမွဲတေမှု မရှိတော့တဲ့ကမ္ဘာမှာ မကြာခင် နေထိုင်ရပါတော့မယ်။ ယေဟောဝါဟာ တန်ခိုးအကြီးဆုံး ဘုရားသခင် ဖြစ်တယ်။ ဒါကြောင့် လူတိုင်းရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့တန်ခိုးနဲ့ ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒရှိတယ်။ ဆင်းရဲဒုက္ခတွေကို မကြာခင် အဆုံးတိုင်ပေးတော့မယ်လို့ ကိုယ်တော်ကတိပေးထားတယ်။ဆာလံ ၇၂:၁၆ ကိုဖတ်ပါ။

ယေရှုရဲ့အံ့ဖွယ်အမှုတွေက ယေရှုဟာ သူ့ရဲ့တန်ခိုးကို ကျွန်တော်တို့အကျိုးအတွက် အသုံးပြုချင်တယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်

၁၁။ ခရစ်တော်ဟာ မကြာခင် သူ့တန်ခိုးကို လူသားအားလုံးရဲ့အကျိုးအတွက် အသုံးပြုမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ဘာလုပ်ဆောင်ဖို့ သင် စိတ်ထက်သန်နေသလဲ။

၁၁ ယေရှုဟာ မြေကြီးပေါ်ရှိတုန်းက အံ့ဖွယ်အမှုတွေကို သုံးနှစ်ခွဲအတွင်း နယ်မြေအနည်းငယ်မှာပဲ ပြုလုပ်ခဲ့တယ်။ (မ. ၁၅:၂၄) ဒါပေမဲ့ ဘုရင်အဖြစ် အနှစ်တစ်ထောင် အုပ်ချုပ်ချိန်မှာတော့ လူသားအားလုံးကို ကူညီပေးပါလိမ့်မယ်။ (ဆာ. ၇၂:၈) ယေရှုရဲ့အံ့ဖွယ်အမှုတွေက ယေရှုဟာ သူ့ရဲ့တန်ခိုးကို ကျွန်တော်တို့အကျိုးအတွက် အသုံးပြုချင်တယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ ကျွန်တော်တို့မှာ အံ့ဖွယ်အမှုတွေ ပြုလုပ်နိုင်တဲ့ တန်ခိုး မရှိပါဘူး။ ဒါပေမဲ့ ဘာလုပ်နိုင်သလဲ။ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ကတိတော်တွေအကြောင်း တခြားသူတွေကို ပြောပြရာမှာ ကိုယ့်ရဲ့အချိန်နဲ့ ခွန်အားကို ပေးဆက်နိုင်တယ်။ ယေဟောဝါသက်သေတွေအနေနဲ့ အဲဒီလိုလုပ်ဖို့ တာဝန်ရှိတယ်။ (ရော. ၁:၁၄၊ ၁၅) မကြာခင် ခရစ်တော် ပြုလုပ်ပေးမယ့်အရာတွေအကြောင်း တွေးတောတဲ့အခါ တခြားသူတွေကို အဲဒါတွေအကြောင်း ပြန်ဝေမျှဖို့ ကျွန်တော်တို့ စိတ်ထက်သန်လာပါလိမ့်မယ်။—ဆာ. ၄၅:၁; ၄၉:၃

သဘာဝစွမ်းအားတွေကို ယေဟောဝါနဲ့ ယေရှု ထိန်းချုပ်ထား

၁၂။ ကမ္ဘာ့ပတ်ဝန်းကျင်အကြောင်း ယေရှု အပြည့်အဝနားလည်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၂ မြေကြီးနဲ့မြေကြီးပေါ်ကအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းချိန်မှာယေရှုဟာ‘ကိုယ်တော့်ဘေးမှာ ကျွမ်းကျင်လုပ်သားအဖြစ်’ ရှိနေခဲ့တယ်။ (သု. ၈:၂၂၊ ၃၀၊ ၃၁ကဘ; ကော. ၁:၁၅-၁၇) ဒါကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်အကြောင်း ယေရှု အပြည့်အဝနားလည်တယ်။ သဘာဝအရင်းအမြစ်တွေကို ဘယ်လိုအသုံးပြုပြီး ထိန်းချုပ်ရမယ်ဆိုတာကိုလည်း သိတယ်။

၁၃၊ ၁၄။ သဘာဝစွမ်းအားတွေကို ယေရှု ထိန်းချုပ်နိုင်တယ်ဆိုတာ ဘယ်ဥပမာက ဖော်ပြသလဲ။

၁၃ ယေရှု မြေကြီးပေါ်ရှိတုန်းက သဘာဝစွမ်းအားတွေကို ထိန်းချုပ်ခဲ့တယ်။ ဒီနည်းအားဖြင့် သူ့မှာ ဘုရားပေးတန်ခိုးရှိမှန်း ဖော်ပြခဲ့တယ်။ ဥပမာ၊ လေပြင်းမုန်တိုင်းတစ်ခုကို ယေရှု ဘယ်လိုထိန်းချုပ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ (မာကု ၄:၃၇–၃၉ ကိုဖတ်ပါ။) မာကုကျမ်းမှာ “လေပြင်းမုန်တိုင်း” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ တော်တော်အားပြင်းတဲ့မုန်တိုင်း ဒါမှမဟုတ် ဟာရီကိန်းမုန်တိုင်းအတွက် အသုံးပြုတဲ့စကားလုံး ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ယောက် ရှင်းပြတယ်။ ဒီမုန်တိုင်းကျတဲ့အခါ တိမ်ထုတွေ မည်းတက်လာတယ်၊ လေပြင်းတွေတိုက်တယ်၊ မိုးကြိုးတွေပစ်ပြီး ရေကြီးလာတတ်တယ်။ မုန်တိုင်းစဲသွားတဲ့အခါ အရာအားလုံး ရစရာမရှိအောင် ဗြောင်းဆန်နေတတ်တယ်။

အံ့ဖွယ်တန်ခိုးကို ယေရှုအသုံးပြုပုံနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင်စိတ်ထိမိသလဲ (အပိုဒ် ၁၃ နဲ့ ၁၄ ကိုကြည့်ပါ)

၁၄ ဒီအခြေအနေကို စဉ်းစားကြည့်ပါ– လှိုင်းတွေ တရစပ်ရိုက်ခတ်နေလို့ လှေထဲကို ရေတွေ တရဟော ဝင်လာနေတယ်။ ဒီလောက်ပွက်လောရိုက်ပြီး လှေလူးလွန့်နေတာတောင် ယေရှုကတော့ မောလွန်းလို့ အိပ်မောကျနေတယ်။ တပည့်တွေလည်း ကြောက်လာပြီး ယေရှုကို နှိုးတော့တယ်။ ပြီးတော့ ‘ကျွန်တော်တို့ သေရပါတော့မယ်’ လို့ ပြောကြတယ်။ (မ. ၈:၂၅) ယေရှု ဘာလုပ်ခဲ့သလဲ။ ထပြီး လေနဲ့ပင်လယ်ကို “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” လို့ ပြောလိုက်တယ်။ (မာ. ၄:၃၉) ချက်ချင်းပဲ မုန်တိုင်းစဲပြီး “အလွန်ငြိမ်သက်” သွားတယ်။ ယေရှုမှာ သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့တန်ခိုးရှိမှန်း သိပ်ထင်ရှားပါတယ်။

၁၅။ သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်မှန်း ယေဟောဝါ ဘယ်လိုဖော်ပြခဲ့သလဲ။

၁၅ ခရစ်တော်ကို တန်ခိုးပေးထားသူဟာ ယေဟောဝါဖြစ်တယ်။ ဒါကြောင့် တန်ခိုးအကြီးဆုံးဘုရား ယေဟောဝါလည်း သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်မှန်း ကျွန်တော်တို့သိတယ်။ ဥပမာ၊ ရေလွှမ်းမိုးဘေး မကျရောက်ခင်မှာ ယေဟောဝါက ‘နောက်ခုနစ်ရက်ကျရင် မြေပေါ်မှာ ရက်ပေါင်း ၄၀ ကြာ နေ့ညမပြတ် မိုးရွာစေမယ်’ လို့ပြောတယ်။ (က. ၇:၄ကဘ) ထွက်မြောက်ရာ ၁၄:၂၁ (ကဘ) မှာလည်း ‘ယေဟောဝါက အရှေ့လေပြင်းတိုက်စေ’ တယ်လို့ ပြောထားတယ်။ ယောန ၁:၄ (ကဘ) မှာ ‘ယေဟောဝါက ပင်လယ်မှာ လေပြင်းတိုက်ခတ်စေတဲ့အတွက် မိုးသက်မုန်တိုင်းကျပြီး သင်္ဘောပျက်လုမတတ်ဖြစ်လာတယ်’ လို့ပြောထားတယ်။ ကမ္ဘာသစ်မှာ သဘာဝအင်အားစုတွေကို ယေဟောဝါ အမြဲထိန်းချုပ်မယ်ဆိုတာ သိရလို့ ပျော်ရွှင်စရာပဲ။

၁၆။ သဘာဝစွမ်းအားတွေကို ယေဟောဝါနဲ့ ယေရှု ထိန်းချုပ်နိုင်စွမ်းရှိမှန်း သိရခြင်းက ဘာကြောင့် အားရှိစရာကောင်းသလဲ။

၁၆ သဘာဝစွမ်းအားတွေကို ယေဟောဝါနဲ့ ယေရှု ထိန်းချုပ်နိုင်စွမ်းရှိမှန်း သိရခြင်းက အားရှိစရာပဲ။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ လူတိုင်း ဘေးကင်းလုံခြုံစွာ နေထိုင်ရပါလိမ့်မယ်။ တိုင်ဖွန်း၊ ဆူနာမီ၊ မီးတောင်၊ မြေငလျင် စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတော့မှာ၊ သေဆုံးတော့မှာ မဟုတ်ဘူး။ “ဘုရားသခင်၏ တဲတော်” ဟာ လူသားတွေနဲ့အတူ ရှိမှာဖြစ်လို့ ဘယ်သဘာဝဘေးအန္တရာယ်ကိုမှ ကြောက်စရာမလိုတော့ဘူး။ (ဗျာ. ၂၁:၃၊ ၄) အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ ခရစ်တော်ဟာ ဘုရားပေးတန်ခိုးအားဖြင့် သဘာဝစွမ်းအားတွေကို ထိန်းချုပ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

ဘုရားသခင်နဲ့ ခရစ်တော်ကို အခုကတည်းက တုပပါ

၁၇။ ဘုရားသခင်နဲ့ ခရစ်တော်ကို အခုကတည်းက တုပနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။

၁၇ ကျွန်တော်တို့က သဘာဝဘေးအန္တရာယ်တွေကို ယေဟောဝါနဲ့ ယေရှုလို မတားဆီးနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အရာရှိတယ်။ သုတ္တံ ၃:၂၇ (ဖတ်ပါ။) ကိုလက်တွေ့ကျင့်သုံးနိုင်တယ်။ ညီအစ်ကိုညီအစ်မတွေ ဒုက္ခရောက်တဲ့အခါ သူတို့ရဲ့ စားဝတ်နေရေးနဲ့ စိတ်ဓာတ်ပိုင်းလိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ အားပေးနှစ်သိမ့်နိုင်တယ်။ (သု. ၁၇:၁၇) ဥပမာ၊ သဘာဝဘေးအန္တရာယ် ကြုံရချိန်မှာ ကူညီပေးနိုင်တယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် အိမ်ပျက်စီးသွားတဲ့ မုဆိုးမတစ်ယောက် အခုလိုပြောတယ်– “ယေဟောဝါရဲ့ အဖွဲ့အစည်းထဲမှာရှိနေရတာကို သိပ်ကျေးဇူးတင်တယ်။ ရုပ်ပိုင်းသာမက ဝတ်ပြုရေးလိုအပ်ရာတွေကိုပါ ရရှိလို့ပဲ။” တစ်ကိုယ်ရေညီအစ်မတစ်ယောက်လည်း မုန်တိုင်းကြောင့် အိမ်ပျက်စီးသွားတဲ့အခါ တော်တော်စိတ်ဓာတ်ကျသွားတယ်။ ညီအစ်ကိုတွေ အိမ်ပြင်ပေးပြီးနောက် သူက “ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ မပြောပြနိုင်လောက်အောင်ပါပဲ။ . . . ကျေးဇူးတင်ပါတယ် ယေဟောဝါ” လို့ပြောတယ်။ တခြားသူတွေရဲ့ လိုအပ်ရာတွေကို တကယ်ဂရုစိုက်ပေးတဲ့ ညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရတာ ကျေးဇူးတင်စရာပဲ။ ပိုကျေးဇူးတင်စရာကောင်းတာက ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှုခရစ် တကယ်ဂရုစိုက်ပေးနေလို့ပဲ။

၁၈။ အံ့ဖွယ်အမှုတွေကို ယေရှု ပြုလုပ်ရတဲ့အကြောင်းရင်းက ဘာကြောင့် စိတ်စွဲမှတ်စရာကောင်းသလဲ။

၁၈ မြေကြီးပေါ်အမှုဆောင်ချိန်အတွင်းမှာ ယေရှုဟာ “ဘုရားသခင်၏ တန်ခိုးတော်” ဖြစ်မှန်း သက်သေထူခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တန်ခိုးကို တခြားသူတွေ အထင်ကြီးဖို့ဖြစ်စေ၊ ကိုယ်ကျိုးအတွက်ဖြစ်စေ လုံးဝအသုံးမပြုခဲ့ဘူး။ အဲဒီအစား အံ့ဖွယ်အမှုတွေပြုလုပ်ရာမှာ အသုံးပြုခဲ့တယ်။ ဒါက လူတွေကို တကယ်ချစ်လို့ပဲ။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ထပ်လေ့လာကြပါမယ်။