မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၁

နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၁

“ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။”—မ. ၆:၉

၁။ မဿဲ ၆:၉-၁၃ မှာပါတဲ့ ယေရှုရဲ့ဆုတောင်းစကားတွေကို အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုအသုံးပြုနိုင်သလဲ။

မဿဲ ၆:၉-၁၃ မှာပါတဲ့ ဆုတောင်းစကားတွေကို လူအတော်များများ သိကြတယ်။ နိုင်ငံတော်ဟာ မြေကြီးကို ပရဒိသုအဖြစ်ပြောင်းလဲပေးမယ့် ဘုရားသခင့်အစိုးရဖြစ်တယ်ဆိုတာ လူတွေကို သင်ပေးဖို့ ဒီဆုတောင်းစကားတွေကို ကျွန်တော်တို့ အသုံးပြုကြတယ်။ ဘုရားမှာ နာမည်ရှိတယ်၊ အဲဒီနာမည်ကို သန့်ရှင်းမြင့်မြတ်ရာအဖြစ် ယူမှတ်ရမယ်ဆိုတာ သင်ပေးဖို့ “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုတဲ့ဆုတောင်းစကားကို ကျွန်တော်တို့ အသုံးပြုကြတယ်။—မ. ၆:၉

၂။ ဆုတောင်းတိုင်း စကားတစ်မျိုးတည်းကို အထပ်ထပ်ပြန်ရွတ်တာမျိုး ယေရှု မဖြစ်စေချင်မှန်း ကျွန်တော်တို့ ဘယ်လိုသိရသလဲ။

ယေရှုက ကျွန်တော်တို့ဆုတောင်းတိုင်း သူသင်ပေးခဲ့တဲ့စကားတွေကို အထပ်ထပ်ပြန်ရွတ်တာမျိုး ဖြစ်စေချင်သလား။ မဖြစ်စေချင်ပါဘူး။ ခရစ်ယာန်အများစုကတော့ အထပ်ထပ်ပြန်ရွတ်ကြတယ်။ “ဆုတောင်းသည့်အခါ လူမျိုးခြားတို့နည်းတူ စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်” လို့ ယေရှုပြောတယ်။ (မ. ၆:၇) နောက်ပိုင်း အဲဒီဆုတောင်းချက်ကိုပဲ တပည့်တွေကို ပြန်ပြောပြတဲ့အခါ စကားလုံးတွေကို တစ်ပုံစံတည်း ပြန်မသုံးခဲ့ဘူး။ (လု. ၁၁:၁-၄) ကျွန်တော်တို့ ဘာတွေထည့်ဆုတောင်းရမယ်၊ ဘာတွေကို ဦးစားပေး တောင်းရမယ်ဆိုတာသိစေဖို့ပဲ နမူနာအဖြစ် သင်ပေးခဲ့တာဖြစ်တယ်။

၃။ နမူနာဆုတောင်းချက်ကို လေ့လာရင်း ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ နမူနာဆုတောင်းချက်ကို အသေးစိတ်လေ့လာသွားပါမယ်။ အဲဒီလိုလေ့လာရင်း ‘ဒီဆုတောင်းချက်က ငါ့ဆုတောင်းချက်တွေကို ဘယ်လို ပိုတိုးတက်လာစေသလဲ။ ပိုအရေးကြီးတာက နမူနာဆုတောင်းချက်နဲ့အညီ ငါ အသက်ရှင်နေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

“ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ”

၄။ “ကျွန်ုပ်တို့အဖ” ဆိုတဲ့စကားက ဘာကို သတိရစေသလဲ။ ယေဟောဝါဟာ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ရဲ့ဖခင် ဖြစ်သလဲ။

ဆုတောင်းချက်ကို “ကျွန်ုပ်တို့အဖ” ဆိုတဲ့စကားနဲ့ ယေရှု အစပြုခဲ့တယ်။ ဒီအချက်က ယေဟောဝါဟာ ကမ္ဘာချီညီအစ်ကိုညီအစ်မအားလုံးရဲ့ ဖခင်ဖြစ်တယ်ဆိုတာ သတိရစေတယ်။ (၁ ပေ. ၂:၁၇) ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ ဘိသိက်ခံတွေဟာ ဘုရားသခင့်သားတွေအဖြစ် မွေးစားခံရတယ်။ ဒါကြောင့် ယေဟောဝါဟာ ထူးခြားတဲ့နည်းနဲ့ သူတို့ရဲ့ဖခင် ဖြစ်တယ်။ (ရော. ၈:၁၅-၁၇) မြေကြီးမျှော်လင့်ချက်ရှိသူတွေလည်း ယေဟောဝါကို “အဖ” လို့ခေါ်နိုင်တယ်။ ကိုယ်တော်က သူတို့ကို အသက်ပေးထားတယ်။ လိုအပ်ရာတွေကို မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ သူတို့ဟာ စုံလင်လာပြီးနောက်၊ နောက်ဆုံးစမ်းသပ်မှုမှာ ယေဟောဝါဘက် သစ္စာရှိရှိရပ်တည်ပြီးနောက် “ဘုရားသခင့်သားသမီး” တွေလို့ အခေါ်ခံရပါလိမ့်မယ်။—ရော. ၈:၂၁; ဗျာ. ၂၀:၇၊ ၈

၅၊ ၆။ သားသမီးတွေကို မိဘတွေပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က ဘာလဲ။ သားသမီးယောက်တိုင်းရဲ့ တာဝန်က ဘာလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေဟောဝါကို ကောင်းကင်ဖခင်အဖြစ် သိမြင်လာအောင်၊ ကိုယ်တော့်ဆီ ဆုတောင်းတတ်လာအောင် သားသမီးတွေကို သင်ပေးခြင်းအားဖြင့် အကောင်းဆုံးလက်ဆောင်ကို မိဘတွေ ပေးနိုင်တယ်။ တောင်အာဖရိကနိုင်ငံက တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် အခုလိုပြောတယ်– “သမီးတွေမွေးလာတဲ့နေ့ကစပြီး သူတို့နဲ့အတူ ညတိုင်းဆုတောင်းတယ်။ ခရီးသွားတဲ့အချိန်တွေကလွဲလို့ပေါ့။ ဆုတောင်းစကားအတိအကျကိုတော့ သူတို့မမှတ်မိပါဘူး။ ဒါပေမဲ့ ဖခင်ယေဟောဝါနဲ့ စကားပြောနေတဲ့အချိန်အခါရဲ့ မြင့်မြတ်မှု၊ အေးချမ်းငြိမ်သက်မှုတွေကိုတော့ မှတ်မိကြတယ်။ ဆုတောင်းနိုင်တဲ့အရွယ် ရောက်လာတဲ့အခါ အသံထွက်ဆုတောင်းဖို့ သူတို့ကို အားပေးတယ်။ ဒါမှ ယေဟောဝါနဲ့ပတ်သက်ပြီး သူတို့ ဘယ်လိုသဘောထားတယ်၊ ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော်သိနိုင်မယ်။ ဒါဟာ သူတို့စိတ်ထဲမှာ ရှိတဲ့အရာကို တစ်စွန်းတစ်စမြင်စေနိုင်တဲ့ အခွင့်အရေးပဲ။ ဒီနည်းနဲ့ အဓိပ္ပာယ်ရှိတဲ့ဆုတောင်းချက်ဖြစ်နိုင်အောင် နမူနာဆုတောင်းချက်မှာပါတဲ့ အချက်တွေကို ဘယ်လိုထည့်ဆုတောင်းရမယ်ဆိုတာ ကျွန်တော် သင်ပေးနိုင်ခဲ့တယ်။”

သူ့သမီးတွေဟာ ကြီးလာတဲ့အထိ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ဆက်ရှိနေခဲ့တယ်။ အခု အိမ်ထောင်ကျပြီး ခင်ပွန်းတွေနဲ့အတူ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြတယ်။ ဒါကြောင့် မိဘတွေပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ ယေဟောဝါဟာ တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး ကိုယ်တော်နဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်နိုင်တယ်ဆိုတာ သားသမီးတွေကို သင်ပေးခြင်းပဲ။ ဒါပေမဲ့ အဲဒီဆက်ဆံရေးကောင်း ဆက်ရှိနေအောင် ကြိုးစားဖို့ကတော့ သားသမီးယောက်တိုင်းရဲ့ တာဝန်ဖြစ်တယ်။—ဆာ. ၅:၁၁၊ ၁၂; ၉၁:၁၄

“ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ”

၇။ ကျွန်တော်တို့ ဘယ်အခွင့်ထူး ရရှိထားသလဲ။ ဘာလုပ်ဆောင်ရမလဲ။

ဘုရားသခင့်နာမည်ကို သိရှိခွင့်၊ “နာမတော်အတွက်လူမျိုး” ဖြစ်ခွင့်ကို ကျွန်တော်တို့ ရရှိထားတယ်။ (တ. ၁၅:၁၄; ဟေရှာ. ၄၃:၁၀) “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ” လို့ ကျွန်တော်တို့ ဆုတောင်းကြတယ်။ ယေဟောဝါကို ရှုတ်ချစရာဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမှ မပြုမိ၊ မပြောမိအောင် ကူညီပေးဖို့လည်း ဆုတောင်းကြတယ်။ ဟောတဲ့အတိုင်း မလုပ်ဆောင်ခဲ့တဲ့ ပထမရာစုခရစ်ယာန်တချို့လို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ “လူမျိုးခြားတို့သည် သင်တို့ကြောင့် ဘုရားသခင်၏နာမတော်ကို စော်ကားတတ်ကြ၏” လို့ ပေါလု ပြောခဲ့တယ်။—ရော. ၂:၂၁-၂၄

၈၊ ၉။ ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်စေချင်သူတွေကို ကိုယ်တော် ဘယ်လိုကူညီပေးသလဲ။ ဥပမာပေးပါ။

ယေဟောဝါရဲ့နာမည်ကို ဂုဏ်တင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ခင်ပွန်းသေဆုံးချိန်မှာ နှစ်နှစ်အရွယ် သားတစ်ယောက်နဲ့ကျန်ရစ်ခဲ့တဲ့ နော်ဝေးနိုင်ငံက ညီအစ်မတစ်ယောက် အခုလိုပြောတယ်– “ဘဝမှာ အခက်ခဲဆုံးအချိန်ပဲ။ စိတ်တည်ငြိမ်အောင်ထိန်းနိုင်ဖို့ နေ့တိုင်း၊ နာရီတိုင်းလိုလို ကျွန်မဆုတောင်းတယ်။ ဒါမှ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အမှားတွေ၊ သစ္စာမဲ့မှုတွေကြောင့် ယေဟောဝါကို ကဲ့ရဲ့ဖို့ စာတန်ကို အခွင့်မပေးမိမှာဖြစ်တယ်။ ယေဟောဝါရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေချင်တယ်။ သားလေးကို ပရဒိသုမှာ သူ့အဖေနဲ့ ပြန်ဆုံစေချင်တယ်။”—သု. ၂၇:၁၁

ဒီညီအစ်မရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးခဲ့သလား။ အဖြေပေးခဲ့ပါတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ပုံမှန်ပေါင်းသင်းတဲ့အတွက် သူ ခွန်အားရလာတယ်။ ငါးနှစ်ကြာပြီးနောက် အကြီးအကဲတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ အခု အသက် ၂၀ ရှိပြီဖြစ်တဲ့ သူ့သားဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုဖြစ်နေပြီ။ “သားလေးကို ပြုစုပျိုးထောင်နိုင်ဖို့ ကျွန်မရဲ့အမျိုးသား ကူညီပေးခဲ့လို့ သိပ်ပျော်တာပဲ” လို့ သူပြောတယ်။

၁၀။ ဘုရားသခင်က သူ့နာမည်ကို ဘယ်လို လုံးလုံးလျားလျား သန့်ရှင်းမြင့်မြတ်စေမလဲ။

၁၀ ယေဟောဝါက သူ့ကို ရှုတ်ချဂုဏ်ဖျက်သူတွေ၊ အုပ်စိုးရှင်အဖြစ် ငြင်းပယ်သူတွေကို ဖျက်ဆီးချိန်မှာ နာမတော်ကို လုံးလုံးလျားလျား သန့်ရှင်းမြင့်မြတ်စေပါလိမ့်မယ်။ (ယေဇကျေလ ၃၈:၂၂၊ ၂၃ ကိုဖတ်ပါ။) အဲဒီအချိန်မှာ လူသားတွေ စုံလင်လာပါလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးမှာရှိသူတိုင်း ယေဟောဝါကို ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့နာမည်ကို ဂုဏ်တင်ကြပါလိမ့်မယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖခင်ဟာ “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်” လာပါလိမ့်မယ်။—၁ ကော. ၁၅:၂၈

“နိုင်ငံတော်လာပါစေ”

၁၁၊ ၁၂။ ၁၈၇၆ မှာ ယေဟောဝါဟာ သူ့ကျေးကျွန်တွေကို ဘယ်အကြောင်း နားလည်လာဖို့ ကူညီပေးခဲ့သလဲ။

၁၁ ယေရှု ကောင်းကင်ပြန်မတက်မီ တပည့်တွေက “သခင်၊ ကိုယ်တော်သည် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ယခု ပြန်တည်ထောင်ပေးမည်လော” လို့ မေးကြတယ်။ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်မယ့်အချိန်ကို သိဖို့ အချိန်မတန်သေးဘူးလို့ ယေရှုပြန်ဖြေတယ်။ အဲဒီအချိန်မှာ တပည့်တွေ အာရုံစိုက်ရမှာက အရေးကြီးတဲ့ ဟောပြောခြင်းလုပ်ငန်းပဲ။ (တမန်တော် ၁:၆–၈ ကိုဖတ်ပါ။) ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ ဆုတောင်းဖို့၊ အဲဒီအချိန်ကို မျှော်လင့်စောင့်စားနေဖို့ သူတို့ကို ယေရှုသင်ပေးတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း နိုင်ငံတော်လာပါစေလို့ ဆုတောင်းနေဆဲပဲ။

၁၂ ကောင်းကင်မှာ ယေရှု စတင်အုပ်ချုပ်မယ့်အချိန် နီးလာတဲ့အခါ ဘယ်ခုနှစ်မှာ စတင်အုပ်ချုပ်မယ်ဆိုတာ မိမိကျေးကျွန်တွေ နားလည်လာဖို့ ယေဟောဝါကူညီပေးခဲ့တယ်။ ၁၈၇၆ မှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်က “ဘယ်အချိန်မှာ လူမျိုးခြားအချိန် ကုန်ဆုံးသလဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ ဒံယေလရဲ့ကြိုဟောချက်မှာပါတဲ့ “ခုနစ်နှစ်” ဟာ ယေရှုရဲ့ကြိုဟောချက်မှာပါတဲ့ ‘လူမျိုးခြားအချိန်’ နဲ့တူညီတယ်ဆိုပြီး ရပ်စယ်လ်ရှင်းပြတယ်။ အဲဒီအချိန်ဟာ ၁၉၁၄ မှာ ကုန်ဆုံးမယ်လို့ ဆက်ရှင်းပြတယ်။ *ဒံ. ၄:၁၆; လု. ၂၁:၂၄

၁၃။ ၁၉၁၄ မှာ ဘာဖြစ်ခဲ့သလဲ။ ၁၉၁၄ ကစပြီး ကမ္ဘာ့အခြေအနေတွေက ဘာကို ဖော်ပြနေသလဲ။

၁၃ ၁၉၁၄ ရောက်တဲ့အခါ ဥရောပမှာ ပထမကမ္ဘာစစ်စတင်ပြီး မကြာခင်မှာပဲ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တယ်။ စစ်ကြောင့် အစာရှားပါးမှုတွေ ဖြစ်လာတယ်။ စစ်ပွဲပြီးဆုံးတဲ့ ၁၉၁၈ မှာ ကြောက်စရာတုပ်ကွေးရောဂါကြောင့် လူများစွာ သေဆုံးရတယ်။ အဲဒီရောဂါကြောင့် သေဆုံးသူတွေဟာ စစ်ကြောင့် သေဆုံးသူတွေထက် အဆမတန်ပိုများတယ်။ အဲဒါတွေအားလုံးဟာ ယေရှုပြောခဲ့တဲ့ “နိမိတ်” ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီနိမိတ်က ၁၉၁၄ မှာ ယေရှု ကောင်းကင်မှာ ဘုရင်ဖြစ်ပြီဆိုတာ ဖော်ပြတယ်။ (မ. ၂၄:၃-၈; လု. ၂၁:၁၀၊ ၁၁) အဲဒီနှစ်မှာ ယေရှုဟာ “အောင်မြင်လျက်လည်းကောင်း၊ အပြီးအောင်မြင်ရန်လည်းကောင်း ထွက်သွား” တယ်။ (ဗျာ. ၆:၂) စာတန်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ မြေကြီးကို ပစ်ချလိုက်တယ်။ အဲဒီနောက် “မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ” ဆိုတဲ့ ကြိုဟောချက် စတင်ပြည့်စုံလာတယ်။—ဗျာ. ၁၂:၇-၁၂

၁၄။ (က) ဘုရားသခင့်နိုင်ငံတော်လာပါစေလို့ ကျွန်တော်တို့ ဘာကြောင့် ဆက်ဆုတောင်းနေကြသလဲ။ (ခ) အခုအချိန်မှာ ဘယ်အရေးကြီးလုပ်ငန်းကို လုပ်ဆောင်ရမလဲ။

၁၄ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှု ဘုရင်ဖြစ်လာတဲ့အခါ မြေကြီးပေါ်မှာ အဖြစ်ဆိုးတွေ စတင်ဖြစ်ပေါ်လာတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ပေါ်လာတယ်ဆိုတာ နားလည်နိုင်ဖို့ ဗျာဒိတ်အခန်းကြီး ၁၂ မှာပါတဲ့ ကြိုဟောချက်က ကူညီပေးတယ်။ ကောင်းကင်မှာ ယေရှု အုပ်ချုပ်နေပေမဲ့ မြေကြီးကိုတော့ စာတန် အုပ်ချုပ်နေတုန်းပဲ။ ဒါပေမဲ့ မကြာခင် ယေရှုဟာ မြေကြီးပေါ်က ဆိုးသွမ်းမှုအားလုံးကို ဖယ်ရှားပစ်ခြင်းအားဖြင့် “အပြီးအောင်မြင်” ပါတော့မယ်။ ကျွန်တော်တို့ကတော့ အဲဒီအချိန်ရောက်တဲ့အထိ ဘုရားသခင့်နိုင်ငံတော်လာပါစေလို့ ဆက်ဆုတောင်းနေပြီး နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေကြပါမယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ဆိုတဲ့ ယေရှုရဲ့ ကြိုဟောချက်ကို ကျွန်တော်တို့ရဲ့လုပ်ငန်းက ပြည့်စုံစေတယ်။—မ. ၂၄:၁၄

“အလိုတော်သည် . . . မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ”

၁၅၊ ၁၆။ ဘုရားသခင့်အလိုတော် မြေကြီးပေါ်မှာ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းချက်နဲ့အညီ ဘယ်လိုအသက်ရှင်နေထိုင်နိုင်သလဲ။

၁၅ ဘုရားသခင့်အလိုတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆,၀၀၀ လောက်တုန်းက မြေကြီးပေါ်မှာ ပြည့်စုံခဲ့တယ်။ ဒါကြောင့်လည်း အရာအားလုံး “အလွန်ကောင်း” တယ်လို့ ယေဟောဝါ ပြောခဲ့တယ်။ (က. ၁:၃၁) အဲဒီနောက် စာတန် ပုန်ကန်တယ်။ အဲဒီအချိန်ကစပြီး လူအများစုဟာ ဘုရားသခင့်အလိုတော်ကို မထမ်းဆောင်ကြတော့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ယေဟောဝါကို လူ ၈ သန်းလောက် ဝတ်ပြုနေကြတယ်။ သူတို့ဟာ ဘုရားသခင့်အလိုတော် မြေကြီးမှာပြည့်စုံပါစေလို့ ဆုတောင်းကြသလို ဘုရားသခင့်အလိုတော်ကိုလည်း ထမ်းဆောင်နေကြတယ်။ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ အသက်ရှင်နေထိုင်ပြီး တခြားသူတွေကို နိုင်ငံတော်အကြောင်း ဇွဲထက်သန်စွာ သင်ပေးနေကြတယ်။

ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ သားသမီးတွေကို သင်ပေးနေသလား (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆ ဥပမာ၊ ၁၉၄၈ မှာ နှစ်ခြင်းခံခဲ့တဲ့ အာဖရိက,က အသက် ၈၀ အရွယ် သာသနာပြုတစ်ယောက် အခုလိုပြောတယ်– “အချိန်မနှောင်းခင် သိုးလိုစိတ်ထားရှိသူအားလုံးကို ရှာတွေ့ပြီး ယေဟောဝါကို သိလာအောင် ကူညီပေးနိုင်ဖို့ ကျွန်မ အမြဲဆုတောင်းတယ်။ တစ်ယောက်ယောက်ကို ဟောခါနီးတိုင်း သူ့စိတ်နှလုံးကို ထိမိအောင် ဟောနိုင်ဖို့ ဉာဏ်ပညာပေးပါလို့လည်း ဆုတောင်းတယ်။ ရှာတွေ့ထားတဲ့ သိုးလိုစိတ်ထားရှိသူတွေကို ဆက်ကူညီပေးရာမှာလည်း ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။” ဒီသက်ကြီးညီအစ်မဟာ လူများစွာကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးခဲ့တယ်။ ယေဟောဝါရဲ့အလိုတော်ကို ဇွဲထက်သန်စွာ ထမ်းဆောင်နေတဲ့ တခြားအသက်ကြီးသူတွေကို သင်သိသလား။ဖိလိပ္ပိ ၂:၁၇ ကိုဖတ်ပါ။

၁၇။ လူသားတွေနဲ့ ကမ္ဘာမြေကြီးအတွက် ယေဟောဝါပြုလုပ်ပေးမယ့်အရာတွေနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

၁၇ ရန်သူတွေကို မြေကြီးပေါ်ကနေ ယေဟောဝါ မဖယ်ရှားမချင်း ကိုယ်တော့်အလိုတော် ပြည့်စုံပါစေလို့ ကျွန်တော်တို့ ဆက်ဆုတောင်းနေကြပါမယ်။ အဲဒီနောက် မြေကြီးဟာ ပရဒိသုဖြစ်လာပြီး လူသန်းထောင်ပေါင်းများစွာ အသက်ပြန်ရှင်လာလိမ့်မယ်။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” လို့ ယေရှု ပြောတယ်။ (ယော. ၅:၂၈၊ ၂၉) ချစ်မြတ်နိုးရသူတွေကို ကြိုဆိုချိန်မှာ ဘယ်လောက် ဝမ်းသာပီတိဖြစ်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ “မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်” ပေးပါလိမ့်မယ်။ (ဗျာ. ၂၁:၄) ထမြောက်လာသူအများစုဟာ “မဖြောင့်မတ်သောသူ” တွေဖြစ်တယ်။ ယေဟောဝါနဲ့ ယေရှုအကြောင်း တစ်ခါမှ မကြားဖူးကြဘူး။ သူတို့ကို ဘုရားသခင့်အလိုတော်အကြောင်း သင်ပေးရမှာ ပျော်စရာပဲ။ ဒါမှ သူတို့လည်း “ထာဝရအသက်” ရရှိနိုင်ပါလိမ့်မယ်။—တ. ၂၄:၁၅; ယော. ၁၇:၃

၁၈။ လူသားတွေ အလိုအပ်ဆုံးအရာက ဘာလဲ။

၁၈ ဘုရားသခင့်နိုင်ငံတော် ရောက်ရှိလာတဲ့အခါ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်လာလိမ့်မယ်။ စကြဝဠာမှာရှိသူတိုင်း ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုကြလိမ့်မယ်။ ဘုရားသခင်ဟာ နမူနာဆုတောင်းချက်ထဲက ပထမသုံးချက်ကို ဖြေကြားပေးချိန်မှာ လူသားတွေ အလိုအပ်ဆုံးအရာကို ပေးသနားပါလိမ့်မယ်။ ယေရှုရဲ့ နမူနာဆုတောင်းချက်ထဲမှာ ကျွန်တော်တို့လိုအပ်တဲ့ နောက်လေးချက်ကို ဖော်ပြထားတယ်။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 12 ၁၉၁၄ မှာ ဒီကြိုဟောချက် ဘယ်လိုပြည့်စုံခဲ့တယ်ဆိုတာကို နားလည်ဖို့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ စာမျက်နှာ ၂၁၅-၂၁၈ ကိုကြည့်ပါ။