မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၂

နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၂

‘သင်တို့၏အဖသည် သင်တို့လိုအပ်ရာများကို သိတော်မူ၏။’—မ. ၆:၈

၁–၃။ တစ်ဦးစီရဲ့ လိုအပ်ရာတွေကို ယေဟောဝါ သိတယ်လို့ ညီအစ်မတစ်ယောက် ဘာကြောင့် ခံစားခဲ့ရသလဲ။

မှန်မှန်ရှေ့ဆောင်ဖြစ်တဲ့ လာနာဟာ ၂၀၁၂၊ ဂျာမနီခရီးစဉ်ကို ဘယ်တော့မှ မမေ့နိုင်ဘူး။ သူ့ရဲ့ဆုတောင်းချက်နှစ်ခုကို ယေဟောဝါ ဖြေကြားပေးတယ်လို့ သူခံစားခဲ့ရတယ်။ လေယာဉ်ကွင်းကိုသွားတဲ့ ရထားပေါ်ရှိနေတုန်း ပထမဆုတောင်းချက်ကို တောင်းခဲ့တယ်။ တစ်ယောက်ယောက်ကို သက်သေခံနိုင်ဖို့ ကူညီပေးပါလို့ သူဆုတောင်းတယ်။ လေယာဉ်ကွင်းကိုရောက်တော့ လေယာဉ်တစ်ရက်နောက်ကျမယ်ဆိုတာ သိလိုက်ရတယ်။ ဒီတော့ တစ်ညထပ်အိပ်ရဦးမယ်။ ပိုက်ဆံကလည်း ကုန်သလောက်ဖြစ်နေပြီဆိုတော့ ကူညီပေးဖို့ ယေဟောဝါဆီ ထပ်ဆုတောင်းလိုက်တယ်။

ဆုတောင်းပြီးပြီးချင်း “ဟေး၊ လာနာ ဘယ်သွားမလို့လဲ” လို့ လူတစ်ယောက် လာပြောတာကို ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ကျောင်းတုန်းက သူငယ်ချင်းဖြစ်နေတယ်။ သူ့ဘေးမှာ သူ့အမေနဲ့အဖွား ရှိနေတယ်။ တောင်အာဖရိက သွားတော့မယ့်သူ့ကို အမေနဲ့အဖွားက လိုက်ပို့တာဖြစ်တယ်။ လာနာလည်း ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တဲ့အခါ သူ့အမေနဲ့အဖွားက သူတို့အိမ်မှာ လာအိပ်ဖို့ခေါ်တယ်။ အိမ်ရောက်တော့ လာနာရဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆောင်လုပ်ငန်းအကြောင်း မေးခွန်းတွေအများကြီး မေးကြတယ်။

နောက်နေ့ မနက်စာစားပြီးနောက် သူတို့ရဲ့ကျမ်းစာမေးခွန်းတွေကို လာနာ ထပ်အဖြေပေးတယ်။ သူတို့ဆီ တစ်ယောက်ယောက် လာလည်ပတ်နိုင်ဖို့ လိပ်စာလည်း တောင်းလိုက်တယ်။ အဲဒီနောက် လာနာဟာ အိမ်ကို ချောချောမောမော ပြန်ရောက်သွားပြီး ရှေ့ဆောင်ဆက်လုပ်တယ်။ သူ့ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးတယ်၊ သူ့လိုအပ်ရာတွေကို သိပြီး ကူညီပေးတယ်လို့ သူ ခံစားခဲ့ရတယ်။—ဆာ. ၆၅:၂

အနာဂတ်အတွက် စိုးရိမ်နေစရာမလိုဘူး

၄။ ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

ပြဿနာတစ်ခုကို ရုတ်တရက်ကြုံရတဲ့အခါ ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းရတာ လွယ်ပါတယ်။ ယေဟောဝါလည်း အဲဒီလိုဆုတောင်းချက်တွေကို လိုလိုလားလား နားထောင်ပေးတယ်။ (ဆာ. ၃၄:၁၅; သု. ၁၅:၈) ဒါပေမဲ့ ထည့်ဆုတောင်းရမယ့် ပိုအရေးကြီးတာတွေ ရှိသေးတယ်ဆိုတာ ယေရှုရဲ့ နမူနာဆုတောင်းချက်က သင်ပေးတယ်။ နမူနာဆုတောင်းချက်မှာပါတဲ့ နောက်လေးချက်က ယေဟောဝါကို ဆက်သစ္စာရှိဖို့ ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။မဿဲ ၆:၁၁–၁၃ ကိုဖတ်ပါ။

‘ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်တော်တို့အား ပေးသနားပါ’

၅၊ ၆။ ကျွန်တော်တို့မှာ စားစရာ အလျှံပယ်ရှိနေရင်တောင် ‘အသက်မွေးလောက်သောအစာကို ကျွန်တော်တို့အား ပေးသနားပါ’ လို့ ဆုတောင်းဖို့ ယေရှု ဘာကြောင့် သင်ပေးခဲ့သလဲ။

ကျွန်တော့်ကို ပေးပါ’ လို့ ဆုတောင်းမယ့်အစား ‘ကျွန်တော်တို့ကို ပေးပါ’ လို့ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ အာဖရိက,က တိုက်နယ်ကြီးကြပ်မှူးဖြစ်သူ ဗစ်တာ အခုလိုပြောတယ်– “ထမင်းနောက်တစ်နပ် ဘယ်သူကျွေးမယ်၊ အိမ်ငှားခ ဘယ်သူပေး,ပေးမယ်ဆိုတာ စိတ်ပူနေစရာမလိုတဲ့အတွက် ယေဟောဝါကို ကျွန်တော်နဲ့ ကျွန်တော့်ဇနီး သိပ်ကျေးဇူးတင်တယ်။ ညီအစ်ကိုညီအစ်မတွေက ကျွန်တော်တို့ကို နေ့တိုင်း ဂရုစိုက်ပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ကူညီပေးနေတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးတယ်။”

ကျွန်တော်တို့မှာ စားစရာအလျှံပယ် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မများစွာဟာ ဆင်းရဲကြတယ်။ တချို့က သဘာဝဘေးအန္တရာယ်တွေ ကြုံနေရတယ်။ ဒါကြောင့် သူတို့အတွက် ဆုတောင်းပေးရုံမက လက်တွေ့ကျကျလည်း ကူညီပေးနိုင်တယ်။ ဥပမာ၊ ကိုယ့်မှာရှိတာကို ဝေမျှသုံးစွဲနိုင်တယ်။ ကမ္ဘာချီလုပ်ငန်းအတွက် ပုံမှန်အလှူငွေထည့်နိုင်တယ်။ ကျွန်တော်တို့ရဲ့ အလှူငွေတွေက လိုအပ်နေတဲ့ ညီအစ်ကိုညီအစ်မတွေကို အများကြီးကူညီပေးနိုင်တယ်။—၁ ယော. ၃:၁၇

၇။ “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြ” ဖို့ ယေရှု ဘယ်လိုသင်ပေးခဲ့သလဲ။

နမူနာဆုတောင်းချက်ကို ယေရှု သင်ပေးပြီးနောက် ပစ္စည်းဥစ္စာတွေကို ဦးစားမထားဖို့လည်း သင်ပေးခဲ့တယ်။ တောပန်းတွေကိုတောင် ယေဟောဝါ ဂရုစိုက်တယ်လို့ ပြောပြီးနောက် ယေရှုက ‘ယုံကြည်ခြင်းအားနည်းသောသူတို့၊ ဘုရားသခင်သည် ထိုမျှမက သင်တို့ကို ဆင်ယင်တော်မူမည် မဟုတ်လော။ သို့ဖြစ်၍ “အဘယ်သို့ ဝတ်ရမည်နည်း” ဟူ၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်’ လို့ ပြောတယ်။ ပြီးနောက် “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်” လို့ ထပ်ပြောတယ်။ (မ. ၆:၃၀-၃၄) ဒါကြောင့် အနာဂတ်အတွက် စိုးရိမ်နေစရာမလိုဘူး။ တစ်နေ့တာအတွက် ရှိတာနဲ့ ရောင့်ရဲဖို့ဖြစ်တယ်။ ဥပမာ၊ နေစရာနေရာ၊ မိသားစုကို ထောက်ပံ့ဖို့ အလုပ်အကိုင်၊ ကျန်းမာရေးအတွက် ဆုံးဖြတ်ချက်ကောင်းချနိုင်မယ့် ဉာဏ်ပညာ စတာတွေအတွက် ဆုတောင်းနိုင်တယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ လိုအပ်ရာတစ်ခုရှိသေးတယ်။

၈။ နေ့စဉ်အစာနဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားက ဘယ်အချက်ကို သတိရစေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

နေ့စဉ်အစာနဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားက ဒီအချက်ကို သတိရစေတယ်– “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရားမိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်။” (မ. ၄:၄) ဒါကြောင့် ကျွန်တော်တို့ကို ယေဟောဝါဆက်သွန်သင်ပေးဖို့၊ ကိုယ်တော်နဲ့ ဆက်ဆံရေးကောင်းရှိနေအောင် လိုအပ်တဲ့အရာတွေပေးဖို့ ဆုတောင်းသင့်တယ်။

‘ကျွန်တော်တို့ရဲ့ အပြစ်ကြွေးများကို ဖြေလွှတ်ပေးပါ’

၉။ ကျွန်တော်တို့ရဲ့ အပြစ်တွေက ဘာကြောင့် အကြွေးနဲ့တူသလဲ။

‘ကျွန်တော်တို့ရဲ့ အပြစ်ကြွေးများကို ဖြေလွှတ်ပေးပါ’ လို့ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ (မ. ၆:၁၂; လု. ၁၁:၄) အကြောင်းကတော့ အပြစ်က အကြွေးနဲ့တူလို့ပဲ။ ကျွန်တော်တို့အပြစ်လုပ်တဲ့အခါ ယေဟောဝါကို အကြွေးတင်တာနဲ့တူတယ်လို့ ၁၉၅၁၊ ကင်းမျှော်စင်မှာ ဖော်ပြထားတယ်။ယေဟောဝါကိုချစ်ဖို့၊ နာခံဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အပြစ်လုပ်လိုက်တဲ့အခါ ပေးသင့်ပေးထိုက်တာကို မပေးတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ယေဟောဝါဟာ သူနဲ့မိတ်ဆွေဖြစ်ခွင့်ကို အချိန်မရွေး ဖြတ်တောက်ပစ်လိုက်နိုင်တယ်။ “အပြစ်လုပ်တာက ယေဟောဝါကို မချစ်လို့ပဲ” လို့ အဲဒီကင်းမျှော်စင်မှာ ရှင်းပြတယ်။—၁ ယော. ၅:၃

အဖိုးတန်လက်ဆောင်ဖြစ်တဲ့ ရွေးနုတ်ဖိုးအတွက် ယေဟောဝါကို အမြဲကျေးဇူးတင်ပါ

၁၀။ ကျွန်တော်တို့ရဲ့အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်နိုင်တာ ဘာကြောင့်လဲ။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသင့်သလဲ။

၁၀ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်နိုင်ဖို့ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယေဟောဝါ ပြင်ဆင်ပေးထားလို့ ကျေးဇူးတင်စရာပဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ နေ့တိုင်းလိုအပ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ နီးပါးမှာ ယေရှု အသေခံခဲ့ပေမဲ့ ဒီနေ့အချိန်ထိ အဲဒီရွေးနုတ်ဖိုးကနေ အကျိုးခံစားနေရတယ်။ ဒီအဖိုးတန်လက်ဆောင်အတွက် ယေဟောဝါကို အမြဲကျေးဇူးတင်သင့်တယ်။ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ လိုအပ်တဲ့ ရွေးနုတ်ဖိုးကို ကျွန်တော်တို့တစ်ယောက်မှ မပေးနိုင်ဘူး။ (ဆာလံ ၄၉:၇–၉ နဲ့ ၁ ပေတရု ၁:၁၈၊ ၁၉ တို့ကိုဖတ်ပါ။) နမူနာဆုတောင်းချက်မှာပါတဲ့ ‘ကျွန်တော်တို့ရဲ့ အပြစ်ကြွေးများကို ဖြေလွှတ်ပေးပါ’ ဆိုတဲ့စကားက ကျွန်တော်တို့လိုပဲ ညီအစ်ကိုညီအစ်မတွေလည်း ရွေးနုတ်ဖိုး လိုအပ်တယ်ဆိုတာ သတိရစေတယ်။ ကိုယ့်အတွက်ပဲ မစဉ်းစားဘဲ ညီအစ်ကိုညီအစ်မတွေရဲ့ ဘုရားရေးရာအခြေအနေကိုပါ ယေဟောဝါ ထည့်စဉ်းစားစေချင်တယ်။ အဲဒီထဲမှာ ကိုယ့်အပေါ် အပြစ်ကျူးလွန်ထားသူတွေလည်း ပါဝင်တယ်။ အဲဒီလိုအပြစ်တွေက အသေးအမွှားဖြစ်ပေမဲ့ လိုလိုလားလား ခွင့်လွှတ်ခြင်းအားဖြင့် သူတို့ကို ကျွန်တော်တို့တကယ်ချစ်ကြောင်း ဖော်ပြခွင့်ရစေတယ်။ အဲဒီအပြင် ကျွန်တော်တို့ရဲ့အပြစ်တွေကို ယေဟောဝါခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရာလည်းရောက်တယ်။—ကော. ၃:၁၃

၁၁။ တခြားသူတွေကို ခွင့်လွှတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၁ ကျွန်တော်တို့က မစုံလင်သူတွေဖြစ်တဲ့အတွက် ကိုယ့်ကို ထိခိုက်အောင်လုပ်ထားသူကို ခွင့်လွှတ်ဖို့ တစ်ခါတလေ ခက်ခဲနိုင်တယ်။ (ဝတ်. ၁၉:၁၈) သူတို့လုပ်ထားတာတွေအကြောင်း လျှောက်ပြောတဲ့အခါ ဘက်လိုက်မှုတွေ ဖြစ်လာနိုင်ပြီး အသင်းတော်ရဲ့စည်းလုံးမှုကို ထိခိုက်စေနိုင်တယ်။ အဲဒီလိုဆက်ဖြစ်ခွင့် ပြုထားမယ်ဆိုရင် ဘုရားပေးလက်ဆောင်ဖြစ်တဲ့ ရွေးနုတ်ဖိုးကို တန်ဖိုးမထားရာရောက်သွားနိုင်တယ်။ ရွေးနုတ်ဖိုးကနေ အကျိုးခံစားရတော့မှာလည်း မဟုတ်ဘူး။ (မ. ၁၈:၃၅) တခြားသူတွေကို ခွင့်မလွှတ်ရင် ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်မှာမဟုတ်ဘူး။ (မဿဲ ၆:၁၄၊ ၁၅ ကိုဖတ်ပါ။) ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ရချင်တယ်ဆိုရင် ကိုယ်တော်မုန်းတဲ့ဘယ်အရာကိုမှ ဆက်မလုပ်ရဘူး။—၁ ယော. ၃:၄၊

ယေဟောဝါရဲ့ ခွင့်လွှတ်မှုရချင်ရင် တခြားသူတွေကို ခွင့်လွှတ်ရမယ် (အပိုဒ် ၁၁ ကိုကြည့်ပါ)

‘သွေးဆောင်ရာနောက် မလိုက်ပါစေနဲ့’

၁၂၊ ၁၃။ (က) ယေရှု နှစ်ခြင်းခံပြီးပြီးချင်း ဘာဖြစ်ခဲ့သလဲ။ (ခ) သွေးဆောင်မှုနောက်ပါသွားရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ (ဂ) သေတဲ့အထိ သစ္စာတည်ကြည်ခြင်းအားဖြင့် ဘာကို ယေရှု သက်သေပြခဲ့သလဲ။

၁၂ ‘သွေးဆောင်ရာနောက် မလိုက်ပါစေနဲ့’ ဆိုတဲ့ နမူနာဆုတောင်းချက်ပါစကားက ယေရှု နှစ်ခြင်းခံပြီးပြီးချင်း ကြုံရတဲ့အရာကို သတိရစေတယ်။ ဘုရားသခင့်စွမ်းအားတော်က ယေရှုကို တောထဲသွားဖို့ လမ်းညွှန်တယ်။ ‘မာရ်နတ်ရဲ့ သွေးဆောင်မှု’ ခံရစေဖို့ပဲ။ (မ. ၄:၁; ၆:၁၃) အဲဒါကို ယေဟောဝါ ဘာကြောင့်ခွင့်ပြုခဲ့တာလဲ။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို အာဒံနဲ့ ဧဝ ငြင်းပယ်ချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ပြဿနာကို ဖြေရှင်းဖို့ ယေရှုကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်ခဲ့တယ်။ အာဒံနဲ့ ဧဝရဲ့ပုန်ကန်မှုကြောင့် အချိန်ယူဖြေရှင်းရမယ့် ပြဿနာတွေ ပေါ်ပေါက်လာတယ်။ ဥပမာ၊ လူသားတွေကို ယေဟောဝါ ဖန်ဆင်းပုံ တစ်ခုခုများ မှားနေသလား။ စုံလင်တဲ့လူတစ်ယောက်က “ဆိုးညစ်သူ” ရဲ့ သွေးဆောင်မှု ကြုံရတဲ့အခါ ယေဟောဝါအပေါ် ဆက်သစ္စာတည်ကြည်နိုင်ပါ့မလား။ လူလူချင်း အုပ်ချုပ်ရင် ပိုကောင်းလာမလား။ (က. ၃:၄၊ ၅) အနာဂတ်မှာ အဲဒီပြဿနာအားလုံးကို ယေဟောဝါ စိတ်ကြိုက်ဖြေရှင်းပြီးတဲ့အခါ ယေဟောဝါရဲ့ အုပ်ချုပ်နည်းသာ အကောင်းဆုံးဖြစ်မှန်း ကောင်းကင်နဲ့ မြေကြီးပေါ်ရှိသူအားလုံး သိလာပါလိမ့်မယ်။

အဆိုးဝါးဆုံးအခြေအနေတွေ ကြုံရချိန်မှာတောင် ယေဟောဝါအပေါ် သစ္စာတည်ကြည်နိုင်တယ်

၁၃ ယေဟောဝါဟာ ဖြူစင်သန့်ရှင်းတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်လုပ်ဖို့ သွေးမဆောင်ဘူး။ စာတန်ကတော့ “ဖြားယောင်းသွေးဆောင်သူ” ဖြစ်တယ်။ (မ. ၄:၃) ကျွန်တော်တို့ကို နည်းမျိုးစုံသုံးပြီး သွေးဆောင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာရှိတယ်။ သွေးဆောင်မှုကို တွန်းလှန်မလား၊ အလျှော့ပေးလိုက်မလားဆိုတာ ဆုံးဖြတ်ဖို့က တစ်ဦးစီရဲ့ တာဝန်ဖြစ်တယ်။ (ယာကုပ် ၁:၁၃–၁၅ ကိုဖတ်ပါ။) စာတန့်သွေးဆောင်မှု ကြုံရတဲ့အခါ ယေရှုဟာ ကျမ်းစာကိုကိုးကားပြီး ချက်ချင်း ငြင်းပယ်ခဲ့တယ်။ ဘုရားသခင်အပေါ် သစ္စာတည်ကြည်ခဲ့တယ်။ ဒါပေမဲ့ စာတန် လက်မလျှော့ဘူး။ ယေရှုကို သွေးဆောင်ဖို့ “အခွင့်အခါကောင်းကို စောင့်” ခဲ့တယ်။ (လု. ၄:၁၃) စာတန် ဘယ်လိုပဲကြိုးစားကြိုးစား ယေရှုကတော့ ဘုရားသခင်ကို သူ့ရဲ့အုပ်စိုးရှင်အဖြစ် အမြဲနာခံခဲ့တယ်။ စုံလင်တဲ့လူဟာ အဆိုးဝါးဆုံးအခြေအနေတွေ ကြုံရချိန်မှာတောင် ယေဟောဝါအပေါ် သစ္စာတည်ကြည်နိုင်တယ်ဆိုတာ ယေရှု သက်သေပြခဲ့တယ်။ ဒါပေမဲ့ စာတန်ဟာ သင် အပါအဝင် ယေရှုရဲ့နောက်လိုက်အားလုံး ယေဟောဝါကို မနာခံအောင် သွေးဆောင်ဖို့ ဆက်ကြိုးစားနေတယ်။

ကျွန်တော်တို့ သစ္စာတည်ကြည်မယ်ဆိုတာ ယေဟောဝါယုံပြီး ကူညီပေးချင်တယ်

၁၄။ သွေးဆောင်မှုကို တွန်းလှန်ဖို့ ဘာလုပ်ရမလဲ။

၁၄ ယေဟောဝါရဲ့ အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ပေါ်လာတဲ့မေးခွန်းတွေကို ဖြေရှင်းဖို့ အခုထိ လိုအပ်နေဆဲပဲ။ ဒါကြောင့် ကျွန်တော်တို့ကို စာတန်သွေးဆောင်ဖို့ ယေဟောဝါ အခုထိ ခွင့်ပြုထားတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြစ်လုပ်ဖို့ ယေဟောဝါ ဘယ်တော့မှ သွေးမဆောင်ဘူး။ အဲဒီအစား သူ့အပေါ် ကျွန်တော်တို့ သစ္စာတည်ကြည်မယ်ဆိုတာ ယေဟောဝါယုံပြီး ကူညီပေးချင်တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကိုလည်း လေးစားတယ်။ ဒါကြောင့် မှန်ရာကိုလုပ်ဖို့ အတင်းဖိအားမပေးဘူး။ သွေးဆောင်မှုနောက် မပါသွားအောင်လည်း အလိုအလျောက် မကာကွယ်ပေးဘူး။ သွေးဆောင်မှုကို တွန်းလှန်ဖို့ ကျွန်တော်တို့ဘက်က လုပ်ရမယ့်အရာနှစ်ခုရှိတယ်– ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေရမယ်၊ မခြားမလပ်ဆုတောင်းရမယ်။ ဒါဆို ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လိုအဖြေပေးသလဲ။

၁၅၊ ၁၆။ (က) ကျွန်တော်တို့ တွန်းလှန်ဖို့လိုတဲ့ သွေးဆောင်မှုတချို့က ဘာတွေလဲ။ (ခ) သွေးဆောင်မှုနောက် ပါသွားခဲ့ရင် ဘယ်သူ့ကို အပြစ်ပုံချရမလဲ။

၁၅ စာတန့်သွေးဆောင်မှုတွေကို တွန်းလှန်နိုင်အောင် ကူညီပေးဖို့ သန့်ရှင်းသောစွမ်းအားတော်ကို ယေဟောဝါ ပေးထားတယ်။ အန္တရာယ်တွေကို သတိပေးဖို့ ကျမ်းစာနဲ့ အသင်းတော်ကိုလည်း ပေးထားတယ်။ ဥပမာ၊ အချိန်၊ ငွေနဲ့ ခွန်အားတွေကို အမှန်တကယ် မလိုအပ်တဲ့အရာတွေအတွက်ပဲ အလွန်အကျွံမသုံးဖို့ သတိပေးတယ်။ အက်စ်ပန်နဲ့ ယန်နီဟာ ချမ်းသာတဲ့ဥရောပနိုင်ငံတစ်ခုမှာ နေထိုင်တယ်။ နိုင်ငံထဲက ကြေညာသူပိုလိုအပ်တဲ့ဒေသမှာ နှစ်ပေါင်းများစွာ မှန်မှန်ရှေ့ဆောင်လုပ်ခဲ့တယ်။ ကလေးရလာတော့ ရှေ့ဆောင်နားလိုက်တယ်။ အခုတော့ သူတို့မှာ ကလေးနှစ်ယောက်ရှိတယ်။ အက်စ်ပန် အခုလိုပြောတယ်– “ဘုရားရေးရာအလုပ်တွေမှာ အရင်ကလောက် အချိန်မပေးနိုင်တော့တဲ့ အခုအချိန်မှာ သွေးဆောင်မှုနောက် မပါသွားအောင် ကူညီပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းလေ့ရှိတယ်။ ယုံကြည်ခြင်းခိုင်မာနေအောင်၊ အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေအောင် ကူညီပေးဖို့လည်း ဆုတောင်းတယ်။”

ယေဟောဝါနဲ့ နီးနီးကပ်ကပ်နေပြီး အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆ တွန်းလှန်ရမယ့် သွေးဆောင်မှု နောက်တစ်ခုကတော့ ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်း ဖြစ်တယ်။ ကျွန်တော်တို့သာ သွေးဆောင်မှုနောက် ပါသွားခဲ့ရင် စာတန်ကို အပြစ်ပုံချလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ မကောင်းတာတွေလုပ်ဖို့ ကျွန်တော်တို့ကို စာတန်နဲ့ ဒီလောက အတင်းဖိအားမပေးနိုင်လို့ပဲ။ ညစ်ညမ်းရုပ်ပုံစာပေတွေကို လူတချို့ ကြည့်မိသွားတာဟာ မှားယွင်းတဲ့အတွေးတွေကို မထုတ်ပစ်လို့ဖြစ်တယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မ အများစုကတော့ ဒီသွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့တယ်။ ကျွန်တော်တို့လည်း တွန်းလှန်နိုင်ပါတယ်။—၁ ကော. ၁၀:၁၂၊ ၁၃

‘ဆိုးညစ်သူရဲ့လက်မှ ကယ်နုတ်ပါ’

၁၇။ (က) ‘ဆိုးညစ်သူရဲ့လက်မှ ကယ်နုတ်ပါ’ ဆိုတဲ့ ဆုတောင်းချက်နဲ့အညီ ဘယ်လိုနေထိုင်နိုင်သလဲ။ (ခ) ဘယ်စိတ်ချမ်းသာစရာအချိန် ရောက်လာတော့မလဲ။

၁၇ ‘ဆိုးညစ်သူရဲ့လက်မှ ကယ်နုတ်ပါ’ ဆိုတဲ့ ဆုတောင်းချက်နဲ့အညီ ဘယ်လိုနေထိုင်နိုင်သလဲ။ ကျွန်တော်တို့ဟာ “ဤလောကနှင့်မသက်ဆိုင်” ရဘူး။ ‘လောကနှင့် လောက၌ရှိသောအရာများကို မချစ်’ ရဘူး။ (ယော. ၁၅:၁၉; ၁ ယော. ၂:၁၅-၁၇) စာတန်ကို ယေဟောဝါ ဖယ်ရှားပြီး ဒီလောကဆိုးကို ဖျက်ဆီးလိုက်တဲ့အခါ ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ အဲဒီအချိန် မရောက်မချင်း စာတန်ဟာ “မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာ” ထွက်နေတယ်ဆိုတာ ကျွန်တော်တို့ သတိရဖို့လိုတယ်။ ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့အောင် သူအတတ်နိုင်ဆုံး ကြိုးစားမှာဖြစ်တယ်။ ဒါကြောင့် စာတန့်ရန်ကနေ ကာကွယ်ပေးဖို့ ယေဟောဝါဆီ အမြဲဆုတောင်းနေရမယ်။—ဗျာ. ၁၂:၁၂၊ ၁၇

၁၈။ စာတန့်လောက အဆုံးသတ်သွားချိန်မှာ အသက်ရှင်လွတ်မြောက်ချင်ရင် ဘာလုပ်ရမလဲ။

၁၈ စာတန်မရှိတော့တဲ့ ကမ္ဘာမှာ သင် နေထိုင်ချင်ပါသလား။ ဒါဆို ဘုရားသခင့်နိုင်ငံတော်လာဖို့၊ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်ဖို့၊ အလိုတော် မြေကြီးပေါ် ပြည့်စုံလာဖို့ ဆက်ဆုတောင်းနေပါ။ သင့်ကို ဂရုစိုက်စောင့်ရှောက်ပေးဖို့၊ ဆက်သစ္စာတည်ကြည်နိုင်အောင် လိုအပ်တဲ့အရာ မှန်သမျှကို ပေးသနားဖို့ ယေဟောဝါကို အမြဲအားကိုးပါ။ မှန်ပါတယ်။ နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။