မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ကျွန်တော့်ရဲ့ကနဦးမေတ္တာကို အမှတ်ရခြင်းက ခံနိုင်ရည်ရှိဖို့ ကူညီပေး

ကျွန်တော့်ရဲ့ကနဦးမေတ္တာကို အမှတ်ရခြင်းက ခံနိုင်ရည်ရှိဖို့ ကူညီပေး

၁၉၇၀ ပြည့်နှစ်၊ ဇွန်လမှာပေါ့။ ပြင်းထန်တဲ့ကူးစက်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စု၊ ပဲင်စီလ်ဘေးနီးယားပြည်နယ် ဆေးရုံပေါ် ကျွန်တော် ရောက်နေတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အသက် ၂၀ အရွယ် စစ်သားပေါ့။ ကျွန်တော့်ထက် အသက်နည်းနည်းကြီးပုံရတဲ့ အမျိုးသားသူနာပြုတစ်ယောက်က နာရီဝက်တစ်ခါ သွေးပေါင်ချိန်ပေးတယ်။ သွေးပေါင်ချိန် ထိုးကျလာတဲ့အတွက် သူစိုးရိမ်နေပုံရတယ်။ “လူသေတာကို အရင်က တစ်ခါမှ မမြင်ဖူးဘူးမဟုတ်လား” လို့ မေးလိုက်တော့ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး “မမြင်ဖူးဘူး” လို့ပြန်ဖြေတယ်။ ဒီတောင်ကို ကျွန်တော် မကျော်နိုင်တော့မယ့်ပုံပဲ။ ဒါပေမဲ့ ကျော်ခဲ့ပါတယ်။ ကျွန်တော့်ဘဝနောက်ကြောင်းကို အနည်းငယ် ပြောပြပါရစေ။

ဦးဆုံး စစ်အတွေ့အကြုံ

ကျွန်တော်က ဗီယက်နမ်စစ်ပွဲအတွင်း ခွဲစိတ်ခန်းတစ်ခုမှာ နည်းပညာရှင်အနေနဲ့ အလုပ်လုပ်နေရင်း ကူးစက်ရောဂါရခဲ့တာ။ ဖျားနာနေသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးရတာ သိပ်ပျော်တယ်။ ကျွန်တော့်ပန်းတိုင်က ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ပဲ။ ၁၉၆၉၊ ဇူလိုင်မှာ ဗီယက်နမ်ကို ရောက်လာတယ်။ တခြားစစ်သားအသစ်တွေလိုပဲ ကျွန်တော်လည်း အချိန်အပြောင်းအလဲနဲ့ အပူချိန်ကို ကျင့်သားရဖို့ တစ်ပတ်အချိန်ယူရတယ်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၊ စစ်ဆေးရုံမှာ တာဝန်ကျတယ်။ ရဟတ်ယာဉ်တွေက ဒဏ်ရာရစစ်သားတွေကို သယ်လာပေးတယ်။ ကိုယ့်နိုင်ငံနဲ့ အလုပ်ကို မြတ်နိုးလို့ နိုင်ငံသားချင်းတွေကို ချက်ချင်းကူညီပေးချင်တယ်။ ဒဏ်ရာရစစ်သားတွေ ရောက်လာတာနဲ့ ခွဲစိတ်ဖို့ ပြင်ဆင်ပြီး ခွဲစိတ်ခန်းအဖြစ်အသုံးပြုတဲ့ လေအေးပေးစက်တပ် ကွန်တိန်နာအခန်းတွေထဲ ချက်ချင်းပို့ပေးတယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်၊ မေ့ဆေးဆရာဝန်တစ်ယောက်နဲ့ သူနာပြုနှစ်ယောက်ဟာ လူ့အသက်တွေကို ကယ်တင်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ရဟတ်ယာဉ်တွေပေါ်ကနေ မချတဲ့ အိတ်အမည်းကြီးတွေကို ကျွန်တော် သတိထားမိတယ်။ ဗုံးထိပြီး တစ်စစီဖြစ်သွားတဲ့ စစ်သားတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အဲဒီအိတ်တွေထဲမှာ ရှိတယ်ဆိုတာ သိလာရတယ်။ ဒါက ကျွန်တော့်ရဲ့ ဦးဆုံး စစ်အတွေ့အကြုံပါပဲ။

ဘုရားရှာပုံတော်

သတင်းကောင်းကို လူငယ်ဘဝတုန်းက ဦးဆုံးကြားခဲ့

ငယ်ငယ်တုန်းက ယေဟောဝါသက်သေတွေဆီကနေ အမှန်တရားကို ဦးဆုံးကြားခဲ့ဖူးတယ်။ အမေက သက်သေခံတွေနဲ့ ကျမ်းစာလေ့လာပေမဲ့ နှစ်ခြင်းခံတဲ့အဆင့်ထိတော့ မရောက်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ကျမ်းစာလေ့လာတိုင်း ကျွန်တော်အမြဲထိုင်တယ်။ တစ်နေ့၊ နိုင်ငံတော်ခန်းမတစ်ခုရှေ့ကနေ ပထွေးနဲ့ ကျွန်တော်ဖြတ်သွားတယ်။ “အဲဒါ ဘာလဲ” လို့ မေးတော့ သူက “အဲဒီလူတွေကို ဝေးဝေးရှောင်” လို့ ပြန်ပြောတယ်။ ကျွန်တော်လည်း သူ့ကိုချစ်ပြီး ယုံတော့ သူ့စကားနားထောင်ပြီး ယေဟောဝါသက်သေတွေနဲ့ လုံးဝမပတ်သက်တော့ဘူး။

ကျွန်တော် ဗီယက်နမ်ကနေ ပြန်လာတော့ နာကျင်စရာအမှတ်တရတွေ ခေါင်းထဲမှာ အပြည့်ပဲ။ စစ်အတွေ့အကြုံကြောင့် ဘာခံစားချက်မှ မရှိတော့ဘူး။ ဗီယက်နမ်မှာ ဘာဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိပုံပဲ။ အပြစ်မဲ့ကလေးတွေ အသတ်ခံရတဲ့ သတင်းကြောင့် ဆန္ဒပြသူတွေက အမေရိကန်စစ်သားတွေကို ကလေးသတ်သမားတွေလို့ ခေါ်ကြတာ ကျွန်တော်ကြားယောင်နေတုန်းပဲ။ ဒါတွေအားလုံးကြောင့် ဘုရားကိုတော့ လိုနေပြီလို့ ခံစားလာရတယ်။

ဘုရားရှာတဲ့အနေနဲ့ ချာ့ချ်အမျိုးမျိုးကို လိုက်တက်ကြည့်တယ်။ ဘုရားကို ချစ်ပေမဲ့ အဲဒီချာ့ချ်တွေမှာ မြင်ရတာကိုတော့ သဘောမကျဘူး။ နောက်ဆုံး၊ ၁၉၇၁၊ ဖေဖော်ဝါရီလရဲ့ တနင်္ဂနွေနေ့မှာပေါ့။ ဖလော်ရီဒါပြည်နယ်၊ ဒယ်လ်ရေး ဘိခ်ျမြို့မှာရှိတဲ့ နိုင်ငံတော်ခန်းမကို ရောက်သွားတယ်။

ခန်းမကိုရောက်တော့ လူထုဟောပြောချက် ပြီးခါနီးနေပြီ။ ဒါနဲ့ ကင်းမျှော်စင်သင်တန်းတက်ဖို့ ဆက်နေလိုက်တယ်။ လေ့လာတဲ့အကြောင်းအရာကို မမှတ်မိတော့ပေမဲ့ ကလေးတွေ ကျမ်းစာဖွင့်ပြီး ကျမ်းချက်လိုက်ရှာနေတာကိုတော့ မှတ်မိနေတုန်းပဲ။ ကျွန်တော် သိပ်အထင်ကြီးလေးစားသွားတယ်။ ဒါနဲ့ ဆက်နားထောင်ပြီး အကဲခတ်နေလိုက်တယ်။ ကျွန်တော်ပြန်ခါနီးမှာ အသက် ၈၀ အရွယ် ညီအစ်ကိုတစ်ယောက် အနားရောက်လာတယ်။ သူ့နာမည်က ဂျင်ဂါ့ဒ်နာတဲ့။ ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား ဆိုတဲ့စာအုပ်ကို လှမ်းပေးပြီး “ဒီစာအုပ် လိုချင်လား” လို့ မေးတယ်။ ကျွန်တော်လည်း ယူလိုက်ပြီး ကြာသပတေးမနက်မှာ ဦးဆုံးအကြိမ် ကျမ်းစာလေ့လာဖို့ ချိန်းဆိုလိုက်တယ်။

အဲဒီတနင်္ဂနွေညမှာ အလုပ်သွားတယ်။ ဖလော်ရီဒါပြည်နယ်၊ ဘိုကာရတန်မြို့မှာရှိတဲ့ ဆေးရုံမှာ ကျွန်တော်အလုပ်လုပ်တယ်။ အလုပ်ချိန်က ည ၁၁ နာရီကနေ မနက် ၇ နာရီအထိဖြစ်တယ်။ အဲဒီညတုန်းက လူနာသိပ်မများလို့ သမ္မာတရား စာအုပ်ကို ဖတ်နိုင်ခဲ့တယ်။ ကျွန်တော်ဖတ်နေတုန်း သူနာပြုတစ်ယောက်က စာအုပ်ကို ဆတ်ခနဲဆွဲလိုက်ပြီး အဖုံးကို ကြည့်တယ်။ ပြီးတော့ “ယေဟောဝါသက်သေ လုပ်တော့မလို့လား” လို့ မေးတယ်။ ကျွန်တော်လည်း စာအုပ်ကို ပြန်ဆွဲလိုက်ပြီး “တစ်ဝက်လောက်ပဲ ဖတ်ရသေးပေမယ့် သက်သေခံလုပ်ဖို့တော့ သေချာသလောက်ပဲ” လို့ ပြန်ပြောလိုက်တယ်။ သူပြန်ထွက်သွားတော့ စာအုပ်ပြီးအောင် ဆက်ဖတ်လိုက်တယ်။

ကျွန်တော့်ကို ကျမ်းစာသင်ပေးသူက ညီအစ်ကို ချားလ်စ် တေ့ဇ် ရပ်စယ်နဲ့ ရင်းနှီးခဲ့တဲ့ ဘိသိက်ခံညီအစ်ကို ဂျင်ဂါ့ဒ်နာဖြစ်

ကျမ်းစာလေ့လာတဲ့ ဦးဆုံးနေ့မှာ “ဘာအကြောင်း လေ့လာကြမလဲ” လို့ ညီအစ်ကိုဂါ့ဒ်နာကို မေးလိုက်တယ်။ “ကျွန်တော်ပေးထားတဲ့စာအုပ်ကို လေ့လာမယ်လေ” လို့ သူပြန်ဖြေတယ်။ “အားလုံး ဖတ်ပြီးသွားပြီ” လို့ ပြောတော့ “ဒါဆိုလည်း အခန်း ၁ ကို ဆွေးနွေးကြည့်ကြမယ်လေ” လို့ သူပြောတယ်။ အသေးစိတ်အချက် အတော်များများကို သတိမထားမိမှန်း သိလိုက်ရလို့ အံ့သြမိတယ်။ သူက ကျွန်တော့်ကျမ်းစာထဲကနေ ကျမ်းချက်တွေကို ဖွင့်ဖတ်ခိုင်းတယ်။ နောက်ဆုံးတော့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါအကြောင်း ကျွန်တော် သိခွင့်ရပြီ။ အဲဒီမနက်မှာ သမ္မာတရားစာအုပ်ထဲက အခန်းသုံးခန်းကို လေ့လာဖြစ်ခဲ့တယ်။ အဲဒီနောက် ကြာသပတေးမနက်တိုင်း အခန်းသုံးခန်းကို လေ့လာကြတယ်။ ဒီလိုလေ့လာရတာကို သိပ်ကြိုက်တာပဲ။ ညီအစ်ကို ချားလ်စ် တီ ရပ်စယ်နဲ့ ရင်းနှီးခဲ့တဲ့ ဘိသိက်ခံညီအစ်ကိုနဲ့ ကျမ်းစာလေ့လာရတာ တကယ့်အခွင့်ထူးပဲ။

ကျမ်းစာလေ့လာပြီး အပတ်အနည်းငယ်အကြာမှာပဲ ကြေညာသူလုပ်ခွင့်ရသွားတယ်။ တစ်အိမ်ပြီးတစ်အိမ် သွားရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ညီအစ်ကိုဂျင်က ကူညီပေးတယ်။ (တ. ၂၀:၂၀) သူ့အကူအညီကြောင့် အမှုဆောင်လုပ်ငန်းကို မြတ်နိုးတတ်လာတယ်။ အမှုဆောင်လုပ်ငန်းဟာ အကြီးမားဆုံးအခွင့်ထူးပဲဆိုတာ သိလာတယ်။ ဘုရားသခင့်လုပ်ဖော်ဆောင်ဖက် ဖြစ်နိုင်ပြီမို့ ပျော်လိုက်တာ။—၁ ကော. ၃:၉

ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာ

အခု၊ ကျွန်တော့်အတွက် အထူးအရေးပါတဲ့အရာအကြောင်း ပြောပြမယ်။ အဲဒါကတော့ ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာပဲ။ (ဗျာ. ၂:၄) အဲဒီမေတ္တာက စစ်ပွဲတုန်းကရခဲ့တဲ့ နာကျင်စရာအမှတ်တရတွေနဲ့ တခြားပြဿနာတွေကို ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်။—ဟေရှာ. ၆၅:၁၇

ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာက စစ်ပွဲတုန်းကရခဲ့တဲ့ နာကျင်စရာ အမှတ်တရတွေနဲ့ တခြားပြဿနာတွေကို ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်

၁၉၇၁၊ ဇူလိုင်လ၊ ရန်ကီးအားကစားကွင်းမှာ ကျင်းပတဲ့ “မြင့်မြတ်သောနာမတော်” ခရိုင်စည်းဝေးမှာ ကျွန်တော် နှစ်ခြင်းခံ

၁၉၇၁ မှာ မိဘတွေ နေခွင့်ပြုထားတဲ့ တိုက်ခန်းကနေ ကျွန်တော် မောင်းထုတ်ခံရလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ပထွေးက ယေဟောဝါသက်သေတစ်ယောက်ကို အဲဒီမှာ မထားချင်လို့ပဲ။ အဲဒီတုန်းက ငွေလည်း အများကြီးမရှိဘူး။ ဆေးရုံကနေ နှစ်ပတ်တစ်ခါပဲ လစာရတယ်။ ပိုက်ဆံအများစုကို အမှုဆောင်လုပ်ငန်းနဲ့သင့်တော်မယ့် အဝတ်အစားတွေဝယ်ဖို့ သုံးထားတယ်။ ယေဟောဝါကို ကောင်းကောင်းကိုယ်စားပြုချင်လို့လေ။ ဘဏ်မှာစုထားတဲ့ငွေတော့ နည်းနည်းရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း ဇာတိမြို့ဖြစ်တဲ့ မစ်ရှီဂန်က ဘဏ်ထဲမှာ။ ဒါကြောင့် ကျွန်တော့်ကားထဲမှာပဲ ရက်အနည်းငယ် နေခဲ့ရတယ်။ ဓာတ်ဆီဆိုင်တွေရဲ့ သန့်စင်ခန်းတွေမှာ ကိုယ်လက်သန့်စင်ပြီး မုတ်ဆိတ်ရိတ်ခဲ့ရတယ်။

ကားထဲနေနေရတုန်း တစ်နေ့မှာ ဆေးရုံအလုပ်ပြီးတာနဲ့ နိုင်ငံတော်ခန်းမကို သွားခဲ့တယ်။ လယ်ကွင်းစုဆုံမှု စခါနီး နာရီနည်းနည်းအလိုမှာ ရောက်သွားတယ်။ ဘယ်သူမှ မမြင်နိုင်လောက်တဲ့ ခန်းမအနောက်နားမှာ ထိုင်နေရင်း ဗီယက်နမ်စစ်ပွဲပုံရိပ်တွေကို ပြန်မြင်လာတယ်။ လူအသားတွေ မီးလောင်တဲ့အနံ့ကို ရလာပြီး သွေးတွေကို မြင်လာတယ်။ စိတ်ချောက်ချားလာတယ်။ “ကျွန်တော် အသက်ဆက်ရှင်နိုင်ပါ့မလား။ အသက်ဆက်ရှင်နိုင်ပါ့မလား” လို့ လူငယ်တွေ တစာစာမေးနေတာကို မြင်ယောင်ကြားယောင်လာတယ်။ သူတို့သေတော့မယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ အားလုံးကောင်းသွားမှာပါလို့ ဟန်ဆောင်နှစ်သိမ့်ပေးနေမိတယ်။ အဲဒီမှာ ထိုင်နေရင်း ကျွန်တော် စိတ်ချောက်ချားလာတယ်။

ဘဝမှာ ပြဿနာတွေ ကြုံရတိုင်း ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာကို ပြန်အမှတ်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်

ဒါနဲ့ ယေဟောဝါဆီ ငိုယိုပြီး ဆုတောင်းလိုက်တယ်။ (ဆာ. ၅၆:၈) ရှင်ပြန်ထမြောက်ခြင်းအကြောင်း သေချာပြန်စဉ်းစားတယ်။ ဒါဟာ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ဖြစ်မှန်း သဘောပေါက်လာတယ်။ အဲဒီလူငယ်တွေကို ယေဟောဝါ ပြန်အသက်ရှင်စေမယ်။ ကိုယ်တော့်အကြောင်း သူတို့ သင်ယူခွင့်ရဦးမယ်။ ရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုဝေဒနာ အားလုံးကို ဖယ်ရှားပေးလိမ့်မယ်။ (တ. ၂၄:၁၅) အဲဒီအချက်ကို နားလည်လာတဲ့အခါ ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာ အရင်ကထက် ပိုခိုင်မာလာတယ်။ အဲဒီနေ့ကို ကျွန်တော် အခုထိ အမှတ်ရနေဆဲပါပဲ။ အဲဒီအချိန်ကစပြီး ဘဝမှာ ပြဿနာတွေ ကြုံရတိုင်း ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာကို ပြန်အမှတ်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။

ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ခံစားရ

စစ်အတွင်းမှာ တခြားသူတွေလိုပဲ ကျွန်တော်လည်း မကောင်းတာတွေ လုပ်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံးကျမ်းချက်နှစ်ချက်ကို ပြန်စဉ်းစားလိုက်တိုင်း နှစ်သိမ့်မှုခံစားရတယ်။ ပထမကျမ်းချက်ကတော့ ဗျာဒိတ် ၁၂:၁၀၊ ၁၁ ဖြစ်တယ်။ အဲဒီမှာ ဟောပြောခြင်းလုပ်ငန်းကြောင့်သာမက ယေရှုရဲ့အသွေးကြောင့်ပါ မာရ်နတ်ကို အောင်မြင်တယ်လို့ ပြောထားတယ်။ ဒုတိယကျမ်းချက်ကတော့ ဂလာတိ ၂:၂၀ ဖြစ်တယ်။ ကျွန်တော့်အတွက် ယေရှု အသက်စွန့်ခဲ့တယ်ဆိုတာ ပြန်အမှတ်ရလာစေတယ်။ ခရစ်တော်ရဲ့ ပူဇော်သကာကြောင့်သာ ကျွန်တော့်အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ခဲ့တာ။ ဒါကြောင့် အခုဆို ကျွန်တော့်မှာ ကြည်လင်တဲ့သိစိတ်ရှိနေပြီ။ သနားကြင်နာတတ်တဲ့ ဘုရားသခင် ယေဟောဝါအကြောင်း တခြားသူတွေကို အတတ်နိုင်ဆုံးပြောပြဖို့လည်း လှုံ့ဆော်ခံရတယ်။—ဟေဗြဲ ၉:၁၄

ဘဝမှာ ကြုံတွေ့ခဲ့တာတွေကို စဉ်းစားလိုက်တိုင်း ကျွန်တော့်ကို ယေဟောဝါ အမြဲစောင့်ရှောက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။ ဥပမာ၊ ကျွန်တော် ကားထဲနေနေတာကို ဂျင် သိသွားတဲ့အခါ ညီအစ်မတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီညီအစ်မက အိမ်ခန်းငှားစားသူဖြစ်တယ်။ ယေဟောဝါက ဂျင်နဲ့ အဲဒီညီအစ်မကတစ်ဆင့် နေစရာကောင်းကောင်းရဖို့ စီစဉ်ပေးခဲ့တာ သေချာတယ်။ ယေဟောဝါဟာ သိပ်ကြင်နာတယ်။ သူ့ကို သစ္စာရှိရှိဝတ်ပြုသူတွေကို ဂရုစိုက်စောင့်ရှောက်တယ်။

ဇွဲရှိဖို့နဲ့ လိမ္မာပါးနပ်မှုရှိဖို့ သင်ယူခဲ့

၁၉၇၁၊ မေလမှာ မစ်ရှီဂန်ကိုပြန်ဖို့ အကြောင်းဖန်လာတယ်။ ဒါနဲ့ ဖလော်ရီဒါကနေ မထွက်ခင် ကားနောက်ဖုံးမှာ စာပေအများကြီးထည့်ပြီး မြောက်ဘက်ကို ခရီးထွက်လာတယ်။ လမ်းတစ်ဝက် မကျိုးခင်မှာပဲ စာပေအားလုံး ကုန်သွားတယ်။ ကျွန်တော်က ရောက်လေရာမှာ သတင်းကောင်းကို ဇွဲရှိရှိ ဟောပြောတယ်။ အကျဉ်းထောင်တွေ၊ သန့်စင်ခန်းတွေပါမကျန် ဟောတယ်။ ကျွန်တော်ဟောခဲ့သူ တစ်ယောက်ယောက်များ အမှန်တရား သိရှိလာပြီလားလို့ တစ်ခါတလေ စဉ်းစားမိတယ်။—၁ ကော. ၃:၆၊ ၇

အမှန်တရား ရစတုန်းကတော့ လိမ္မာပါးနပ်မှုသိပ်မရှိဘူးဆိုတာ ဝန်ခံရမယ်။ အထူးသဖြင့် မိသားစုနဲ့ စကားပြောချိန်မှာပေါ့။ တစ်ခါတလေ တဲ့တိုးပြောမိတယ်။ အစ်ကိုတွေဖြစ်တဲ့ ဂျွန်နဲ့ ရွန်ကို သိပ်ချစ်တော့ သူတို့ကို သက်သေခံတိုင်း ကျွန်တော့်ယုံကြည်ချက်အသစ်တွေကို လက်ခံဖို့ အတင်းအကျပ် ဖိအားပေးမိတယ်။ နောက်ပိုင်း ပြန်တောင်းပန်ခဲ့ရတယ်။ သူတို့အမှန်တရားလက်ခံလာဖို့ အခုထိ ဆုတောင်းပေးနေတုန်းပဲ။ အဲဒီအချိန်ကစပြီး ဟောပြောသွန်သင်ခြင်းမှာ လိမ္မာပါးနပ်မှုရှိလာဖို့ ကျွန်တော့်ကို ယေဟောဝါ ကူညီပေးခဲ့တယ်။—ကော. ၄:၆

ကျွန်တော်ချစ်တဲ့ တခြားသူတွေ

ယေဟောဝါနဲ့ ကျွန်တော့်ဆက်ဆံရေးကတော့ ဘဝမှာ အမြဲပထမပဲ။ ဒါပေမဲ့ ကျွန်တော်သိပ်ချစ်တဲ့ တခြားသူတွေလည်း ရှိသေးတယ်။ အထူးသဖြင့် ချစ်ဇနီး ဆူဇန်ပေါ့။ ယေဟောဝါကို ဆက်အမှုဆောင်နိုင်အောင် ကူညီပေးမယ့် ဇနီးတစ်ယောက် အမြဲလိုချင်ခဲ့တာ။ ဆူဇန်ဟာ ယေဟောဝါကို သိပ်ချစ်ပြီး ခိုင်မာပြတ်သားတဲ့ အမျိုးသမီးဖြစ်တယ်။ ကျွန်တော်တို့ ရည်းစားဖြစ်နေတုန်း တစ်နေ့မှာ သူ့မိဘတွေရှိတဲ့ ရို့ဒ်အိုင်းလန်းကို သွားလည်တယ်။ ဆူဇန်က ဆင်ဝင်အောက်မှာထိုင်ပြီး ကင်းမျှော်စင် ဖတ်နေတယ်။ သူဖတ်နေတာ လေ့လာမယ့်ဆောင်းပါးမဟုတ်ပေမဲ့ ကျမ်းချက်တိုင်းကို ဖွင့်ဖတ်နေတာ တွေ့ရလို့ အထင်ကြီးလေးစားမိတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကို သိပ်တန်ဖိုးထားသူဖြစ်မှန်း ကျွန်တော်သိလိုက်ရတယ်။ ၁၉၇၁၊ ဒီဇင်ဘာလမှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ အထောက်အမကောင်းရထားလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ပိုကျေးဇူးတင်တာက ကျွန်တော့်ထက် ယေဟောဝါကို သူပိုချစ်လို့ပဲ။

ကျွန်တော့်ဇနီး ဆူဇန်၊ သားတွေဖြစ်တဲ့ ပေါလ်၊ ဂျက်စီတို့နဲ့အတူ

ဂျက်စီနဲ့ ပေါလ်ဆိုတဲ့ သားနှစ်ယောက်ကိုလည်း ယေဟောဝါ ပေးထားတယ်။ သူတို့ကိုလည်း ယေဟောဝါ ကူညီပေးတယ်။ (၁ ရာ. ၃:၁၉) ကိုယ်ပိုင်အမှန်တရားဖြစ်အောင် သူတို့လုပ်ဆောင်ခဲ့လို့ ကျွန်တော်တို့ သိပ်ဝမ်းသာကြတယ်။ သူတို့နှစ်ယောက်စလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်လာတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ယေဟောဝါအပေါ်ထားတဲ့ သူတို့ရဲ့ ကနဦးမေတ္တာကို အမှတ်ရနေလို့ အခုထိလည်း အမှုဆောင်နေတုန်းပဲ။ ချွေးမနှစ်ယောက်ဖြစ်တဲ့ စတက်ဖနီနဲ့ ရာကယ်အတွက်လည်း ဂုဏ်ယူမိတယ်။ သူတို့က ကျွန်တော့်အတွက်တော့ သမီးအရင်းတွေလိုပဲ။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ချစ်တဲ့ အမျိုးသမီးတွေကို သားတွေ အိမ်ထောင်ပြုခဲ့လို့ သိပ်ကျေးဇူးတင်တယ်။—ဧ. ၆:၆

ပုံမှန်ဟောပြောလေ့မရှိတဲ့ နယ်မြေမှာ မိသားစုလိုက် အမှုဆောင်ရတာကို ကျွန်တော်တို့ နှစ်သက်

ရို့ဒ်အိုင်းလန်းမှာ ကျွန်တော် ၁၆ နှစ် အမှုဆောင်ခဲ့တယ်။ မိတ်ဆွေအများကြီး ရခဲ့တယ်။ တွဲဖက်လုပ်ဆောင်ခဲ့တဲ့ အကြီးအကဲတွေကို အမှတ်ရနေတုန်းပဲ။ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့ နယ်လှည့်ကြီးကြပ်မှူးတွေကိုလည်း သိပ်ကျေးဇူးတင်တယ်။ ယေဟောဝါကို ကနဦးမေတ္တာနဲ့ ဆက်ချစ်နေတဲ့ အမျိုးသားတွေနဲ့အတူ အမှုဆောင်ရတာ တကယ့်အခွင့်ထူးပါပဲ။ ၁၉၈၇ မှာ သာ၍လိုအပ်တဲ့နေရာဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားကို ကျွန်တော်တို့ ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာလည်း မိတ်ဆွေကောင်းတွေ အများကြီးရခဲ့တယ်။ *

တိုက်နယ်လုပ်ငန်းမှာပါဝင်တုန်း လယ်ကွင်းစုဆုံမှု ကိုင်တွယ်နေ

၂၀၀၂၊ သြဂုတ်မှာ အမေရိကန်၊ ပက်တာစင်ဗေသလမှာ အမှုဆောင်ဖို့ ဆူဇန်နဲ့ ကျွန်တော်ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်က လုပ်ငန်းတော်ဌာနမှာ၊ ဆူဆန်က အဝတ်လျှော်ဌာနမှာ လုပ်ရတယ်။ အဲဒီမှာ လုပ်ရတာကို သူသိပ်ကြိုက်တယ်။ ၂၀၀၅၊ သြဂုတ်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမှုဆောင်ဖို့ အခွင့်ထူးရရှိခဲ့တယ်။ ဒီတာဝန်အသစ်အတွက် အရည်အချင်းမပြည့်မီဘူးလို့ ကျွန်တော်ခံစားခဲ့ရတယ်။ ဆူဇန်လည်း ဒွန်တွဲပါလာတဲ့ တာဝန်၊ အလုပ်နဲ့ ခရီးသွားလာရတာတွေအတွက် စိုးရိမ်ပူပန်ခဲ့တယ်။ လေယာဉ်ခရီးသွားရတာကို သူလုံးဝမကြိုက်ပေမဲ့ လေယာဉ်နဲ့သွားရတာ ပိုများတယ်။ တခြားအုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ဇနီးတွေဆီကရတဲ့ မေတ္တာပါအကြံပြုချက်တွေက သူ့ကို အများကြီး ထောက်ကူပေးခဲ့တယ်။ ကျွန်တော့်ကို ဆက်ထောက်မပေးဖို့ ပိုစိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်။ အဲဒီအတွက်လည်း သူ့ကို ပိုချစ်မိတယ်။

ကျွန်တော့်ရုံးခန်းမှာ ဓာတ်ပုံအများကြီး ကပ်ထားတယ်။ အဲဒါတွေက သိပ်ကောင်းတဲ့ဘဝကို ပျော်မွေ့ခံစားနေရတယ်ဆိုတာ အမှတ်ရစေတယ်။ ယေဟောဝါအပေါ်ထားတဲ့ ကနဦးမေတ္တာကို အမှတ်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့လို့ ကျွန်တော် ကောင်းချီးအလျှံပယ်ခံစားနေရပါတယ်။

မိသားစုနဲ့အတူရှိနေရတာကို ကျွန်တော် သိပ်ပျော်ရွှင်

^ စာပိုဒ်၊ 30 ညီအစ်ကို မောရစ်ရဲ့ အချိန်ပြည့်လုပ်ငန်းအကြောင်း ထပ်သိချင်တယ်ဆိုရင် ၂၀၀၆၊ မတ် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၆ မှာ တွေ့နိုင်တယ်။