မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ကို ဆက်သစ္စာစောင့်သိနေပါ

ဘုရားသခင့်နိုင်ငံတော်ကို ဆက်သစ္စာစောင့်သိနေပါ

‘သူတို့သည် လောကနှင့်မသက်ဆိုင်ကြပါ။’—ယော. ၁၇:၁၆

သီချင်း– ၆၃၊ ၁၂၉

၁၊ ၂။ (က) ယေဟောဝါကို သစ္စာစောင့်သိခြင်းဟာ ခရစ်ယာန်တွေအတွက် ဘာကြောင့်အရေးကြီးသလဲ။ အဲဒါက ကြားနေခြင်းနဲ့ ဘယ်လိုပတ်သက်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) လူများစွာက ဘာတွေကို သစ္စာစောင့်သိကြသလဲ။ ဘာရလဒ် ဖြစ်ပေါ်လာသလဲ။

သစ္စာစောင့်သိခြင်းနဲ့ ကြားနေခြင်းဟာ ခရစ်ယာန်စစ်တွေအတွက် သိပ်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူအားလုံးဟာ ကိုယ်တော့်ကို ချစ်ဖို့၊ သစ္စာစောင့်သိပြီး နာခံဖို့ ကတိပြုထားလို့ပဲ။ (၁ ယော. ၅:၃) ကျွန်တော်တို့ဟာ ဘယ်နေရာမှာပဲနေနေ၊ ဘယ်လိုနောက်ခံမျိုးပဲရှိရှိ ဘုရားသခင့်စံနှုန်းတွေကို လိုက်နာကြတယ်။ ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံကို သစ္စာစောင့်သိခြင်းက တခြားဘယ်အရာထက်မဆို ပိုအရေးကြီးတယ်။ (မ. ၆:၃၃) အဲဒီလိုသစ္စာစောင့်သိတဲ့အတွက် ကျွန်တော်တို့ဟာ ဒီလောကရဲ့ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေမှာ မပါဝင်ဘဲ ကြားနေကြတယ်။ယောဟန် ၁၇:၁၁၊ ၁၅၊ ၁၆ ကိုဖတ်ပါ; ဟေရှာ. ၂:၄

ဒီနေ့ခေတ်လူများစွာကတော့ ကိုယ့်နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု ဒါမှမဟုတ် အားကစားအသင်းတွေကိုတောင် သစ္စာစောင့်သိကြတယ်။ ရလဒ်အနေနဲ့ ပြိုင်ဆိုင်မှု၊ မုန်းတီးမှု၊ တစ်ခါတလေ သတ်ဖြတ်မှုတွေတောင် ဖြစ်လာတယ်။ အဲဒီပဋိပက္ခတွေမှာ ကျွန်တော်တို့ မပါဝင်ပေမဲ့ ကိုယ်တိုင်နဲ့ မိသားစုတွေကို ထိခိုက်နိုင်တယ်။ ဆိုးဝါးတဲ့မတရားမှုတွေကို ကြုံတွေ့ရနိုင်တယ်။ ကျွန်တော်တို့ဟာ တရားမျှတမှုရှိမရှိ ခံစားနားလည်နိုင်စွမ်းနဲ့ ဖန်ဆင်းခံထားရလို့ လူ့အစိုးရတွေရဲ့ ဆုံးဖြတ်ချက် မမျှတတဲ့အခါ ဘက်လိုက်မိနိုင်တယ်။ (က. ၁:၂၇; တရား. ၃၂:၄) မမျှတတာ တစ်ခုခုကို မြင်ရတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ ဘယ်ဘက်မှမပါဘဲ ကြားနေနိုင်သလား ဒါမှမဟုတ် ဘက်လိုက်မိသလား။

စာတန့်လောကရဲ့ အစိတ်အပိုင်းတစ်ခုက နောက်တစ်ခုထက်ပိုသာတယ်လို့ ခရစ်ယာန်စစ်တွေ မတွေးကြဘူး

၃၊ ၄။ (က) နိုင်ငံရေးပဋိပက္ခတွေဖြစ်တဲ့အခါ တစ်ဘက်ဘက်မှာ ကျွန်တော်တို့ ဘာကြောင့် မရပ်တည်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

လူများစွာဟာ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်တဲ့အခါ တစ်ဘက်ဘက်မှာ ရပ်တည်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်ဖို့ အစိုးရတွေကိုယ်တိုင် ဖိအားပေးလို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေကတော့ အဲဒီလိုမလုပ်ကြဘူး။ နိုင်ငံရေးတွေ၊ စစ်ပွဲတွေမှာ မပါဝင်ကြဘူး။ (မ. ၂၆:၅၂) စာတန့်လောကရဲ့ အစိတ်အပိုင်းတစ်ခုက နောက်တစ်ခုထက် ပိုသာတယ်လို့ မတွေးကြဘူး။ (၂ ကော. ၂:၁၁) ဒီလောကရဲ့ ပဋိပက္ခတွေမှာ သူတို့ လုံးဝ မပါဝင်မပတ်သက်ကြဘူး။ယောဟန် ၁၅:၁၈၊ ၁၉ ကိုဖတ်ပါ။

ကျွန်တော်တို့ဟာ မစုံလင်သူတွေဖြစ်လို့ ကိုယ်နဲ့မတူကွဲပြားသူတွေအပေါ် အပျက်သဘောထားတွေ ရှိနေနိုင်တယ်။ (ယေ. ၁၇:၉; ဧ. ၄:၂၂-၂၄) လူတွေကို စိတ်ဝမ်းကွဲပြားစေတဲ့ အဲဒီသဘောထားတွေကို တိုက်လှန်အောင်မြင်နိုင်အောင် ကူညီပေးတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။ ဘုရားသခင့်နိုင်ငံကို သစ္စာစောင့်သိဖို့ ကိုယ့်ရဲ့သိစိတ်ကို ဘယ်လိုလေ့ကျင့်ပေးနိုင်တယ်ဆိုတာကိုလည်း ဆွေးနွေးသွားပါမယ်။

လောကရဲ့ ဘယ်အစိတ်အပိုင်းကိုမှ မထောက်ခံရတဲ့ အကြောင်းရင်း

၅၊ ၆။ ယေရှု မြေကြီးပေါ်ရှိတုန်းက လူအမျိုးမျိုးကို ဘယ်လိုရှုမြင်ခဲ့သလဲ။ ဘာကြောင့်လဲ။

သင်ဟာ ဘယ်ဘက်မှာမှမပါဘဲ ကြားနေဖို့ခက်ခဲတဲ့အခါ ‘ယေရှုသာဆိုရင် ဘယ်လိုလုပ်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ယေရှု မြေကြီးပေါ်ရှိတုန်းက ယုဒ၊ ဂါလိလဲနဲ့ ရှမာရိနယ်မှာရှိတဲ့ လူတွေကြားမှာ ပဋိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။ ဂျူးနဲ့ ရှမာရိတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြဘူး။ (ယော. ၄:၉) ဖာရိရှဲတွေနဲ့ ဇဒ္ဒုကဲတွေကလည်း ကိစ္စအတော်များများမှာ သဘောထားမတိုက်ဆိုင်ကြဘူး။ (တ. ၂၃:၆-၉) ရဗ္ဗိကျောင်းတွေမှာ ပညာသင်ခဲ့တဲ့ဂျူးတွေက အဲဒီကျောင်းတွေမှာ ပညာမသင်ခဲ့သူတွေကို အထင်သေးကြတယ်။ (ယော. ၇:၄၉) လူများစွာက အခွန်ခံတွေနဲ့ ရောမတွေကို မုန်းကြတယ်။ (မ. ၉:၁၁) ယေရှုကတော့ အဲဒီပြဿနာတွေထဲမှာ မပါဝင်ဘူး။ အမှန်တရားဘက်မှာ ရပ်တည်ပြီး အစ္စရေးတွေကို ဘုရားသခင့်အထူးလူမျိုးအဖြစ် အသိအမှတ်ပြုပေမဲ့ အစ္စရေးတွေဟာ တခြားလူမျိုးထက် ပိုသာတယ်လို့ တပည့်တွေကို တစ်ခါမှ မသင်ပေးခဲ့ဘူး။ (ယော. ၄:၂၂) အဲဒီအစား လူအားလုံးကို ချစ်ဖို့ သင်ပေးခဲ့တယ်။—လု. ၁၀:၂၇

လူမျိုးတစ်မျိုး၊ ဘာသာစကားတစ်ခုက နောက်တစ်ခုထက် ပိုသာတယ်လို့ ယေဟောဝါနဲ့ ယေရှု လုံးဝသဘောမထားဘူး

လူမျိုးတစ်မျိုးက နောက်တစ်မျိုးထက် ပိုသာတယ်လို့ ယေရှု ဘာကြောင့် မရှုမြင်သလဲ။ လူတွေအပေါ်ထားတဲ့ သူနဲ့ သူ့ဖခင်ရဲ့ ခံစားချက်ကြောင့် ဖြစ်တယ်။ ယေဟောဝါဟာ ကမ္ဘာကို လူအမျိုးမျိုးနဲ့ ပြည့်စေချင်လို့ လူသားတွေကို ဖန်ဆင်းခဲ့တယ်။ (က. ၁:၂၇၊ ၂၈) ဒါကြောင့် လူမျိုးတစ်မျိုး၊ ဘာသာစကားတစ်ခုက နောက်တစ်ခုထက် ပိုသာတယ်လို့ ယေဟောဝါနဲ့ ယေရှု လုံးဝသဘောမထားဘူး။ (တ. ၁၀:၃၄၊ ၃၅; ဗျာ. ၇:၉၊ ၁၃၊ ၁၄) သူတို့ရဲ့ စံနမူနာကောင်းကို ကျွန်တော်တို့ လိုက်လျှောက်ရမယ်။—မ. ၅:၄၃-၄၈

၇၊ ၈။ (က) ဘယ်သူ့ဘက် ကျွန်တော်တို့ ရပ်တည်ကြသလဲ။ ဘာကြောင့်လဲ။ (ခ) လူ့ပြဿနာတွေရဲ့ ဖြေရှင်းနည်းနဲ့ပတ်သက်ပြီး ဘာကို သိထားရမလဲ။

ကျွန်တော်တို့က လူ့အစိုးရ၊ လူ့အုပ်စိုးရှင်တစ်ယောက်ကိုမှ ဘာကြောင့် မထောက်ခံသလဲ။ အကြောင်းကတော့ ယေဟောဝါဘက် ရပ်တည်လို့ဖြစ်တယ်။ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ အုပ်စိုးရှင်ဖြစ်တယ်။ ယေဟောဝါဟာ လူသားတွေအတွက် အကောင်းဆုံးအုပ်စိုးရှင် မဟုတ်ဘူးလို့ ဧဒင်မှာ စာတန် စွပ်စွဲခဲ့တယ်။ သူ့ရဲ့နည်းလမ်းက ဘုရားသခင့်နည်းလမ်းထက် ပိုကောင်းတယ်လို့ လူတွေကို ယုံစေချင်တယ်။ ဘယ်သူ့ဘက် ရပ်တည်မယ်ဆိုတာ ဆုံးဖြတ်ဖို့ လူသားတွေကို ယေဟောဝါ အခွင့်အရေးပေးထားတယ်။ သင် ဘယ်သူ့ဘက်မှာ ရပ်တည်မလဲ။ ယေဟောဝါရဲ့ နည်းလမ်းက သင့်နည်းလမ်းထက် ပိုကောင်းတယ်လို့ ယုံကြည်တဲ့အတွက် ကိုယ်တော့်ကို နာခံတာလား။ ဘုရားသခင့်နိုင်ငံတော်ကသာ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင် ယုံကြည်သလား။ ဒါမှမဟုတ် ဘုရားမပါဘဲ လူတွေ အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်တယ်လို့ သင် ထင်သလား။—က. ၃:၄၊ ၅

ဥပမာ၊ နိုင်ငံရေးပါတီ ဒါမှမဟုတ် နိုင်ငံရေးမှာ ဦးဆောင်လှုပ်ရှားနေတဲ့ အုပ်စုတစ်ခုအကြောင်း သင့်ကို တစ်ယောက်ယောက်မေးလာတဲ့အခါ ဘယ်လိုပြန်ဖြေမလဲ။ ဒီအဖွဲ့တချို့က လူတွေကို စိတ်ရင်းမှန်နဲ့ ကူညီပေးချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နိုင်ငံတော်ကသာ လူ့ပြဿနာတွေနဲ့ မမျှတမှုအားလုံးကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။ အဲဒီအပြင် အကောင်းဆုံးလို့ ကိုယ်ထင်တဲ့အတိုင်း တစ်ယောက်တစ်ပေါက် လုပ်မယ့်အစား အသင်းတော်ကတစ်ဆင့်လာတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ လိုက်နာတယ်။ ဒါကြောင့် အသင်းတော်ဟာ စည်းလုံးနေတာဖြစ်တယ်။

၉။ ပထမရာစု ကောရိန္သုအသင်းတော်မှာ ဘယ်ပြဿနာ ရှိနေသလဲ။ ဘယ်လိုဖြေရှင်းဖို့ ပေါလု အကြံပြုသလဲ။

ပထမရာစု ကောရိန္သုအသင်းတော်မှာရှိတဲ့ ခရစ်ယာန်တချို့ဟာ “ငါသည် ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည် ကေဖ၏တပည့်ဖြစ်သည်။ ငါသည် ခရစ်တော်၏တပည့်ဖြစ်သည်” ဆိုပြီး အချင်းချင်း ငြင်းခုံနေကြတယ်။ အဲဒီအကြောင်း ပေါလု သိသွားတဲ့အခါ တော်တော်တုန်လှုပ်သွားတယ်။ ဒါဟာ အသင်းတော်ရဲ့ ငြိမ်သက်မှုကို ထိခိုက်လာနိုင်တဲ့အတွက် ကြီးလေးတဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့် “ခရစ်တော်သည် ကွဲပြားသလော” လို့မေးပြီး အခုလိုဆုံးမတယ်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် တစ်စိတ်တစ်သဘောတည်း ပြောဆို၍ အချင်းချင်း စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စိတ်သဘောထား တစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြရန် ငါတို့သခင် ယေရှုခရစ်၏နာမကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်ပါ၏။” ဒီနေ့လည်း အဲဒီလိုပဲ။ အသင်းတော်မှာ စိတ်ဝမ်းကွဲပြားမှု လုံးဝမရှိသင့်ဘူး။—၁ ကော. ၁:၁၀-၁၃; ရောမ ၁၆:၁၇၊ ၁၈ ကိုဖတ်ပါ။

၁၀။ ဘိသိက်ခံခရစ်ယာန်တွေကို ပေါလု ဘာသတိပေးခဲ့သလဲ။ ကျွန်တော်တို့ ဘာသင်ယူရသလဲ။

၁၀ ဘိသိက်ခံခရစ်ယာန်တွေဟာ ကောင်းကင်နိုင်ငံသားတွေဖြစ်လို့ “မြေကြီးပေါ်ရှိသောအရာများ” ကို အာရုံမစိုက်ဖို့ ပေါလုသတိပေးခဲ့တယ်။ (ဖိ. ၃:၁၇-၂၀) * ဘိသိက်ခံတွေဟာ ဘုရားသခင်နဲ့ ခရစ်တော်ကို ကိုယ်စားပြုတဲ့ သံအမတ်တွေဖြစ်တယ်။ သံအမတ်တွေဟာ ကိုယ်တာဝန်ကျတဲ့ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ကြဘူး။ အဲဒီလိုပဲ၊ ဘိသိက်ခံတွေဟာ ဒီလောကရဲ့ ပြဿနာတွေနဲ့ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်သင့်ဘူး။ (၂ ကော. ၅:၂၀) မြေကြီးမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေလည်း ဘုရားသခင့်နိုင်ငံတော်ကို သစ္စာစောင့်သိပြီး ဒီလောကရဲ့ပဋိပက္ခတွေမှာ မပါဝင်ကြဘူး။

ယေဟောဝါရဲ့နိုင်ငံတော်ကို သစ္စာစောင့်သိဖို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ

၁၁၊ ၁၂။ (က) ဘုရားသခင့်နိုင်ငံတော်ကို ဆက်သစ္စာစောင့်သိချင်တယ်ဆိုရင် ဘယ်သဘောထားတွေကို ရှောင်ရမလဲ။ (ခ) လူတချို့နဲ့ပတ်သက်ပြီး ညီအစ်မတစ်ယောက်မှာ ဘယ်လိုသဘောထားရှိခဲ့သလဲ။ ပြောင်းလဲနိုင်ဖို့ သူ့ကို ဘာက ကူညီပေးသလဲ။

၁၁ ကမ္ဘာ့ဒေသအများစုမှာ လူတွေဟာ ကိုယ်နဲ့ ယဉ်ကျေးမှု၊ နောက်ခံ၊ ဘာသာစကားတူသူတွေကို ပိုရင်းနှီးခင်တွယ်တတ်ကြတယ်။ အဲဒါတွေအတွက် ဂုဏ်ယူလေ့ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီသဘောထားတွေကို လွှမ်းမိုးခွင့်မပြုရဘူး။ အဲဒီအစား ကိုယ့်ရဲ့စဉ်းစားပုံကို ပြောင်းလဲပြီး သိစိတ်ကို လေ့ကျင့်ရမယ်။ ဒါမှ ဘက်မလိုက်ဘဲ ကြားနေနိုင်မှာဖြစ်တယ်။ ဒါဆို ဘယ်လိုလေ့ကျင့်နိုင်သလဲ။

၁၂ ဥပမာ၊ မာရီးတာဟာ အရင်က ယူဂိုစလားဗီးယားလို့ခေါ်တဲ့ နိုင်ငံမှာ မွေးဖွားလာတယ်။ * အဲဒီနိုင်ငံသားတွေဟာ ဆားဗီးယားလူမျိုးတွေကို မုန်းကြတယ်။ ယေဟောဝါအကြောင်း မာရီးတာ သိလာတဲ့အခါ ကိုယ်တော်ဟာ ဘယ်လူမျိုးကိုမှ ပိုသာတယ်လို့ မယူမှတ်ဘူး၊ စာတန်ကတော့ လူတွေကို အချင်းချင်းမုန်းတီးစေချင်တယ်ဆိုတာ နားလည်လာတယ်။ ဒါကြောင့် သူ့သဘောထားကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့ဒေသမှာ လူမျိုးရေးစစ်ပွဲတွေ စတင်လာတဲ့အခါ ဆားဗီးယားလူမျိုးတွေကို အဆိုးမြင်လာပြန်တယ်။ သူတို့ကို မဟောချင်တော့တဲ့အထိ ဖြစ်လာတယ်။ အဲဒီလိုဖြစ်တာ မှားမှန်းသိတဲ့အတွက် အဲဒီသဘောထားကို ဖျောက်ဖျက်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ရှေ့ဆောင်စလုပ်နိုင်အောင် ကူညီပေးဖို့လည်း ဆုတောင်းခဲ့တယ်။ “အမှုဆောင်လုပ်ငန်းမှာ အာရုံနှစ်မြှုပ်ထားတာက အကောင်းဆုံးအကူအညီပဲ။ အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါရဲ့ မေတ္တာအရည်အသွေးကို ကြိုးစားတုပတဲ့အခါ အဆိုးမြင်သဘောထားတွေ တဖြည်းဖြည်း ပျောက်သွားတယ်” လို့ မာရီးတာ ပြောတယ်။

၁၃။ (က) ညီအစ်မသော်အီလာ ဘာကြုံခဲ့ရသလဲ။ သူ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ခ) သူ့အဖြစ်အပျက်ကနေ ဘာသင်ယူရသလဲ။

၁၃ ညီအစ်မသော်အီလာဟာ မက္ကဆီကိုကနေ ဥရောပကို ပြောင်းရွှေ့လာသူဖြစ်တယ်။ သူ့အသင်းတော်မှာ လက်တင်အမေရိကရဲ့ တခြားဒေသတွေကလာတဲ့ ညီအစ်ကိုညီအစ်မတွေလည်းရှိတယ်။ အဲဒီညီအစ်ကိုညီအစ်မတချို့က သော်အီလာရဲ့ နိုင်ငံ၊ ယဉ်ကျေးမှု၊ တေးဂီတ စတာတွေကို ဟာသလုပ်တဲ့အတွက် သူ စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ သူတို့ကို ဒေါသမထွက်မိအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ကျွန်တော်တို့သာ သူ့နေရာမှာရှိရင် ဘယ်လိုတုံ့ပြန်မလဲ။ ညီအစ်ကိုညီအစ်မတချို့ဟာ ကိုယ့်နိုင်ငံအကြောင်း မကောင်းပြောခံရတဲ့အခါ ဒေါသမထွက်မိဖို့ ကြိုးစားနေရဆဲပဲ။ လူတစ်မျိုးက နောက်တစ်မျိုးထက် ပိုသာတဲ့သဘောမျိုး ကျွန်တော်တို့ ဘယ်တော့မှ ပြောဆိုပြုမူချင်မှာ မဟုတ်ဘူး။ အသင်းတော်မှာဖြစ်စေ၊ တခြားနေရာမှာဖြစ်စေ စိတ်ဝမ်းကွဲမှုတွေ မဖြစ်စေချင်ဘူး။—ရော. ၁၄:၁၉; ၂ ကော. ၆:၃

လူတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ

၁၄။ လူတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်အောင် ဘာက ကူညီပေးနိုင်သလဲ။

၁၄ ယေဟောဝါရဲ့ကျေးကျွန်အားလုံးဟာ လူမျိုးတစ်မျိုးအဖြစ် စည်းလုံးနေကြတယ်။ ဒါကြောင့် လူမျိုးတစ်မျိုး ဒါမှမဟုတ် နိုင်ငံတစ်ခုက ပိုသာတယ်လို့ ဘယ်တော့မှ မယူမှတ်သင့်ဘူး။ ဒါပေမဲ့ ကိုယ်ကြီးပြင်းလာတဲ့ မိသားစုနဲ့ ဝန်းကျင်ကြောင့် မျိုးချစ်စိတ်တွေ လွှမ်းမိုးနေနိုင်တယ်။ ဒါကြောင့် တခြားလူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကားတွေနဲ့ပတ်သက်ပြီး တစ်ခါတလေ သင့်မှာ အပျက်သဘောထား ရှိနေဆဲဖြစ်နိုင်တယ်။ ပြောင်းလဲနိုင်ဖို့ ဘာက ကူညီပေးမလဲ။ မျိုးချစ်စိတ်ရှိသူတွေ၊ ခွဲခြားဆက်ဆံတတ်သူတွေကို ယေဟောဝါ ဘယ်လိုရှုမြင်တယ်ဆိုတာ တွေးတောဆင်ခြင်ပါ။ ဒီအကြောင်းကို ကိုယ်ပိုင်လေ့လာမှု ဒါမှမဟုတ် မိသားစုဝတ်ပြုမှုမှာ ရှာဖွေလေ့လာပါ။ အဲဒီနောက် လူတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ရောမ ၁၂:၂ ကိုဖတ်ပါ။

ယေဟောဝါကို သစ္စာစောင့်သိဖို့ဆိုရင် ခြိမ်းခြောက်မှုတွေ ကြုံရချိန်မှာတောင် သစ္စာတည်ကြည်ရမယ် (အပိုဒ် ၁၅၊ ၁၆ ကိုကြည့်ပါ)

၁၅၊ ၁၆။ (က) ယေဟောဝါကို သစ္စာစောင့်သိတဲ့အတွက် တခြားသူတွေ ဘယ်လိုတုံ့ပြန်မယ်လို့ မျှော်လင့်ထားသင့်သလဲ။ (ခ) သားသမီးတွေ ယေဟောဝါကို သစ္စာစောင့်သိနိုင်ဖို့ မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၅ ကျွန်တော်တို့ဟာ ယေဟောဝါကို ကြည်လင်တဲ့သိစိတ်နဲ့ ဝတ်ပြုချင်တယ်။ ဒါကြောင့် အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်း၊ ဆွေမျိုးတွေနဲ့ တစ်ခါတလေ သိသိသာသာ ကွာခြားနေလိမ့်မယ်။ (၁ ပေ. ၂:၁၉) သူတို့နဲ့မတူလို့ အမုန်းတောင်ခံရမယ်လို့ ယေရှု သတိပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဆန့်ကျင်သူအများစုဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်း မသိကြဘူး။ လူ့အစိုးရအစား ဘုရားသခင့်နိုင်ငံတော်ကို သစ္စာစောင့်သိဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာကိုလည်း နားမလည်ကြဘူး။

၁၆ ယေဟောဝါကို သစ္စာစောင့်သိဖို့ဆိုရင် ခြိမ်းခြောက်မှုတွေ ကြုံရချိန်မှာတောင် သစ္စာတည်ကြည်ရမယ်။ (ဒံ. ၃:၁၆-၁၈) ကျွန်တော်တို့ အသက်အရွယ်မရွေး လူကိုကြောက်စိတ် ဝင်မိနိုင်တယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကိုဆန်ဖို့ အထူးသဖြင့် လူငယ်တွေအတွက် ပိုခက်နိုင်တယ်။ ဒါကြောင့် မိဘတို့၊ ကျောင်းမှာ ရဲစွမ်းသတ္တိရှိနိုင်ဖို့ သားသမီးတွေကို ကူညီပေးပါ။ သားသမီးတွေက အထိမ်းအမှတ်ကို အလေးပြုဖို့၊ အမျိုးသားရေးအခမ်းအနားတွေမှာ ပါဝင်ဖို့ ငြင်းဆိုရမှာ ကြောက်နေနိုင်တယ်။ ဒီကိစ္စတွေကို ဘုရားသခင် ဘယ်လိုသဘောထားတယ်ဆိုတာ နားလည်လာအောင် မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးပါ။ ကိုယ့်ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း၊ လေးလေးစားစား ရှင်းပြတတ်ဖို့ သင်ပေးပါ။ (ရော. ၁:၁၆) လိုအပ်မယ်ဆိုရင် သူတို့ရဲ့ ဆရာတွေဆီသွားပြီး ယုံကြည်ချက်အကြောင်း ရှင်းပြပေးပါ။

ယေဟောဝါရဲ့ ဖန်ဆင်းရာအားလုံးကို ပျော်မွေ့ခံစားပါ

၁၇။ ဘယ်လိုသဘောထားကို ရှောင်ရမလဲ။ ဘာကြောင့်လဲ။

၁၇ ကျွန်တော်တို့ဟာ ကိုယ်ကြီးပြင်းလာတဲ့ဒေသရဲ့ အစားအစာ၊ ဘာသာစကား၊ ရေမြေသဘာဝနဲ့ ဓလေ့ထုံးစံတွေကို နှစ်သက်လေ့ရှိတယ်။ ဒါပေမဲ့ ကိုယ့်ဟာပဲ အကောင်းဆုံးဆိုတဲ့ သဘောထားကို ရှောင်ရမယ်။ ယေဟောဝါဟာ ကျွန်တော်တို့ ပျော်မွေ့ခံစားဖို့ အမျိုးမျိုး ဖန်ဆင်းပေးထားတယ်။ (ဆာ. ၁၀၄:၂၄; ဗျာ. ၄:၁၁) ဒါကြောင့် တစ်ခုခုက တခြားတစ်ခုထက် ပိုသာတယ်လို့ ဘာကြောင့် မရမကပြောနေမှာလဲ။

ယေဟောဝါဟာ လူအမျိုးမျိုးကို ထာဝစဉ်အသက်ရှင်စေချင်တယ်

၁၈။ တခြားသူတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်မယ်ဆိုရင် ဘယ်လိုအကျိုးရရှိမလဲ။

၁၈ ယေဟောဝါဟာ လူအမျိုးမျိုးကို သူ့အကြောင်း သင်ယူစေချင်တယ်။ သူ့ကိုဝတ်ပြုပြီး ထာဝစဉ် အသက်ရှင်စေချင်တယ်။ (ယော. ၃:၁၆; ၁ တိ. ၂:၃၊ ၄) ဒါကြောင့် ညီအစ်ကိုညီအစ်မတွေရဲ့ အယူအဆဟာ ကိုယ့်အယူအဆနဲ့ မတူရင်တောင် ယေဟောဝါရဲ့ အလိုတော်နဲ့ မဆန့်ကျင်သရွေ့ လိုလိုလားလား နားထောင်ပေးသင့်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဘဝက ပျော်ရွှင်စရာကောင်းပြီး ညီအစ်ကိုညီအစ်မတွေနဲ့လည်း ဆက်စည်းလုံးနေနိုင်မယ်။ အခုဆွေးနွေးခဲ့တဲ့အရ ကျွန်တော်တို့က ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံကို သစ္စာစောင့်သိတဲ့အတွက် လောကအငြင်းပွားမှုတွေမှာ မပါဝင်ကြဘူး။ စာတန့်လောကရဲ့ စိတ်ဝမ်းကွဲပြားစေတဲ့၊ မာနထောင်လွှားတဲ့၊ ပြိုင်ဆိုင်တဲ့ အပြုအမူတွေကို ရှောင်နိုင်ဖို့ ယေဟောဝါ သွန်သင်ပေးတဲ့အတွက် ကျေးဇူးတင်စရာပဲ။ ‘ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာကောင်းလိုက်တာ’ လို့ပြောခဲ့တဲ့ ဆာလံဆရာရဲ့ ငြိမ်သက်အေးချမ်းတဲ့ သဘောထားမျိုး မွေးမြူဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဆာ. ၁၃၃:၁ကဘ။

^ စာပိုဒ်၊ 10 ဖိလိပ္ပိအသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတချို့ဟာ ရောမနိုင်ငံသား ခံယူထားကြပုံရတယ်။ ဒါကြောင့် ရောမနိုင်ငံသားမဟုတ်တဲ့ ညီအစ်ကိုညီအစ်မတွေထက် အခွင့်အရေး ပိုရတာဖြစ်နိုင်တယ်။

^ စာပိုဒ်၊ 12 နာမည်တချို့ကို ပြောင်းထားပါတယ်။