မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆက်ပြီးစောင့်မျှော်နေပါ

ဆက်ပြီးစောင့်မျှော်နေပါ

‘နှောင့်နှေးနေခဲ့ရင်တောင် ဆက်ပြီးစောင့်မျှော်နေပါ။’ —ဟဗ. ၂:၃ကဘ။

သီချင်း– ၁၂၈၊ ၄၅

၁၊ ၂။ ယေဟောဝါရဲ့ကျေးကျွန်တွေမှာ ဘယ်သဘောထား ရှိကြသလဲ။

ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ပရောဖက်ပြုချက်တွေ ပြည့်စုံဖို့ စိတ်ရှည်ရှည် စောင့်မျှော်ခဲ့ကြတယ်။ ဥပမာ၊ ယုဒပြည်ကို ဗာဗုလုန်တွေ ဖျက်ဆီးမယ့်အချိန်ကို ယေရမိ စောင့်မျှော်ခဲ့တယ်။ ဘီစီ ၆၀၇ မှာ အဲဒီအတိုင်း ဖြစ်ပျက်လာတယ်။ (ယေ. ၂၅:၈-၁၁) ပြည်နှင်ခံဂျူးတွေကို ယုဒပြည်ဆီ ယေဟောဝါ ပြန်ခေါ်ဆောင်လာမယ်လို့ ဟေရှာယ ကြိုဟောခဲ့တယ်။ ‘ကိုယ်တော့်ကို မျှော်လင့်စောင့်စားနေသူအားလုံး ပျော်ရွှင်ရလိမ့်မယ်’ လို့ သူပြောတယ်။ (ဟေရှာ. ၃၀:၁၈ကဘ) ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံလာမယ့်အချိန်ကို မိက္ခာ စောင့်မျှော်ခဲ့တယ်။ ‘ငါကတော့ ယေဟောဝါကို ဆက်ပြီးစောင့်မျှော်နေမယ်’ လို့ သူပြောတယ်။ (မိ. ၇:၇ကဘ) ဘုရားသခင့်ကျေးကျွန်တွေလည်း မေရှိယ ဒါမှမဟုတ် ခရစ်တော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံလာချိန်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြတယ်။—လု. ၃:၁၅; ၁ ပေ. ၁:၁၀-၁၂ *

ဒီနေ့ခေတ်မှာလည်း ယေဟောဝါရဲ့နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံမှာကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီနိုင်ငံတော်ရဲ့ဘုရင် ယေရှုဟာ ဘုရားသခင့်ကျေးကျွန်တွေကို အန္တရာယ်ရှိတဲ့ ဒီလောက,ကနေ ကယ်တင်ပါတော့မယ်။ လူဆိုးတွေကို ဖျက်ဆီးပြီး ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်စေပါလိမ့်မယ်။ (၁ ယော. ၅:၁၉) ဒါကြောင့် ယေဟောဝါရဲ့နေ့ အချိန်မရွေး ရောက်လာနိုင်တာကို ဆက်စောင့်မျှော်နေရမယ်။ အဲဒီနေ့အတွက် အဆင်သင့်ဖြစ်နေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ထားရမယ်။

၃။ အဆုံးရောက်ဖို့ စောင့်မျှော်ခဲ့တာ နှစ်ပေါင်းများစွာရှိနေပြီဆိုရင် ဘယ်လို တွေးမိလာနိုင်သလဲ။

မြေကြီးပေါ် ဘုရားသခင့်အလိုတော် ပြည့်စုံလာမယ့်နေ့ကို ကျွန်တော်တို့ သိပ်မျှော်လင့်နေကြတယ်။ (မ. ၆:၁၀) ဒါပေမဲ့ အဆုံးရောက်ဖို့ စောင့်မျှော်လာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုရင် ‘ဆက်စောင့်မျှော်နေဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိသေးလို့လား’ လို့ တွေးမိလာနိုင်တယ်။

ဘာကြောင့် ဆက်စောင့်မျှော်နေရမလဲ

၄။ ဆက် “စောင့်နေ” ဖို့ ဘာကြောင့်အရေးကြီးသလဲ။

ယေရှုက နောက်လိုက်တွေကို “စောင့်နေကြလော့၊” “နိုးကြားလျက်နေကြလော့” လို့ မိန့်မှာခဲ့တယ်။ ဒါကြောင့် ဆက်စောင့်နေဖို့ အရေးကြီးတယ်။ (မ. ၂၄:၄၂; လု. ၂၁:၃၄-၃၆) ယေဟောဝါရဲ့ အဖွဲ့အစည်းကလည်း “ယေဟောဝါဘုရား၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်း” နေဖို့၊ ကမ္ဘာသစ်ကတိကို အာရုံစိုက်နေဖို့ မပြတ်သတိပေးနေတယ်။၂ ပေတရု ၃:၁၁–၁၃ ကိုဖတ်ပါ။

၅။ ကျွန်တော်တို့ခေတ်မှာ ဆက်စောင့်နေဖို့ ဘာကြောင့် အထူးလိုအပ်သလဲ။

ပထမရာစုခေတ်မှာတောင် ယေရှုရဲ့ နောက်လိုက်တွေဟာ ယေဟောဝါရဲ့နေ့ကို ဆက်စောင့်နေဖို့ လိုအပ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ခေတ်မှာ ပိုတောင်လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ရောက်ရှိချိန်အတွင်းမှာ ကျွန်တော်တို့ အသက်ရှင်နေရလို့ပဲ။ ခရစ်တော်ရောက်ရှိနေပြီဆိုတဲ့ နိမိတ်ဟာ ၁၉၁၄ ကစပြီး ပြည့်စုံနေတယ်။ အဲဒီအပြင် ပိုဆိုးလာတဲ့ကမ္ဘာ့အခြေအနေတွေ၊ ကမ္ဘာချီ နိုင်ငံတော်သတင်းဟောပြောခြင်း အပါအဝင် စုပေါင်းနိမိတ်တွေဟာ “ဤလောကစနစ်နိဂုံးပိုင်း” မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတာ ဖော်ပြတယ်။ (မ. ၂၄:၃၊ ၇-၁၄) နောက်ဆုံးကာလ ဘယ်လောက်ကြာပြီးမှ အဆုံးရောက်မယ်ဆိုတာ ယေရှုမပြောတဲ့အတွက် အထူးနိုးကြားနေဖို့ လိုအပ်တယ်။

၆။ အဆုံးနီးလာတာနဲ့အမျှ ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာမယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

“ဤလောကစနစ်နိဂုံးပိုင်း” ဟာ ကမ္ဘာ့အခြေအနေတွေ ပိုဆိုးလာမယ့် အနာဂတ်တစ်ချိန်ချိန်ကို ဆိုလိုနေတာများ ဖြစ်နိုင်သလား။ နောက်ဆုံးကာလမှာ လူတွေ ပိုဆိုးလာမယ်လို့ ကျမ်းစာပြောတယ်။ (၂ တိ. ၃:၁၊ ၁၃; မ. ၂၄:၂၁; ဗျာ. ၁၂:၁၂) ဒါကြောင့် အခုချိန်မှာ အခြေအနေတွေ တော်တော်ဆိုးနေပေမဲ့ ဒီထက်ပိုဆိုးလာမယ်ဆိုတာ ကျွန်တော်တို့ သိတယ်။

၇။ နောက်ဆုံးကာလအတွင်း ကမ္ဘာ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မဿဲ ၂၄:၃၇-၃၉ မှာ ဘာပြောထားသလဲ။

“ကြီးစွာသောဒုက္ခ” မတိုင်ခင် နိုင်ငံတိုင်းမှာ စစ်ဖြစ်မယ်၊ လူတိုင်း ဖျားနာပြီး ငတ်ပြတ်နေလိမ့်မယ်လို့ တချို့တွေးမိနိုင်တယ်။ (ဗျာ. ၇:၁၄) ဒါပေမဲ့ အဲဒီလိုသာဖြစ်လာရင် ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေပြီဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိမှာပဲ။ ကျမ်းစာအကြောင်း စိတ်မဝင်စားသူတွေတောင် သဲသဲကွဲကွဲ သိလာလိမ့်မယ်။ နောက်ဆုံးကာလမှာ လူအများစု “သတိမဲ့” နေမယ်လို့ ယေရှု ပြောခဲ့တာကို သတိရပါ။ သူတို့ဟာ ပုံမှန်သွားလာလှုပ်ရှားနေကြမှာဖြစ်ပြီး ယေဟောဝါရဲ့နေ့ ရောက်လာတဲ့အခါ အံ့သြထိတ်လန့်သွားကြလိမ့်မယ်။ (မဿဲ ၂၄:၃၇–၃၉ ကိုဖတ်ပါ။) ဒါကြောင့် အဆုံးနီးပြီလို့ လူတိုင်း မဖြစ်မနေယုံကြည်လာတဲ့အထိ “ကြီးစွာသောဒုက္ခ” မတိုင်ခင်မှာ ကမ္ဘာ့အခြေအနေတွေ သိပ်ဆိုးလာလိမ့်မယ်လို့ မမျှော်လင့်သင့်ပါဘူး။—လု. ၁၇:၂၀; ၂ ပေ. ၃:၃၊ ၄

“ဤလောကစနစ်နိဂုံးပိုင်း” မှာ အသက်ရှင်နေရတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်

၈။ ယေရှုပေးခဲ့တဲ့နိမိတ်တွေကို ကျွန်တော်တို့ နိုးနိုးကြားကြားစောင့်ကြည့်နေတဲ့အတွက် ဘာကိုယုံကြည်စိတ်ချသလဲ။

ယေရှုပေးခဲ့တဲ့နိမိတ်တွေဟာ တပည့်တွေ ဘယ်လိုအချိန်မှာ အသက်ရှင်နေရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်စေဖို့ဖြစ်တယ်။ သူတို့ဟာ ယေရှုရဲ့သတိပေးချက်အတိုင်း နိုးနိုးကြားကြား “စောင့်နေ” ကြတယ်။ (မ. ၂၄:၂၇၊ ၄၂) ၁၉၁၄ ကစပြီး ယေရှုရဲ့နိမိတ်ထဲက အပိုင်းတွေ ပြည့်စုံနေတယ်။ ဒါကြောင့် နောက်ဆုံးကာလဖြစ်တဲ့ “ဤလောကစနစ်နိဂုံးပိုင်း” မှာ အသက်ရှင်နေရတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ စာတန့်လောကဆိုးကို ဖျက်ဆီးမယ့်အချိန်ကို ယေဟောဝါ ဆုံးဖြတ်ပြီးသားဖြစ်တယ်။

၉။ ဆက်စောင့်မျှော်နေဖို့ ဘယ်အကြောင်းရင်းတွေ ရှိသလဲ။

ဒါဆို ကျွန်တော်တို့ ဘာကြောင့် ဆက်စောင့်မျှော်နေရမလဲ။ ဘာကြောင့်လဲဆိုတော့ ယေရှုခရစ်ကို နာခံတဲ့အတွက်ဖြစ်တယ်။ နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ယေရှုပေးခဲ့တဲ့နိမိတ် ပြည့်စုံနေတာကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ မြင်ရကြားရတဲ့အရာတွေကြောင့်သာ အဆုံးနီးပြီလို့ ယုံကြည်တာမဟုတ်ဘူး။ ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေလို့ ယုံကြည်တာဖြစ်တယ်။ ဒါကြောင့် အဆုံးကိုစောင့်မျှော်ရင်း အသင့်ပြင်ထားရမယ်။

ဘယ်လောက်ကြာကြာ စောင့်နေရမလဲ

၁၀၊ ၁၁။ (က) “စောင့်နေကြ” ဖို့ တပည့်တွေကို ယေရှု ဘာကြောင့်ပြောတာလဲ။ (ခ) ကိုယ်ထင်ထားတာထက် ပိုကြာကြာစောင့်နေရရင်တောင် ဘာလုပ်ဖို့ နောက်လိုက်တွေကို ယေရှု ပြောခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၀ ကျွန်တော်တို့အများစုဟာ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုရင်း ကိုယ်တော့်နေ့ကို စောင့်မျှော်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ စောင့်မျှော်ခဲ့ပါစေ ဆက်စောင့်မျှော်နေရမယ်။ စာတန့်လောကကို ဖျက်ဆီးဖို့ ယေရှု ကြွလာချိန်မှာ ကျွန်တော်တို့ အသင့်ရှိနေရမယ်။ နောက်လိုက်တွေကို ယေရှု အခုလို ပြောခဲ့တယ်– “ထိုအချိန်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့၊ နိုးကြားလျက်နေကြလော့။ ထိုအခြင်းအရာသည် အိမ်ကိုထားခဲ့၍ အခြားသောပြည်သို့ သွားမည့်သူတစ်ဦးနှင့်တူ၏။ သူသည် မိမိကျွန်တို့ကို အခွင့်အာဏာနှင့် တာဝန်အသီးသီး အပ်နှင်းပြီးလျှင် တံခါးစောင့်ကိုလည်း စောင့်နေရန် မှာကြားခဲ့၏။ အိမ်ရှင်သည် ညဦးယံအချိန်၊ သန်းခေါင်ယံအချိန်၊ ကြက်ဦးတွန်ချိန်၊ မိုးသောက်ယံအချိန်တို့တွင် အဘယ်အချိန်၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သို့မဟုတ်လျှင် ရုတ်တရက် အိမ်ရှင်ရောက်လာသော် သင်တို့အိပ်ပျော်နေသည်ကို တွေ့လိမ့်မည်။ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည့်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါဆို၏။”—မာ. ၁၃:၃၃-၃၇

အယူမှားဘာသာဟာ အချိန်မရွေး ချက်ချင်းတိုက်ခိုက် ခံရနိုင်တယ်

၁၁ ၁၉၁၄ မှာ ယေရှု ဘုရင်ဖြစ်ပြီဆိုတာ နောက်လိုက်တွေ အသိအမှတ်ပြုတဲ့အတွက် အချိန်မရွေး အဆုံးရောက်လာနိုင်တယ်ဆိုတာ သူတို့ နားလည်တယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်ခြင်းအားဖြင့် အသင့်ပြင်ထားကြတယ်။ ယေရှုက “ကြက်ဦးတွန်ချိန်၊ မိုးသောက်ယံအချိန်” မှာ ရောက်လာကောင်းရောက်လာမယ်လို့ ပြောတယ်။ အဲဒီအချိန်မှာသာ ရောက်လာခဲ့ရင် နောက်လိုက်တွေ ဘာလုပ်နေရမလဲ။ “စောင့်နေကြလော့” လို့ ယေရှုပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ စောင့်မျှော်ခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုရင်တောင် အဆုံးရောက်ဖို့ အဝေးကြီးလိုပါသေးတယ် ဒါမှမဟုတ် ကိုယ့်သက်တမ်းအတွင်း ရောက်လာမှာမဟုတ်ပါဘူးလို့ မယူဆသင့်ဘူး။

၁၂။ ယေဟောဝါကို ဟဗက္ကုတ် ဘာမေးသလဲ။ ကိုယ်တော် ဘယ်လိုပြန်ဖြေသလဲ။

၁၂ ပရောဖက်ဟဗက္ကုတ်ဟာ ဂျေရုဆလင်မြို့ ပျက်စီးမယ့်အကြောင်း ကြေညာရင်း စိတ်ရှည်ရှည်စောင့်မျှော်ခဲ့တယ်။ သူ့မတိုင်ခင် တခြားပရောဖက်တွေလည်း အဲဒီအကြောင်း နှစ်ပေါင်းများစွာ ကြေညာခဲ့တယ်။ သူ့ခေတ်မှာတော့ ဆိုးသွမ်းမှုနဲ့ မတရားမှုတွေ အရင်ထက်ပိုများလာတာ ဟဗက္ကုတ် သတိထားမိတယ်။ ဒါကြောင့် ‘အို ယေဟောဝါ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း’ လို့ ယေဟောဝါကို မေးခဲ့တယ်။ အဆုံးရောက်လာမယ့်အချိန်ကို ယေဟောဝါ မပြောပေမဲ့ ‘နောက်ကျမှာ မဟုတ်ဘူး’ လို့တော့ သူ့ကို ကတိပေးတယ်။ ‘ဆက်ပြီးစောင့်မျှော်နေပါ’ လို့လည်း ပြောတယ်။ဟဗက္ကုတ် ၁:၁–၄ နဲ့ ၂:၃ * တို့ကိုဖတ်ပါ။

၁၃။ ဟဗက္ကုတ် ဘယ်လိုတွေးမိနိုင်သလဲ။ အဲဒါ ဘာကြောင့် အန္တရာယ်ရှိသလဲ။

၁၃ ဟဗက္ကုတ်က စောင့်ရတာကို ငြီးငွေ့လာပြီး ‘ဂျေရုဆလင်မြို့ ပျက်စီးမယ့်အချိန်ကို ငါ နှစ်ပေါင်းများစွာ စောင့်ပြီးပြီ။ အဝေးကြီးလိုသေးရင် ဘယ်လိုလုပ်မလဲ။ အဲဒီအကြောင်း ဆက်ဟောနေရင်လည်း အပိုပဲ။ တခြားသူတွေပဲ ဆက်ဟောပါစေ’ လို့ တွေးမိတယ်ဆိုပါစို့။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ယေဟောဝါရဲ့မျက်နှာသာကို သူဆုံးရှုံးသွားလိမ့်မယ်။ အဆုံးရောက်လာချိန်မှာ သူ အဆင်သင့်ဖြစ်မနေရင် အသက်ပါဆုံးရှုံးသွားလိမ့်မယ်။

၁၄။ ဆက်စောင့်မျှော်နေရင် အကျိုးမယုတ်ဘူးဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၄ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာသစ်မှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ပရောဖက်ပြုချက်အားလုံး အသေးစိတ်ပြည့်စုံခဲ့တယ်။ ဒါကြောင့် ယေဟောဝါကို သင် ပိုယုံကြည်လာတယ်။ ကျန်သေးတဲ့ကတိအားလုံးကိုလည်း ပြည့်စုံအောင်လုပ်ပေးမယ်ဆိုတာ ပိုစိတ်ချလာတယ်။ (ယောရှု ၂၃:၁၄ ကိုဖတ်ပါ။) စနစ်ဆိုးကို အဆုံးတိုင်ဖို့ သင့်တော်တဲ့အချိန်ကို ယေဟောဝါ သတ်မှတ်ခဲ့တဲ့အတွက်၊ ဆက်စောင့်နေဖို့ သတိပေးခဲ့တဲ့အတွက် သင် သိပ်ကျေးဇူးတင်နေမှာပဲ။—တ. ၁:၇; ၁ ပေ. ၄:၇

စောင့်မျှော်နေရင်း ဆက်ဟောပြောပါ

သင်ဟာ သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောနေသလား (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅၊ ၁၆။ လက်ရှိဆုံးခန်းကာလအတွင်း ဟောပြောခြင်းလုပ်ငန်းမှာ ဘာကြောင့် အတတ်နိုင်ဆုံး ပါဝင်သင့်သလဲ။

၁၅ အရေးတကြီးသဘောထားနဲ့ အမှုဆောင်ဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက ကျွန်တော်တို့ကို ဆက်သတိပေးနေပါလိမ့်မယ်။ အဲဒီသတိပေးချက်တွေက ဘုရားသခင့်လုပ်ငန်းမှာ ဆက်အလုပ်များနေဖို့၊ ယေရှုပေးခဲ့တဲ့နိမိတ် ပြည့်စုံနေတာကို သတိရနေဖို့ ကူညီပေးတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ဘဝမှာ ဦးစားထားနေကြတယ်။—မ. ၆:၃၃; မာ. ၁၃:၁၀

၁၆ သတင်းကောင်းဟောပြောခြင်းဟာ အသက်ကယ်လုပ်ငန်းဖြစ်တယ်။ ဒီလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် မကြာခင်ရောက်လာတော့မယ့် စာတန့်လောကပျက်စီးခြင်းကနေ လွတ်မြောက်ဖို့ လူတွေကို ကျွန်တော်တို့ ကူညီပေးနေတယ်။ ၁၉၄၅ မှာ ဗီဟဲမ် ဂတ်စ်လော့ သင်္ဘောကြီး နစ်မြုပ်ခဲ့တာဟာ ပင်လယ်မှာဖြစ်ခဲ့တဲ့ အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ပဲ။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်။ ညီအစ်မတစ်ယောက်နဲ့ သူ့ခင်ပွန်းကတော့ လွတ်မြောက်သွားတယ်။ သင်္ဘောနစ်မြုပ်နေချိန်မှာ အမျိုးသမီးတစ်ယောက်က “ကုန်ပါပြီ။ ငါ့အိတ်တွေ၊ ရတနာတွေအားလုံး အခန်းထဲမှာ ကျန်ခဲ့ပြီ။ ကယ်ကြပါဦး” လို့ အော်ဟစ်ငိုယိုနေတာကို အဲဒီညီအစ်မ သတိရနေတုန်းပဲ။ ဒါပေမဲ့ တခြားခရီးသည်တွေကတော့ အရေးကြီးဆုံးအရာကို နားလည်တဲ့အတွက် တခြားသူတွေရဲ့အသက်ကိုကယ်ဖို့ အသက်စွန့်ကြိုးစားကြတယ်။ ဒီနေ့လည်း လူတွေဟာ အသက်အန္တရာယ်ကြုံနေရတယ်။ တခြားသူတွေကိုကယ်ဖို့ အသက်စွန့်ကြိုးစားခဲ့ကြတဲ့ အဲဒီခရီးသည်တွေလိုပဲ ကျွန်တော်တို့လည်း ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီးသဘောနဲ့ အာရုံစိုက်လုပ်ဆောင်နေကြတယ်။ အချိန်မနှောင်းခင် ဒီစနစ်အဆုံးကနေ လူတွေကိုကယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။

ပညာရှိဆုံးဖြတ်ချက်တွေချပြီး ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုကို ဆက်အာရုံစိုက်နေပါ (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ အချိန်မရွေး အဆုံးရောက်လာနိုင်တယ်လို့ ဘာကြောင့် ယုံကြည်သင့်သလဲ။

၁၇ ကမ္ဘာ့ဖြစ်ရပ်တွေကိုကြည့်ရင် ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေတယ်၊ အဆုံးရောက်တော့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ မဟာဗာဗုလုန်ဖြစ်တဲ့ အယူမှားဘာသာကို “သားရဲ” နဲ့ “ချိုဆယ်ချောင်း” ဖျက်ဆီးမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ (ဗျာ. ၁၇:၁၆) အဲဒီလိုဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်လို့ မယူဆသင့်ဘူး။ အယူမှားဘာသာကို တိုက်ခိုက်ဖို့ ‘သူတို့ရဲ့နှလုံးထဲ ဘုရားသခင် အကြံသွင်း’ ပေးမယ်၊ အဲဒီလို အချိန်မရွေး ချက်ချင်းဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ (ဗျာ. ၁၇:၁၇) စာတန့်စနစ်ဆိုးရဲ့အဆုံး မကြာခင် ရောက်လာတော့မယ်။ ဒါကြောင့် ယေရှုရဲ့ ဒီသတိပေးချက်ကို ကျွန်တော်တို့ နာခံသင့်တယ်– “သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ အကြောင်းမူကား ထိုနေ့ရက်သည် မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ် ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်။” (လု. ၂၁:၃၄၊ ၃၅; ဗျာ. ၁၆:၁၅) ဒါကြောင့် နိုးနိုးကြားကြားရှိနေပြီး ယေဟောဝါရဲ့ လုပ်ငန်းမှာ ဆက်အလုပ်များနေကြပါစို့။ ကိုယ်တော်ဟာ သူ့ကို ‘မျှော်လင့်စောင့်စားနေသူတွေအတွက် လုပ်ဆောင်ပေး’ မယ်ဆိုတာ ယုံကြည်စိတ်ချကြပါစို့။—ဟေရှာ. ၆၄:၄ကဘ။

၁၈။ နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

၁၈ ဒီစနစ်ဆိုးရဲ့အဆုံးကို စောင့်မျှော်ရင်း တပည့်တော်ယုဒရဲ့ ဆုံးမစကားကို လိုက်နာသင့်တယ်– “ချစ်ရသောသူတို့၊ သင်တို့၏အသန့်ရှင်းဆုံး ယုံကြည်ခြင်းတရား၌ ကိုယ့်ကိုယ်ကိုယ် ခိုင်ခံ့စေခြင်း၊ သန့်ရှင်းသော စွမ်းအားတော်နှင့်အညီ ဆုတောင်းခြင်းဖြင့်၊ ထာဝရအသက်ကိုရည်မျှော်၍ ငါတို့သခင် ယေရှုခရစ်၏ကရုဏာကို စောင့်နေစဉ် ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့။” (ယု. ၂၀၊ ၂၁) ဒါပေမဲ့ မကြာခင်ရောက်လာတော့မယ့် ဘုရားသခင့်ကမ္ဘာသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 1 မေရှိယအကြောင်း ကျမ်းစာကြိုဟောချက်တချို့နဲ့ အဲဒါတွေ ဘယ်လိုပြည့်စုံလာတယ်ဆိုတာ သိဖို့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ စာမျက်နှာ ၂၀၀ ကိုကြည့်ပါ။

^ စာပိုဒ်၊ 12 ဟဗက္ကုတ် ၂:၃ (ကဘ)– ‘စိတ်အာရုံဟာ သတ်မှတ်ထားတဲ့အချိန်မှာ ပြည့်စုံလာလိမ့်မယ်။ စိတ်အာရုံ ပြည့်စုံမယ့်အချိန် အမြန်လာနေပြီ။ အဲဒါဟာ အလိမ်အညာစကားမဟုတ်ဘူး။ နှောင့်နှေးနေခဲ့ရင်တောင် ဆက်ပြီးစောင့်မျှော်နေပါ။ ဘာကြောင့်လဲဆိုတော့ အဲဒါက ကျိန်းသေပြည့်စုံလာလိမ့်မယ်။ နောက်ကျမှာမဟုတ်ဘူး။’