မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ပြင်ဆင်ပါ

ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ပြင်ဆင်ပါ

‘ကောင်းမှုပြုကြရန် မိန့်မှာလော့။ သို့ဖြင့် မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်ကြမည်။’၁ တိ. ၆:၁၈၊ ၁၉

သီချင်း– ၁၂၅၊ ၄၀

၁၊ ၂။ (က) ပရဒိသုမှာ ဘယ်ကောင်းချီးတွေကို သင် မျှော်လင့်စောင့်စားနေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ကမ္ဘာသစ်မှာ အပျော်ရွှင်ရဆုံးအရာက ဘာဖြစ်မလဲ။

“ထာဝရအသက်” ကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေတယ်။ တမန်တော်ပေါလုက အဲဒါကို “မှန်သောအသက်” လို့ ခေါ်ထားတယ်။ (၁ တိမောသေ ၆:၁၂၊ ၁၉ ကိုဖတ်ပါ။) ကျွန်တော်တို့အများစုအတွက် မှန်သောအသက်ဆိုတာ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ခြင်းဖြစ်တယ်။ မနက်တိုင်း ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် နိုးထလာချိန်မှာ ဘယ်လိုခံစားနေရမယ်ဆိုတာ စိတ်ကူးကြည့်ပါ။ (ဟေရှာ. ၃၅:၅၊ ၆) ထမြောက်လာသူတွေအပါအဝင် မိသားစု၊ မိတ်ဆွေတွေနဲ့ ပေါင်းသင်းရတာ ဘယ်လောက်ပျော်စရာကောင်းမယ်ဆိုတာ တွေးကြည့်ပါ။ (ယော. ၅:၂၈၊ ၂၉; တ. ၂၄:၁၅) ကိုယ်နှစ်သက်ရာတွေကို သင်ယူတတ်မြောက်ဖို့လည်း အခွင့်အရေး ရလာမယ်။ ဥပမာ၊ သိပ္ပံပညာအကြောင်း ပိုသင်ယူနိုင်မယ်။ တူရိယာတွေ တီးမှုတ်တတ်ဖို့ သင်ယူနိုင်မယ်။ အိမ်ဒီဇိုင်းဆွဲနည်းတွေ သင်ယူနိုင်မယ်။

အဲဒီအရာတွေအားလုံးကို ကျွန်တော်တို့ စောင့်မျှော်နေပေမဲ့ ယေဟောဝါကို ဝတ်ပြုရခြင်းက အပျော်ရွှင်ရဆုံးအရာ ဖြစ်ပါလိမ့်မယ်။ ယေဟောဝါရဲ့နာမည် သန့်ရှင်းမြင့်မြတ်လာပြီး ကိုယ်တော့်ကို အချုပ်အခြာအာဏာရှင်အဖြစ် လူတွေလက်ခံလာတဲ့အခါ ဘယ်လောက်ကျေနပ်စရာကောင်းမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (မ. ၆:၉၊ ၁၀) ကမ္ဘာကို စုံလင်သူတွေနဲ့ ပြည့်စေမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာတာကို မြင်ရတဲ့အခါ သိပ်စိတ်လှုပ်ရှားမိမှာပဲ။ ကျွန်တော်တို့ တဖြည်းဖြည်းစုံလင်လာတဲ့အခါ ယေဟောဝါဆီချဉ်းကပ်ဖို့ ဘယ်လောက်လွယ်ကူလာမယ်ဆိုတာ တွေးကြည့်ပါ။—ဆာ. ၇၃:၂၈; ယာ. ၄:၈

၃။ ဘယ်အရာအတွက် အခုကတည်းက ပြင်ဆင်ထားရမလဲ။

အဲဒီကောင်းချီးအားလုံးကို ယေဟောဝါပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ အကြောင်းကတော့ ‘အရာခပ်သိမ်းကို ဘုရားသခင် တတ်နိုင်’ လို့ပဲ။ (မ. ၁၉:၂၅၊ ၂၆) ဒါပေမဲ့ ကမ္ဘာသစ်မှာ နေထိုင်ဖို့ မျှော်လင့်တယ်ဆိုရင် အခုကတည်းက ထာဝရအသက်ကို “ခိုင်မြဲစွာကိုင်စွဲထား” ရမယ်။ မကြာခင် အဆုံးရောက်တော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံက အချိန်မရွေး အဆုံးရောက်လာနိုင်တာကို မျှော်လင့်နေကြောင်း ဖော်ပြနေသင့်တယ်။ ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက အတတ်နိုင်ဆုံး ပြင်ဆင်ထားရမယ်။ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ကြည့်ကြစို့။

ပြင်ဆင်နိုင်ပုံ

၄။ ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ဘယ်လိုပြင်ဆင်နိုင်သလဲ။ ဥပမာပေးပါ။

ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ဘယ်လို ပြင်ဆင်နိုင်သလဲ။ သင်ဟာ တခြားနိုင်ငံမှာ သွားနေဖို့ စီစဉ်ထားတယ်ဆိုပါစို့။ အဲဒီအတွက် ဘယ်လိုပြင်ဆင်မလဲ။ ဥပမာ၊ အဲဒီနိုင်ငံသုံးစကားနဲ့ ဓလေ့ထုံးစံတွေကို သင်ယူနိုင်တယ်။ အဲဒီနိုင်ငံရဲ့ အစားအစာတချို့ကို မြည်းစမ်းထားနိုင်တယ်။ အဲဒီလိုပဲ၊ ကျွန်တော်တို့ဟာ ကမ္ဘာသစ်မှာ ရောက်နေတဲ့ပုံစံမျိုး အတတ်နိုင်ဆုံး နေထိုင်ခြင်းအားဖြင့် ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ပြင်ဆင်နိုင်တယ်။ နည်းလမ်းတချို့ကို သုံးသပ်ကြည့်ကြစို့။

၅၊ ၆။ ယေဟောဝါရဲ့အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်တွေကို နာခံတတ်အောင် သင်ယူထားခြင်းက ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်ရာမှာ ဘယ်လိုအထောက်အကူပြုမလဲ။

ကိုယ်ကြိုက်သလို ထင်တိုင်းကြဲနိုင်တယ်လို့ လူတွေကို စာတန် ထင်စေချင်တယ်။ လူအများစုက ဘုရားကို နာခံဖို့မလိုဘူး၊ လွတ်လွတ်လပ်လပ်နေရဖို့ အရေးကြီးတယ်လို့ ယူဆကြတယ်။ ရလဒ်အနေနဲ့ ဆင်းရဲဒုက္ခနဲ့ ၀မ်းနည်းစရာအဖြစ်ဆိုးတွေ ကြုံရကြတယ်။ (ယေ. ၁၀:၂၃) ယေဟောဝါရဲ့ မေတ္တာပါအုပ်ချုပ်မှုကို လူသားတိုင်း နာခံလာမယ့်ကမ္ဘာသစ်မှာတော့ ဘဝအသက်တာတွေ သိပ်ကိုတိုးတက်ကောင်းမွန်လာမှာပဲ။

ကမ္ဘာသစ်မှာ ယေဟောဝါရဲ့လမ်းညွှန်မှုအတိုင်း ဒီကမ္ဘာကို လှပတဲ့ပရဒိသုဖြစ်အောင် လုပ်ဆောင်ပြီး ထမြောက်လာသူတွေကို သင်ကြားပေးရတာ သိပ်ပျော်စရာကောင်းမှာပဲ။ ယေဟောဝါမှာ ကျွန်တော်တို့ကို ပေးဖို့ အလုပ်အများကြီးရှိတယ်။ ဒါပေမဲ့ ဦးဆောင်သူတွေက ကိုယ်မကြိုက်တာတစ်ခုခုကို လုပ်ဖို့ ပြောလာတဲ့အခါ ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ နာခံမလား။ တာဝန်ကျေအောင် အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်မလား။ ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်ဖို့ဆိုရင် ယေဟောဝါရဲ့အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်တွေကို အခုကတည်းက နာခံဖို့လိုအပ်တယ်။

၇၊ ၈။ (က) ဦးဆောင်နေသူတွေနဲ့ ဘာကြောင့် ပူးပေါင်းလုပ်ဆောင်သင့်သလဲ။ (ခ) ဘယ်အပြောင်းအလဲတွေကို ခရစ်ယာန်တချို့ ကြုံခဲ့ရသလဲ။ (ဂ) ကမ္ဘာသစ်မှာ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

ကမ္ဘာသစ်အသက်တာအတွက် အသင့်ဖြစ်နေဖို့ဆိုရင် ရောင့်ရဲတတ်အောင်၊ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ရော အချင်းချင်းနဲ့ပါ ပူးပေါင်းလုပ်ဆောင်တတ်အောင် သင်ယူထားရမယ်။ ဥပမာ၊ တာဝန်သစ်တစ်ခု ပေးအပ်ခံရတဲ့အခါ လိုလိုလားလား ပူးပေါင်းလုပ်ဆောင်ပြီး ပျော်ရွှင်ရောင့်ရဲတတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ ဦးဆောင်နေသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်အောင် အခုကတည်းက သင်ယူထားမယ်ဆိုရင် ကမ္ဘာသစ်မှာလည်း အဲဒီလိုလုပ်ဆောင်တတ်ပါလိမ့်မယ်။ (ဟေဗြဲ ၁၃:၁၇ ကိုဖတ်ပါ။) အစ္စရေးတွေ ကတိထားရာပြည်ထဲရောက်တဲ့အခါ သူတို့နေထိုင်ရမယ့်နေရာတွေကို မဲချပြီး ခွဲဝေသတ်မှတ်ပေးတယ်။ (တော. ၂၆:၅၂-၅၆; ယောရှု ၁၄:၁၊ ၂) ကမ္ဘာသစ်မှာလည်း ကျွန်တော်တို့တစ်ယောက်စီကို ဘယ်နေရာမှာနေဖို့ သတ်မှတ်ပေးမယ်ဆိုတာ မသိပေမဲ့ ပူးပေါင်းလုပ်ဆောင်တတ်အောင် သင်ယူထားမယ်ဆိုရင် ဘယ်မှာပဲနေရနေရ ယေဟောဝါရဲ့အလိုတော် ထမ်းဆောင်ရတာကို ပျော်ရွှင်ပါလိမ့်မယ်။

နိုင်ငံတော်အုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ နေထိုင်ခွင့်ရတာ အခွင့်ထူးပဲ။ ဒါကြောင့် အခုကတည်းက ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တတ်အောင်၊ ဘယ်တာဝန်ပဲရရ လုပ်ဆောင်တတ်အောင် ကြိုးစားသင့်တယ်။ ဒါပေမဲ့ တစ်ခါတလေ အလုပ်တာဝန်တွေ ပြောင်းလဲသွားနိုင်တယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုက ဗေသလအိမ်သားတချို့ဟာ လယ်ကွင်းမှာအမှုဆောင်ဖို့ ပြန်တာဝန်ရကြတယ်။ နယ်လှည့်ကြီးကြပ်မှူးတချို့လည်း အသက်အရွယ်ကြောင့်ဖြစ်စေ၊ တခြားအခြေအနေတွေကြောင့်ဖြစ်စေ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ တာဝန်ရကြတယ်။ တာဝန်အသစ်မှာ သူတို့ပျော်ရွှင်နေပြီး ယေဟောဝါလည်း ကောင်းချီးပေးနေတယ်။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့အကူအညီအတွက် ဆုတောင်းမယ်၊ အတတ်နိုင်ဆုံး အမှုဆောင်မယ်၊ ဘယ်တာ၀န်ပဲရရ ရောင့်ရဲတတ်အောင် သင်ယူမယ်ဆိုရင် ပျော်ရွှင်နေမှာဖြစ်ပြီး ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ (သုတ္တံ ၁၀:၂၂ ကိုဖတ်ပါ။) ကမ္ဘာသစ်မှာ ကိုယ်နေချင်တာက တစ်နေရာဖြစ်ပေမဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းက တခြားနေရာကိုပြောင်းဖို့ ပြောလာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်မှာ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတာ အရေးမကြီးတော့ဘူး။ ကမ္ဘာသစ်မှာနေရတာကိုပဲ ပျော်ရွှင်ကျေနပ်ပြီး ကျေးဇူးတင်နေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—နေ. ၈:၁၀

၉၊ ၁၀။ (က) ကမ္ဘာသစ်မှာ စိတ်ရှည်မှုတင်ပြဖို့ ဘာကြောင့် လိုအပ်နိုင်သလဲ။ (ခ) စိတ်ရှည်ကြောင်း အခုချိန်မှာ ဘယ်လိုပြနိုင်သလဲ။

ကမ္ဘာသစ်မှာ စိတ်ရှည်မှုပြဖို့ လိုအပ်တဲ့အခါတွေ ရှိနိုင်တယ်။ ဥပမာ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ထမြောက်လာတာကို ကြိုဆိုရလို့ လူတချို့ သိပ်ဝမ်းသာနေတာကို သင် ကြားမိနိုင်တယ်။ ဒါပေမဲ့ သင် ချစ်မြတ်နိုးရသူတွေတော့ မထမြောက်လာသေးဘူး။ အဲဒီအခါမျိုးမှာ တခြားသူတွေနဲ့အတူ သင် ဝမ်းမြောက်နိုင်မလား။ စိတ်ရှည်နိုင်မလား။ (ရော. ၁၂:၁၅) ယေဟောဝါရဲ့ ကတိတွေပြည့်စုံလာမယ့်အချိန်ကို စိတ်ရှည်ရှည်စောင့်မျှော်တတ်အောင် အခုကတည်းက သင်ယူထားမယ်ဆိုရင် အဲဒီအချိန်မှာလည်း စိတ်ရှည်နိုင်ပါလိမ့်မယ်။—ဒေ. ၇:၈

၁၀ ကျမ်းစာအမှန်တရားနဲ့ပတ်သက်တဲ့ နားလည်မှုတွေ ပြောင်းလဲချိန်မှာ စိတ်ရှည်ခြင်းအားဖြင့်လည်း ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နိုင်တယ်။ အကြောင်းအရာအသစ်ကို လေ့လာပြီး အပြည့်အဝ နားမလည်ရင်တောင် စိတ်ရှည်မှုတင်ပြသလား။ အဲဒီလိုတင်ပြတယ်ဆိုရင် ကမ္ဘာသစ်မှာလည်း ယေဟောဝါဆီက ညွှန်ကြားချက်အသစ်တွေရတိုင်း စိတ်ရှည်ဖို့ လွယ်ကူပါလိမ့်မယ်။—သု. ၄:၁၈; ယော. ၁၆:၁၂

၁၁။ တခြားသူတွေကို ခွင့်လွှတ်တတ်အောင် အခုကတည်းက ဘာကြောင့် သင်ယူထားသင့်သလဲ။ အဲဒီလိုသင်ယူထားခြင်းက ကမ္ဘာသစ်မှာ ဘယ်လိုအကျိုးပြုမလဲ။

၁၁ ကမ္ဘာသစ်အတွက် ပြင်ဆင်နိုင်တဲ့ နောက်တစ်နည်းကတော့ ခွင့်လွှတ်တတ်အောင် သင်ယူခြင်းဖြစ်တယ်။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်းမှာ လူတိုင်း စုံလင်လာဖို့ အချိန်အတော်အတန် ကြာလိမ့်မယ်။ (တ. ၂၄:၁၅) အဲဒီအချိန်မှာ အချင်းချင်းကို မေတ္တာပါပါ ခွင့်လွှတ်ကြမလား။ တခြားသူတွေကို ခွင့်လွှတ်တတ်အောင်၊ သူတို့နဲ့ ဆက်ဆံရေးကောင်းရှိအောင် အခုကတည်းက သင်ယူထားမယ်ဆိုရင် ကမ္ဘာသစ်မှာ အဲဒီလိုလုပ်ဆောင်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။ကောလောသဲ ၃:၁၂–၁၄ ကိုဖတ်ပါ။

အခုကတည်းက ယေဟောဝါ သင်ပေးနေတဲ့ အရည်အသွေးတွေကိုပဲ ကမ္ဘာသစ်မှာလည်း လိုအပ်ပါလိမ့်မယ်

၁၂။ ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ဘာကြောင့် ပြင်ဆင်သင့်သလဲ။

၁၂ ကမ္ဘာသစ်မှာ ကိုယ်လိုချင်တာကို အမြဲရချင်မှရမယ်။ တစ်ခါတလေ စောင့်ရတာမျိုးလည်း ရှိနိုင်တယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျေးဇူးတင်ရောင့်ရဲတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်တော့ အခုကတည်းက ယေဟောဝါ သင်ပေးနေတဲ့ အရည်အသွေးတွေကိုပဲ အဲဒီအချိန်မှာလည်း လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် အဲဒီအရည်အသွေးတွေ မွေးမြူနိုင်ဖို့ အခုကတည်းက သင်ယူခြင်းအားဖြင့် ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နေကြောင်း၊ ကမ္ဘာသစ်ရောက်လာမှာကို တကယ်ယုံကြည်ကြောင်း တင်ပြနိုင်တယ်။ (ဟေဗြဲ ၂:၅; ၁၁:၁) အဲဒီအပြင် ယေဟောဝါကို လူတိုင်းနာခံမယ့် ကမ္ဘာသစ်မှာ အမှန်တကယ်နေချင်ကြောင်းလည်း တင်ပြနိုင်တယ်။

ယေဟောဝါရဲ့ လုပ်ငန်းကို အာရုံစိုက်ပါ

ဇွဲထက်သန်စွာ သတင်းကောင်းဟောပြောပါ

၁၃။ ကမ္ဘာသစ်မှာ ဘာကို အဓိကဦးစားထားမလဲ။

၁၃ ကမ္ဘာသစ်မှာ ဘဝကိုပျော်မွေ့ဖို့ လိုအပ်တာမှန်သမျှ ရရှိပါလိမ့်မယ်။ ဒါပေမဲ့ အကြီးမားဆုံးပျော်ရွှင်မှုကိုတော့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခြင်းကနေ ရရှိပါလိမ့်မယ်။ (မ. ၅:၃) ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ လုပ်ငန်းကို အဓိကဦးစားထားပြီး ကိုယ်တော့်အမှုဆောင်ခြင်းကနေ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ (ဆာ. ၃၇:၄) ဒါကြောင့် အခုကတည်းက ဘဝမှာ ယေဟောဝါကို ဦးစားထားမယ်ဆိုရင် ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နေရာရောက်တယ်။မဿဲ ၆:၁၉–၂၁ ကိုဖတ်ပါ။

၁၄။ လူငယ်တွေအနေနဲ့ ယေဟောဝါရဲ့လုပ်ငန်းမှာ ဘယ်ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

၁၄ ယေဟောဝါရဲ့လုပ်ငန်းမှာ ပိုပျော်မွေ့လာအောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ တစ်နည်းကတော့ ပန်းတိုင်တွေ ချမှတ်ခြင်းဖြစ်တယ်။ သင်ဟာ လူငယ်ဖြစ်တယ်ဆိုရင် သင့်အသက်တာကို ယေဟောဝါရဲ့လုပ်ငန်းမှာ အသုံးပြုဖို့ အလေးအနက် စဉ်းစားပါ။ အချိန်ပြည့်လုပ်ငန်းအမျိုးမျိုးနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ရှာဖွေလေ့လာပါ။ အဲဒီလုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်ဖို့ ပန်းတိုင်ထားပါ။ * အချိန်ပြည့်လုပ်ငန်းမှာ နှစ်ပေါင်းများစွာ ပါဝင်လာသူတချို့နဲ့ စကားပြောကြည့်ပါ။ သင့်အသက်တာကို ယေဟောဝါရဲ့လုပ်ငန်းမှာ အသုံးပြုမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ လေ့ကျင့်မှုကို ရရှိပါလိမ့်မယ်။ အဲဒီလေ့ကျင့်မှုက ကမ္ဘာသစ်မှာ ယေဟောဝါကို အမှုဆောင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

ယေဟောဝါရဲ့လုပ်ငန်းမှာ ပန်းတိုင်တွေ ချမှတ်ပါ

၁၅။ ယေဟောဝါရဲ့လုပ်ငန်းမှာ တခြားဘယ်ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

၁၅ ယေဟောဝါရဲ့လုပ်ငန်းမှာ ချမှတ်နိုင်တဲ့ ပန်းတိုင်အများကြီးရှိတယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းရဲ့ ကဏ္ဍတစ်မျိုးမျိုးမှာ ပိုကျွမ်းကျင်လာအောင် ပန်းတိုင်ထားနိုင်တယ်။ ကျမ်းစာမူတွေနဲ့ လက်တွေ့ကျင့်သုံးနိုင်ပုံကို ပိုနားလည်လာအောင် ကြိုးစားနိုင်တယ်။ အစည်းအဝေးတွေမှာ လူထုရှေ့ဖတ်ရှုတဲ့၊ ဟောပြောချက်ပေးတဲ့၊ မှတ်ချက်ပေးတဲ့ စွမ်းရည်တွေ တိုးတက်လာအောင် လုပ်ဆောင်နိုင်တယ်။ အဲဒီလိုပန်းတိုင်တွေ ချမှတ်ခြင်းက ယေဟောဝါရဲ့လုပ်ငန်းမှာ ဇွဲထက်သန်နေဖို့၊ ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

အခုချိန်မှာ အကောင်းဆုံးဘဝလမ်းစဉ်

ယေဟောဝါပေးထားတဲ့အရာအားလုံးအတွက် ကျေးဇူးတင်ပါ

၁၆။ ယေဟောဝါရဲ့အမှုဆောင်ခြင်းဟာ ဘာကြောင့် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်သလဲ။

၁၆ ကမ္ဘာသစ်အသက်တာအတွက် ပြင်ဆင်ဖို့ အချိန်ပေးနေလို့ ဒီလောကမှာ တစ်ခုခုများ ဆုံးရှုံးနေသလား။ မဆုံးရှုံးပါဘူး။ ယေဟောဝါရဲ့အမှုဆောင်ခြင်းဟာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်တယ်။ တစ်ယောက်ယောက် တိုက်တွန်းလို့ ဒါမှမဟုတ် ကြီးစွာသောဒုက္ခကို ကပ်ကျော်ဖို့လောက်ပဲ ကိုယ်တော့်အမှုဆောင်တာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝက ပိုတိုးတက်ကောင်းမွန်လာပြီး ပိုပျော်ရွှင်ပါလိမ့်မယ်။ အဲဒီလိုအသက်ရှင်ဖို့ပဲ ကျွန်တော်တို့ကို ယေဟောဝါ ပုံစံပြုထားတယ်။ ဘဝမှာ ဘုရားသခင့်မေတ္တာနဲ့ လမ်းညွှန်မှုရရှိခြင်းထက် ပိုကောင်းတာ ဘာမှမရှိဘူး။ (ဆာလံ ၆၃:၁–၃ ကိုဖတ်ပါ။) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုခြင်းအားဖြင့် အခုကတည်းက ပျော်ရွှင်မှုခံစားနိုင်တယ်။ ယေဟောဝါရဲ့အမှုဆောင်ခြင်းဟာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်မှန်း နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သူတွေ သိရှိခံစားနေကြတယ်။—ဆာ. ၁:၁-၃; ဟေရှာ. ၅၈:၁၃၊ ၁၄

ကျမ်းစာလမ်းညွှန်ချက်ကို ရှာဖွေပါ

၁၇။ ကိုယ်ဝါသနာပါရာတွေ၊ အပန်းဖြေမှုတွေက ပရဒိသုမှာ ဘယ်လောက်အရေးကြီးမလဲ။

၁၇ ပရဒိသုမှာ ကိုယ်ဝါသနာပါရာတွေ၊ အပန်းဖြေမှုတွေအတွက်လည်း အချိန်ရရှိပါလိမ့်မယ်။ တကယ်တော့ ယေဟောဝါက ကျွန်တော်တို့စိတ်ထဲ ဘဝကိုပျော်မွေ့ချင်တဲ့ဆန္ဒ ထည့်သွင်းဖန်ဆင်းထားတယ်။ ‘သက်ရှိအားလုံးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေး’ မယ်လို့လည်း ကတိပေးထားတယ်။ (ဆာ. ၁၄၅:၁၆ကဘ; ဒေ. ၂:၂၄) ကျွန်တော်တို့ အနားယူအပန်းဖြေဖို့ လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါကို ဦးစားထားတဲ့အခါ အဲဒီအနားယူအပန်းဖြေခြင်းကနေ ပျော်ရွှင်မှု ပိုခံစားရတယ်။ ကမ္ဘာသစ်မှာလည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ‘နိုင်ငံတော်ကို ဦးစွာရှာနေ’ ပြီး ယေဟောဝါရဲ့အမှုဆောင်ခြင်းကနေ ရရှိတဲ့ကောင်းချီးတွေကို အာရုံစိုက်ခြင်းဟာ ပညာရှိလမ်းစဉ်ပဲ။—မ. ၆:၃၃

ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝက ပိုတိုးတက်ကောင်းမွန်လာပြီး ပိုပျော်ရွှင်ပါလိမ့်မယ်

၁၈။ ပရဒိသုမှာ ထာဝစဉ်နေထိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ဘယ်လိုတင်ပြနိုင်သလဲ။

၁၈ ကမ္ဘာသစ်အသက်တာဟာ ကိုယ်စိတ်ကူးယဉ်နိုင်တာထက် များစွာသာလွန်ပါလိမ့်မယ်။ ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ပြင်ဆင်ခြင်းအားဖြင့် အဲဒီမှာနေထိုင်ချင်စိတ် ဘယ်လောက်ပြင်းပြတယ်ဆိုတာ တင်ပြကြပါစို့။ ယေဟောဝါ သင်ပေးနေတဲ့ အရည်အသွေးတွေကို တင်ပြပြီး ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာ ပါဝင်ကြပါစို့။ ဘဝမှာ ယေဟောဝါကို ဦးစားထားခြင်းအားဖြင့် ပျော်ရွှင်မှု ခံစားကြပါစို့။ ကမ္ဘာသစ်မှာ ယေဟောဝါဟာ သူကတိပေးထားတာမှန်သမျှကို လုပ်ဆောင်ပေးမယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်စိတ်ချတယ်။ ဒါကြောင့် ကမ္ဘာသစ်မှာ ရောက်နေတဲ့ပုံစံမျိုး အခုကတည်းက အသက်ရှင်နေထိုင်ကြပါစို့။

^ စာပိုဒ်၊ 14 လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂ စာမျက်နှာ ၃၁၁-၃၁၈ [လိပ်] ကိုကြည့်ပါ။