မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ တည်မြဲတဲ့မေတ္တာအကြောင်း တွေးတောဆင်ခြင်ပါ

ယေဟောဝါရဲ့ တည်မြဲတဲ့မေတ္တာအကြောင်း တွေးတောဆင်ခြင်ပါ

‘ပြုတော်မူသမျှတို့ကို ဆင်ခြင်ပါမည်။’—ဆာ. ၇၇:၁၂

သီချင်း– ၁၈၊ ၆၁

၁၊ ၂။ (က) မိမိရဲ့လူတွေကို ယေဟောဝါ ချစ်တယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချသလဲ။ (ခ) လူသားတွေဟာ ဘယ်လိုအပ်ချက်နဲ့ ဖန်ဆင်းခံထားရသလဲ။

မိမိရဲ့လူတွေကို ယေဟောဝါချစ်တယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချသလဲ။ အဲဒီမေးခွန်းကို မဖြေခင် ဒီဥပမာတွေကို သုံးသပ်ကြည့်ပါ။ တေလင်းလို့ခေါ်တဲ့ ညီအစ်မကို ညီအစ်ကိုညီအစ်မတွေ နှစ်ပေါင်းများစွာ ကြင်ကြင်နာနာ အားပေးခဲ့တယ်။ မျှတမှုရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် တရားလွန်မတောင်းဆိုဖို့ အားပေးခဲ့တယ်။ “ယေဟောဝါသာ ကျွန်မကို မချစ်ဘူးဆိုရင် ဒီလောက်စွဲစွဲမြဲမြဲ သွန်သင်ဆုံးမမှာမဟုတ်ဘူး” လို့ သူပြောတယ်။ ခင်ပွန်း သေဆုံးပြီးနောက် သားသမီးနှစ်ယောက်ကို တစ်ကိုယ်တည်း ထိန်းကျောင်းခဲ့ရတဲ့ ဘရစ်ဂျစ် အခုလိုပြောတယ်– “စာတန့်လောကမှာ အထူးသဖြင့် ကြင်ဖော်မဲ့မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ အခက်ခဲဆုံး အလုပ်တစ်ခုပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့မေတ္တာကို ကျွန်မ ယုံကြည်စိတ်ချတယ်။ မျက်ရည်ကျပြီး နာကျင်ကြေကွဲခဲ့ရတဲ့ အချိန်တစ်လျှောက် ကိုယ်တော် ကျွန်မကို လမ်းညွှန်ပေးတယ်။ ကျွန်မ မခံနိုင်တဲ့အရာကို ကိုယ်တော် ဘယ်တော့မှ ခွင့်မပြုဘူး။” (၁ ကော. ၁၀:၁၃) စန်ဒရာဟာ ကုသလို့မရနိုင်တဲ့ရောဂါ ခံစားနေရတယ်။ ခရိုင်စည်းဝေးတစ်ခုမှာ ညီအစ်မတစ်ယောက်က စန်ဒရာကို စိတ်ဝင်တစား လာစကားပြောတယ်။ စန်ဒရာရဲ့ခင်ပွန်း အခုလိုပြောတယ်– “သူ့ကို ကျွန်တော်တို့ မသိပေမဲ့ ကျွန်တော်တို့အတွက် စိုးရိမ်ပေးလို့ သိပ်စိတ်ထိမိတယ်။ ညီအစ်ကိုညီအစ်မတွေပြတဲ့ မေတ္တာလုပ်ရပ်သေးသေးလေးကတောင် ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက်ချစ်တယ်ဆိုတာ ဖော်ပြတယ်။”

လူသားတွေဟာ မေတ္တာပြချင်တဲ့၊ မေတ္တာခံယူချင်တဲ့ လိုအပ်ချက်နဲ့ ဖန်ဆင်းခံထားရတယ်။ ဒါပေမဲ့ ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာ ဒါမှမဟုတ် အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှုမရတာတွေကြောင့် အဲဒီလိုအပ်ချက် မပြည့်ဝတဲ့အခါ အလွယ်တကူ စိတ်ဓာတ်ကျမိနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ မချစ်တော့ဘူးလို့ စတင်ခံစားလာရတဲ့အခါ ဒီအချက်တွေကို သတိရသင့်တယ်– ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် တန်ဖိုးရှိသူတွေဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ညာလက်ကိုကိုင်ပြီး ကူညီပေးဖို့ ကိုယ်တော်အဆင်သင့်ရှိနေတယ်။ ကျွန်တော်တို့သာ သစ္စာရှိမယ်ဆိုရင် ကျွန်တော်တို့ကို ကိုယ်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။—ဟေရှာ. ၄၁:၁၃; ၄၉:၁၅

၃။ ယေဟောဝါရဲ့ တည်မြဲတဲ့မေတ္တာအပေါ် ယုံကြည်စိတ်ချမှု ဘယ်လိုတိုးများလာနိုင်သလဲ။

အထက်မှာဖော်ပြခဲ့တဲ့ သက်သေခံတွေဟာ ဒုက္ခရောက်ချိန်တစ်လျှောက် သူတို့နဲ့အတူ ဘုရားသခင်ရှိနေတယ်ဆိုတာကို ယုံကြည်စိတ်ချကြတယ်။ ကျွန်တော်တို့လည်းအဲဒီလိုယုံကြည်စိတ်ချနိုင်တယ်။ (ဆာ. ၁၁၈:၆၊ ၇) ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ ဖော်ပြတဲ့ ဆုကျေးဇူးလေးခုအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အဲဒါတွေကတော့ (၁) ဖန်ဆင်းခြင်းလက်ရာ၊ (၂) ကျမ်းစာ၊ (၃) ဆုတောင်းခြင်း၊ (၄) ရွေးနုတ်ဖိုးတို့ဖြစ်တယ်။ ယေဟောဝါလုပ်ပေးထားတဲ့ ကောင်းမွန်တဲ့အရာတွေအကြောင်း တွေးတောဆင်ခြင်ခြင်းက ကိုယ်တော်ရဲ့ တည်မြဲတဲ့မေတ္တာအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများစေနိုင်တယ်။ဆာလံ ၇၇:၁၁၊ ၁၂ ကိုဖတ်ပါ။

ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေအကြောင်း တွေးတောဆင်ခြင်ပါ

၄။ ယေဟောဝါရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကနေ ဘာသိရှိရသလဲ။

ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ကြည့်တဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တယ်။ (ရော. ၁:၂၀) ဥပမာ၊ ကမ္ဘာကို ယေဟောဝါ ဒီဇိုင်းဆွဲထားပုံက ကျွန်တော်တို့ အသက်ရှင်နေနိုင်ရုံလောက်သာ မဟုတ်ဘူး။ ဘဝကို ပျော်မွေ့နိုင်ဖို့ လိုအပ်တာမှန်သမျှကို ကိုယ်တော် ပြုလုပ်ပေးထားတယ်။ ကျွန်တော်တို့ အစာစားဖို့ လိုအပ်တယ်။ ဒါပေမဲ့ အစားအစာအမျိုးမျိုးကို ယေဟောဝါ ဖန်ဆင်းပေးထားတဲ့အတွက် အစာစားရတာကို လူတိုင်းခုံမင်တယ်။ (ဒေ. ၉:၇) ကက်သရင်းဆိုတဲ့ ညီအစ်မတစ်ယောက်က ဖန်ဆင်းရာတွေကို ကြည့်ရှုရတာ သိပ်နှစ်သက်တယ်။ အထူးသဖြင့် ကနေဒါရဲ့ နွေဦးပိုင်းမှာဖြစ်တယ်။ သူ အခုလိုပြောတယ်– “အရာအားလုံး ပြန်သက်ဝင်လှုပ်ရှားလာပုံက တော်တော်အံ့သြစရာကောင်းတယ်။ ပန်းတွေ ပွင့်လာတယ်။ ငှက်တွေ နေရင်းအရပ်ကို ပြန်လာတယ်။ ငှက်ပိတုန်းလေးကတောင် ကျွန်မရဲ့ မီးဖိုချောင်အပြင်မှာ ချိတ်ထားတဲ့ ငှက်အိမ်လေးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတယ်။ ဒီလောက် ပျော်ရွှင်ကြည်နူးနိုင်အောင် ပြုလုပ်ပေးထားတာ ကျွန်မတို့ကို ယေဟောဝါချစ်လို့ပေါ့။” ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင်ဟာ သူ့ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေကို ချစ်မြတ်နိုးတယ်။ ကျွန်တော်တို့ကိုလည်း အဲဒီလက်ရာတွေကို ပျော်မွေ့ခံစားစေချင်တယ်။—တ. ၁၄:၁၆၊ ၁၇

ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ကြည့်တဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်တယ်

၅။ လူသားတွေကို ဖန်ဆင်းထားပုံမှာ ယေဟောဝါရဲ့မေတ္တာ ဘယ်လိုပေါ်လွင်ထင်ရှားသလဲ။

ယေဟောဝါဟာ ကျွန်တော်တို့ကို အဓိပ္ပာယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်စွမ်းရှိအောင် ဖန်ဆင်းထားတယ်။ အဲဒီအလုပ်တွေက ဘဝကို ပိုပျော်ရွှင်ကျေနပ်စေတယ်။ (ဒေ. ၂:၂၄) မြေကြီးကို လူတွေနဲ့ပြည့်စေဖို့၊ ပြုစုစောင့်ရှောက်ဖို့၊ တိရစ္ဆာန်တွေကို အုပ်စိုးဖို့ လူသားတွေကို ဘုရားသခင်တာ၀န် ပေးထားတယ်။ (က. ၁:၂၆-၂၈) သူ့ကို တုပနိုင်တဲ့အရည်အသွေးတွေကိုလည်း ပေးထားတယ်။—ဧ. ၅:၁

ဘုရားသခင့်နှုတ်မြွက်တော် တန်ဖိုးရှိ

၆။ ဘုရားသခင့်နှုတ်မြွက်တော်ကျမ်းစာကို ဘာကြောင့် တွေးတောဆင်ခြင်သင့်သလဲ။

ယေဟောဝါက ကျွန်တော်တို့ကို ချစ်လွန်းလို့ ကျမ်းစာပေးထားတယ်။ ကိုယ်တော့်အကြောင်း၊ လူသားတွေအပေါ်ထားတဲ့ သဘောထားအကြောင်း သိသင့်သိထိုက်တာတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ မကြာခဏ ပုန်ကန်တဲ့ အစ္စရေးလူတွေကို ဘုရားသခင် ဘယ်လိုသဘောထားတယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဆာလံ ၇၈:၃၈ (ကဘ) မှာ အခုလိုပြောတယ်– ‘ဘုရားက ကရုဏာထားတယ်။ သူတို့ကို မဖျက်ဆီးဘဲ အမှားတွေကို ခွင့်လွှတ်ပေးတယ်။ ဒေါသကို မပေါက်ကွဲစေဘဲ အကြိမ်ကြိမ် ထိန်းချုပ်ခဲ့တယ်။’ အဲဒီအခန်းငယ်ကို တွေးတောဆင်ခြင်ခြင်းက သင့်ကို ယေဟောဝါ ဘယ်လောက်ချစ်ပြီး ဂရုစိုက်တယ်ဆိုတာ သိမြင်စေနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။၁ ပေတရု ၅:၆၊ ၇ ကိုဖတ်ပါ။

ကိုယ်တော့်အကြောင်း၊ လူသားတွေအပေါ်ထားတဲ့ သဘောထားအကြောင်း သိသင့်သိထိုက်တာတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်

၇။ ကျမ်းစာကို ဘာကြောင့် တန်ဖိုးထားသင့်သလဲ။

ကျမ်းစာကို သိပ်တန်ဖိုးထားသင့်တယ်။ အကြောင်းကတော့ ကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို ယေဟောဝါ စကားပြောလို့ပဲ။ မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းတဲ့ ပြောဆိုဆက်သွယ်မှုရှိမယ်ဆိုရင် အချင်းချင်းပေါ်ထားတဲ့ မေတ္တာနဲ့ ယုံကြည်မှု တိုးများလာမယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖခင်ဖြစ်တယ်။ ကိုယ်တော့်ကို တစ်ခါမှမမြင်ဖူး၊ အသံလည်း မကြားဖူးပေမဲ့ ကျမ်းစာကတစ်ဆင့် ကိုယ်တော်စကားပြောတယ်။ အဲဒါကို နားထောင်ဖို့လိုအပ်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ကျမ်းစာဖတ်တဲ့အခါ ကျွန်တော်တို့ကို ကာကွယ်လမ်းပြပေးတဲ့ ယေဟောဝါအကြောင်း သိလာပြီး ယုံကြည်ကိုးစားလာမယ်။ဆာလံ ၁၉:၇–၁၁ နဲ့ သုတ္တံ ၁:၃၃ တို့ကိုဖတ်ပါ။

ယောရှဖတ်ကို ယေဟု ဆုံးမခဲ့ပေမဲ့ သူ့ရဲ့ ‘ကောင်းကွက်’ တွေကို ယေဟောဝါမြင် (အပိုဒ် ၈၊ ၉ ကိုကြည့်ပါ)

၈၊ ၉။ ယေဟောဝါက ကျွန်တော်တို့ကို ဘာနားလည်စေချင်သလဲ။ ကျမ်းစာထဲက ဥပမာတစ်ခုဖော်ပြပါ။

ယေဟောဝါက မိမိဟာ ဘယ်လိုဘုရားမျိုးဖြစ်မှန်း ကျွန်တော်တို့ကို နားလည်စေချင်တယ်။ ကျွန်တော်တို့ကိုချစ်မှန်း၊ မစုံလင်မှုတွေကို ကျော်ကြည့်မှန်း နားလည်စေချင်တယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ကောင်းကွက်တွေကို ရှာဖွေတယ်။ (၆ ရာ. ၁၆:၉) ဥပမာ၊ ယုဒဘုရင် ယောရှဖတ်ရဲ့ ကောင်းကွက်ကို ယေဟောဝါ မြင်ခဲ့တယ်။ ယောရှဖတ်ဟာ အစ္စရေးဘုရင် အာဟပ်ကို စစ်ကူပြီး ဂိလဒ်ပြည်ရာမုတ်မြို့မှာ ရှုရိလူတွေကိုတိုက်ဖို့ မိုက်မိုက်မဲမဲ ဆုံးဖြတ်ခဲ့တယ်။ မင်းဆိုးအာဟပ်ရဲ့ ပရောဖက်အတုအယောင် ၄၀၀ ဟာ စစ်နိုင်မယ်လို့ ပြောပေမဲ့ ယေဟောဝါရဲ့ပရောဖက် မိက္ခာကတော့ စစ်ရှုံးမယ်လို့ ကြိုဟောတယ်။ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ စစ်ပွဲမှာ အာဟပ်သေဆုံးပြီး ယောရှဖတ်ကတော့ သီသီလေး လွတ်မြောက်သွားတယ်။ ဂျေရုဆလင်ကို ပြန်ရောက်တဲ့အခါ ယောရှဖတ်ကို ဆုံးမဖို့ ယေဟုကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ‘မင်းကြီးရဲ့ကောင်းကွက်တွေကို ဘုရားသခင် မြင်ပါတယ်’ လို့ ယေဟု ပြောခဲ့တယ်။—၆ ရာ. ၁၈:၄၊ ၅၊ ၁၈-၂၂၊ ၃၃၊ ၃၄; ၁၉:၁-၃ကဘ။

အစောပိုင်းနှစ်တွေတုန်းက ယောရှဖတ်ဟာ မှူးမတ်တွေ၊ လေဝိသားတွေ၊ ယဇ်ပုရောဟိတ်တွေကို ယုဒမြို့တွေဆီ စေလွှတ်ပြီး ယေဟောဝါရဲ့ပညတ်ကို သွန်သင်စေခဲ့တယ်။ ယုဒပြည်ဝန်းကျင်မှာရှိတဲ့ လူမျိုးခြားတွေတောင် ယေဟောဝါအကြောင်း သိလာတဲ့အထိ အောင်မြင်မှုရခဲ့တယ်။ (၆ ရာ. ၁၇:၃-၁၀) ဒါကြောင့် နောက်ပိုင်းမှာ ယောရှဖတ်ရဲ့ဆုံးဖြတ်ချက် မှားခဲ့ပေမဲ့ အစပိုင်းမှာလုပ်ထားတဲ့ ကောင်းမှုတွေကို ယေဟောဝါ မမေ့ခဲ့ဘူး။ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အားယူနိုင်ပါတယ်။ မစုံလင်မှုကြောင့် အမှားတွေလုပ်မိပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ကို ကိုယ်တော်ဆက်ချစ်နေပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ကိုယ်တော်မေ့မှာမဟုတ်ဘူး။

ဆုတောင်းခြင်းအခွင့်ထူးကို တန်ဖိုးထားပါ

၁၀၊ ၁၁။ (က) ဆုတောင်းခြင်းဟာ ဘာကြောင့် ယေဟောဝါဆီကလာတဲ့ အထူးဆုကျေးဇူးဖြစ်သလဲ။ (ခ) ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘယ်လိုနည်းတွေနဲ့ အဖြေပေးနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၀ မေတ္တာရှိတဲ့ဖခင်ဟာ သားသမီးတွေ စကားပြောချင်တဲ့အခါ အချိန်ပေးနားထောင်တယ်။ သူတို့ကို သိပ်ဂရုစိုက်တဲ့အတွက် သူတို့ရဲ့ခံစားချက်ကို သိချင်တယ်။ မေတ္တာရှင်ဖခင် ယေဟောဝါလည်း အဲဒီလိုပဲ။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါ နားထောင်ပေးတယ်။ ကောင်းကင်ဖခင်နဲ့ စကားပြောခွင့်ရတာ တကယ့်အခွင့်ထူးပါပဲ။

ကျွန်တော်တို့ကို ဘယ်သူမှနားမလည်ရင်တောင် ယေဟောဝါ နားလည်ပေးတယ်။ အနူးအညွတ်တောင်းဆိုတာတွေကို နားထောင်ပေးတယ်

၁၁ ယေဟောဝါဆီ အချိန်အခါမရွေး ဆုတောင်းနိုင်တယ်။ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်ပြီး ဆုတောင်းချက်တွေကို နားထောင်ဖို့ အမြဲအသင့်ရှိတယ်။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မတေလင်းက “ယေဟောဝါကို ဘာမဆို အကုန်ပြောပြနိုင်တယ်” လို့ပြောတယ်။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတဲ့အခါ ကိုယ်တော်က ကျမ်းချက်တစ်ချက်၊ ဆောင်းပါးတစ်ပုဒ် ဒါမှမဟုတ် ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်ရဲ့ အားပေးမှုကတစ်ဆင့် အဖြေပေးနိုင်တယ်။ ကျွန်တော်တို့ကို ဘယ်သူမှနားမလည်ရင်တောင် ယေဟောဝါ နားလည်ပေးတယ်။ အနူးအညွတ်တောင်းဆိုတာတွေကို နားထောင်ပေးတယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်တော် အဖြေပေးတာက ကိုယ်တော်ရဲ့ တည်မြဲတဲ့မေတ္တာကို သက်သေထူတယ်။

၁၂။ ကျမ်းစာမှာပါတဲ့ ဆုတောင်းချက်တွေကို ဘာကြောင့် လေ့လာသင့်သလဲ။ ဥပမာပေးပါ။

၁၂ ကျမ်းစာမှာပါတဲ့ ဆုတောင်းချက်တွေကနေ အရေးကြီးသင်ခန်းစာတွေ သင်ယူနိုင်တယ်။ တစ်ခါတလေ မိသားစုဝတ်ပြုမှုမှာ အဲဒီဆုတောင်းချက်တချို့ကို လေ့လာနိုင်တယ်။ ဘုရားသခင့် ရှေးခေတ်ကျေးကျွန်တွေရဲ့ ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းအရည်အသွေး တိုးတက်လာပါလိမ့်မယ်။ ဥပမာ၊ ငါးကြီးဗိုက်ထဲကနေ ယောန ဘယ်လိုဆုတောင်းခဲ့တယ်ဆိုတာ လေ့လာကြည့်ပါ။ (ယောန ၁:၁၇–၂:၁၀) ဗိမာန်တော်အပ်နှံပွဲမှာ ယေဟောဝါဆီ ရှောလမုန် ဆုတောင်းခဲ့တာကို သုံးသပ်ကြည့်ပါ။ (၃ ရာ. ၈:၂၂-၅၃) ယေရှုရဲ့ နမူနာဆုတောင်းချက်ကို တွေးတောဆင်ခြင်ပါ။ (မ. ၆:၉-၁၃) အရေးကြီးဆုံးကတော့ ‘ကိုယ်အသနားခံလိုသောအရာများကို ဘုရားသခင်ဆီ’ ပုံမှန် “ကြားလျှောက်” ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ‘စဉ်းစားလို့မမီနိုင်တဲ့ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟာ သင့်ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ကို စောင့်ရှောက်လိမ့်မယ်။’ ယေဟောဝါရဲ့ တည်မြဲတဲ့မေတ္တာအပေါ် ကျေးဇူးတင်စိတ် တိုးများလာပါလိမ့်မယ်။—ဖိ. ၄:၆၊ ၇

ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြပါ

၁၃။ ရွေးနုတ်ဖိုးကြောင့် ဘယ်အခွင့်အရေး ရရှိသလဲ။

၁၃ ကျွန်တော်တို့ “အသက်ရ” စေဖို့ ရွေးနုတ်ဖိုးဆုကျေးဇူးကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ (၁ ယော. ၄:၉) ဘုရားသခင်ရဲ့ ဒီအကြီးမားဆုံး မေတ္တာလုပ်ရပ်နဲ့ပတ်သက်ပြီး တမန်တော်ပေါလု အခုလိုရေးတယ်– “ခရစ်တော်သည် သတ်မှတ်ထားချိန်တွင် ဘုရားတရားမဲ့သူတို့အတွက် အသေခံတော်မူ၏။ ဖြောင့်မတ်သူတစ်ဦးအတွက် အသေခံမည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်မူ အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။ သို့ရာတွင် ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏။” (ရော. ၅:၆-၈) ရွေးနုတ်ဖိုးဟာ ဘုရားသခင်ရဲ့ အကြီးမားဆုံးမေတ္တာလုပ်ရပ် ဖြစ်တယ်။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရရှိဖို့ လမ်းဖွင့်ပေးတယ်။

၁၄၊ ၁၅။ (က) ရွေးနုတ်ဖိုးဟာ ဘိသိက်ခံခရစ်ယာန်တွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ (ခ) ရွေးနုတ်ဖိုးဟာ မြေကြီးမျှော်လင့်ချက်ရှိသူတွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၁၄ ခရစ်ယာန်လူနည်းစုဟာ ယေဟောဝါရဲ့ တည်မြဲတဲ့မေတ္တာကို အထူးနည်းနဲ့ ခံစားရတယ်။ (ယော. ၁:၁၂၊ ၁၃; ၃:၅-၇) သူတို့ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့အတွက် “ဘုရားသခင်၏ သားသမီး” ဖြစ်လာတယ်။ (ရော. ၈:၁၅၊ ၁၆) သူတို့ထဲကတချို့ဟာ မြေကြီးပေါ်မှာပဲ ရှိနေသေးပေမဲ့ ‘ထမြောက်ပြီး ကောင်းကင်အရပ်တွင် ခရစ်တော်ယေရှုနှင့်အတူ နေရာရ’ ပြီးပြီလို့ ပေါလု ဘာကြောင့်ပြောတာလဲ။ (ဧ. ၂:၆) အကြောင်းကတော့ သူတို့ဟာ ‘ကတိထားတော်မူသည့် သန့်ရှင်းသော စွမ်းအားတော်ဖြင့် တံဆိပ်ခတ်’ ခြင်းခံရလို့ပဲ။ အဲဒီစွမ်းအားတော်ဟာ သူတို့ ‘ရရှိမယ့်အမွေရဲ့ အာမခံချက်’ ဖြစ်တယ်။ အဲဒီအမွေကတော့ သူတို့အတွက် ‘ကောင်းကင်မှာ သိုထားတဲ့ မျှော်လင့်ချက်’ ဖြစ်တယ်။—ဧ. ၁:၁၃၊ ၁၄; ကော. ၁:၅

ရွေးနုတ်ဖိုးဟာ လူသားအားလုံးအပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြတယ်

၁၅ ဘိသိက်ခံမဟုတ်သူတွေလည်း ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြမယ်ဆိုရင် ဘုရားသခင့်မိတ်ဆွေ ဖြစ်နိုင်တယ်။ ဘုရားသခင့်သားသမီးတွေအဖြစ် မွေးစားခံရနိုင်မယ့်၊ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်နိုင်မယ့် အလားအလာရှိတယ်။ ရွေးနုတ်ဖိုးဟာ လူသားအားလုံးအပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြတယ်။ (ယော. ၃:၁၆) ဘုရားသခင်ကို သစ္စာရှိရှိဝတ်ပြုမယ်ဆိုရင် ကမ္ဘာသစ်မှာ အကောင်းဆုံးအသက်တာ ရရှိမယ်ဆိုတာ သိရလို့ စိတ်လှုပ်ရှားစရာပဲ။ ဒါကြောင့် ဘုရားသခင့်တည်မြဲတဲ့မေတ္တာရဲ့ အကြီးမားဆုံးသက်သေဖြစ်တဲ့ ရွေးနုတ်ဖိုးကို တန်ဖိုးထားကြောင်း ဖော်ပြကြပါစို့။

ယေဟောဝါကို ချစ်ကြောင်းဖော်ပြပါ

၁၆။ ယေဟောဝါမေတ္တာပြတဲ့ နည်းလမ်းတွေအကြောင်း တွေးတောဆင်ခြင်ခြင်းက ဘာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသလဲ။

၁၆ နည်းလမ်းမျိုးစုံနဲ့ ဖော်ပြတဲ့ ယေဟောဝါရဲ့မေတ္တာဟာ မရေတွက်နိုင်လောက်အောင် များပြားတယ်။ “အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင် သဲလုံးနှင့်အမျှမက သာ၍များပြားကြပါ၏” လို့ ဘုရင်ဒါဝိဒ် သီဆိုခဲ့တယ်။ (ဆာ. ၁၃၉:၁၇၊ ၁၈) ယေဟောဝါမေတ္တာပြတဲ့ နည်းလမ်းတွေအကြောင်း တွေးတောဆင်ခြင်မယ်ဆိုရင် ကိုယ်တော့်ကို ပြန်ချစ်ဖို့၊ အကောင်းဆုံး ပြန်ပေးဆက်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။

၁၇၊ ၁၈။ ဘုရားသခင်ကို ချစ်ကြောင်း ဖော်ပြနိုင်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပါ။

၁၇ ယေဟောဝါကိုချစ်ကြောင်း နည်းလမ်းများစွာနဲ့ ဖော်ပြနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောခြင်းအားဖြင့် ယေဟောဝါကိုချစ်ကြောင်း ဖော်ပြနိုင်တယ်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယုံကြည်ခြင်းစမ်းသပ်မှုတွေကို သစ္စာရှိရှိခံရပ်ခြင်းအားဖြင့်လည်း ဖော်ပြနိုင်တယ်။ (ဆာလံ ၈၄:၁၁ နဲ့ ယာကုပ် ၁:၂–၅ တို့ကိုဖတ်ပါ။) စမ်းသပ်မှုတွေ သိပ်ပြင်းထန်ရင်တောင် ကျွန်တော်တို့ရဲ့ ဒုက္ခကို ယေဟောဝါမြင်ပြီး ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် တန်ဖိုးရှိသူတွေဖြစ်လို့ပဲ။—ဆာ. ၅၆:၈

၁၈ ယေဟောဝါကို ချစ်တဲ့မေတ္တာက အံ့ဖွယ်ဖန်ဆင်းရာတွေအကြောင်း တွေးတောဆင်ခြင်ဖို့ လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့က ဘုရားသခင်နဲ့ နှုတ်မြွက်တော်ကျမ်းစာကို ချစ်မြတ်နိုးတဲ့အတွက် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာကြတယ်။ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိချင်တဲ့အတွက် ပုံမှန်ဆုတောင်းကြတယ်။ အဖိုးတန်ဆုကျေးဇူးဖြစ်တဲ့ ရွေးနုတ်ဖိုးအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်ကို ချစ်မြတ်နိုးစိတ်တိုးများလာတယ်။ (၁ ယော. ၂:၁၊ ၂) အဲဒါတွေက ဘုရားသခင့်တည်မြဲတဲ့မေတ္တာကို တန်ဖိုးထားကြောင်း ဖော်ပြနိုင်တဲ့ နည်းလမ်းတချို့သာဖြစ်တယ်။