မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ဟာ စိတ်ချရတဲ့လမ်းညွှန်ဖြစ်သလား

သင့်ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ဟာ စိတ်ချရတဲ့လမ်းညွှန်ဖြစ်သလား

‘ထိုသို့မိန့်မှာရသည့် ရည်ရွယ်ချက်မှာ စင်ကြယ်သောနှလုံးမှလည်းကောင်း၊ ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိစိတ် မှလည်းကောင်း ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာရှိစေရန်ဖြစ်၏။’ —၁ တိ. ၁:၅

သီချင်း– ၅၇၄၈

၁၊ ၂။ ကိုယ်ကိုယ်ကိုယ်သိစိတ်ကို ဘယ်ကရသလဲ။ ကိုယ်ကိုယ်ကိုယ်သိစိတ် ရရှိထားတာကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။

ယေဟောဝါဘုရားသခင်က လူသားတွေကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နဲ့ ဖန်ဆင်းထားတယ်။ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့လည်း လမ်းညွှန်တစ်ခု ပေးထားတယ်။ အဲဒီလမ်းညွှန်ကတော့ ကိုယ်ကိုယ်ကိုယ်သိစိတ်ပဲ။ ကိုယ်ကိုယ်ကိုယ်သိစိတ်ဆိုတာ အမှားအမှန်သိနိုင်တဲ့ အတွင်းစိတ်ဖြစ်တယ်။ အဲဒီစိတ်ကို နည်းမှန်လမ်းကျအသုံးပြုမယ်ဆိုရင် ကောင်းတာကို လုပ်ဆောင်ဖို့၊ မကောင်းတာကို ရှောင်ဖို့ ကူညီပေးနိုင်တယ်။ ကိုယ်ကိုယ်ကိုယ်သိစိတ်ဟာ ကျွန်တော်တို့ကို ယေဟောဝါ ချစ်မြတ်နိုးပြီး အောင်မြင်စေချင်တယ်ဆိုတဲ့ သက်သေပဲ။

ဒီနေ့ခေတ်မှာ လူတချို့ဟာ ကျမ်းစာစံနှုန်းတွေကို မသိပေမဲ့ မကောင်းတာကိုမုန်းပြီး ကောင်းတာကိုလုပ်ဆောင်ကြတယ်။ (ရောမ ၂:၁၄၊ ၁၅ ကိုဖတ်ပါ။) ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကိုယ်ကိုယ်ကိုယ်သိစိတ် ရှိလို့ပဲ။ ဒီစိတ်က မကောင်းတာတွေ မလုပ်မိအောင် တားဆီးပေးတယ်။ လူတွေမှာ ဒီစိတ်သာမရှိရင် ကမ္ဘာ့အခြေအနေတွေ ဘယ်လောက်ဆိုးမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အခုထက်ပိုဆိုးတာတွေကို ကြားနေရမှာပဲ။ လူသားတွေကို ကိုယ်ကိုယ်ကိုယ်သိစိတ် ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်ရမယ်။

ကောင်းကောင်းလေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ဆုံးဖြတ်ချက်ချချိန်မှာ ဘယ်လိုကူညီပေးနိုင်သလဲ

၃။ ကိုယ်ကိုယ်ကိုယ်သိစိတ်က အသင်းတော်မှာ ဘယ်လိုကူညီပေးနိုင်သလဲ။

လူအများစုဟာ သူတို့ရဲ့သိစိတ်ကို လေ့ကျင့်ပေးဖို့ စိတ်မကူးကြဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးကတော့ ကျမ်းစာမှာပါတဲ့ အမှားအမှန် စံနှုန်းတွေနဲ့အညီ သူတို့ရဲ့သိစိတ်ကို လေ့ကျင့်ပေးကြတယ်။ ကောင်းကောင်းလေ့ကျင့်ထားတဲ့ သိစိတ်ဟာ အသင်းတော်ရဲ့စည်းလုံးမှု တိုးများလာအောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သိစိတ်ကို လေ့ကျင့်ဖို့၊ အသုံးပြုဖို့ဆိုရင် ကျမ်းစာအသိပညာ ဆည်းပူးရုံထက်မက လိုအပ်တယ်။ ဘုရားသခင့်စံနှုန်းတွေကို ချစ်မြတ်နိုးရမယ်။ အဲဒီစံနှုန်းတွေက ကျွန်တော်တို့ရဲ့ ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာ ယုံကြည်ရမယ်။ ‘ထိုသို့မိန့်မှာရသည့် ရည်ရွယ်ချက်မှာ စင်ကြယ်သောနှလုံးမှလည်းကောင်း၊ ကြည်လင်သော ကိုယ်ကိုယ်ကိုယ်သိစိတ်မှလည်းကောင်း၊ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းမှလည်းကောင်း ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာရှိစေရန်ဖြစ်၏’ လို့ ပေါလုရေးခဲ့တယ်။ (၁ တိ. ၁:၅) ကိုယ့်ရဲ့သိစိတ်ကို လေ့ကျင့်ပြီး အဲဒီအတိုင်းလုပ်ဆောင်တဲ့အခါ ယေဟောဝါကို ချစ်တဲ့မေတ္တာနဲ့ ယုံကြည်ခြင်း တိုးများလာမယ်။ သိစိတ်ကို အသုံးပြုပုံက ယေဟောဝါနဲ့ ဆက်ဆံရေး ဘယ်လောက်ကောင်းတယ်၊ ကိုယ်တော့်ကို ဘယ်လောက်စိတ်ရွှင်လန်းစေချင်တယ်ဆိုတာ ဖော်ပြနေတယ်။ ကျွန်တော်တို့ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြတယ်။

၄။ ကျွန်တော်တို့ရဲ့ သိစိတ်ကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။

သိစိတ်ကို ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။ ပုံမှန် ကျမ်းစာလေ့လာ၊ တွေးတောဆင်ခြင်၊ ဆုတောင်းပြီး သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးဖို့ လိုအပ်တယ်။ ဒါကြောင့် အချက်အလက်တွေ၊ စည်းမျဉ်းမူတွေကို သိရုံထက်မက လိုအပ်တာ ထင်ရှားတယ်။ ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါအကြောင်း ပိုသိလာတယ်။ ကိုယ်တော် ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်၊ ဘာတွေကို နှစ်သက်တယ်၊ ဘာတွေကို မနှစ်သက်ဘူးဆိုတာ သိလာတယ်။ ယေဟောဝါအကြောင်း ပိုသိလာလေ ကျွန်တော်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က အမှားအမှန်နဲ့ပတ်သက်တဲ့ ကိုယ်တော့်အမြင်ကို ချက်ချင်းသိရှိလာလေပဲ။ ဒါကြောင့် သိစိတ်ကို လေ့ကျင့်ပေးတာနဲ့အမျှ ယေဟောဝါ စဉ်းစားသလို ပိုစဉ်းစားလာနိုင်ပါလိမ့်မယ်။

၅။ ဒီဆောင်းပါးမှာ ဘယ်အကြောင်းဆွေးနွေးမလဲ။

ကျွန်တော်တို့ အခုလို မေးကောင်းမေးလိမ့်မယ်– ကောင်းကောင်းလေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ဆုံးဖြတ်ချက်ချချိန်မှာ ဘယ်လိုကူညီပေးနိုင်သလဲ။ တခြားသူတွေရဲ့ သိစိတ်ကို လေးစားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ ကျွန်တော်တို့ရဲ့ သိစိတ်က ကောင်းတာကိုလုပ်ဆောင်ဖို့ ဘယ်လိုလှုံ့ဆော်ပေးနိုင်သလဲ။ ကောင်းကောင်းလေ့ကျင့်ထားတဲ့ သိစိတ်ကိုလိုအပ်တဲ့ ကဏ္ဍသုံးခုအကြောင်း ဆွေးနွေးကြပါစို့။ အဲဒါတွေကတော့ (၁) ကျန်းမာရေး၊ (၂) အပန်းဖြေမှုနဲ့ (၃) အမှုဆောင်လုပ်ငန်းတို့ဖြစ်တယ်။

အကျိုးသင့်အကြောင်းသင့်သဘောရှိပါ

၆။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်ဆုံးဖြတ်ချက်တွေ ချရသလဲ။

အန္တရာယ်ရှိတဲ့အပြုအမူတွေကို ရှောင်ဖို့၊ စားတာသောက်တာ စတဲ့အကျင့်တွေမှာ အစွန်းမရောက်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (သု. ၂၃:၂၀; ၂ ကော. ၇:၁) ကျမ်းစာမိန့်မှာချက်တွေကို လိုက်နာရင် အတိုင်းအတာတစ်ခုထိ ကျန်းမာရေးကောင်းအောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ဖျားနာတာ၊ ဇရာထောင်းတာတော့ ရှိမှာပဲ။ အဲဒီလိုအခါမျိုးမှာ ဘယ်ဆုံးဖြတ်ချက်တွေ ချရနိုင်သလဲ။ နိုင်ငံတချို့မှာ အင်္ဂလိပ်ဆေးကုထုံးရော၊ တိုင်းရင်းဆေးကုထုံးတွေကိုပါ ရရှိနိုင်တယ်။ ညီအစ်ကိုညီအစ်မတွေဟာ ကုသနည်းအမျိုးမျိုးနဲ့ပတ်သက်ပြီး ဌာနခွဲရုံးတွေကို စာရေးမေးမြန်းလေ့ရှိတယ်။ အများစုက “ဒီလိုဆေးကုသမှုမျိုးကို ယေဟောဝါသက်သေတစ်ယောက် လက်ခံလို့ရသလား” လို့ မေးကြတယ်။

၇။ ဆေးကုထုံးတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချနိုင်သလဲ။

ကျန်းမာရေးကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲလို့ ခရစ်ယာန်တစ်ယောက် မေးမြန်းလာရင်တောင် ဌာနခွဲရုံးရော အသင်းတော်အကြီးအကဲတွေပါ သူ့အတွက် ဆုံးဖြတ်ပေးပိုင်ခွင့်မရှိဘူး။ (ဂလ. ၆:၅) ဒါပေမဲ့ ယေဟောဝါမိန့်မှာထားတာတွေကို ပြန်အမှတ်ရစေခြင်းအားဖြင့် ပညာရှိဆုံးဖြတ်ချက်ချနိုင်အောင် အကြီးအကဲတွေ ကူညီပေးနိုင်တယ်။ ဥပမာ၊ သွေးကို ရှောင်ဖို့ ဘုရားသခင် မိန့်မှာထားတယ်။ (တ. ၁၅:၂၉) ဒီမိန့်မှာချက်က ပကတိသွေးပါဝင်တဲ့ ဆေးကုထုံးတွေကိုဖြစ်စေ၊ သွေးအစိတ်အပိုင်းကြီး လေးခုထဲက တစ်ခုခုပါဝင်တဲ့ ဆေးကုထုံးတွေကိုဖြစ်စေ လက်ခံလို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်စေတယ်။ အဲဒီအချက်ကို နားလည်ထားခြင်းက သွေးအစိတ်အပိုင်းကြီး လေးခုထဲက ခွဲထုတ်တဲ့ အပိုင်းအစငယ်လေးတွေကို လက်ခံ,မခံ ဆုံးဖြတ်ရာမှာတောင် အကျိုးသက်ရောက်မှုရှိနိုင်တယ်။ * ဆေးကုထုံးနဲ့ပတ်သက်ပြီး ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတဲ့ တခြားဘယ်ကျမ်းစာအကြံဉာဏ်တွေ ရှိသေးလဲ။

၈။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပညာရှိဆုံးဖြတ်ချက်တွေချဖို့ ဖိလိပ္ပိ ၄:၅ က ဘယ်လိုကူညီပေးနိုင်သလဲ။

‘နုံအသူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်’ လို့ သုတ္တံ ၁၄:၁၅ (ကဘ) မှာ ပြောထားတယ်။ ကုသနည်းမရှိသေးတဲ့ ရောဂါတချို့ ရှိနိုင်တယ်။ ဒါကြောင့် ရောဂါပျောက်တယ်လို့ ပြောပေမဲ့ ရောဂါပျောက်ခဲ့တဲ့ သက်သေအထောက်အထား မရှိဘူးဆိုရင် အဲဒီဆေးကုထုံးကို သတိထားဖို့ လိုအပ်တယ်။ “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” လို့ ပေါလုပြောတယ်။ (ဖိ. ၄:၅) အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းက ကျန်းမာရေးကိစ္စတွေထက် ဘုရားရေးရာကိစ္စတွေကို ပိုအာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။ ဘဝမှာ ကျန်းမာရေးက အရေးကြီးဆုံးအရာဖြစ်လာပြီဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ပဲကြည့်တဲ့သူတွေ ဖြစ်သွားနိုင်တယ်။ (ဖိ. ၂:၄) ဒီစနစ်မှာတော့ ဒေါင်ဒေါင်မြည်ကျန်းမာရေး မရနိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါကြောင့် ယေဟောဝါရဲ့ အမှုဆောင်ခြင်းကို ဘဝမှာ အရေးကြီးဆုံးအရာဖြစ်စေပါ။ဖိလိပ္ပိ ၁:၁၀ ကိုဖတ်ပါ။

ကိုယ့်အကြိုက်အတိုင်းလိုက်လုပ်ဖို့ တခြားသူတွေကို သင် အတင်းအကျပ် ဖိအားပေးသလား (အပိုဒ် ၉ ကိုကြည့်ပါ)

၉။ ရောမ ၁၄:၁၃၊ ၁၉ က ကျန်းမာရေးကိစ္စ ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုသက်ဆိုင်မှုရှိသလဲ။ အသင်းတော်ရဲ့ စည်းလုံးမှု ဘယ်လိုထိခိုက်သွားနိုင်သလဲ။

အကျိုးသင့်အကြောင်းသင့်သဘောရှိတဲ့ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ့်အကြိုက်အတိုင်း လိုက်လုပ်ဖို့ တခြားသူတွေကို အတင်းအကျပ် ဖိအားပေးမှာမဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ ဇနီးမောင်နှံတစ်စုံဟာ ဓာတ်စာနဲ့ ဖြည့်စွက်အားဆေးတချို့ကို သုံးဆောင်ဖို့ တခြားသူတွေကို အားပေးတယ်။ ညီအစ်ကိုညီအစ်မတချို့ လက်ခံပေမဲ့ တချို့ကတော့ လက်မခံဘူး။ အချိန်တန်တဲ့အခါ ထင်ထားသလောက် ဆေးဝါးအာနိသင် မထိရောက်လို့ စိတ်ပျက်စရာတွေ ဖြစ်လာတယ်။ အဲဒီဇနီးမောင်နှံဟာ ဓာတ်စာဆေးဝါးတစ်မျိုးမျိုးကို လက်ခံ, မခံ ကိုယ့်အတွက်ကိုယ် ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးကိစ္စကြောင့် အသင်းတော်ရဲ့စည်းလုံးမှုကို ထိခိုက်စေတာ သင့်လျော်သလား။ ရှေးခေတ်ရောမမြို့က ခရစ်ယာန်တွေကြားမှာ အစားအစာတချို့၊ ပွဲတချို့နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိခဲ့တယ်။ သူတို့ကို ပေါလု ဘာအကြံပေးခဲ့သလဲ။ “တစ်ယောက်သောသူက နေ့ရက်တစ်ရက်သည် အခြားနေ့ရက်တစ်ရက်ထက် မြတ်သည်ဟု စီရင်၏။ တစ်ယောက်သောသူကမူ နေ့ရက်တိုင်းသည် အတူတူဖြစ်သည်ဟု စီရင်၏။ လူတိုင်း မိမိစိတ်တွင် ယုံကြည်စိတ်ချမှု အပြည့်ရှိပါစေ” လို့ သူပြောတယ်။ တခြားသူတွေအတွက် တိုက်မိလဲစရာ မဖြစ်အောင် သတိပြုဖို့ အရေးကြီးတယ်။ရောမ ၁၄:၅၊ ၁၃၊ ၁၅၊ ၁၉၊ ၂၀ ကိုဖတ်ပါ။

ယေဟောဝါရဲ့ အမှုဆောင်ခြင်းကို ဘဝမှာ အရေးကြီးဆုံးအရာ ဖြစ်စေပါ

၁၀။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်တွေကို ဘာကြောင့် လေးစားသင့်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၀ တစ်ခါတလေ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နားမလည်နိုင်တာမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဘာလုပ်သင့်သလဲ။ ချက်ချင်းဝေဖန်အကဲဖြတ်လိုက်တာမျိုး၊ သူ့စိတ်ပြောင်းအောင် ဖိအားပေးတာမျိုး မလုပ်သင့်ဘူး။ သူ့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ကို ပိုလေ့ကျင့်ပေးဖို့ လိုအပ်နေတာ၊ သူ့ရဲ့သိစိတ် အကဲဆတ်လွန်းနေတာ ဖြစ်နိုင်တယ်။ (၁ ကော. ၈:၁၁၊ ၁၂) ဒါမှမဟုတ် ကျွန်တော်တို့ဘက်က ကိုယ့်ရဲ့သိစိတ်ကို အပြည့်အဝ မလေ့ကျင့်ထားတာ ဖြစ်နိုင်တယ်။ ကျန်းမာရေးနဲ့ တခြားကိစ္စတွေကို ကျွန်တော်တို့ယောက်တိုင်း ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး ဖြစ်လာတဲ့အကောင်းအဆိုးကို ကိုယ်တိုင် တာဝန်ယူရမှာဖြစ်တယ်။

အကျိုးဖြစ်ထွန်းစေတဲ့ အပန်းဖြေမှု

၁၁၊ ၁၂။ အပန်းဖြေမှုရွေးချယ်ရာမှာ ကျမ်းစာက ဘယ်လိုကူညီပေးသလဲ။

၁၁ ယေဟောဝါက အပန်းဖြေမှုကို ပျော်မွေ့နိုင်တဲ့၊ အဲဒီကနေ အကျိုးရနိုင်တဲ့နည်းနဲ့ ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်။ “ရယ်ရသောအချိန်” နဲ့ “ကခုန်ရသောအချိန်” ရှိတယ်လို့ ရှောလမုန် ရေးခဲ့တယ်။ (ဒေ. ၃:၄) ဒါပေမဲ့ အပန်းဖြေမှုတိုင်း အကျိုးရှိတာ၊ လန်းဆန်းစေတာမဟုတ်ဘူး။ အလွန်အကျွံအပန်းဖြေတာမျိုးကိုလည်း ရှောင်ဖို့ လိုအပ်တယ်။ ယေဟောဝါ နှစ်သက်တဲ့အပန်းဖြေမှုကို ပျော်မွေ့နိုင်ဖို့၊ အဲဒီကနေ အကျိုးရနိုင်ဖို့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ဘယ်လိုကူညီပေးနိုင်သလဲ။

‘သွေးဆောင်ခံရတဲ့အခါ ငါ့ရဲ့ကိုယ်ကိုယ်ကိုယ်သိစိတ်က ငါ့ကို သတိပေးသလား’

၁၂ “လူ့ဇာတိနှင့်ဆိုင်သော အကျင့်များ” နဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတိပေးထားတယ်။ အဲဒီအကျင့်တွေထဲမှာ “မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ အကျင့်ပျက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း၊ ဂိုဏ်းခွဲခြင်း၊ ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ ဆူဆူညံညံပွဲခံခြင်းတို့နှင့် ထိုသို့သောအရာများ” ပါဝင်တယ်။ ‘ထိုအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့် နိုင်ငံတော်ကို အမွေမခံကြရ’ လို့ ပေါလုပြောတယ်။ (ဂလ. ၅:၁၉-၂၁) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘ရန်လိုတဲ့၊ ပြိုင်ဆိုင်တဲ့၊ မျိုးချစ်စိတ်ပြင်းထန်စေတဲ့၊ ကြမ်းတမ်းတဲ့ အားကစားတွေကို ရှောင်ဖို့ ငါ့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ကူညီပေးသလား။ ညစ်ညမ်းတဲ့ပြကွက်တွေပါတဲ့၊ အကျင့်ပျက်တာ၊ သောက်စားမူးယစ်တာနဲ့ နတ်ဆိုးပညာတွေကို အားပေးတဲ့ ရုပ်ရှင်ကြည့်ဖို့ သွေးဆောင်ခံရတဲ့အခါ ငါ့ရဲ့ကိုယ်ကိုယ်ကိုယ်သိစိတ်က ငါ့ကို သတိပေးသလား။’

၁၃။ ၁ တိမောသေ ၄:၈ နဲ့ သုတ္တံ ၁၃:၂၀ မှာပါတဲ့အကြံဉာဏ်က အပန်းဖြေမှုနဲ့ပတ်သက်ပြီး ဘယ်လိုကူညီပေးနိုင်သလဲ။

၁၃ အပန်းဖြေမှုကိစ္စမှာ ကိုယ်ကိုယ်ကိုယ်သိစိတ်ကို လေ့ကျင့်ပေးဖို့ ကျမ်းစာမူတွေက ကူညီပေးနိုင်တယ်။ ဥပမာ၊ “ကိုယ်ကာယလေ့ကျင့်မှုသည် အနည်းငယ်အကျိုးရှိ” တယ်လို့ ကျမ်းစာပြောတယ်။ (၁ တိ. ၄:၈) ပုံမှန်လေ့ကျင့်ခန်းလုပ်တာက လန်းဆန်းစေပြီး ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ လူများစွာ ယူဆကြတယ်။ ဒါပေမဲ့ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်ချင်တဲ့အခါ အုပ်စုထဲမှာ ပါဝင်သူတွေကို စိစစ်ရွေးချယ်ဖို့ အရေးကြီးသလား။ သုတ္တံ ၁၃:၂၀ မှာ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” လို့ ပြောထားတယ်။ အပန်းဖြေမှုရွေးချယ်ရာမှာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်ကိုသုံးဖို့ အရေးကြီးတာ ထင်ရှားတယ်။

၁၄။ မိသားစုတစ်စုဟာ ရောမ ၁၄:၂-၄ မှာပါတဲ့မူကို ဘယ်လိုလက်တွေ့ကျင့်သုံးခဲ့သလဲ။

၁၄ ခရစ်ရှန်နဲ့ ဒံယယ်လတို့မှာ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ရှိတယ်။ ခရစ်ရှန် အခုလိုပြောတယ်– “မိသားစုဝတ်ပြုမှု ညချမ်းမှာ အပန်းဖြေမှုအကြောင်း ကျွန်တော်တို့ ဆွေးနွေးတယ်။ လက်ခံနိုင်စရာ၊ လက်မခံနိုင်စရာ အပန်းဖြေနည်းတချို့နဲ့ ဘယ်သူတွေကို အပေါင်းအသင်းကောင်းအဖြစ် သတ်မှတ်နိုင်မလဲဆိုတာကို သဘောတူဆုံးဖြတ်ကြတယ်။ သမီးတစ်ယောက်က သူ့အတွက် လက်မခံနိုင်စရာ အပြုအမူတချို့ကို ကျောင်းမုန့်စားဆင်းချိန်အတွင်း တခြားသက်သေခံလူငယ်တွေ လုပ်နေတယ်လို့ ညည်းတယ်။ သူတို့လိုလိုက်လုပ်ဖို့ ဖိအားပေးခံရသလို ခံစားခဲ့ရတယ်။ ဒါနဲ့ ယောက်တိုင်းမှာ ကိုယ်ကိုယ်ကိုယ်သိစိတ် ရှိတဲ့အကြောင်း၊ ဘာလုပ်မယ်၊ ဘယ်သူတွေနဲ့လုပ်မယ်ဆိုတာ ရွေးချယ်တဲ့အခါ အဲဒီသိစိတ်ရဲ့ လမ်းညွှန်မှုကို ခံယူသင့်တဲ့အကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။”ရောမ ၁၄:၂–၄ ကိုဖတ်ပါ။

ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က အန္တရာယ်တွေကို ရှောင်ဖို့ ကူညီပေးနိုင် (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၅။ အပန်းဖြေဖို့ အစီအစဉ်ဆွဲတဲ့အခါ မဿဲ ၆:၃၃ က ဘယ်လိုကူညီပေးနိုင်သလဲ။

၁၅ အပန်းဖြေမှုအတွက် သင် ဘယ်လောက်အချိန်ပေးနေသလဲ။ သင့်ဘဝမှာ အစည်းအဝေး၊ အမှုဆောင်၊ ကျမ်းစာလေ့လာမှု စတာတွေက နံပါတ်တစ်လား၊ အပန်းဖြေမှုက နံပါတ်တစ်လား။ ဘယ်အရာက သင့်အတွက် အရေးကြီးဆုံးလဲ။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်” လို့ ယေရှု ပြောတယ်။ (မ. ၆:၃၃) အချိန်ကို ဘယ်လိုအသုံးပြုမယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ယေရှုရဲ့အကြံဉာဏ်ကို သတိရဖို့ သင့်ရဲ့သိစိတ်က သတိပေးသလား။

ဟောပြောဖို့ လှုံ့ဆော်ခံရ

၁၆။ ကျွန်တော်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်နဲ့ ဟောပြောခြင်းလုပ်ငန်း ဘယ်လိုသက်ဆိုင်မှုရှိသလဲ။

၁၆ ကောင်းကောင်းလေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က မကောင်းတာကို ရှောင်ဖို့လောက်သာ သတိပေးတာမဟုတ်ဘူး။ ကောင်းတာကို လုပ်ဆောင်ဖို့ပါ လှုံ့ဆော်ပေးတယ်။ အဲဒီကောင်းမှုတစ်ခုကတော့ တစ်အိမ်မှတစ်အိမ်နဲ့ အလွတ်သဘော ဟောပြောခြင်းမှာ ပါဝင်ခြင်းဖြစ်တယ်။ ပေါလုရဲ့သိစိတ်က အဲဒီလိုလုပ်ဆောင်ဖို့ သူ့ကို လှုံ့ဆော်ပေးခဲ့တယ်။ “ငါ၌ ဟောရမည့်တာဝန်ရှိ၏။ သတင်းကောင်းကို မဟောဘဲနေလျှင် ငါ၌ အမင်္ဂလာရှိ၏” လို့ သူရေးခဲ့တယ်။ (၁ ကော. ၉:၁၆) ပေါလုကို ကျွန်တော်တို့ တုပမယ်ဆိုရင် မှန်ရာကိုလုပ်ဆောင်နေတယ်ဆိုတဲ့ အသိကြောင့် ကြည်လင်တဲ့သိစိတ် ရရှိလာပါလိမ့်မယ်။ အဲဒီအပြင် သတင်းကောင်းဟောပြောတဲ့အခါ ကျွန်တော်တို့ရဲ့ ပုံသက်သေကောင်းကြောင့် တခြားသူတွေလည်း အမှန်တရားသိရှိလာပါလိမ့်မယ်။ ‘ငါတို့သည် အမှန်တရားကို ထင်ရှားစေခြင်းအားဖြင့် ဘုရားသခင့်ရှေ့တော်တွင် လူခပ်သိမ်း၏ ကိုယ်ကိုယ်ကိုယ်သိစိတ်အတွက် ပုံသက်သေကောင်းသူများ ဖြစ်လာကြ၏’ လို့ ပေါလုပြောတယ်။—၂ ကော. ၄:၂

၁၇။ ညီအစ်မငယ်တစ်ယောက်ဟာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်အတိုင်း ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၇ ညီအစ်မဂျက်ကလင်းဟာ အသက် ၁၆ နှစ်တုန်းက ကျောင်းမှာ ဇီဝဗေဒဘာသာရပ်ကို သင်ယူခဲ့ရတယ်။ အတန်းထဲမှာ ဆင့်ကဲသီအိုရီကို ဆွေးနွေးကြတယ်။ “ကျွန်မရဲ့ သိစိတ်က ဒီဆွေးနွေးခန်းမှာ ခါတိုင်းလို အပြည့်အဝပါဝင်ဖို့ ခွင့်မပြုဘူး။ ဆင့်ကဲသီအိုရီကို ကျွန်မ မထောက်ခံနိုင်ဘူး။ ဒါနဲ့ ဆရာ့ဆီသွားပြီး ကိုယ့်ခံယူချက်အကြောင်း ရှင်းပြလိုက်တယ်။ ဆရာက သိပ်သဘောကောင်းပြီး ဖန်ဆင်းခြင်းအကြောင်း တစ်တန်းလုံးရှေ့မှာ ပြောခွင့်ပေးလို့ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်” လို့ သူပြောပြတယ်။ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်ပြောတာကို နားထောင်ပြီး အဲဒီအတိုင်းလုပ်ဆောင်ခဲ့လို့ ဂျက်ကလင်း ကျေနပ်မှုခံစားခဲ့ရတယ်။ သင့်သိစိတ်လည်း မှန်ရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသလား။

၁၈။ ကြည်လင်ပြီး စိတ်ချရတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ရှိဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။

၁၈ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ယေဟောဝါရဲ့ စံနှုန်းတွေ၊ မူတွေအတိုင်း အသက်ရှင်ဖို့ဖြစ်တယ်။ အဲဒီပန်းတိုင်ကိုရောက်ဖို့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ကူညီပေးနိုင်ပါတယ်။ ပုံမှန် ကျမ်းစာလေ့လာ၊ တွေးတောဆင်ခြင်ပြီး သိရှိလာတာတွေကို ကျင့်သုံးခြင်းအားဖြင့် သိစိတ်ကို လေ့ကျင့်ပေးနိုင်တယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ဘုရားပေးလက်ဆောင်မွန်ဖြစ်တဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ဟာ ကျွန်တော်တို့ရဲ့ ခရစ်ယာန်အသက်တာမှာ စိတ်ချရတဲ့ လမ်းညွှန်ဖြစ်လာပါလိမ့်မယ်။

^ စာပိုဒ်၊ 7 ၂၀၀၄၊ ဇွန် ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။