မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံကြလော့”

“ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံကြလော့”

‘ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံကြလော့။ ခွန်အားရှိကြလော့။’ —၁ ကော. ၁၆:၁၃

သီချင်း– ၆၀၆၄

၁။ (က) ဂါလိလဲပင်လယ်ရဲ့ လှိုင်းလေထန်တဲ့ညမှာ ပေတရု ဘာဖြစ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ပေတရု ဘာကြောင့် ရေနစ်သွားတာလဲ။

လှိုင်းလေထန်တဲ့ ညတစ်ညမှာ တမန်တော်ပေတရုနဲ့ တပည့်တချို့ဟာ ဂါလိလဲပင်လယ်ကို လှေနဲ့ ကြိုးစားဖြတ်ကူးနေကြတယ်။ ရုတ်တရက်၊ ရေပေါ်လမ်းလျှောက်လာတဲ့ ယေရှုကို သူတို့တွေ့လိုက်တယ်။ ပေတရုက ယေရှုကို အော်ခေါ်ပြီး ရေပေါ်ကနေ လျှောက်လာလို့ရမလားလို့ မေးတယ်။ လာခဲ့ပါလို့ ယေရှုပြောတဲ့အခါ ပေတရုလည်း လှေပေါ်ကဆင်းပြီး ယေရှုဆီ လျှောက်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပေတရု ရေနစ်ပါလေရော။ ဘာကြောင့်လဲဆိုတော့ လှိုင်းကြမ်းလေကြမ်းတွေကို ကြည့်ပြီး ကြောက်သွားလို့ပဲ။ ပေတရု အော်ဟစ်အကူအညီတောင်းတဲ့အခါ သူ့လက်ကို ယေရှု ချက်ချင်းလှမ်းဆွဲလိုက်ပြီး “ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသံသယစိတ်ဝင်သနည်း” လို့ ပြောခဲ့တယ်။—မ. ၁၄:၂၄-၃၂

၂။ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။

ပေတရုရဲ့ အဖြစ်အပျက်ကနေ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး သင်ယူနိုင်တဲ့ အချက်သုံးချက်ကို ဆွေးနွေးကြည့်ကြစို့– (၁) ယေဟောဝါကူညီပေးနိုင်တာကို ယုံကြည်ကြောင်း အစပိုင်းမှာ ပေတရု ဘယ်လိုဖော်ပြခဲ့သလဲ၊ (၂) ပေတရု ဘာကြောင့် ယုံကြည်ခြင်း ပျောက်ဆုံးသွားတာလဲ၊ (၃) ယုံကြည်ခြင်းပြန်ရှိအောင် ပေတရုကို ဘာက ကူညီပေးခဲ့သလဲ။ အဲဒီအချက်တွေကို ဆွေးနွေးခြင်းက “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံ” အောင် ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ နားလည်စေပါလိမ့်မယ်။—၁ ကော. ၁၆:၁၃

ဘုရားကူညီပေးမယ်ဆိုတဲ့ ယုံကြည်ခြင်း

၃။ လှေပေါ်ကနေ ပေတရု ဘာကြောင့်ဆင်းသွားတာလဲ။ ကျွန်တော်တို့လည်း ဘယ်အလားတူလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ကြသလဲ။

ပေတရုရဲ့ ယုံကြည်ခြင်း တော်တော်ခိုင်မာတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ယေရှု ခေါ်တဲ့အခါ လှေပေါ်ကဆင်းပြီး ရေပေါ် လမ်းလျှောက်သွားလို့ပဲ။ ဘုရားသခင့်တန်ခိုးက ရေပေါ်လမ်းလျှောက်နိုင်အောင် ယေရှုကို ကူညီပေးသလို သူ့ကိုလည်း ကူညီပေးမယ်ဆိုတာ ပေတရု ယုံကြည်တယ်။ အဲဒီလိုပဲ၊ ယေရှုက သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်တဲ့အခါ ကျွန်တော်တို့လည်း ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါနဲ့ ယေရှုကို ယုံကြည်လို့၊ သူတို့ကူညီပေးမယ်ဆိုတာ စိတ်ချလို့ပဲ။—ယော. ၁၄:၁; ၁ ပေတရု ၂:၂၁ ကိုဖတ်ပါ။

ပေတရုဟာ ယုံကြည်ခြင်းကြောင့် လူ့ရှုထောင့်ကကြည့်ရင် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာကို လုပ်ဆောင်နိုင်ခဲ့တယ်

၄၊ ၅။ ယုံကြည်ခြင်းက ဘာကြောင့် အဖိုးတန်ပိုင်ဆိုင်ရာဖြစ်သလဲ။

ယုံကြည်ခြင်းက သိပ်အဖိုးတန်တဲ့ ပိုင်ဆိုင်ရာဖြစ်တယ်။ ပေတရုဟာ ယုံကြည်ခြင်းကြောင့် ရေပေါ် လမ်းလျှောက်နိုင်ခဲ့တယ်။ အဲဒီလိုပဲ၊ လူ့ရှုထောင့်ကကြည့်ရင် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့ ယုံကြည်ခြင်းက ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ (မ. ၂၁:၂၁၊ ၂၂) ဥပမာ၊ ကျွန်တော်တို့ထဲက တချို့ဆိုရင် သဘောထားတွေ၊ အကျင့်တွေ တော်တော်ပြောင်းလဲသွားလို့ အသိမိတ်ဆွေတွေတောင် မမှတ်မိတော့တဲ့အထိပဲ။ အဲဒီလိုပြောင်းလဲနိုင်တာဟာ ယေဟောဝါကို ချစ်လို့၊ ကိုယ်တော်ကူညီပေးလို့ဖြစ်တယ်။ (ကောလောသဲ ၃:၅–၁၀ ကိုဖတ်ပါ။) ကျွန်တော်တို့က ယုံကြည်ခြင်းရဲ့ တွန်းအားကြောင့် ကိုယ့်အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တဲ့အခါ ကိုယ်တော့်မိတ်ဆွေတွေ ဖြစ်လာတယ်။ ကိုယ့်အစွမ်းအစနဲ့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ။—ဧ. ၂:၈

ယုံကြည်ခြင်းက ကျွန်တော်တို့ကို ခွန်အားရှိစေတယ်။ ဥပမာ၊ တန်ခိုးကြီးရန်သူမာရ်နတ်ရဲ့ တိုက်ခိုက်မှုတွေကို ပြန်ခုခံနိုင်ဖို့ ကူညီပေးတယ်။ (ဧ. ၆:၁၆) ယေဟောဝါကို ကိုးစားခြင်းက ပြဿနာတွေ ကြုံရတဲ့အခါ အစိုးရိမ်မလွန်ဖို့ ကူညီပေးတယ်။ ယေဟောဝါကို ယုံကြည်ပြီး ကိုယ်တော့်နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ်လို့ ကိုယ်တော် ကတိပေးထားတယ်။ (မ. ၆:၃၀-၃၄) အဲဒီအပြင် ယုံကြည်ခြင်းကြောင့် ထာဝရအသက်လက်ဆောင်မွန်ကိုလည်း ယေဟောဝါ ပေးပါလိမ့်မယ်။—ယော. ၃:၁၆

အာရုံစိုက်မှုပျောက်ဆုံးသွားရင် ယုံကြည်ခြင်းပျောက်ဆုံးသွားနိုင်

၆၊ ၇။ (က) ဘယ်အရာတွေက ပေတရု မြင်ခဲ့တဲ့ လှိုင်းလေတွေနဲ့ တူနိုင်သလဲ။ (ခ) ယုံကြည်ခြင်း ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ ဘာကြောင့် နားလည်ထားရမလဲ။

ပေတရုဟာ ဂါလိလဲပင်လယ်ပေါ် လမ်းလျှောက်ရင်း လှိုင်းလေတွေကြောင့် ကြောက်လန့်လာတယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေ ကြုံနေရတဲ့ အခက်အခဲနဲ့ စမ်းသပ်မှုတွေဟာ အဲဒီလှိုင်းလေတွေနဲ့ တူနိုင်တယ်။ အခက်အခဲတွေ ဘယ်လောက်ပြင်းထန်ပါစေ ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်တော်တို့ ခိုင်ခံ့မြဲမြံနိုင်ပါတယ်။ ဒါပေမဲ့ ပေတရု ဘာဖြစ်သွားတယ်ဆိုတာ အမှတ်ရပါ။ လှိုင်းလေတွေရဲ့ ရိုက်ပုတ်မှုဒဏ်ကြောင့် သူ ရေနစ်သွားတာမဟုတ်ဘူး။ အဲဒီအစား “လေပြင်းမုန်တိုင်းတိုက်သည်ကို မြင်လျှင် ကြောက်” သွားတယ်လို့ ကျမ်းစာပြောတယ်။ (မ. ၁၄:၃၀) ပေတရုက ယေရှုကို အာရုံမစိုက်တော့ဘဲ လေမုန်တိုင်းကို အာရုံစိုက်မိတဲ့အတွက် ယုံကြည်ခြင်းအားနည်းသွားတယ်။ ကျွန်တော်တို့လည်း ပြဿနာတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ယေဟောဝါ ကူညီပေးမယ်ဆိုတာကို သံသယဝင်လာနိုင်တယ်။

ကျွန်တော်တို့ဟာ မှားယွင်းတဲ့အရာတွေကို အာရုံစိုက်မိရင် ချက်ချင်း ယုံကြည်ခြင်းအားနည်း လာနိုင်တယ်

ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ နားလည်ထားရမယ်။ ယုံကြည်ခြင်းပျောက်ဆုံးခြင်းဟာ “အလွယ်တကူ ကျော့မိစေတတ်သော အပြစ်” ဖြစ်တယ်လို့ ကျမ်းစာမှာ ပြောထားလို့ပဲ။ (ဟေဗြဲ ၁၂:၁) ပေတရုလိုပဲ ကျွန်တော်တို့လည်း မှားယွင်းတဲ့အရာတွေကို အာရုံစိုက်မိရင် ချက်ချင်း ယုံကြည်ခြင်းအားနည်းလာနိုင်တယ်။ ဒါဆို အဲဒီအန္တရာယ်နှုတ်ခမ်းနား ရောက်နေပြီဆိုတာ ဘယ်လိုသိနိုင်သလဲ။ အောက်ပါမေးခွန်းတွေက ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၈။ ဘုရားကတိတွေကို အရင်ကလောက် မယုံတော့တာမျိုး ဘယ်လိုဖြစ်လာနိုင်သလဲ။

ဘုရားကတိတွေကို အရင်ကလိုပဲ ငါ ယုံကြည်ဆဲလား။ ဥပမာ၊ စာတန့်လောကကို ဖျက်ဆီးဖို့ ဘုရားသခင် ကတိပေးထားတယ်။ ဒါပေမဲ့ လောကကမ်းလှမ်းတဲ့ ဖျော်ဖြေရေးပုံစံအမျိုးမျိုးကြောင့် အာရုံများနေသလား။ ဒါဆို အဆုံးနီးပြီဆိုတာကို စတင်သံသယဝင်လာနိုင်တယ်။ (ဟဗ. ၂:၃) နောက်ဥပမာတစ်ခုကို စဉ်းစားကြည့်ပါ။ ယေဟောဝါက ရွေးနုတ်ဖိုးကို ပြင်ဆင်ပေးထားပြီး အပြစ်တွေကို ခွင့်လွှတ်မယ်လို့ ကတိပေးထားတယ်။ ဒါပေမဲ့ အတိတ်ကအမှားတွေကိုပဲ ဆက်အာရုံစိုက်နေမယ်ဆိုရင် ယေဟောဝါ တကယ်ခွင့်လွှတ်တာကို စတင်သံသယဝင်လာနိုင်တယ်။ (တ. ၃:၁၉) ရလဒ်အနေနဲ့ ဘုရားသခင့်လုပ်ငန်းမှာ မပျော်တော့ဘဲ မလှုပ်မရှားဖြစ်လာနိုင်တယ်။

၉။ ကိုယ့်အကျိုးကိုပဲ အာရုံစိုက်လာတဲ့အခါ ဘာဖြစ်လာနိုင်သလဲ။

ယေဟောဝါကို ငါ အကောင်းဆုံး ပေးဆက်နေဆဲလား။ ယေဟောဝါရဲ့ အမှုတော်မှာ အားသွန်ခွန်စိုက်ပါဝင်ခြင်းက အနာဂတ်မျှော်လင့်ချက်ကို အာရုံစိုက်ဖို့ ထောက်ကူပေးတယ်။ ဒါပေမဲ့ ကိုယ့်အကျိုးကိုပဲ ပိုအာရုံစိုက်လာတဲ့အခါ ဘာဖြစ်နိုင်သလဲ။ ဥပမာ၊ လခကောင်းပေမဲ့ ယေဟောဝါရဲ့လုပ်ငန်းမှာ အကန့်အသတ်ပဲ ပါဝင်ခွင့်ရတဲ့ အလုပ်တစ်ခုကို သင် လက်ခံလိုက်တယ်ဆိုပါစို့။ သင့်ယုံကြည်ခြင်း အားနည်းလာနိုင်တယ်။ ယေဟောဝါရဲ့လုပ်ငန်းမှာ အမှန်တကယ်တတ်နိုင်သလောက် မလုပ်ဆောင်တော့ဘဲ “ပျင်းရိ” လာနိုင်တယ်။—ဟေဗြဲ ၆:၁၀-၁၂

တခြားသူတွေကို ခွင့်လွှတ်ဖို့ဆိုရင် ယုံကြည်ခြင်းရှိဖို့ လိုအပ်တယ်ဆိုတာ ယေရှုရဲ့တပည့်တွေသိတယ်

၁၀။ တခြားသူတွေကို ခွင့်လွှတ်ခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကြောင်း ဘယ်လိုတင်ပြကြသလဲ။

၁၀ ငါ ခွင့်လွှတ်ရခက်နေသလား။ တခြားသူတွေက ကိုယ့်ကို စိတ်ဆိုးအောင်၊ စိတ်ထိခိုက်အောင် လုပ်တဲ့အခါ သူတို့ကို ဒေါသထွက်သလား၊ မခေါ်မပြောတော့ဘဲ နေသလား။ ဒါဆို ကိုယ့်ခံစားချက်တွေကို အာရုံစိုက်လွန်းလို့ ဖြစ်နိုင်တယ်။ တခြားသူတွေကို ခွင့်လွှတ်ခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကြောင်း ကျွန်တော်တို့ တင်ပြကြတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ယေဟောဝါကို ကျွန်တော်တို့ ပြစ်မှားမိတဲ့အခါ ကိုယ်တော့်အပေါ် အကြွေးတင်သွားတယ်။ အဲဒီလိုပဲ၊ ကျွန်တော်တို့ကို တစ်ယောက်ယောက် ပြစ်မှားမိတဲ့အခါ ကျွန်တော်တို့အပေါ် သူ အကြွေးတင်နေတယ်။ (လု. ၁၁:၄) ဒါပေမဲ့ သူတို့ကို ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ရဲ့ သဘောထားကို ကိုယ်တော်ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ပြစ်မှားသူကို အပြစ်ကြွေး ပြန်ဆပ်ခိုင်းတာထက် ကိုယ်တော့်ကောင်းချီး ခံစားရတာဟာ အဆမတန် ပိုတန်ဖိုးရှိတယ်။ တခြားသူတွေကို ခွင့်လွှတ်ဖို့ဆိုရင် ယုံကြည်ခြင်းရှိဖို့ လိုအပ်တယ်ဆိုတာ ယေရှုရဲ့တပည့်တွေသိတယ်။ ဒါကြောင့် အကြိမ်ကြိမ်ပြစ်မှားသူတွေကိုတောင် ခွင့်လွှတ်ဖို့ ယေရှု ပြောတဲ့အခါ သူတို့က “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” လို့ အသနားခံခဲ့ကြတယ်။—လု. ၁၇:၁-၅

၁၁။ ဆုံးမစကားကနေ ဘာကြောင့် အကျိုးမရဘဲဖြစ်သွားနိုင်သလဲ။

၁၁ ဆုံးမခံရတဲ့အခါ ငါ စိတ်ဆိုးသလား။ ဆုံးမခံရတဲ့အခါ ဆုံးမစကားမှာပါတဲ့ အမှား ဒါမှမဟုတ် ဆုံးမသူရဲ့ အားနည်းချက်ကို မရှာပါနဲ့။ အဲဒီအစား ဆုံးမစကားကနေ အကျိုးရနိုင်မယ့်အချက်တွေကို ရှာဖွေပါ။ (သု. ၁၉:၂၀) ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်အောင် သင်ယူဖို့ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။

၁၂။ ဦးဆောင်နေသူတွေကို အမြဲညည်းညူမြည်တမ်းခြင်းက ဘာရဲ့လက္ခဏာဖြစ်နိုင်သလဲ။

၁၂ အသင်းတော်မှာ ဦးဆောင်နေသူတွေကို ငါ ညည်းညူမြည်တမ်းသလား။ အစ္စရေးတွေဟာ သူလျှိုဆယ်ယောက်ပြောတဲ့ သတင်းဆိုးကို အာရုံစိုက်မိတဲ့အခါ မောရှေနဲ့ အာရုန်ကို ညည်းညူမြည်တမ်းခဲ့ကြတယ်။ အဲဒီအခါ ယေဟောဝါက ‘ဘယ်အချိန်အထိ သူတို့ ငါ့ကို မယုံကြည်ဘဲနေကြမှာလဲ’ လို့ မောရှေကို မေးခဲ့တယ်။ (တော. ၁၄:၂-၄၊ ၁၁ကဘ) အစ္စရေးတွေ မိမိကို မယုံမှန်း ယေဟောဝါ သိတယ်။ အကြောင်းကတော့ ယေဟောဝါ ခန့်အပ်ထားတဲ့ မောရှေနဲ့ အာရုန်ကို သူတို့ညည်းညူမြည်တမ်းလို့ပဲ။ ဒီနေ့ခေတ်မှာလည်း မိမိလူမျိုးကို ဦးဆောင်ဖို့ ယေဟောဝါ အသုံးပြုနေသူတွေကို အမြဲညည်းညူမြည်တမ်းခြင်းက ဘုရားအပေါ် ယုံကြည်ခြင်း အားနည်းနေပြီဆိုတာ ဖော်ပြတဲ့လက္ခဏာဖြစ်နိုင်တယ်။

၁၃။ သင့်ယုံကြည်ခြင်း အားနည်းနေတာကို သတိပြုမိရင် ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။

၁၃ အထက်ပါမေးခွန်းတွေကို သုံးသပ်ပြီးနောက် သင့်ယုံကြည်ခြင်း အားနည်းနေတာကို သတိပြုမိရင် စိတ်ဓာတ်မကျပါနဲ့။ တမန်တော်ပေတရုတောင် ကြောက်စိတ်ဝင်ပြီး သံသယဝင်လာတာကို အမှတ်ရပါ။ တမန်တော်အားလုံး “ယုံကြည်ခြင်းအားနည်း” တဲ့အတွက် ယေရှု မကြာခဏ ဆုံးမခဲ့ရတယ်။ (မ. ၁၆:၈) ပေတရုရဲ့ အဖြစ်အပျက်ကနေ အရေးကြီးသင်ခန်းစာတစ်ခု သင်ယူနိုင်ပါတယ်။ သံသယဝင်လို့ ရေနစ်ပြီးနောက်ပိုင်း သူဘာလုပ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။

ယုံကြည်ခြင်းခိုင်မာစေဖို့ ယေရှုကို အာရုံစိုက်ပါ

၁၄၊ ၁၅။ (က) ရေနစ်တာနဲ့ ပေတရု ဘာလုပ်ခဲ့သလဲ။ (ခ) ယေရှုကို ဘယ်လို “စေ့စေ့ကြည့်ရှု” နိုင်သလဲ။

၁၄ ရေနစ်တာနဲ့ ပေတရု ဘာလုပ်ခဲ့သလဲ။ ရေကောင်းကောင်းကူးတတ်တော့ လှေဆီပြန်ကူးသွားမယ်လို့ ဆုံးဖြတ်နိုင်တယ်။ (ယော. ၂၁:၇) ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ့်အစား ယေရှုကို ပြန်အာရုံစိုက်ပြီး အကူအညီကို လက်ခံခဲ့တယ်။ ကျွန်တော်တို့လည်း ယုံကြည်ခြင်းအားနည်းနေတာကို သတိပြုမိရင် ပေတရုကို တုပသင့်တယ်။ ဘယ်လိုတုပနိုင်သလဲ။

၁၅ ပေတရုဟာ အကူအညီရဖို့ ယေရှုကို ပြန်အာရုံစိုက်သလို ကျွန်တော်တို့လည်း ယေရှုကို “စေ့စေ့ကြည့်ရှု” ရမယ်။ (ဟေဗြဲ ၁၂:၂၊ ၃ ကိုဖတ်ပါ။) ဒါပေမဲ့ ပေတရုလို ပကတိမျက်စိနဲ့တော့ ယေရှုကို တပ်အပ်မမြင်နိုင်ဘူး။ ဒါဆို ဘယ်လို “စေ့စေ့ကြည့်ရှု” နိုင်မလဲ။ ယေရှု သွန်သင်လုပ်ဆောင်ခဲ့တာတွေကို လေ့လာပြီး အနီးကပ်ဆုံး တုပနိုင်တယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ယုံကြည်ခြင်းခိုင်မာလာဖို့ အကူအညီရရှိပါလိမ့်မယ်။ ယေရှုကို တုပနိုင်တဲ့နည်းတချို့ကို သုံးသပ်ကြည့်ကြစို့။

ယေရှုရဲ့ စံနမူနာကို အာရုံစိုက်ပြီး အနီးကပ်တုပခြင်းအားဖြင့် ခိုင်မာတဲ့ယုံကြည်ခြင်း ရရှိနိုင် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆။ ယုံကြည်ခြင်းခိုင်မာလာအောင် ကျမ်းစာက ဘယ်လိုကူညီပေးနိုင်သလဲ။

၁၆ ကျမ်းစာကို ပိုယုံကြည်စိတ်ချလာအောင် လုပ်ဆောင်ပါ။ ကျမ်းစာဟာ ဘုရားသခင့်နှုတ်မြွက်တော်ဖြစ်ပြီး အကောင်းဆုံးအကြံဉာဏ်ပေးနိုင်တယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။ (ယော. ၁၇:၁၇) ယေရှုကို တုပဖို့ဆိုရင် နေ့တိုင်း ကျမ်းစာဖတ်ရှုလေ့လာပြီး သိရှိလာတာတွေကို တွေးတောဆင်ခြင်ရမယ်။ မရှင်းမလင်းဖြစ်နေတဲ့ အကြောင်းအရာတွေကို အဖြေရှာရမယ်။ ဥပမာ၊ နောက်ဆုံးကာလမှာ အသက်ရှင်နေရတာကို သင် တကယ်ယုံသလား။ နောက်ဆုံးကာလမှာ အသက်ရှင်နေရကြောင်း သက်သေထူတဲ့ ကျမ်းစာကြိုဟောချက်တွေကို လေ့လာခြင်းအားဖြင့် အဆုံးနီးပြီဆိုတဲ့ ယုံကြည်ခြင်းကို ခိုင်မာစေပါ။ အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတွေအပေါ် ခိုင်မာတဲ့ယုံကြည်ခြင်း ရှိချင်သလား။ ဒါဆို ပြည့်စုံပြီးသား ကျမ်းစာကြိုဟောချက်တွေကို လေ့လာပါ။ ကျမ်းစာက ဒီနေ့ခေတ်မှာ လက်တွေ့ကျတယ်ဆိုတာ သင် တကယ်ယုံသလား။ ကျမ်းစာအကူအညီကြောင့် တိုးတက်ပြောင်းလဲလာတဲ့ ညီအစ်ကိုညီအစ်မတွေအကြောင်း ဖတ်ရှုပါ။ *၁ သက်. ၂:၁၃

၁၇။ အပြင်းထန်ဆုံးစမ်းသပ်မှုတွေကို ယေရှု ခံရပ်နိုင်ခဲ့တာ ဘာကြောင့်လဲ။ ယေရှုကို သင် ဘယ်လိုတုပနိုင်သလဲ။

၁၇ ယေဟောဝါကတိပေးထားတဲ့ ကောင်းချီးတွေကို အာရုံစိုက်ပါ။ ယေရှုက အနာဂတ်မှာရမယ့် ကောင်းချီးတွေကို အာရုံစိုက်တဲ့အတွက် အပြင်းထန်ဆုံးစမ်းသပ်မှုတွေကို ခံရပ်နိုင်ခဲ့တယ်။ (ဟေဗြဲ ၁၂:၂) လောက ကမ်းလှမ်းတဲ့အရာတွေကြောင့် လုံးဝအာရုံမများခဲ့ဘူး။ (မ. ၄:၈-၁၀) ယေရှုရဲ့စံနမူနာကို ဘယ်လိုတုပနိုင်သလဲ။ ယေဟောဝါကတိပေးထားတဲ့ ကောင်းချီးတွေအကြောင်း တွေးတောဆင်ခြင်ပါ။ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာသစ်မှာ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ကမ္ဘာသစ်မှာလုပ်ဆောင်မယ့်အရာတွေကို ချရေးပါ၊ ပုံဆွဲပါ။ ဒါမှမဟုတ် ထမြောက်လာတဲ့ ဘယ်သူတွေနဲ့ စကားပြောချင်တယ်ဆိုတာ စာရင်းလုပ်ပြီး ဘာပြောမယ်ဆိုတာ ချရေးပါ။ လူသားအားလုံးကို ဘုရားသခင် ခြုံငုံကတိပေးထားတဲ့ ကောင်းချီးတွေအဖြစ် အဲဒါတွေကို ရှုမြင်မယ့်အစား သင့်ကို သတ်သတ်မှတ်မှတ် ကတိပေးထားတယ်လို့ ရှုမြင်ပါ။

၁၈။ ဆုတောင်းခြင်းက ယုံကြည်ခြင်းကို ဘယ်လိုတိုးပွားစေနိုင်သလဲ။

၁၈ ယုံကြည်ခြင်းတိုးပွားစေဖို့ ဆုတောင်းပါ။ ယေဟောဝါဆီမှာ သန့်ရှင်းသောစွမ်းအားတော်တောင်းဖို့ တပည့်တွေကို ယေရှု သင်ပေးတယ်။ (လု. ၁၁:၉၊ ၁၃) သင်လည်း အဲဒီလိုတောင်းဆိုတဲ့အခါ ယုံကြည်ခြင်းတိုးပွားစေဖို့ ဆုတောင်းပါ။ ယုံကြည်ခြင်းဟာ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။ ဆုတောင်းတဲ့အခါ တိတိကျကျ တောင်းဆိုပါ။ ဥပမာ၊ တခြားသူတွေကို ခွင့်လွှတ်ရခက်နေမှန်း သတိပြုမိရင် ယုံကြည်ခြင်းခိုင်မာစေဖို့၊ ခွင့်လွှတ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။

၁၉။ မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်သလဲ။

၁၉ ယုံကြည်ခြင်းခိုင်မာတဲ့ မိတ်ဆွေတွေကို ရွေးချယ်ပါ။ ယေရှုဟာ မိတ်ဆွေတွေကို သေချာစိစစ်ရွေးချယ်ခဲ့တယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ တမန်တော်တွေဟာ ယေရှုကို သစ္စာစောင့်သိပြီး နာခံသူတွေဖြစ်တယ်။ (ယောဟန် ၁၅:၁၄၊ ၁၅ ကိုဖတ်ပါ။) သင်လည်း ယေရှုကိုတုပပြီး မိတ်ဆွေတွေကို သေချာစိစစ်ရွေးချယ်ပါ။ ယုံကြည်ခြင်းခိုင်မာပြီး ယေရှုကို နာခံသူတွေကို ရွေးချယ်ပါ။ မိတ်ဆွေစစ်တွေရဲ့ လက္ခဏာတစ်ခုကတော့ ဆုံးမဖို့လိုအပ်ချိန် ဒါမှမဟုတ် ဆုံးမမှုခံယူဖို့ လိုအပ်ချိန်မှာတောင် ရိုးသားပွင့်လင်းမှုရှိခြင်းပဲ။—သု. ၂၇:၉

၂၀။ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးတဲ့အခါ ဘယ်လိုအကျိုးရရှိနိုင်သလဲ။

၂၀ တခြားသူတွေရဲ့ ယုံကြည်ခြင်းတိုးပွားလာအောင် တည်ဆောက်ပေးပါ။ ယေရှုဟာ အပြောအဆို၊ အပြုအမူအားဖြင့် တပည့်တွေရဲ့ ယုံကြည်ခြင်းကို ခိုင်မာစေခဲ့တယ်။ (မာ. ၁၁:၂၀-၂၄) ကျွန်တော်တို့လည်း ယေရှုကို တုပမယ်ဆိုရင် ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်းသာမက တခြားသူတွေရဲ့ ယုံကြည်ခြင်းပါ ခိုင်မာလာပါလိမ့်မယ်။ (သု. ၁၁:၂၅) အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ လူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ ဘုရားသခင်တည်ရှိမှန်း၊ ကျွန်တော်တို့ကို ဂရုစိုက်မှန်း၊ ကျမ်းစာဟာ ဘုရားသခင့်နှုတ်မြွက်တော်ဖြစ်မှန်း ဖော်ပြတဲ့ အထောက်အထားတွေကို အလေးပေးပြောပါ။ ညီအစ်ကိုညီအစ်မတွေကိုလည်း ယုံကြည်ခြင်းခိုင်မာလာအောင် သင် ကူညီပေးနိုင်တယ်။ တစ်ယောက်ယောက်က ဦးဆောင်နေတဲ့ ညီအစ်ကိုတွေအကြောင်း ညည်းညူမြည်တမ်းတာကို သင် သတိပြုမိတဲ့အခါ ချက်ချင်းမရှောင်ဖယ်လိုက်ပါနဲ့။ ယုံကြည်ခြင်းပြန်ရှိလာအောင် သူ့ကို ပါးပါးနပ်နပ် ကူညီပေးပါ။ (ယု. ၂၂၊ ၂၃) သင်ဟာ ကျောင်းနေဆဲဖြစ်ပြီး ဆင့်ကဲသီအိုရီအကြောင်း သင်ကြားခံရတဲ့အခါ ဖန်ဆင်းခြင်းနဲ့ပတ်သက်တဲ့ သင့်ယုံကြည်ချက်ကို သတ္တိရှိရှိ ခုခံကာကွယ်ပါ။ သင် အံ့သြရလောက်အောင် တုံ့ပြန်မှုကောင်းတွေ ရရှိနိုင်တယ်။

၂၁။ ကျွန်တော်တို့ယောက်တိုင်းကို ယေဟောဝါ ဘာကတိပေးထားသလဲ။

၂၁ သံသယစိတ်နဲ့ ကြောက်စိတ်ကို အနိုင်ရအောင် ပေတရုကို ယေဟောဝါနဲ့ ယေရှု ကူညီပေးခဲ့တယ်။ နောက်ပိုင်း၊ ခိုင်မာတဲ့ယုံကြည်ခြင်းရှိရာမှာ ပေတရုဟာ တခြားသူတွေအတွက် စံထားလောက်သူ ဖြစ်လာတယ်။ အဲဒီလိုပဲ၊ ယုံကြည်ခြင်းမှာ ခိုင်ခံ့မြဲမြံအောင် ကျွန်တော်တို့အားလုံးကို ယေဟောဝါ ကူညီပေးနေတယ်။ (၁ ပေတရု ၅:၉၊ ၁၀ ကိုဖတ်ပါ။) ခိုင်မာတဲ့ယုံကြည်ခြင်း တည်ဆောက်ဖို့အတွက် အားစိုက်ထုတ်မှုလိုအပ်ပေမဲ့ အဲဒီအားစိုက်ထုတ်မှုကို ယေဟောဝါ ဆုချပါလိမ့်မယ်။

^ စာပိုဒ်၊ 16 ဥပမာ၊ ကင်းမျှော်စင် လူထုစာစောင်ပါ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ဆောင်းပါးတွေကို ကြည့်ပါ။