မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကိုချစ်ကြောင်း ကျွန်တော်တို့ ဘယ်လိုဖော်ပြနိုင်သလဲ

ယေဟောဝါကိုချစ်ကြောင်း ကျွန်တော်တို့ ဘယ်လိုဖော်ပြနိုင်သလဲ

“ကိုယ်တော်သည် ငါတို့ကို ဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်လည်း ချစ်တတ်ကြ၏။”—၁ ယော. ၄:၁၉

သီချင်း– ၅၆၊ ၁၃၈

၁၊ ၂။ ယေဟောဝါကို ချစ်တတ်လာဖို့ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လိုသင်ပေးသလဲ။

“အပြောထက် အလုပ်တာသွား” ဆိုသလို သားသမီးတွေကို အကောင်းဆုံးသင်ပေးနိုင်တဲ့ နည်းကတော့ မိဘတွေကိုယ်တိုင် ပုံသက်သေပြခြင်းပဲ။ သားသမီးတွေကို မေတ္တာပြတာက ချစ်တတ်လာအောင် သင်ပေးရာကျတယ်။ ဖခင်ယေဟောဝါလောက် ကျွန်တော်တို့ကို ချစ်တဲ့သူမရှိဘူး။ ကျွန်တော်တို့ကို ‘ကိုယ်တော် ဦးစွာချစ်’ တဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း ချစ်တတ်လာတယ်။—၁ ယော. ၄:၁၉

ကျွန်တော်တို့ကို “ဦးစွာချစ်” ကြောင်း ယေဟောဝါ ဘယ်နည်းနဲ့ ဖော်ပြသလဲ။ “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူ[၏]” လို့ ကျမ်းစာပြောတယ်။ (ရော. ၅:၈) မေတ္တာရှင်ဖခင် ယေဟောဝါဟာ ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ ရွေးနုတ်ဖိုးအဖြစ် သားတော်ကို ပေးအပ်ခဲ့တယ်။ အဲဒီအဖိုးတန်လက်ဆောင်ကြောင့် ကိုယ်တော်နဲ့ ရင်းနှီးခွင့်၊ ကိုယ်တော့်ကိုချစ်ကြောင်း ဖော်ပြခွင့် ရရှိလာတယ်။ ဒီကြီးမားတဲ့စွန့်လွှတ်အနစ်နာခံမှုအားဖြင့် ယေဟောဝါ ပုံသက်သေပြခဲ့တယ်။ ကျွန်တော်တို့လည်း ကိုယ်ကျိုးမရှာခြင်း၊ ရက်ရောခြင်းအားဖြင့် မေတ္တာပြသင့်တယ်ဆိုတာ ကိုယ်တော်သင်ပေးတယ်။—၁ ယော. ၄:၁၀

၃၊ ၄။ ယေဟောဝါကိုချစ်ကြောင်း ကျွန်တော်တို့ ဘယ်လိုဖော်ပြကြသလဲ။

မေတ္တာဟာ ယေဟောဝါရဲ့ အဓိကအရည်အသွေးဖြစ်တယ်။ ဒါကြောင့် “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့” ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပညတ်ဖြစ်တယ်လို့ ယေရှုပြောခဲ့တာ မဆန်းပါဘူး။ (မာ. ၁၂:၃၀) ယေဟောဝါက သူ့ကို “စိတ်နှလုံးအကြွင်းမဲ့” ချစ်စေချင်တယ်။ ယေဟောဝါထက် တခြားတစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို ကျွန်တော်တို့ ပိုချစ်တဲ့အခါ ကိုယ်တော် စိတ်ထိခိုက်တယ်။ ဒါပေမဲ့ ကိုယ်တော့်ကိုချစ်တဲ့မေတ္တာဟာ ခံစားချက်သက်သက်မျှသာ မဖြစ်သင့်ဘူး။ “ဉာဏ်စွမ်းရှိသမျှ၊” “အစွမ်းသတ္တိရှိသမျှ” နဲ့ချစ်ဖို့လည်း ကိုယ်တော် မျှော်လင့်တယ်။ ဆိုလိုတာက စိတ်ရောကိုယ်ပါ ချစ်ရမယ်။မိက္ခာ ၆:၈ ကိုဖတ်ပါ။

ဒါကြောင့် ယေဟောဝါကို ကိုယ့်ဘဝတစ်ခုလုံး ပုံအပ်ပြီး မခြွင်းမချန် ချစ်သင့်တယ်။ ဘဝမှာ ကိုယ်တော့်ကို ဦးစားထားခြင်းအားဖြင့် တကယ်ချစ်ကြောင်း ဖော်ပြသင့်တယ်။ ကျွန်တော်တို့ကိုချစ်ကြောင်း ယေဟောဝါဖော်ပြတဲ့ နည်းလေးနည်းကို ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ ဒီဆောင်းပါးမှာတော့ ယေဟောဝါကိုချစ်တဲ့မေတ္တာ တိုးများအောင် လုပ်ဆောင်နိုင်ပုံ၊ ကိုယ်တော့်ကိုချစ်ကြောင်း ဖော်ပြနိုင်ပုံကို ဆွေးနွေးပါမယ်။

ယေဟောဝါကို ကျေးဇူးသိတတ်ကြောင်း ဖော်ပြပါ

၅။ ယေဟောဝါ ပြုလုပ်ပေးထားသမျှကို စဉ်းစားတဲ့အခါ ဘာလုပ်ဖို့ လှုံ့ဆော်ခံရသလဲ။

တစ်ယောက်ယောက်ဆီက လက်ဆောင်ရတဲ့အခါ ကျေးဇူးတင်ကြောင်း ပြောလေ့ရှိကြတယ်။ အမြတ်တနိုးလည်း သုံးတတ်ကြတယ်။ “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှသည် အထက်အရပ်မှဖြစ်၏။ ကောင်းကင်အလင်းတို့၏ အဖထံတော်မှ သက်ရောက်တော်မူ၏။ ရွှေ့ပြောင်းတတ်သောအရိပ်ကဲ့သို့ ကိုယ်တော်၌ ပြောင်းလဲခြင်းမရှိ” လို့ ယာကုပ်ရေးခဲ့တယ်။ (ယာ. ၁:၁၇) အသက်ရှင်ဖို့၊ ပျော်ရွှင်မှုရဖို့ လိုအပ်တာမှန်သမျှ ယေဟောဝါပေးထားလို့ သိပ်ကျေးဇူးတင်စရာပဲ။ ကျွန်တော်တို့ကို ဘုရားသခင် သိပ်ချစ်တယ်။ ဒါကြောင့် ကိုယ်တော့်ကို ချစ်ကြောင်း ပြန်ဖော်ပြဖို့ လှုံ့ဆော်ခံရတယ်။ သင်ကော အဲဒီလိုခံစားရသလား။

၆။ ယေဟောဝါဆီက ကောင်းချီးဆက်ရချင်ရင် အစ္စရေးတွေ ဘာလုပ်ရမလဲ။

အစ္စရေးတွေဟာ ယေဟောဝါရဲ့မေတ္တာပါစောင့်ရှောက်မှုကို အလျှံပယ်ခံစားခဲ့ရတယ်။ ယေဟောဝါက ပညတ်တွေအားဖြင့် သူတို့ကို နှစ်ပေါင်းများစွာ လမ်းညွှန်ခဲ့တယ်။ အသက်ရှင်နေထိုင်ဖို့ လိုအပ်ရာမှန်သမျှ ပေးခဲ့တယ်။ (တရား. ၄:၇၊ ၈) ဘုရားပေးပညတ်တွေကို အစ္စရေးတွေ လိုက်နာခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်တယ်။ ဥပမာ၊ ယေဟောဝါဆီ ယဇ်ပူဇော်တဲ့အခါ “အဦးသီးသောအသီးအနှံ အကောင်းဆုံး” ကို ပေးရမယ်။ (ထွ. ၂၃:၁၉) ယေဟောဝါကို နာခံပြီး အကောင်းဆုံးကို ပေးဆက်နေသရွေ့ ကောင်းချီးဆက်ခံစားရမယ်ဆိုတာ အစ္စရေးတွေ သိတယ်။တရားဟောရာ ၈:၇–၁၁ ကိုဖတ်ပါ။

၇။ ယေဟောဝါကိုချစ်ကြောင်း ဖော်ပြဖို့ ကိုယ့်ရဲ့ ‘အဖိုးတန်အရာတွေ’ ကို ဘယ်လိုအသုံးပြုနိုင်သလဲ။

ကျွန်တော်တို့လည်း ကိုယ့်ရဲ့ ‘အဖိုးတန်အရာတွေ’ ကို ပေးဆက်ပြီး ယေဟောဝါကိုချစ်ကြောင်း ဖော်ပြနိုင်တယ်။ (သု. ၃:၉ကဘ) ကိုယ့်မှာရှိထားတဲ့အရာတွေကို ကိုယ်တော့်ဘုန်းထင်ရှားရေးမှာ အသုံးပြုခြင်းအားဖြင် အဲဒီလိုဖော်ပြနိုင်တယ်။ ဥပမာ၊ ကိုယ့်အရပ်ဒေသနဲ့ တစ်ကမ္ဘာလုံးမှာလုပ်ဆောင်နေတဲ့ နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ အလှူငွေထည့်နိုင်တယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အားလုံး ချမ်းသာသည်ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ ယေဟောဝါကိုချစ်ကြောင်း ဖော်ပြနိုင်တယ်။ (၂ ကော. ၈:၁၂) ယေဟောဝါကိုချစ်ကြောင်း ဖော်ပြနိုင်တဲ့ တခြားနည်းတွေလည်း ရှိသေးတယ်။

ယေဟောဝါကို သင် ပိုယုံကြည်ကိုးစားလေ ကိုယ်တော့်ကိုချစ်ကြောင်း ပိုဖော်ပြရာရောက်လေဖြစ်တယ်

၈၊ ၉။ ယေဟောဝါကိုချစ်ကြောင်း ဖော်ပြနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။ မိုက်နဲ့ မိသားစု ဘာလုပ်ခဲ့ကြသလဲ။

နိုင်ငံတော်ကို ဆက်ပြီးဦးစားထားဖို့၊ စားဝတ်နေရေးအတွက် မစိုးရိမ်ဖို့ ယေရှု သင်ပေးတယ်။ ကျွန်တော်တို့လိုအပ်ရာကို ပေးမယ်လို့ ကောင်းကင်ဖခင် ကတိပေးထားတယ်။ (မ. ၆:၃၁-၃၃) ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်တယ်။ ကိုယ်တော်ကတိတည်မယ်ဆိုတာ သိတယ်။ သင်ဟာ ကိုယ်တကယ်ချစ်တဲ့သူကို ယုံတတ်တယ်။ အဲဒီလိုပဲ၊ ယေဟောဝါကို သင် ပိုယုံကြည်ကိုးစားလေ ကိုယ်တော့်ကိုချစ်ကြောင်း ပိုဖော်ပြရာရောက်လေဖြစ်တယ်။ (ဆာ. ၁၄၃:၈) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ငါ့အစီအစဉ်တွေနဲ့ အချိန်ခွန်အား အသုံးပြုပုံတွေက ယေဟောဝါကို တကယ်ချစ်ကြောင်း ဖော်ပြနေသလား။ လိုအပ်ရာတွေ ရရှိဖို့ ယေဟောဝါကို နေ့တိုင်း ငါအားကိုးသလား။’

ညီအစ်ကိုမိုက်ဟာ ယေဟောဝါကို ယုံကြည်ကိုးစားတယ်။ နိုင်ငံရပ်ခြားမှာ အမှုဆောင်ဖို့ ငယ်ငယ်ကတည်းက ဆန္ဒရှိတယ်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် ရလာတာတောင် အဲဒီဆန္ဒရှိနေတုန်းပဲ။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုညီအစ်မတွေအကြောင်း ဖတ်ရတဲ့အခါ မိုက်နဲ့ မိသားစုဟာ ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ရောင်းပြီး တိုက်ခန်းလေးတစ်ခုမှာ ပြောင်းနေကြတယ်။ မိုက်ဟာ သူ့ရဲ့အိမ်မှုထိန်းသိမ်းရေးလုပ်ငန်းကိုလည်း လျှော့ချလိုက်ပြီး အဲဒီလုပ်ငန်းကို တခြားနိုင်ငံကနေ အင်တာနက်နဲ့ စီမံညွှန်ကြားဖို့ သင်ယူခဲ့တယ်။ ရလဒ်အနေနဲ့ မိုက်တို့မိသားစုဟာ တခြားနိုင်ငံကို ပြောင်းရွှေ့အမှုဆောင်နိုင်ပြီး အမှုဆောင်လုပ်ငန်းမှာ အကြီးအကျယ်ပျော်ရွှင်နေကြတယ်။ “မဿဲ ၆:၃၃ မှာပါတဲ့ ယေရှုရဲ့စကားတွေ သိပ်မှန်တယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ခံစားနေရတယ်” လို့ သူပြောတယ်။

ယေဟောဝါသင်ပေးတဲ့ အမှန်တရားအကြောင်း တွေးတောဆင်ခြင်ပါ

၁၀။ ယေဟောဝါအကြောင်း သင်ယူသိရှိခဲ့တာတွေကို ဘုရင်ဒါဝိဒ်လို ဘာကြောင့် တွေးတောဆင်ခြင်သင့်သလဲ။

၁၀ တစ်ကြိမ်မှာ ဘုရင်ဒါဝိဒ် အခုလိုရေးတယ်– ‘ကောင်းကင်ဟာ ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ကြေညာနေတယ်။ အထက်မိုးကောင်းကင်ဟာ ကိုယ်တော့်လက်ရာတွေအကြောင်း ပြောကြားနေတယ်။’ ‘ယေဟောဝါရဲ့ပညတ်ဟာ အကောင်းတကာ့အကောင်းဆုံးပဲ။ လူကို အစွမ်းခွန်အားနဲ့ ပြည့်စေတယ်။ ယေဟောဝါရဲ့ သတိပေးချက်ဟာ ယုံကြည်စိတ်ချထိုက်တယ်။ အတွေ့အကြုံမရှိသူကို ဉာဏ်ပညာရှိစေတယ်။’ ယေဟောဝါရဲ့ ပညာရှိပညတ်တွေနဲ့ လှပတဲ့ဖန်ဆင်းရာတွေအကြောင်း ဒါဝိဒ် တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာပြီး ကိုယ်တော့်ကိုချစ်ကြောင်း ဖော်ပြချင်လာတယ်။ ‘အို ယေဟောဝါဘုရား၊ ကျွန်တော့်ကျောက်ဆောင်၊ ကျွန်တော့်ရွေးနုတ်ရှင်၊ ကျွန်တော့်နှုတ်ကထွက်တဲ့စကားတွေနဲ့ စိတ်ထဲကအတွေးတွေဟာ ကိုယ်တော်နှစ်သက်တာတွေ ဖြစ်ပါစေ’ လို့ ဒါဝိဒ်ပြောတယ်။—ဆာ. ၁၉:၁၊ ၇၊ ၁၄ကဘ။

၁၁။ ယေဟောဝါကိုချစ်ကြောင်း ဖော်ပြဖို့ ကိုယ်တော်ပေးထားတဲ့ အသိပညာကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ဒီနေ့ခေတ်မှာ ယေဟောဝါဟာ မိမိအကြောင်း၊ မိမိရည်ရွယ်ချက်၊ ဖန်ဆင်းခြင်းနဲ့ နှုတ်မြွက်တော်ကျမ်းစာအကြောင်း အများကြီး သင်ပေးတယ်။ ဒီလောက,ကတော့ အဆင့်မြင့်ပညာရေးကို ဆည်းပူးဖို့ အားပေးတယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာရေးကြောင့် ဘုရားအပေါ်ထားတဲ့ မေတ္တာနဲ့ယုံကြည်ခြင်း ပျောက်ဆုံးသွားလေ့ရှိတယ်။ ယေဟောဝါကတော့ ကျွန်တော်တို့ကို အသိပညာသာမက ဉာဏ်ပညာနဲ့ သိနားလည်မှုကိုပါ ရရှိစေချင်တယ်။ ကိုယ်သင်ယူထားရာတွေကို ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ အကျိုးအတွက် အသုံးပြုစေချင်တယ်။ (သု. ၄:၅-၇) ဥပမာ၊ တခြားသူတွေကို “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သော အသိပညာ” သင်ပေးပြီး အသက်ရအောင် ကူညီပေးစေချင်တယ်။ (၁ တိ. ၂:၄) ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ လူသားတွေအတွက် နိုင်ငံတော်လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း လူတိုင်းကို အတတ်နိုင်ဆုံးသင်ပေးခြင်းအားဖြင့် ယေဟောဝါနဲ့ လူတွေကို ချစ်ကြောင်း ကျွန်တော်တို့ဖော်ပြနိုင်တယ်။ဆာလံ ၆၆:၁၆၊ ၁၇ ကိုဖတ်ပါ။

၁၂။ ယေဟောဝါဆီက လက်ဆောင်မွန်နဲ့ပတ်သက်ပြီး ညီအစ်မငယ်တစ်ယောက် ဘာပြောသလဲ။

၁၂ လူငယ်တွေလည်း ယေဟောဝါပေးထားရာတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းအားဖြင့် ကိုယ်တော့်ကိုချစ်ကြောင်း ပြနိုင်တယ်။ ရှန်နွန်ဟာ အသက် ၁၁ နှစ်တုန်းက အဖြစ်အပျက်တစ်ခုကို အမှတ်ရနေတုန်းပဲ။ သူနဲ့ ၁၀ နှစ်အရွယ် သူ့ညီမဟာ မိဘတွေနဲ့အတူ “ဘုရားရေးရာဆပ်ကပ်အပ်နှံခြင်း” ခရိုင်စည်းဝေးကို တက်ရောက်ခဲ့တယ်။ စည်းဝေးအစီအစဉ်တစ်ခုမှာ လူငယ်အားလုံးကို သတ်မှတ်ထားတဲ့ အထူးနေရာမှာထိုင်ဖို့ ပြောတယ်။ ပထမတော့ နည်းနည်းစိုးရိမ်မိတယ်။ ဒါပေမဲ့ လူငယ်ယောက်တိုင်း လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ကို ရရှိတဲ့အခါ သိပ်အံ့သြမိတယ်။ ဒီလက်ဆောင်မွန်ကြောင့် ယေဟောဝါနဲ့ပတ်သက်ပြီး သူဘယ်လိုခံစားခဲ့ရသလဲ။ “ယေဟောဝါဟာ တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မှန်း၊ ကျွန်မကို သိပ်ချစ်မှန်း သိရှိလိုက်ရတယ်။ ကြီးမြတ်တဲ့ဘုရား ယေဟောဝါဆီက ဒီလောက်လှပတဲ့လက်ဆောင် ရလို့ သိပ်ပျော်တာပဲ” လို့ သူပြောတယ်။

ယေဟောဝါရဲ့ဆုံးမမှုကို လက်ခံပါ

၁၃၊ ၁၄။ ယေဟောဝါဆုံးမတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်သလဲ။ ဘာကြောင့်လဲ။

၁၃ ‘ဖခင်က ချစ်တဲ့သားကို ပဲ့ပြင်သလို ယေဟောဝါကလည်း ချစ်တဲ့သူတွေကို ပဲ့ပြင်တတ်တယ်’ လို့ ကျမ်းစာပြောတယ်။ (သု. ၃:၁၂ကဘ) ယေဟောဝါရဲ့ဆုံးမမှုကို လက်ခံပြီး ကျွန်တော်တို့ကိုလေ့ကျင့်ပေးဖို့ ခွင့်ပြုမယ်ဆိုရင် မှန်ရာကို လုပ်ဆောင်တတ်လာမှာဖြစ်ပြီး စိတ်ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။ “ဆုံးမခြင်းခံရစဉ် ဝမ်းမြောက်စရာဟု မထင်တတ်။ ဝမ်းနည်းစရာဟု ထင်တတ်” တာ မှန်ပါတယ်။ (ဟေဗြဲ ၁၂:၁၁) ဒါပေမဲ့ ယေဟောဝါ ဆုံးမတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်သလဲ။ ယေဟောဝါရဲ့ဆုံးမမှုကို လျစ်လျူရှုတာမျိုး၊ မကြိုက်လို့ စိတ်ခုနေတာမျိုး ဘယ်တော့မှ မဖြစ်သင့်ဘူး။ ယေဟောဝါကိုချစ်တဲ့အတွက် ဆုံးမစကားကို နားထောင်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်တယ်။

ယေဟောဝါရဲ့နှစ်သက်မှုရဖို့ လိုလိုလားလား ပြုပြင်ပြောင်းလဲမယ်ဆိုရင် ကိုယ်တော့်ကို တကယ်ချစ်ကြောင်း ဖော်ပြရာရောက်တယ်

၁၄ မာလခိခေတ်တုန်းက ဂျူးများစွာဟာ ယေဟောဝါရဲ့စကားကို နားမထောင်ကြဘူး။ သူတို့ပူဇော်တဲ့ယဇ်တွေကို ယေဟောဝါ မကြိုက်တာလည်း ဂရုမစိုက်ကြဘူး။ ဒါကြောင့် ယေဟောဝါ ခပ်ပြင်းပြင်းဆုံးမခဲ့တယ်။ (မာလခိ ၁:၁၂၊ ၁၃ ကိုဖတ်ပါ။) တကယ်တော့ သူတို့ကို ယေဟောဝါ အကြိမ်ကြိမ်ဆုံးမပြီးပြီ။ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ ဒါကြောင့် “ကျိန်ခြင်းဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်” လို့ ကိုယ်တော်ပြောတယ်။ (မာလ. ၂:၁၊ ၂) ယေဟောဝါရဲ့ဆုံးမစကားကို နားမထောင်ဘဲနေမယ်၊ ခပ်ပေါ့ပေါ့ပဲ သဘောထားမယ်ဆိုရင် ကိုယ်တော်နဲ့ အဆက်ပြတ်သွားမှာ သေချာပါတယ်။

ခေတ်ရေစီးကြောင်းနောက် လိုက်မယ့်အစား ယေဟောဝါဖြစ်စေချင်တာကို ထည့်စဉ်းစားပါ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ဘယ်လိုသဘောထားမျိုးကို ရှောင်သင့်သလဲ။

၁၅ စာတန့်လောက,ကတော့ မာနကြီးဖို့၊ ကိုယ့်အတွက်ပဲကြည့်ဖို့ လူတွေကို မြှောက်ပေးနေတယ်။ လူများစွာဟာ ဆုံးမခံရတာ၊ အပြောခံရတာကို မကြိုက်ကြဘူး။ တချို့ကျတော့လည်း မဖြစ်မနေမို့လို့သာ အောင့်သက်သက်နဲ့ နားထောင်ကြတယ်။ ကျွန်တော်တို့ အဲဒီလိုမဖြစ်သင့်ဘူး။ “လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့” လို့ ကျမ်းစာပြောတယ်။ အဲဒီအစား ကျွန်တော်တို့ဆီက ယေဟောဝါမျှော်လင့်တဲ့အရာကို နားလည်ဖို့၊ ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်ဖို့ လိုအပ်တယ်။ (ရော. ၁၂:၂) ယေဟောဝါဟာ အဖွဲ့အစည်းကတစ်ဆင့် အချိန်တန်ဆုံးမတယ်။ ဥပမာ၊ လိင်ခြားသူတွေနဲ့ ဘယ်လိုပြုမူနေထိုင်ရမယ်၊ မိတ်ဆွေ ဘယ်လိုရွေးချယ်ရမယ်၊ အပန်းဖြေခြင်းကိစ္စကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာတွေကို သတိပေးတယ်။ ယေဟောဝါရဲ့ဆုံးမစကားကို လိုလိုလားလား လက်ခံပြီး ကိုယ်တော့်နှစ်သက်မှုရဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲမယ်ဆိုရင် လမ်းညွှန်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ကိုယ်တော့်ကို တကယ်ချစ်ကြောင်း ဖော်ပြရာရောက်တယ်။—ယော. ၁၄:၃၁; ရော. ၆:၁၇

အကူအညီနဲ့ အကာအကွယ်ရဖို့ ယေဟောဝါကို အားကိုးပါ

၁၆၊ ၁၇။ (က) ဆုံးဖြတ်ချက်မချခင် ယေဟောဝါရဲ့အမြင်ကို သိဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။ (ခ) ယေဟောဝါကို ယုံကြည်ကိုးစားမယ့်အစား အစ္စရေးတွေ ဘာလုပ်ခဲ့သလဲ။

၁၆ ကလေးတွေဟာ အကူအညီနဲ့ အကာအကွယ်ရဖို့ မိဘတွေကို အားကိုးကြတယ်။ လူကြီးတွေတောင် မိဘဆီ အကူအညီတောင်းရတဲ့အခါတွေ ရှိတယ်။ ကိုယ်တိုင်ဆုံးဖြတ်နိုင်ပေမဲ့ မိဘဆီကနေ အကြံဉာဏ်ကောင်းရနိုင်တယ်ဆိုတာ သူတို့သိတယ်။ ဖခင်ယေဟောဝါလည်း ကျွန်တော်တို့ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ပေးထားတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ချစ်ခင်အားကိုးတဲ့အတွက် တစ်ခုခုမဆုံးဖြတ်ခင် ကိုယ်တော့်ဆီ အမြဲအကူအညီတောင်းပြီး ကိုယ်တော့်အမြင်ကို သိဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ယေဟောဝါကို အားကိုးမယ်ဆိုရင် မှန်ရာလုပ်နိုင်အောင် သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကိုယ်တော်ကူညီပေးပါလိမ့်မယ်။—ဖိ. ၂:၁၃

၁၇ ရှမွေလခေတ်တုန်းက အစ္စရေးတွေဟာ ဖိလိတ္တိတွေကို စစ်ရှုံးတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ ယေဟောဝါကို မေးမယ့်အစား ‘ယေဟောဝါဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍ ငါတို့ကို ရန်သူလက်မှကယ်တင်စေခြင်းငှာ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့’ လို့ သူတို့ပြောကြတယ်။ ဘာရလဒ် ရရှိခဲ့သလဲ။ ‘ကြီးစွာသောလုပ်ကြံခြင်းဖြစ်၍ အစ္စရေး ခြေသည်သူရဲ သုံးသောင်းတို့သည် သေကြ၏။ ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ ရောက်လေ၏။’ (၁ ရာ. ၄:၂-၄၊ ၁၀၊ ၁၁) သေတ္တာတော်ကို ဆောင်ထားရုံနဲ့ ယေဟောဝါ ကူညီ၊ ကာကွယ်ပေးမယ်လို့ အစ္စရေးတွေ ထင်နေတယ်။ ယေဟောဝါဆီမှာတော့ အကူအညီမတောင်းကြဘူး။ ကိုယ်တော့်အမြင်ကို သိဖို့ မကြိုးစားကြဘူး။ အဲဒီအစား ကိုယ့်အထင်အမြင်အတိုင်း ဆက်လုပ်တဲ့အတွက် မရှုမလှဒုက္ခရောက်ခဲ့တယ်။သုတ္တံ ၁၄:၁၂ ကိုဖတ်ပါ။

၁၈။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာဘာသင်ပေးသလဲ။

၁၈ ယေဟောဝါကို နှစ်နှစ်ကာကာချစ်ပြီး အားကိုးတဲ့ ဆာလံဆရာ အခုလိုရေးတယ်– ‘ဘုရားသခင်ကို မဟာကယ်တင်ရှင်အဖြစ် ငါချီးမွမ်းရဦးမယ်။ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။ အို ဘုရားသခင်၊ ကျွန်တော် စိတ်ပျက်နေပါတယ်။ ဒါကြောင့် ကိုယ်တော့်ကို မျှော်မှန်းတမ်းတနေမိတယ်။’ (ဆာ. ၄၂:၅၊ ၆ကဘ) သင်လည်း ယေဟောဝါနဲ့ပတ်သက်ပြီး အဲဒီလိုခံစားရသလား။ ကိုယ်တော်နဲ့ ရင်းရင်းနှီးနှီးရှိသလား။ ယုံကြည်ကိုးစားသလား။ ယေဟောဝါကို သင် ပိုယုံကြည်ကိုးစားတတ်အောင် သင်ယူဖို့ လိုကောင်းလိုနေနိုင်တယ်။ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ လို့ ကျမ်းစာပြောတယ်။—သု. ၃:၅၊ ၆

၁၉။ ယေဟောဝါကိုချစ်ကြောင်း သင် ဘယ်လိုဖော်ပြမလဲ။

၁၉ ယေဟောဝါဟာ ကျွန်တော်တို့ကို အရင်ချစ်ပြခြင်းအားဖြင့် ချစ်တတ်လာအောင် သင်ပေးတယ်။ ကိုယ်တော့်မေတ္တာပုံသက်သေကို အမြဲမှတ်ထားကြပါစို့။ အဲဒီအပြင် ကိုယ်တော့်ကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်တယ်ဆိုတာ ဆက်ဖော်ပြကြပါစို့။—မာ. ၁၂:၃၀