မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာရုံပျံ့လွင့်ခြင်းမရှိဘဲ ယေဟောဝါကို အမှုဆောင်ပါ

အာရုံပျံ့လွင့်ခြင်းမရှိဘဲ ယေဟောဝါကို အမှုဆောင်ပါ

“မာရိသည် . . . တရားစကားတော်ကို နားထောင်လျက်နေ၏။ မာသမူကား ဧည့်ဝတ်ပြုရန် အာရုံများနေ[၏]။”—လု. ၁၀:၃၉၊ ၄၀

သီချင်း– ၉၄၁၃၄

၁၊ ၂။ မာသကို ယေရှု ဘာကြောင့်ချစ်တာလဲ။ မာသ မစုံလင်သူဖြစ်တယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။

လာဇရုရဲ့အစ်မ မာသအကြောင်း စဉ်းစားလိုက်တဲ့အခါ သင့်စိတ်ထဲ ဘယ်လိုပုံပေါ်လာသလဲ။ မာသဟာ ယေရှုရဲ့ မိတ်ဆွေရင်းဖြစ်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ယေရှုချစ်တဲ့သူအဖြစ် နာမည်နဲ့တကွ ဖော်ပြခံရတဲ့ တစ်ဦးတည်းသောအမျိုးသမီးလည်းဖြစ်တယ်။ ဒါပေမဲ့ ယေရှုဟာ မိခင်မာရိ၊ မာသရဲ့ညီမ မာရိ စတဲ့ ဘုရားကိုကြောက်ရွံ့တဲ့ တခြားအမျိုးသမီးတွေကိုလည်း ချစ်တယ်။ (ယော. ၁၁:၅; ၁၉:၂၅-၂၇) ဒါဆို ခရစ်ဝင်ကျမ်းမှတ်တမ်းမှာ မာသကို ဘာကြောင့် အဲဒီလိုဖော်ပြထားတာလဲ။

မာသရဲ့ ကြင်နာရက်ရောမှုနဲ့ အလုပ်ကြိုးစားမှုကြောင့်သာမက အထူးသဖြင့် သူ့ရဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းကြောင့် သူ့ကို ယေရှု ချစ်တယ်။ မာသဟာ ယေရှု သွန်သင်သမျှအားလုံးကို ယုံကြည်တယ်။ ယေရှုဟာ ကတိထားရာမေရှိယဖြစ်တယ်ဆိုတာကိုလည်း မာသ လုံးဝသံသယမရှိဘူး။ (ယော. ၁၁:၂၁-၂၇) ဒါပေမဲ့ မာသဟာ မစုံလင်သူဖြစ်ပြီး ကျွန်တော်တို့လိုပဲ အမှားတွေလုပ်တယ်။ ဥပမာ၊ တစ်ခါက သူတို့ဆီ ယေရှုလာလည်တဲ့အခါ ညီမဖြစ်သူမာရိကို စိတ်ဆိုးပြီး ဆုံးမပေးဖို့ ယေရှုကိုပြောတယ်။ “သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်းအား လုပ်ကျွေးမှုတာဝန် ဆောင်ရွက်စေသည်ကို လျစ်လျူရှုတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” လို့ မာသ ပြောတယ်။ (လုကာ ၁၀:၃၈–၄၂ ကိုဖတ်ပါ။) သူ ဘာကြောင့် အဲဒီလိုပြောတာလဲ။ မာသကို ယေရှုပြန်ဖြေတဲ့စကားကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

မာသ အာရုံပျံ့လွင့်ခဲ့

၃၊ ၄။ ဘယ်လိုနည်းနဲ့ “ကောင်းသောအရာ” ကို မာရိ ရွေးချယ်ခဲ့သလဲ။ ဘယ်အချက်ကို မာသ နှလုံးသွင်းခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

မာသ၊ မာရိရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အဖိုးတန်အမှန်တရားတွေအကြောင်း ယေရှု သင်ပေးချင်တယ်။ မာရိဟာ ချက်ချင်းပဲ ယေရှုခြေရင်းမှာ ထိုင်ပြီး “တရားစကားတော်ကို နားထောင်” တယ်။ ကြီးမြတ်တဲ့ဆရာဆီကနေ အတတ်နိုင်ဆုံးသင်ယူချင်တယ်။ မာသလည်း ယေရှုရဲ့စကားကို နားထောင်ဖို့ ရွေးချယ်နိုင်တယ်။ လုပ်လက်စအလုပ်တွေကိုရပ်ပြီး ယေရှုရဲ့စကားကိုသာ ထိုင်နားထောင်ခဲ့ရင် ယေရှု သူ့ကို ချီးမွမ်းခဲ့မှာပဲ။

ဒါပေမဲ့ မာသ အာရုံများနေတယ်။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ဖို့၊ ယေရှု ရောက်နေချိန်အတွင်း အဆင်ပြေဆုံးဖြစ်စေဖို့ သူ အလုပ်များနေတယ်။ မာရိ လာမကူပေးတဲ့အခါ စိတ်ဆိုးပြီး ယေရှုဆီ တိုင်ပြောတယ်။ မာသ အများကြီးပြင်ဆင်နေမှန်း ယေရှုသိတဲ့အတွက် “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြလျက်ရှိ၏” လို့ ကြင်ကြင်နာနာပြောတယ်။ အထွေအထူးမဟုတ်ဘဲ ဟင်းတစ်မျိုးတည်းဆိုရင်တောင် လောက်ပြီလို့ ယေရှုပြောတယ်။ အဲဒီနောက် မာရိ အာရုံစိုက်နားထောင်နေတာကို ချီးမွမ်းခဲ့တယ်။ “မာရိမူကား သာ၍ကောင်းသောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို မည်သူမျှ နုတ်ယူ၍ရမည်မဟုတ်” လို့ ယေရှု ပြောတယ်။ ဒီအထူးအချိန်အခါမှာ ဘာစားခဲ့တယ်ဆိုတာ မာရိ မေ့သွားကောင်းမေ့သွားနိုင်တယ်။ ဒါပေမဲ့ ယေရှုဆီက ကြားခဲ့တာတွေ၊ ယေရှု သူ့ကို ချီးမွမ်းခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးနောက် တမန်တော်ယောဟန်က ‘ယေရှုသည် မာသနှင့် သူ၏ညီမကို ချစ်တော်မူ၏’ လို့ ရေးခဲ့တယ်။ (ယော. ၁၁:၅) ဒီစကားတွေက မာသဟာ ယေရှုရဲ့မေတ္တာပါဆုံးမမှုကို နှလုံးသွင်းပြီး ကျန်အသက်တာတစ်လျှောက် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်ဆိုတာ ဖော်ပြတယ်။

၅။ သာ၍အရေးကြီးတဲ့အရာကို အာရုံစိုက်ဖို့ အထူးသဖြင့် ဒီနေ့အချိန်မှာ ဘာကြောင့် အရေးကြီးသလဲ။ ဘယ်မေးခွန်းကို ဆွေးနွေးကြမလဲ။

အာရုံပျံ့လွင့်စေနိုင်တဲ့ အရာတွေဟာ ကျမ်းစာခေတ်ကထက် ဒီနေ့ခေတ်မှာ မှိုလိုပေါက်နေတယ်။ နည်းပညာကြောင့် အာရုံပျံ့လွင့်သွားတာမျိုး မဖြစ်စေဖို့ ၁၉၅၈၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ ညီအစ်ကိုညီအစ်မတွေကို သတိပေးထားတယ်။ အဲဒီခေတ်မှာတောင် အသစ်အဆန်းတွေ နေ့တိုင်းထွက်နေပုံရတယ်။ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်ရှင်၊ တီဗီတွေ တအားခေတ်စားတယ်။ လောကစနစ်ရဲ့အဆုံး နီးလာလေ “အာရုံပျံ့လွင့်စရာတွေ ပိုများလာလိမ့်မယ်” လို့ ကင်းမျှော်စင်က သတိပေးတယ်။ ဒီနေ့ခေတ်မှာ အာရုံပျံ့လွင့်စရာတွေဟာ တစ်ခါနဲ့မှမတူအောင် များပြားနေတယ်။ ဒါဆို မာရိလိုပဲ မလိုအပ်တဲ့ အာရုံပျံ့လွင့်စရာတွေကို ရှောင်ပြီး ဝတ်ပြုရေးကို ဆက်အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ။

လောကကို အပြည့်အဝမသုံးပါနဲ့

၆။ ယေဟောဝါရဲ့လူမျိုးဟာ နည်းပညာကို ဘယ်လိုအသုံးပြုကြသလဲ။

ယေဟောဝါရဲ့လူမျိုးဟာ သတင်းကောင်းဟောပြောဖို့အတွက် လောကနည်းပညာကို အသုံးပြုရတယ်။ ဥပမာ၊ ပထမကမ္ဘာစစ် မတိုင်ခင်နဲ့ စစ်အတွင်းမှာ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” ကို သူတို့ ပြခဲ့တယ်။ ရောင်စုံဓာတ်ပုံနဲ့ ရုပ်ရှင်တိုလေးတွေကို အသံနဲ့တွဲပြခြင်းအားဖြင့် နိုင်ငံများစွာမှာရှိတဲ့ လူသန်းပေါင်းများစွာကို ဟောပြောခဲ့တယ်။ အဲဒီ “ဓာတ်ပုံပြဇာတ်” ကို ယေရှုခရစ်ရဲ့ ငြိမ်းချမ်းတဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုနဲ့ နိဂုံးချုပ်ထားတယ်။ နောက်ပိုင်း၊ ရေဒီယိုကိုသုံးပြီး နိုင်ငံတော်သတင်းတရားကို ကမ္ဘာအနှံ့ ကြေညာခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ဝေးလံခေါင်သီတဲ့ဒေသတွေ အပါအဝင် နေရာအနှံ့က လူတွေဆီ သတင်းကောင်း ရောက်ရှိဖို့ ကွန်ပျူတာနဲ့ အင်တာနက်ကို အသုံးပြုနေတယ်။

မလိုအပ်တဲ့အရာတွေကြောင့် ဘုရားရေးရာလုပ်ငန်းတွေကနေ အာရုံလွဲသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့ (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ (က) လောကကို အပြည့်အဝသုံးခြင်းက ဘာကြောင့် အန္တရာယ်ရှိသလဲ။ (ခ) ဘာကို အထူးသတိထားသင့်သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

လောကကို အပြည့်အဝမသုံးဖို့ ကျမ်းစာသတိပေးတယ်။ အဲဒီထဲမှာ လောကကမ်းလှမ်းတဲ့အရာတွေအတွက် အချိန်များစွာပေးခြင်း ပါဝင်တယ်။ (၁ ကောရိန္သု ၇:၂၉–၃၁ ကိုဖတ်ပါ။) လောကမှာရှိတဲ့အရာတချို့က မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းအချိန်စားတယ်။ ဥပမာ၊ စာအုပ်ဖတ်တာ၊ တီဗီကြည့်တာ၊ လျှောက်လည်တာ၊ ဈေးဝယ်ထွက်တာ၊ နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းတွေ ဒါမှမဟုတ် ဇိမ်ခံပစ္စည်းတွေကို လျှောက်ကြည့်တာတွေ ဖြစ်နိုင်တယ်။ လူများစွာက အွန်လိုင်းမှာစကားပြောတာ၊ မက်ဆေ့ခ်ျပို့တာ၊ အီးမေးလ်ပို့တာ၊ ကမ္ဘာ့သတင်းနဲ့ အားကစားသတင်းတွေ ဖတ်ရတာကို နှစ်သက်ကြတယ်။ ဒါပေမဲ့ တချို့က အဲဒါတွေကို စွဲလမ်းသွားကြတယ်။ * (ဒေ. ၃:၁၊) မလိုအပ်တဲ့အရာတွေအတွက် အချိန်အများကြီးပေးနေမယ်ဆိုရင် သာ၍အရေးကြီးတဲ့အရာဖြစ်တဲ့ ဝတ်ပြုရေးကို အာရုံစိုက်နိုင်တော့မှာမဟုတ်ဘူး။ဧဖက် ၅:၁၅–၁၇ ကိုဖတ်ပါ။

၈။ လောကအရာတွေကို မချစ်ဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။

စာတန်ဟာ သူ့လောကမှာရှိတဲ့အရာတွေကို သုံးပြီး ကျွန်တော်တို့ကို ဆွဲဆောင်ဖို့၊ ဝတ်ပြုရေးကနေ အာရုံလွဲသွားစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ပထမရာစုမှာ သူအဲဒီလိုလုပ်ခဲ့တယ်။ ဒီနေ့ခေတ်မှာ ပိုတောင်လုပ်နေတယ်။(၂ တိ. ၄:၁၀) ဒါကြောင့် လောကအရာတွေအပေါ်ထားတဲ့ ကိုယ့်ခံစားချက်ကို ပုံမှန်ဆန်းစစ်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်တယ်။ လောကအရာတွေကို မချစ်ရဘူးလို့ ကျမ်းစာပြောတယ်။ အဲဒီအစား ယေဟောဝါကိုချစ်တဲ့မေတ္တာ တိုးများအောင် လုပ်ဆောင်ရမယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါကို နာခံဖို့ ပိုလွယ်ကူလာမှာဖြစ်ပြီး ကိုယ်တော်နဲ့ ရင်းနှီးလာပါလိမ့်မယ်။—၁ ယော. ၂:၁၅-၁၇

အရေးကြီးဆုံးအရာကို ဆက်အာရုံစိုက်နေပါ

၉။ ဘာကိုအာရုံစိုက်ဖို့ တပည့်တွေကို ယေရှုသင်ပေးသလဲ။ ကိုယ်တိုင် ဘယ်လို ပုံသက်သေချမှတ်ခဲ့သလဲ။

အာရုံမများဖို့ မာသကို ယေရှု သင်ပေးခဲ့သလို တပည့်တွေကိုလည်း သင်ပေးတယ်။ ယေဟောဝါနဲ့ နိုင်ငံတော်ကို ဆက်အာရုံစိုက်နေဖို့ သူတို့ကို အားပေးတယ်။ (မဿဲ ၆:၂၂၊ ၃၃ ကိုဖတ်ပါ။) ကိုယ်တိုင်လည်း အကောင်းဆုံးပုံသက်သေ ချမှတ်ခဲ့တယ်။ ယေရှုမှာ အိမ်တစ်လုံး၊ ခြံတစ်ခြံမှ မရှိဘူး။ ပစ္စည်းဥစ္စာလည်း များများစားစားမရှိဘူး။—လု. ၉:၅၈; ၁၉:၃၃-၃၅

၁၀။ ယေရှု ဘယ်ပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။

၁၀ ဟောပြောခြင်းလုပ်ငန်းကနေ အာရုံလွဲသွားစေမယ့် ဘယ်အရာကိုမှ ယေရှု ခွင့်မပြုခဲ့ဘူး။ ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းစတင်ပြီး မကြာခင်မှာ ကပေရနောင်မြို့သားတွေက ယေရှုကို သူတို့မြို့မှာ ဆက်နေစေချင်တယ်။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ့တာဝန်ကိုပဲ ဆက်အာရုံစိုက်ခဲ့တယ်။ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကို စေလွှတ်တော်မူ၏” လို့ပြောတယ်။ (လု. ၄:၄၂-၄၄) ပါလက်စတိုင်းတစ်ခွင် ခြေကျင်လျှောက်ပြီး လူတွေကို ဟောပြောသွန်သင်ခဲ့တယ်။ ယေရှုဟာ စုံလင်သူဖြစ်ပေမဲ့ သာမန်လူတွေလိုပဲ မောပန်းတတ်ပြီး တစ်ခါတလေ ပင်ပန်းလွန်းလို့ အနားယူဖို့ လိုအပ်ခဲ့တယ်။—လု. ၈:၂၃; ယော. ၄:၆

ပစ္စည်းဥစ္စာတွေ အပေါ် အာရုံရောက်နေရင် ဘုရားသခင့် အမှုဆောင်ခြင်းကနေ အာရုံ လွဲသွားနိုင်တယ် ဆိုပြီး ယေရှု သတိပေးခဲ့တယ်

၁၁။ လူတစ်ယောက်က ကိုယ်ရေးကိုယ်တာ ပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အခါ ယေရှု ဘာပြောသလဲ။ တပည့်တွေကို ဘယ်လိုသတိပေးခဲ့သလဲ။

၁၁ နောက်ပိုင်း၊ တပည့်တွေကို အရေးကြီးသင်ခန်းစာတစ်ခု သင်ပေးနေချိန်မှာ လူတစ်ယောက်က ကြားဖြတ်ပြီး “ဆရာ၊ ကျွန်ုပ်ကို အမွေခွဲဝေပေးရန် ကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ” လို့ပြောတယ်။ ဒီလူရဲ့ ကိုယ်ရေးကိုယ်တာပြဿနာကို ယေရှု မဖြေရှင်းပေးခဲ့ဘူး။ “အချင်းလူ၊ သင်တို့၏တရားသူကြီးအဖြစ်၊ အမွေခွဲဝေသူအဖြစ် ငါ့ကို မည်သူခန့်အပ်သနည်း” လို့ ပြောပြီး တပည့်တွေကို အာရုံမပျက် ဆက်သွန်သင်ပေးတယ်။ ပစ္စည်းဥစ္စာတွေအပေါ် အာရုံရောက်နေရင် ဘုရားသခင့်အမှုဆောင်ခြင်းကနေ အာရုံလွဲသွားနိုင်တယ်ဆိုပြီး သူတို့ကို သတိပေးခဲ့တယ်။—လု. ၁၂:၁၃-၁၅

၁၂၊ ၁၃။ (က) ယေရှုရဲ့ ဘယ်လုပ်ရပ်ကြောင့် ဂရိလူတချို့ အထင်ကြီးလေးစားသွားသလဲ။ (ခ) ဖိလိပ္ပုကတစ်ဆင့် အဲဒီလူတွေ တွေ့ခွင့်တောင်းတဲ့အခါ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၂ လူသားတစ်ယောက်အနေနဲ့ ယေရှုရဲ့နောက်ဆုံးနေ့ရက်တွေဟာ စိတ်ဖိစီးမှုအများဆုံးအချိန်ဖြစ်တယ်။ (မ. ၂၆:၃၈; ယော. ၁၂:၂၇) နှိပ်စက်ခံရပြီး သေဆုံးရမယ်ဆိုတာ ယေရှုသိတယ်။ မသေဆုံးခင် လုပ်စရာအများကြီးရှိတယ်ဆိုတာလည်း သူသိတယ်။ ဥပမာ၊ နိသန်လ ၉ ရက်၊ တနင်္ဂနွေနေ့မှာ ယေရှုဟာ မြည်းစီးပြီး ဂျေရုဆလင်မြို့ထဲ ဝင်ခဲ့တယ်။ လူအုပ်က ယေရှုကို ဘုရင်အဖြစ် ကြိုဆိုခဲ့ကြတယ်။ (လု. ၁၉:၃၈) နောက်နေ့မှာ ယေရှု ဗိမာန်တော်ကိုသွားတယ်။ မတန်တဆဈေးနဲ့ ရောင်းဝယ်ဖောက်ကားပြီး အမြတ်ထုတ်နေတဲ့ လောဘကြီးသူတွေကို ဗိမာန်တော်ကနေ မောင်းထုတ်ခဲ့တယ်။—လု. ၁၉:၄၅၊ ၄၆

၁၃ ပသခါပွဲတက်ဖို့ ဂျေရုဆလင်ကို ရောက်နေတဲ့ ဂရိလူမျိုးတချို့ဟာ ယေရှုရဲ့လုပ်ရပ်ကို အထင်ကြီးလေးစားသွားပြီး တမန်တော်ဖိလိပ္ပုကတစ်ဆင့် တွေ့ခွင့်တောင်းတယ်။ ဒါပေမဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးနိုင်တဲ့ လူတွေကြားမှာ ထင်ပေါ်ဖို့ ယေရှု မကြိုးစားခဲ့ဘူး။ အဲဒီအစား ပိုအရေးကြီးတဲ့ကိစ္စတွေကိုပဲ ဆက်အာရုံစိုက်ခဲ့တယ်။ မကြာခင် သူသေရတော့မယ့်အကြောင်း ရှင်းပြပြီးနောက် အန္ဒြေနဲ့ ဖိလိပ္ပုကို အခုလိုပြောတယ်– “မိမိ၏အသက်ကို တွယ်တာသူသည် အသက်ဆုံးရှုံးတတ်၏။ ဤလောက၌ မိမိ၏အသက်ကို မုန်းသောသူမူကား မိမိအသက်ကို စောင့်ထိန်း၍ ထာဝရအသက်ရလိမ့်မည်။” အဲဒီနောက် သူ့ရဲ့ကိုယ်ကျိုးစွန့်လမ်းစဉ်ကို လိုက်ဖို့ နောက်လိုက်တွေကို အားပေးပြီး “မည်သူမဆို ငါ၏အမှုကို ဆောင်ရွက်လျှင် ထိုသူကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်” လို့ ကတိပေးတယ်။ ဖိလိပ္ပုဟာ ယေရှုအကြောင်း သိချင်တဲ့ ဂရိလူမျိုးတွေကို အဲဒီစကားတွေ သွားပြောပြမှာသေချာတယ်။—ယော. ၁၂:၂၀-၂၆

၁၄။ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ဦးစားပေးလုပ်ဆောင်ခဲ့ပေမဲ့ မျှတမှုရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

၁၄ ယေရှုမြေကြီးပေါ်ရှိတုန်းက ဟောပြောခြင်းလုပ်ငန်းကို အဓိကအာရုံစိုက်လုပ်ဆောင်ခဲ့ပေမဲ့ တစ်ချိန်လုံး အလုပ်အကြောင်းပဲ စဉ်းစားနေတာတော့ မဟုတ်ဘူး။ ဥပမာ၊ အနည်းဆုံးတော့ မင်္ဂလာပွဲတစ်ပွဲ တက်ရောက်ပြီး ရေကို ဝိုင်ဖြစ်အောင် ပြောင်းလဲပေးခဲ့တယ်။ (ယော. ၂:၂၊ ၆-၁၀) မိတ်ဆွေတွေ၊ သတင်းကောင်းစိတ်ဝင်စားသူတွေရဲ့ အိမ်တွေမှာလည်း စားသောက်ခဲ့တယ်။ (လု. ၅:၂၉; ယော. ၁၂:၂) ပိုအရေးကြီးတာကတော့ ဆုတောင်းဖို့၊ တွေးတောဆင်ခြင်ဖို့၊ အနားယူဖို့ အမြဲအချိန်ယူခဲ့တယ်။—မ. ၁၄:၂၃; မာ. ၁:၃၅; ၆:၃၁၊ ၃၂

‘ဝန်ရှိသမျှကို ဖယ်ရှား’

၁၅။ ခရစ်ယာန်တွေ ဘာလုပ်ရမယ်လို့ တမန်တော်ပေါလု ပြောခဲ့သလဲ။ သူကိုယ်တိုင် ဘယ်လိုပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။

၁၅ ခရစ်ယာန်တွေဟာ တာဝေးပြေးပွဲရဲ့ အပြေးသမားတွေနဲ့တူတယ်လို့ တမန်တော်ပေါလုပြောတယ်။ ပန်းဝင်ဖို့ဆိုရင် ဝန်ရှိသမျှကို ဖယ်ရှားပစ်ရမယ်။ (ဟေဗြဲ ၁၂:၁ ကိုဖတ်ပါ။) ဒီကိစ္စမှာ ပေါလုကိုယ်တိုင် ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ သူဟာ ဂျူးဘာသာရေးခေါင်းဆောင် တစ်ယောက်အနေနဲ့ ချမ်းသာကြွယ်ဝပြီး ထင်ပေါ်ကျော်ကြားလာနိုင်တယ်။ ဒါပေမဲ့ “သာ၍အရေးကြီးသောအရာများ” ကို အာရုံစိုက်နိုင်ဖို့ အဲဒီအလုပ်ကို စွန့်လွှတ်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကို မမောနိုင်မပန်းနိုင် ကြိုးစားလုပ်ဆောင်ပြီး ဆီးရီးယား၊ အာရှမိုင်းနား၊ မက်ဆီဒိုးနီးယား၊ ယုဒနယ်အပါအဝင် ဒေသများစွာကို ခရီးနှင်ခဲ့တယ်။ ပေါလုဟာ ကောင်းကင်မှာရရှိမယ့် ထာဝရအသက်ဆုကျေးဇူးကို အာရုံစိုက်တယ်။ “နောက်၌ကျန်ရစ်သောအရာများကို မေ့ထားပြီး ရှေ့၌ရှိသောအရာကို လက်လှမ်းခြင်းဖြစ်၏။ ငါသည် . . . ဆုကျေးဇူးကိုရရန် ပန်းတိုင်သို့ ပြေးနေ၏” လို့ သူပြောတယ်။ (ဖိ. ၁:၁၀; ၃:၈၊ ၁၃၊ ၁၄) ပေါလုဟာ တစ်ကိုယ်ရေဘဝကို အပြည့်အဝအသုံးပြုပြီး “အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကို မပြတ်ခစား” ခဲ့တယ်။—၁ ကော. ၇:၃၂-၃၅

“သာ၍ အရေးကြီးသော အရာများ” ကို အာရုံ စိုက်နိုင်ဖို့ လောကအလုပ်ကို ပေါလု စွန့်လွှတ်ခဲ့တယ်

၁၆၊ ၁၇။ အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေဖြစ်စေ ပေါလုရဲ့ ပုံနမူနာကို ဘယ်လိုလိုက်လျှောက်နိုင်သလဲ။ မာ့ခ်နဲ့ ကလဲရ် ဘယ်လိုလိုက်လျှောက်ခဲ့သလဲ။

၁၆ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်တချို့ဟာ ပေါလုလိုပဲ ဘုရားလုပ်ငန်းမှာ ပိုပါဝင်နိုင်ဖို့ တစ်ကိုယ်ရေနေကြတယ်။ (မ. ၁၉:၁၁၊ ၁၂) အိမ်ထောင်မရှိသူတွေဟာ အိမ်ထောင်သည်တွေထက် မိသားစုတာဝန်တွေ လျော့နည်းတယ်။ ဒါပေမဲ့ တစ်ကိုယ်ရေဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ ဘုရားအမှုဆောင်ခြင်းကို ဆက်အာရုံစိုက်နိုင်ဖို့ ‘ဝန်ရှိသမျှကို ဖယ်ရှား’ နိုင်တယ်။ အချိန်စားတဲ့အကျင့်တွေကို ဖြတ်ပစ်ဖို့၊ ဘုရားသခင့်အမှုတော်မှာ ပိုပါဝင်နိုင်အောင် ပန်းတိုင်တွေချမှတ်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်တယ်။

၁၇ ဥပမာ၊ ဝေလနယ်မှာ ကြီးပြင်းလာတဲ့ မာ့ခ်နဲ့ ကလဲရ်ဟာ ကျောင်းပြီးတာနဲ့ ရှေ့ဆောင်စလုပ်ကြတယ်။ အိမ်ထောင်ကျပြီးနောက်မှာလည်း ရှေ့ဆောင်ဆက်လုပ်တယ်။ ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ချင်တယ်။ “အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ အိပ်ခန်းသုံးခန်းပါတဲ့ အိမ်ကိုရောင်းပြီး အချိန်ပိုင်းအလုပ်ကိုလည်း ထွက်လိုက်တယ်။ ဒီနည်းနဲ့ ဘဝကို ပိုရိုးရှင်းစေခဲ့တယ်” လို့ မာ့ခ်ပြောတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အာဖရိကဒေသများစွာကို သွားပြီး နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကူညီပေးခဲ့ကြတယ်။ ငွေပြတ်သွားတဲ့အချိန်တွေလည်း ရှိပေမဲ့ သူတို့ကို ယေဟောဝါ အမြဲစောင့်ရှောက်တယ်။ “နေ့ရက်တိုင်းကို ယေဟောဝါရဲ့လုပ်ငန်းမှာ အသုံးပြုရလို့ သိပ်ကျေနပ်မိတယ်။ ဒီအတောအတွင်း မိတ်ဆွေအများကြီး ရလာတယ်။ ဘာမှလိုလေသေးမရှိခဲ့ဘူး။ ကျွန်မတို့ ပေးဆက်လိုက်တာ နည်းနည်းလေးပါ။ အချိန်ပြည့်အမှုဆောင်ခြင်းကနေ ပြန်ရရှိတဲ့ ပျော်ရွှင်မှုကတော့ ဘာနဲ့မှ မနှိုင်းယှဉ်နိုင်လောက်အောင်ပါပဲ” လို့ ကလဲရ် ပြောတယ်။ အချိန်ပြည့်အမှုဆောင်များစွာလည်း အလားတူခံစားကြရတယ်။ *

၁၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

၁၈ သင်ကော ဘယ်လိုလဲ။ ယေဟောဝါရဲ့လုပ်ငန်းမှာ အရင်ကလောက် မထက်သန်တော့ဘူးလို့ ခံစားနေရသလား။ မလိုအပ်တဲ့အရာတွေကြောင့် အာရုံပျံ့လွင့်နေသလား။ ဒါဆို ဘာလုပ်နိုင်သလဲ။ ကိုယ်ပိုင်ကျမ်းစာဖတ်ရှုလေ့လာမှုကို ပိုတိုးတက်အောင် လုပ်ဆောင်နိုင်တယ်။ နောက်ဆောင်းပါးမှာ အဲဒီအကြောင်း ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 7ရိုးအတဲ့သူက ပြောသမျှယုံတတ်တယ်’ ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။

^ စာပိုဒ်၊ 17မှန်ရာကိုသိပြီး ယင်းအတိုင်းလုပ်ဆောင်ခြင်း” ဆောင်းပါးပါ ဟေဒါန်နဲ့ မယ်လဒီ စန်ဒါရ်ဆန်တို့ရဲ့ ဘဝအတ္ထုပ္ပတ္တိကိုလည်း ကြည့်ပါ။ (၂၀၀၆၊ မတ် ၁၊ ကင်းမျှော်စင်) သြစတြေးလျနိုင်ငံက ဒီစုံတွဲဟာ အချိန်ပြည့်အမှုဆောင်နိုင်ဖို့အတွက် ဝင်ငွေဖြောင့်တဲ့ စီးပွားရေးလုပ်ငန်းကို စွန့်ခဲ့ကြတယ်။ အိန္ဒိယမှာ သာသနာပြုတွေအဖြစ် အမှုဆောင်ရင်း ငွေပြတ်သွားတဲ့အခါ ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာ ဖတ်ကြည့်ပါ။