မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ဝတ်ပြုဖို့ သင့်ဆယ်ကျော်သက်သားသမီးကို လေ့ကျင့်ပေးပါ

ယေဟောဝါကို ဝတ်ပြုဖို့ သင့်ဆယ်ကျော်သက်သားသမီးကို လေ့ကျင့်ပေးပါ

“ယေရှုသည်လည်း ကာယဉာဏ ကြီးထွားတိုးတက်လျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာပွင့်လန်းတော်မူ၏။”—လု. ၂:၅၂

သီချင်း– ၄၁၊ ၈၉

၁၊ ၂။ (က) မိဘတချို့ ဘာကိုစိတ်ပူမိနိုင်သလဲ။ (ခ) သားသမီးတွေဟာ ဆယ်ကျော်သက်အရွယ်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။

မိဘတွေ အပျော်ရွှင်ရဆုံးအချိန်တစ်ချိန်ကတော့ သားသမီးတွေ နှစ်ခြင်းခံတဲ့အချိန်ပဲ။ ညီအစ်မဘယ်ရာနီစီရဲ့ သားသမီးလေးယောက်စလုံး အသက် ၁၄ နှစ်မပြည့်ခင်မှာ နှစ်ခြင်းခံခဲ့ကြတယ်။ သူအခုလိုပြောတယ်– “ကျွန်မတို့အတွက်တော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါပဲ။ သားသမီးတွေ ယေဟောဝါကို ဝတ်ပြုချင်တဲ့အတွက် ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ ဆယ်ကျော်သက်ဘဝမှာ သူတို့ အခက်အခဲအများကြီး ရင်ဆိုင်ရမယ်ဆိုတာ ကျွန်မတို့သိတယ်။” သင့်မှာလည်း ဆယ်ကျော်သက်သားသမီး ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်ရောက်တော့မယ့် သားသမီးတွေ ရှိမယ်ဆိုရင် အဲဒီလိုစိတ်ပူမိမှာပဲ။

ကလေးစိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဆယ်ကျော်သက်အရွယ်ဟာ ကလေးတွေအတွက်ရော မိဘတွေအတွက်ပါ သိပ်ခက်ခဲမှန်း အသိအမှတ်ပြုပေမဲ့ အခုလိုဆက်ပြောတယ်– “ဆယ်ကျော်သက်အရွယ်ဟာ ‘စိတ်ရူးပေါက်တဲ့အရွယ်’ ဒါမှမဟုတ် ‘မရင့်ကျက်တဲ့အရွယ်’ မဟုတ်ပါဘူး။ အဲဒီအစား၊ စိတ်ခံစားမှုပြင်းထန်တဲ့အရွယ်၊ အပေါင်းအသင်းခုံမင်တဲ့အရွယ်၊ တီထွင်ဖန်တီးမှုဉာဏ် ပွင့်လန်းတဲ့အရွယ်ဖြစ်တယ်။” ဒါကြောင့် သင့်သားသမီးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ယေရှုလိုပဲ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိလာနိုင်တယ်။ (လုကာ ၂:၅၂ ကိုဖတ်ပါ။) အမှုဆောင်လုပ်ငန်းမှာ ပန်းတိုင်တွေ ရှိလာနိုင်တယ်။ ဘုရားလုပ်ငန်းမှာ ပိုပါဝင်ချင်တဲ့ဆန္ဒ ရှိလာနိုင်တယ်။ ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့၊ ကိုယ်တော့်ကို နာခံဖို့ စတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချလာနိုင်တယ်။ ဒါပေမဲ့ မိဘတစ်ယောက်အနေနဲ့ ဆယ်ကျော်သက်သားသမီးကို လေ့ကျင့်ပေးရာမှာ သင် ဘာလုပ်ဆောင်နိုင်သလဲ။ တပည့်တွေကို မေတ္တာ၊ နှိမ့်ချမှု၊ ထိုးထွင်းသိမြင်မှုနဲ့ လေ့ကျင့်ပေးခဲ့တဲ့ ယေရှုဆီကနေ သင်ယူနိုင်ပါတယ်။

သင့်ဆယ်ကျော်သက်သားသမီးကို မေတ္တာပြပါ

၃။ ယေရှုဟာ တမန်တော်တွေကို မိတ်ဆွေလို့ ဘာကြောင့် ခေါ်ခဲ့သလဲ။

ယေရှုဟာ တမန်တော်တွေရဲ့ သခင်လောက်သာမဟုတ်ဘဲ မိတ်ဆွေလည်း ဖြစ်တယ်။ (ယောဟန် ၁၅:၁၅ ကိုဖတ်ပါ။) ကျမ်းစာခေတ်တုန်းက သခင်တစ်ယောက်ဟာ သူ့အတွေးနဲ့ ခံစားချက်တွေအကြောင်း ကျွန်တွေကို ထုတ်ပြောလေ့မရှိဘူး။ ယေရှုကတော့ တမန်တော်တွေကို ကျွန်တွေလို မဆက်ဆံဘူး။ သူတို့ကို ချစ်ပြီး အချိန်ပေးပေါင်းသင်းတယ်။ သူ့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောပြတယ်။ တမန်တော်တွေ ထုတ်ပြောတဲ့ အတွေးနဲ့ ခံစားချက်တွေကိုလည်း သေချာနားထောင်ပေးတယ်။ (မာ. ၆:၃၀-၃၂) အဲဒီလိုမေတ္တာပါတဲ့ ပြောဆိုဆက်သွယ်မှုကြောင့် ယေရှုနဲ့ တမန်တော်တွေ သိပ်ရင်းနှီးပြီး ရှေ့မှာထမ်းဆောင်ရမယ့် တာဝန်တွေအတွက် သူတို့ အသင့်ဖြစ်နေခဲ့တယ်။

၄။ မိဘတို့၊ သားသမီးတွေနဲ့ မိတ်ဆွေဖြစ်အောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

သင့်မှာ မိဘအာဏာရှိပေမဲ့ သားသမီးတွေရဲ့ မိတ်ဆွေလည်း ဖြစ်နိုင်တယ်။ မိတ်ဆွေတွေဟာ အချင်းချင်း အချိန်ပေးပေါင်းသင်းကြတယ်။ ဒါကြောင့် သင်လည်း အလုပ်ချိန် ဒါမှမဟုတ် တခြားအချိန်တွေကို လျှော့ချပြီး သားသမီးတွေနဲ့ ပိုအချိန်ပေးပေါင်းသင်းနိုင်တယ်။ အဲဒီလိုလုပ်ဆောင်ဖို့ သေချာဆုတောင်းစဉ်းစားပါ။ မိတ်ဆွေတွေဟာ အကြိုက်တူကြတယ်။ ဒါကြောင့် သင့်ဆယ်ကျော်သက်သားသမီးတွေရဲ့ အကြိုက်ဆုံး သီချင်း၊ ရုပ်ရှင်၊ အားကစားတွေအကြောင်း သိအောင်လုပ်ပြီး သူတို့နဲ့အကြိုက်တူအောင် ကြိုးစားပါ။ အီတလီမှာနေထိုင်တဲ့ အယ်လာရီယာ အခုလိုပြောတယ်– “မိဘတွေက ကျွန်မနားထောင်တဲ့သီချင်းကို စိတ်ဝင်တစားရှိကြတယ်။ ဒီလိုနဲ့ အဖေဟာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်လာတယ်။ ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်း ပြောရဲလာတယ်။” သင်ဟာ သားသမီးတွေရဲ့ မိတ်ဆွေဖြစ်လို့၊ ယေဟောဝါရဲ့မိတ်ဆွေဖြစ်အောင် သူတို့ကို ကူညီပေးလို့ မိဘအာဏာ ပျောက်သွားမှာ မစိုးရိမ်ပါနဲ့။ (ဆာ. ၂၅:၁၄) သားသမီးတွေကို သင်ချစ်မှန်း၊ လေးစားမှန်း သူတို့သိလာတဲ့အခါ သင့်ဆီချဉ်းကပ်ဖို့ ပိုလွယ်ကူလာပြီး ဘယ်ကိစ္စမဆို ဖွင့်ပြောချင်လာပါလိမ့်မယ်။

၅။ ယေဟောဝါရဲ့လုပ်ငန်းကနေ ပျော်ရွှင်မှုရဖို့ တပည့်တွေကို ယေရှု ဘယ်လိုကူညီပေးခဲ့သလဲ။

တပည့်တွေ ဝတ်ပြုရေးမှာ တက်တက်ကြွကြွ ပါဝင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေရင် စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရမယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ကြိုးစားပါဝင်ဖို့ အားပေးပြီး သူတို့ကို ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်။—မ. ၂၈:၁၉၊ ၂၀

၆၊ ၇။ ပုံမှန်ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေ ရှိလာအောင် သားသမီးတွေကို မိဘတွေ လေ့ကျင့်ပေးခြင်းက ဘာကြောင့် မေတ္တာရှိရာရောက်သလဲ။

သင်ဟာ သားသမီးတွေကို ယေဟောဝါနဲ့ ရင်းနှီးစေချင်တယ်။ သူတို့ကို “ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း” သွန်သင်လေ့ကျင့်ပေးဖို့ သင့်ကို ဘုရားသခင် အခွင့်အာဏာပေးထားတယ်။ (ဧ. ၆:၄) ဒါကြောင့် သူတို့မှာ ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေ ရှိလာအောင်၊ ဆက်ရှိနေအောင် ပုံမှန်လေ့ကျင့်ပေးပါ။ ဒီအချက်ကို စဉ်းစားကြည့်ပါ– သားသမီးတွေအတွက် ပညာရေးဟာ အရေးကြီးမှန်း သင် သိလို့၊ ပညာသင်ယူလိုစိတ်ရှိစေချင်လို့ သူတို့ကို မဖြစ်မနေ ကျောင်းထားပေးတယ်။ အဲဒီလိုပဲ၊ မေတ္တာရှိတဲ့မိဘတွေဟာ သားသမီးတွေကို အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေနဲ့ မိသားစုဝတ်ပြုမှုကို မဖြစ်မနေ တက်ရောက်စေတယ်။ ယေဟောဝါပေးတဲ့ ပညာရေးက အသက်ကယ်နိုင်တဲ့အတွက် ယေဟောဝါအကြောင်း သင်ယူလိုစိတ်ရှိအောင်၊ ဘုရားရေးရာဉာဏ်ပညာကို သူတို့ တန်ဖိုးထားမြတ်နိုးလာအောင် သင် သွတ်သွင်းပေးတယ်။ (သု. ၂၄:၁၄) အဲဒီအပြင်၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်ဖို့လည်း လေ့ကျင့်ပေးတယ်။ အမှုဆောင်လုပ်ငန်းမှာ တပည့်တွေကို ယေရှု ကူညီပေးခဲ့သလို သင်လည်း သားသမီးတွေ တခြားသူတွေကို ကျမ်းစာအကြောင်း သင်ကြားပေးရတာ ပျော်မွေ့လာအောင် ကူညီပေးတယ်။

ကျမ်းစာလေ့လာတာ၊ အစည်းအဝေးတက်တာ၊ အမှုဆောင်လုပ်ငန်းမှာပါဝင်တာ စတဲ့ ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေက ဆယ်ကျော်သက်တွေကို ဘယ်လိုကူညီပေးသလဲ။ တောင်အာဖရိကမှာ နေထိုင်တဲ့ အီရင်း အခုလိုပြောတယ်– “ကျွန်မတို့ ငယ်ငယ်တုန်းက ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတက်ဖို့၊ အမှုဆောင်သွားဖို့ ကကြီကကြောင် လုပ်လေ့ရှိတယ်။ တစ်ခါတလေ မိသားစုဝတ်ပြုမှုမှာ မထိုင်ချင်လို့ တမင်သက်သက် အနှောင့်အယှက်ပေးကြတယ်။ ဒါပေမဲ့ မိဘတွေက ကျွန်မတို့ကို ဘယ်တော့မှ အလျှော့မပေးဘူး။” သူ အခုလိုဆက်ပြောတယ်– “အဲဒီဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်တွေ ဘယ်လောက်အရေးကြီးမှန်း နားလည်လာအောင် မိဘတွေ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်လို့မဆုံးဘူး။ အခုတော့ အကြောင်းတစ်ခုခုကြောင့် အစည်းအဝေးပျက်တဲ့အခါ၊ အမှုဆောင်မသွားနိုင်တဲ့အခါ စိတ်က အဲဒီကိုပဲ ရောက်နေတယ်။ အဲဒီလုပ်ရိုးလုပ်စဉ်တွေအတိုင်း အမြန်ဆုံးပြန်လုပ်ဆောင်နိုင်ဖို့ပဲ စိတ်စောနေတယ်။”

နှိမ့်ချမှုရှိပါ

၈။ (က) နှိမ့်ချမှုရှိကြောင်း ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) ယေရှုရဲ့နှိမ့်ချမှုက တပည့်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

ယေရှုဟာ စုံလင်ပေမဲ့ နှိမ့်ချမှုရှိတယ်။ သူ့ရဲ့အကန့်အသတ်ကို အသိအမှတ်ပြုပြီး ယေဟောဝါကို အားကိုးခဲ့တယ်။ (ယောဟန် ၅:၁၉ ကိုဖတ်ပါ။) ယေရှု နှိမ့်ချမှုရှိလို့ တပည့်တွေရဲ့ လေးစားမှု လျော့သွားလား။ မလျော့သွားပါဘူး။ ယေဟောဝါကို ယေရှု အားကိုးမှန်း တပည့်တွေ သိလေ ယေရှုကို ပိုယုံကြည်လေပဲ။ နောက်ပိုင်း၊ ယေရှုရဲ့ နှိမ့်ချမှုကို သူတို့ တုပခဲ့တယ်။—တ. ၃:၁၂၊ ၁၃၊ ၁၆

အမှားတွေကို သင်ဝန်ခံတဲ့အခါ သားသမီးတွေ သင့်ကိုပိုလေးစားလာမယ်

၉။ သင်ဟာ အမှားတွေကို ဝန်ခံမယ်ဆိုရင် ဆယ်ကျော်သက်သားသမီးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲ။

ယေရှု စုံလင်ပေမဲ့ ကျွန်တော်တို့ကတော့ မစုံလင်ဘူး။ အမှားတွေ လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်အကန့်အသတ်ကို နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုပြီး အမှားတွေကို ဝန်ခံရမယ်။ (၁ ယော. ၁:၈) ဒါမှ သင့်ရဲ့ဆယ်ကျော်သက်သားသမီးလည်း သူ့အမှားတွေကို ဝန်ခံတတ်လာမယ်။ သင့်ကိုလည်း ပိုလေးစားလာမယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– အမှားလုပ်မိတဲ့အခါ ဝန်ခံတတ်တဲ့ အလုပ်ရှင်နဲ့ ဘယ်တော့မှ တောင်းပန်စကားမပြောတဲ့ အလုပ်ရှင်ထဲမှာ ဘယ်သူ့ကို သင် ပိုလေးစားသလဲ။ သားသမီးသုံးယောက်ရှိတဲ့ ရို့စ်မေရီ အခုလိုပြောတယ်– “အမှားလုပ်မိတဲ့အခါ ကျွန်မတို့ ဝန်ခံတဲ့အတွက် သားသမီးတွေလည်း ပြဿနာကြုံတိုင်း ဖွင့်ပြောရဲလာတယ်။ ကျွန်မတို့မှာ အကန့်အသတ်ရှိတဲ့အတွက် ပြဿနာတွေရဲ့ အကောင်းဆုံးဖြေရှင်းနည်းကို ဘယ်မှာ ရှာရမယ်ဆိုတာ သားသမီးတွေကို သင်ပေးတယ်။ သူတို့ အကူအညီလိုအပ်တိုင်း ကျမ်းစာအခြေပြုစာပေတွေကို ညွှန်ပေးပြီး အတူဆုတောင်းတယ်။”

၁၀။ ဘာလုပ်ပါဆိုပြီး တပည့်တွေကို မိန့်မှာချိန်မှာတောင် နှိမ့်ချမှုရှိကြောင်း ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ တပည့်တွေကို ဘာလုပ်ပါဆိုပြီး မိန့်မှာဖို့ ယေရှုမှာ အခွင့်အာဏာရှိတယ်။ ဒါပေမဲ့ နှိမ့်ချမှုရှိလို့ အကြောင်းရင်းကို ရှင်းပြလေ့ရှိတယ်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို ဦးစွာရှာပါလို့ပဲ မပြောဘူး။ “နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်” လို့ ဆက်ပြောတယ်။ “စီရင်ခြင်းကို မပြုကြနှင့်တော့” လို့ပြောပြီးနောက် “သင်တို့သည် ကိုယ်စီရင်သည့်နည်းအတိုင်း စီရင်ခြင်းကို ခံကြရမည်” ဆိုပြီး အကြောင်းရင်းကို ရှင်းပြတယ်။—မ. ၆:၃၁–၇:၂

၁၁။ စည်းမျဉ်းထုတ်ရတဲ့အကြောင်းရင်း၊ ဆုံးဖြတ်ချက်ချရတဲ့အကြောင်းရင်းကို ဖြစ်နိုင်တဲ့အခါတိုင်း ရှင်းပြခြင်းက ဘာကြောင့် ပညာရှိသလဲ။

၁၁ သင်လည်း စည်းမျဉ်းတစ်ခုခု ထုတ်ရတဲ့အကြောင်းရင်း၊ ဆုံးဖြတ်ချက်တစ်ခုခု ချရတဲ့အကြောင်းရင်းကို ရှင်းပြဖို့ သင့်တော်တဲ့အချိန်ကို ရှာယူပါ။ သင့်ဆယ်ကျော်သက်သားသမီးက အကြောင်းရင်းကို နားလည်မှသာ နာခံချင်စိတ် ရှိလာမှာဖြစ်တယ်။ “အကြောင်းရင်းကို ရှင်းပြတဲ့အခါ သင့်ကို သူတို့ ပိုယုံကြည်လာလိမ့်မယ်။ အာဏာရှိလို့သာမဟုတ်ဘဲ အကြောင်းကောင်းရှိလို့ စည်းမျဉ်းထုတ်တယ်၊ ဆုံးဖြတ်ချက်တွေချတယ်ဆိုတာ နားလည်လာလိမ့်မယ်” လို့ သားသမီးလေးယောက်ကို ပြုစုပျိုးထောင်ခဲ့တဲ့ ညီအစ်ကိုဘာရီ ပြောတယ်။ ဆယ်ကျော်သက်တွေဟာ ကလေးပေါက်စတွေ မဟုတ်မှန်းလည်း သင် သတိရပါ။ ကိုယ့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးတတ်အောင်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်အောင် သင်ယူနေသူတွေဖြစ်တယ်။ (ရော. ၁၂:၁) “ခံစားချက်ကို ဦးစားမပေးဘဲ အသိဉာဏ်ရှိရှိ ဆုံးဖြတ်ချက် ချတတ်အောင် သူတို့ သင်ယူဖို့ လိုတယ်” လို့ ညီအစ်ကိုဘာရီ ပြောတယ်။ (ဆာ. ၁၁၉:၃၄) ဒါကြောင့် သင့်အနေနဲ့ နှိမ့်ချမှုရှိပါ။ ဆုံးဖြတ်ချက်ချရတဲ့အကြောင်းရင်းကို ရှင်းပြပါ။ ဒီနည်းအားဖြင့် သင့်ရဲ့ဆယ်ကျော်သက်သားသမီးလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်လာပါလိမ့်မယ်။ သူ့ကို သင်လေးစားမှန်း၊ လူကြီးအဖြစ် အသိအမှတ်ပြုမှန်း သိလာပါလိမ့်မယ်။

ထိုးထွင်းသိမြင်မှုရှိပါ

၁၂။ ယေရှုမှာ ထိုးထွင်းသိမြင်မှုရှိတဲ့အတွက် ပေတရုကို ဘယ်လိုကူညီပေးခဲ့သလဲ။

၁၂ ယေရှုဟာ ထိုးထွင်းသိမြင်မှုရှိပြီး တပည့်တွေ ဘာအကူအညီလိုအပ်နေမှန်း နားလည်တယ်။ ဥပမာ၊ သူအသတ်ခံရတော့မယ့်အကြောင်း တပည့်တွေကို အသိပေးတဲ့အခါ ပေတရုက ကိုယ့်ကိုယ်ကိုယ်သနားပါလို့ ပြောတယ်။ သူ့ကို ပေတရုချစ်မှန်း ယေရှု နားလည်ပေမဲ့ ပေတရုရဲ့ စဉ်းစားပုံမှားနေတယ်ဆိုတာလည်း ယေရှု သိတယ်။ ပေတရုနဲ့ တခြားတပည့်တွေကို ယေရှု ဘယ်လိုကူညီပေးခဲ့သလဲ။ ဦးဆုံး၊ ပေတရုကို တည့်မတ်ပေးတယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ်ငဲ့ညှာတဲ့ သဘောထားရဲ့ ဆိုးကျိုးနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရဲ့ ကောင်းချီးတွေကို ရှင်းပြတယ်။ (မ. ၁၆:၂၁-၂၇) ပေတရု သင်ခန်းစာရသွားတယ်။—၁ ပေ. ၂:၂၀၊ ၂၁

၁၃၊ ၁၄။ (က) သင့်သားသမီးရဲ့ယုံကြည်ခြင်း အားနည်းနေမှန်း ဘယ်လက္ခဏာတွေက ဖော်ပြနိုင်သလဲ။ (ခ) သင့်သားသမီး ဘာအကူအညီ လိုအပ်တယ်ဆိုတာ သင် ဘယ်လိုနားလည်လာနိုင်သလဲ။

၁၃ သင့်ဆယ်ကျော်သက်သားသမီး ဘာအကူအညီ လိုအပ်တယ်ဆိုတာ နားလည်နိုင်အောင် ထိုးထွင်းသိမြင်မှုပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဆာ. ၃၂:၈) ဥပမာ၊ သင့်သားသမီးရဲ့ယုံကြည်ခြင်း အားနည်းနေမှန်း ဘယ်လက္ခဏာတွေက ဖော်ပြနိုင်သလဲ။ အရင်ကလို ရွှင်ရွှင်ပျပျ မရှိတာ၊ ညီအစ်ကိုညီအစ်မတွေအကြောင်း မကောင်းပြောလာတာ ဒါမှမဟုတ် သင့်ကို မပြောဘဲ လျှို့ဝှက်ထားတာတစ်ခုခု ရှိနေတာ ဖြစ်နိုင်တယ်။ အဲဒီအခါ သူ အပြစ်တစ်ခုခုတော့ လုပ်နေပြီလို့ အလျင်စလို မယူဆလိုက်ပါနဲ့။ * ဒါပေမဲ့ ပြဿနာကိုလည်း လျစ်လျူမရှုပါနဲ့။ တစ်နည်းနည်းနဲ့ အဆင်ပြေသွားမှာပါလို့ မယူဆပါနဲ့။

အသင်းတော်မှာ သူငယ်ချင်းကောင်းတွေရရှိအောင် သင့်ဆယ်ကျော်သက်သားသမီးကို ကူညီပေးပါ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄ သူ့ကို ဘယ်လိုကူညီပေးရမယ်ဆိုတာ သိနိုင်ဖို့ မေးခွန်းတွေကို ကြင်ကြင်နာနာ၊ လေးလေးစားစား မေးပါ။ အဲဒါဟာ ရေတွင်းထဲက ရေကို ခပ်ယူတာနဲ့ တူတယ်။ ခပ်မြန်မြန်ဆွဲယူလိုက်ရင် လိုချင်သလောက် ရေပါလာမှာမဟုတ်ဘူး။ အဲဒီလိုပဲ၊ မေးခွန်းမေးတဲ့အခါ စိတ်မရှည်ရင်၊ ထုတ်ပြောလာအောင် သူ့ကို အတင်းဖိအားပေးရင် သူ့ခံစားချက် အစစ်အမှန်ကို သိနိုင်တော့မှာမဟုတ်ဘူး။ (သုတ္တံ ၂၀:၅ ကိုဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အယ်လာရီယာ အခုလိုပြောတယ်– “ကျွန်မဆယ်ကျော်သက်တုန်းက အမှန်တရားမှာ လျှောက်လှမ်းချင်တဲ့စိတ်နဲ့ အတန်းဖော်တွေနဲ့ ပိုပေါင်းသင်းချင်တဲ့စိတ်ကြားမှာ ဗျာများခဲ့ရတယ်။ ဒီအတွင်းတိုက်ပွဲကြောင့် တော်တော်စိတ်ရှုပ်ခဲ့ရတယ်။ အဲဒါကို မိဘတွေ သတိထားမိတယ်။ တစ်ညနေမှာ၊ သူတို့က ကျွန်မကို သတိထားမိတဲ့အကြောင်းပြောပြီး ဘာပြဿနာကြုံနေရလဲ လို့မေးတယ်။ ကျွန်မလည်း ငိုချလိုက်ပြီး အခြေအနေကို အမှန်အတိုင်းပြောရင်း အကူအညီတောင်းလိုက်တယ်။ ကျွန်မကို သူတို့ဖက်ပြီး ကျွန်မရဲ့အခြေအနေကို နားလည်မှန်း ပြောတယ်။ ကူညီပေးမယ်လို့လည်း ကတိပေးတယ်။” အယ်လာရီယာရဲ့ မိဘတွေဟာ အသင်းတော်မှာ သူငယ်ချင်းကောင်းတွေရလာအောင် သူ့ကို ချက်ချင်းကူညီပေးခဲ့တယ်။

သင့်ဆယ်ကျော်သက်သားသမီးရဲ့ အရည်အသွေးကောင်းတွေကို ရှာဖွေပြီး ချီးမွမ်းပေးပါ

၁၅။ ယေရှုဟာ ထိုးထွင်းသိမြင်မှုရှိကြောင်း ဘယ်နည်းနဲ့လည်း ဖော်ပြခဲ့သလဲ။

၁၅ ယေရှုဟာ တပည့်တွေရဲ့ အရည်အသွေးကောင်းတွေကို သိမြင်ခြင်းအားဖြင့်လည်း ထိုးထွင်းသိမြင်မှုရှိကြောင်း ဖော်ပြခဲ့တယ်။ ဥပမာ၊ ယေရှု နာဇရက်မြို့သားဖြစ်မှန်း နာသနေလကြားတဲ့အခါ “နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတစ်ခု ထွက်နိုင်သလော” လို့ ပြောခဲ့တယ်။ (ယော. ၁:၄၆) အဲဒီစကားကိုသာ သင်ကြားမိရင် နာသနေလကို ဘယ်လိုသတ်မှတ်မလဲ။ ကဲ့ရဲ့ဝေဖန်တတ်သူ၊ ခွဲခြားဆက်ဆံတတ်သူ၊ ယုံကြည်ခြင်းမရှိသူလို့ သတ်မှတ်မလား။ ယေရှု အဲဒီလိုမသတ်မှတ်ခဲ့ဘူး။ အဲဒီအစား၊ “လှည့်စားခြင်းနှင့်ကင်းသော အစ္စရေးလူကောင်း” လို့ နာသနေလကို ခေါ်ခဲ့တယ်။ (ယော. ၁:၄၇) ယေရှုဟာ ထိုးထွင်းသိမြင်မှုရှိပြီး နာသနေလရဲ့ ကောင်းကွက်ကို တွေ့မြင်ခဲ့တယ်။ လူတွေရဲ့ စိတ်နှလုံးကိုလည်း သိမြင်နိုင်တယ်။ အဲဒီသိမြင်နိုင်စွမ်းကိုသုံးပြီး တခြားသူတွေရဲ့ကောင်းကွက်ကို ရှာဖွေခဲ့တယ်။

၁၆။ သင့်ဆယ်ကျော်သက်သားသမီးတွေ တိုးတက်လာဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၆ သင်ဟာ ယေရှုလို တခြားသူရဲ့စိတ်ကို သိမြင်နိုင်စွမ်းမရှိပေမဲ့ ထိုးထွင်းသိမြင်မှုရှိကြောင်း ဖော်ပြနိုင်ပါတယ်။ သင့်ဆယ်ကျော်သက်သားသမီးရဲ့ အရည်အသွေးကောင်းတွေကို ရှာဖွေနိုင်အောင် ယေဟောဝါကူညီပေးနိုင်တယ်။ သင့်ကို သူ စိတ်ပျက်အောင်လုပ်ရင်တောင် “ပြဿနာကောင်” ဒါမှမဟုတ် “ဆန်ကုန်မြေလေး” လို့ ဘယ်တော့မှ မပြောပါနဲ့။ အဲဒီလိုလည်း တွေးတောင် မတွေးပါနဲ့။ အဲဒီအစား၊ သူ့အရည်အသွေးကောင်းတွေကို သင် မြင်တွေ့မှန်း၊ မှန်ရာလုပ်ချင်စိတ်ရှိတာကို သင် သိမှန်း ပြောပြပါ။ သူ့ရဲ့တိုးတက်မှုကို သိမြင်ပြီး ချီးမွမ်းပေးပါ။ ဖြစ်နိုင်တဲ့အခါ တာဝန်တွေ ပိုပေးခြင်းအားဖြင့် သူ့အရည်အသွေးကောင်းတွေ တိုးတက်လာအောင် ကူညီပေးပါ။ ယေရှု အဲဒီလိုပဲ လုပ်ဆောင်ခဲ့တယ်။ ယေရှုဟာ နာသနေလ (ဗာသောလမဲလို့လည်းခေါ်) နဲ့ဆုံပြီးနောက် တစ်နှစ်ခွဲကြာတဲ့အခါ သူ့ကို တမန်တော်အဖြစ် ရွေးချယ်ခြင်းအားဖြင့် အရေးကြီးတာဝန် ပေးအပ်ခဲ့တယ်။ နာသနေလဟာ တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ခဲ့တယ်။ (လု. ၆:၁၃၊ ၁၄; တ. ၁:၁၃၊ ၁၄) ဒါကြောင့် သင့်ဆယ်ကျော်သက်သားသမီးကို အမြဲတမ်းအသုံးမကျသူအဖြစ် ခံစားရစေမယ့်အစား သူ့ကို အားပေးပါ၊ ချီးမွမ်းပါ။ ယေဟောဝါအတွက် အသုံးဝင်သူဖြစ်လာနိုင်တယ်လို့ ခံစားရစေပါ။

သားသမီးတွေကို လေ့ကျင့်ပေးခြင်းက ကြီးမားတဲ့ပျော်ရွှင်မှု ခံစားရစေ

၁၇၊ ၁၈။ ယေဟောဝါကို ဝတ်ပြုဖို့ ဆယ်ကျော်သက်သားသမီးတွေကို ဆက်လေ့ကျင့်ပေးမယ်ဆိုရင် ဘာရလဒ်ရရှိနိုင်မလဲ။

၁၇ တမန်တော်ပေါလုလို သင် ခံစားရနိုင်တယ်။ ပေါလုဟာ ကောရိန္သုမြို့သားတွေကို ယေဟောဝါအကြောင်း သိလာအောင်၊ ကိုယ်တော့်ကို ချစ်လာအောင် ကူညီပေးခဲ့တယ်။ သူတို့ဟာ ပေါလုအတွက် သားသမီးတွေလိုပဲ။ သူတို့ကို ပေါလု “အလွန်ချစ်” လို့ “အလွန်စိတ်ပူပန်” ခဲ့ရတယ်။ (၁ ကော. ၄:၁၅; ၂ ကော. ၂:၄) သားသမီးသုံးယောက်ကို ပြုစုပျိုးထောင်ခဲ့တဲ့ ဗစ်တာ အခုလိုပြောတယ်– “ဆယ်ကျော်သက်အရွယ်ဟာ သိပ်ခက်ခဲတယ်။ အကောင်းအဆိုး ဒွန်တွဲနေပေမဲ့ အကောင်းကတော့ ပိုများပါတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် သားသမီးတွေနဲ့ ကျွန်တော်တို့ ပိုရင်းနှီးလာတယ်။”

၁၈ မိဘတို့၊ သင်တို့ဟာ သားသမီးတွေကို သိပ်ချစ်လို့ ကြိုးစားလေ့ကျင့်ပေးကြတယ်။ ဇွဲမလျှော့လိုက်ပါနဲ့။ ယေဟောဝါကို ဝတ်ပြုဖို့၊ သစ္စာရှိရှိဆက်ဝတ်ပြုဖို့ သူတို့ဆုံးဖြတ်တဲ့အခါ သင်တို့ ဘယ်လောက်ဝမ်းသာပီတိဖြစ်ရမယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။—၃ ယော. ၄

^ စာပိုဒ်၊ 13 လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁၊ စာမျက်နှာ ၃၁၇ နဲ့ အတွဲ ၂၊ စာမျက်နှာ ၁၃၆-၁၄၁ [လိပ်] တို့ကို မိဘတွေ ဖတ်နိုင်တယ်။