မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါဟာ ပြောဆိုဆက်သွယ်တဲ့ဘုရားဖြစ်

ယေဟောဝါဟာ ပြောဆိုဆက်သွယ်တဲ့ဘုရားဖြစ်

‘ငါပြောမယ်။ နားထောင်ပါ။’—ယောဘ ၄၂:၄ကဘ။

သီချင်း– ၁၁၃၊ ၁၁၄

၁–၃။ (က) ဘုရားသခင့်အတွေးနဲ့ ဘာသာစကားဟာ လူသားတွေထက် ဘာကြောင့် သာလွန်မြင့်မြတ်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာမလဲ။

ယေဟောဝါဟာ အသက်နဲ့ ပျော်ရွှင်မှုကို တခြားသူတွေနဲ့ ဝေမျှခံစားချင်တယ်။ ဒါကြောင့် ကောင်းကင်တမန်တွေနဲ့ နောက်ပိုင်းမှာ လူသားတွေကို ဖန်ဆင်းခဲ့တယ်။ (ဆာ. ၃၆:၉; ၁ တိ. ၁:၁၁) တမန်တော်ယောဟန်က ယေဟောဝါ ဦးဆုံးဖန်ဆင်းခဲ့သူကို “နှုတ်ကပါဌ်တော်” လို့ခေါ်ထားတယ်။ (ယော. ၁:၁; ဗျာ. ၃:၁၄) ယေဟောဝါဟာ အဲဒီနှုတ်ကပါဌ်တော် ယေရှုနဲ့ ပြောဆိုဆက်သွယ်ပြီး မိမိရဲ့အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောတယ်။ (ယော. ၁:၁၄၊ ၁၇; ကော. ၁:၁၅) ကောင်းကင်တမန်တွေမှာလည်း လူ့ဘာသာစကားနဲ့ကွာခြားတဲ့ ဘာသာစကားရှိတယ်လို့ တမန်တော်ပေါလုပြောတယ်။—၁ ကော. ၁၃:၁

ယေဟောဝါဟာ မိမိဖန်ဆင်းထားတဲ့ ကောင်းကင်တမန်နဲ့လူ သန်းပေါင်းများစွာအကြောင်း အားလုံးသိတယ်။ လူသန်းပေါင်းများစွာရဲ့ ဆုတောင်းချက်တွေကို တစ်ပြိုင်တည်းနားထောင်နိုင်တယ်။ ဘယ်ဘာသာစကားနဲ့ဆုတောင်းပါစေ ဘုရားသခင် နားလည်နိုင်တယ်။ ယေဟောဝါဟာ အဲဒီဆုတောင်းချက်တွေကို နားထောင်ရင်း ကောင်းကင်တမန်တွေကိုလည်း ပြောဆိုဆက်သွယ်၊ ညွှန်ကြားတယ်။ အဲဒါအားလုံးကို လုပ်ဆောင်နိုင်ဖို့ဆိုရင် ကိုယ်တော့်အတွေးနဲ့ ဘာသာစကားဟာ လူ့အတွေးနဲ့ ဘာသာစကားတွေထက် သာလွန်မြင့်မြတ်မှာသေချာတယ်။ (ဟေရှာယ ၅၅:၈၊ ၉ ကိုဖတ်ပါ။) ဒါကြောင့် ဘုရားသခင်ဟာ လူသားတွေနားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ပြောဆိုဆက်သွယ်တယ်။

ယေဟောဝါဟာ လူသားတွေနဲ့ ဘယ်လိုရိုးရိုးရှင်းရှင်း ပြောဆိုဆက်သွယ်တယ်ဆိုတာ ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။ အခြေအနေပေါ်မူတည်ပြီး ပြောဆိုဆက်သွယ်ပုံကို ကိုယ်တော် ဘယ်လိုပြောင်းလဲတယ်ဆိုတာလည်း လေ့လာသွားပါမယ်။

လူသားတွေနဲ့ ဘုရားသခင်ပြောဆိုဆက်သွယ်

၄။ (က) ယေဟောဝါဟာ မောရှေ၊ ရှမွေလ၊ ဒါဝိဒ်တို့ကို ဘယ်စကားနဲ့ ဆက်သွယ်ခဲ့သလဲ။ (ခ) ကျမ်းစာမှာ ဘယ်အကြောင်းတွေပါဝင်သလဲ။

ယေဟောဝါဟာ ဦးဆုံးလူသား အာဒံကို ဧဒင်ဥယျာဉ်မှာ ပြောဆိုဆက်သွယ်တုန်းက ရှေးဟောင်း ဟီဘရူးဘာသာစကားတစ်မျိုးကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ ယေဟောဝါဟာ မောရှေ၊ ရှမွေလ၊ ဒါဝိဒ် စတဲ့ ဟီဘရူးစကားပြော ကျမ်းရေးသူတွေနဲ့ ပြောဆိုဆက်သွယ်ခဲ့တယ်။ သူတို့ဟာ ဘုရားသခင့်စကားကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စကားလုံးတွေနဲ့ ရေးသားခဲ့တယ်။ ယေဟောဝါနှုတ်တိုက်ခေါ်ပေးတဲ့ စကားတွေကို အတိအကျချရေးတာမျိုးရှိသလို အစ္စရေးလူမျိုးနဲ့ ဘုရားသခင့်ဆက်ဆံပုံ သမိုင်းကြောင်းကို ရေးသားတာမျိုးလည်း ရှိတယ်။ ယုံကြည်ခြင်းနဲ့ မေတ္တာကို ဖော်ကျူးတဲ့မှတ်တမ်းတွေ၊ အစ္စရေးလူမျိုးရဲ့ သစ္စာမဲ့မှုနဲ့ ပျက်ကွက်မှုမှတ်တမ်းတွေကိုလည်း ရေးသားကြတယ်။ အဲဒီကျမ်းမှတ်တမ်းအားလုံးဟာ ကျွန်တော်တို့ရဲ့အကျိုးအတွက်ဖြစ်တယ်။—ရော. ၁၅:၄

ကျမ်းရေးသူတွေဟာ ယေဟောဝါနှုတ်တိုက်ခေါ်ပေးတဲ့ စကားတွေကို အတိအကျချရေးတာမျိုးရှိသလို အစ္စရေးလူမျိုးနဲ့ ဘုရားသခင့်ဆက်ဆံပုံ သမိုင်းကြောင်းကို ရေးသားတာမျိုးလည်း ရှိတယ်

၅။ ယေဟောဝါက လူသားတွေကို ဟီဘရူးစကားနဲ့ပဲ အမြဲပြောဆိုဆက်သွယ်ခဲ့သလား။ ရှင်းပြပါ။

ယေဟောဝါက လူသားတွေကို ဟီဘရူးစကားနဲ့ပဲ အမြဲပြောဆိုဆက်သွယ်တာမဟုတ်ဘူး။ ဗာဗုလုန်ကနေ အစ္စရေးတွေ လွတ်မြောက်လာချိန်မှာ အစ္စရေးတချို့က အာရမိတ်စကားပြောကြတယ်။ ဒါကြောင့် ဒံယေလ၊ ယေရမိနဲ့ ဧဇရဟာ ကျမ်းစာအပိုင်းတချို့ကို အာရမိတ်စကားနဲ့ရေးသားခဲ့တာ ဖြစ်နိုင်တယ်။ *

၆။ ဟီဘရူးကျမ်းစောင်တွေကို ဘာကြောင့် ဂရိစကားနဲ့ဘာသာပြန်ခဲ့သလဲ။

နောက်ပိုင်း၊ ကမ္ဘာ့ဒေသအများစုကို မဟာအလက်ဇန္ဒား သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် နေ့စဉ်သုံး ဂရိစကားတစ်မျိုးဖြစ်တဲ့ ကွိုင်နေးစကားဟာ နိုင်ငံများစွာမှာ အဓိကဘာသာစကား ဖြစ်လာတယ်။ ဂျူးများစွာလည်း ဂရိစကားပြောလာပြီး ဟီဘရူးကျမ်းစောင်တွေကို ဂရိစကားနဲ့ ဘာသာပြန်ဆိုခဲ့ကြတယ်။ အဲဒီဘာသာပြန်ကျမ်းကို စက်ပ်တွားဂျင့်ကျမ်းလို့ခေါ်တယ်။ အဲဒီကျမ်းဟာ ဦးဆုံးဘာသာပြန်ကျမ်းဖြစ်ပြီး အရေးပါဆုံးကျမ်းဖြစ်တယ်။ စက်ပ်တွားဂျင့်ကျမ်းကို ဘာသာပြန် ၇၂ ယောက် ပြန်ဆိုရေးသားခဲ့တယ်လို့ ကျမ်းပညာရှင်တွေ ယူဆတယ်။ * ဘာသာပြန်တချို့က ဟီဘရူးကျမ်းစောင်တွေကို စာသားအတိုင်း လုံးကောက်ပြန်ဆိုပြီး တချို့ကျတော့လည်း အဆင်ပြေသလို ပြန်ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်၊ ဂရိစကားပြောဂျူးတွေနဲ့ ခရစ်ယာန်တွေကတော့ စက်ပ်တွားဂျင့်ကျမ်းကို ဘုရားသခင့်နှုတ်မြွက်တော်အဖြစ် ခံယူကြတယ်။

၇။ တပည့်တွေကို သွန်သင်ရာမှာ ဘယ်စကားကို ယေရှု အသုံးပြုခဲ့သလဲ။

ယေရှု မြေကြီးပေါ်ရှိတုန်းက ဟီဘရူးစကားပြောခဲ့ပုံရတယ်။ (ယော. ၁၉:၂၀; ၂၀:၁၆; တ. ၂၆:၁၄) ပထမရာစုခေတ် ဟီဘရူးတွေဟာ အာရမိတ်စကားကိုလည်း ပြောဆိုပုံရတဲ့အတွက် အာရမိတ်အသုံးအနှုန်းတချို့ကိုလည်း ယေရှု ပြောဆိုသုံးနှုန်းခဲ့မှာပဲ။ အဲဒီအပြင် မောရှေနဲ့ ပရောဖက်တွေ ပြောဆိုခဲ့တဲ့ ရှေးဟောင်းဟီဘရူးစကားကိုလည်း ယေရှုတတ်တယ်။ သူတို့ရေးခဲ့တဲ့ကျမ်းတွေကို တရားဇရပ်တွေမှာ ဂျူးတွေ အပတ်တိုင်း ဖတ်လေ့ရှိတယ်။ (လု. ၄:၁၇-၁၉; ၂၄:၄၄၊ ၄၅; တ. ၁၅:၂၁) အဲဒီအပြင် ယေရှုခေတ်တုန်းက အစ္စရေးမှာ ဂရိနဲ့ လက်တင်စကားကိုလည်း ပြောဆိုတယ်။ ဒါပေမဲ့ အဲဒီစကားတွေကို ယေရှု ပြော,မပြော ကျမ်းစာမှာ မဖော်ပြထားဘူး။

၈၊ ၉။ ကျမ်းစောင်တချို့ကို ဘာကြောင့် ဂရိစကားနဲ့ရေးသားသလဲ။ ဒီအချက်က ယေဟောဝါနဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။

ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေလည်း ဟီဘရူးစကားပြောဆိုတယ်။ ယေရှုသေဆုံးပြီးနောက်မှာတော့ တပည့်တွေဟာ တခြားစကားတွေကိုလည်း ပြောဆိုလာကြတယ်။ (တမန်တော် ၆:၁ ကိုဖတ်ပါ။) သတင်းကောင်းပျံ့နှံ့လာတာနဲ့အမျှ ခရစ်ယာန်တွေဟာ ဂရိစကားကို အဓိကပြောဆိုလာကြတယ်။ ဂရိစကားဟာအများသုံးဘာသာစကားဖြစ်တာကြောင့် မဿဲ၊ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းတွေကို ဂရိစကားနဲ့ ရေးသားဖြန့်ဝေခဲ့တယ်။ * တမန်တော်ပေါလုရဲ့စာတွေနဲ့ တခြားကျမ်းစောင်တွေကိုလည်း ဂရိစကားနဲ့ပဲ ရေးသားဖြန့်ဝေတယ်။

ခရစ်ယာန်ဂရိကျမ်းရေးသူတွေဟာ ဟီဘရူးကျမ်းစောင်တွေကို ကိုးကားတဲ့အခါ စက်ပ်တွားဂျင့်ကျမ်းကို သုံးလေ့ရှိတာ စိတ်ဝင်စားစရာပဲ။ အဲဒီကိုးကားချက်တွေဟာ တစ်ခါတလေ မူရင်းဟီဘရူးအသုံးအနှုန်းနဲ့ မသိမသာ ကွာခြားလေ့ရှိတယ်။ ဒီလိုနဲ့ မစုံလင်တဲ့လူသားတွေ ဘာသာပြန်ထားတဲ့ စက်ပ်တွားဂျင့်ကျမ်းထဲက ကျမ်းချက်တွေဟာ စွမ်းအားတော်လမ်းညွှန်မှုနဲ့ရေးသားတဲ့ ကျမ်းစာရဲ့အစိတ်အပိုင်းဖြစ်လာတယ်။ ဒီအချက်က ယေဟောဝါဟာ ဘာသာစကား ဒါမှမဟုတ် ယဉ်ကျေးမှုတစ်ခုခုကို ပိုမျက်နှာသာပေးတဲ့ဘုရား မဟုတ်ဘူးဆိုတာ သင်ပေးတယ်။တမန်တော် ၁၀:၃၄ ကိုဖတ်ပါ။

ယေဟောဝါနဲ့ သူ့ရည်ရွယ်ချက်တွေအကြောင်း သိကျွမ်းဖို့ ဘာသာစကား တစ်ခုခုကို ကျွန်တော်တို့ သင်ယူရမယ်လို့ ဘုရားသခင် မတောင်းဆိုဘူး

၁၀။ လူသားတွေနဲ့ ယေဟောဝါ ဆက်သွယ်ပုံကနေ ဘာသင်ယူခဲ့ရသလဲ။

၁၀ ယေဟောဝါဟာ အခြေအနေနဲ့ လိုအပ်ချက်အလိုက် လူသားတွေကို ပြောဆိုဆက်သွယ်တယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ်။ ယေဟောဝါနဲ့ သူ့ရည်ရွယ်ချက်တွေအကြောင်း သိကျွမ်းဖို့ ဘာသာစကားတစ်ခုခုကို ကျွန်တော်တို့ သင်ယူရမယ်လို့ ဘုရားသခင် မတောင်းဆိုဘူး။ (ဇာခရိ ၈:၂၃ နဲ့ ဗျာဒိတ် ၇:၉၊ ၁၀ တို့ကိုဖတ်ပါ။) အဲဒီအပြင် ယေဟောဝါဟာ ကျမ်းရေးသူတွေကို စွမ်းအားတော်နဲ့ လမ်းညွှန်ပေမဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စကားလုံးတွေနဲ့ ရေးသားဖို့ ခွင့်ပြုခဲ့တယ်။

မိမိသတင်းစကား မပျောက်ပျက်အောင် ဘုရားကာကွယ်

၁၁။ လူသားတွေ ဘာသာစကားအမျိုးမျိုး ပြောဆိုတာက ယေဟောဝါအတွက် ဘာကြောင့် ပြဿနာမဟုတ်သလဲ။

၁၁ လူသားတွေ ဘာသာစကားအမျိုးမျိုး ပြောဆိုပေမဲ့ အဲဒါဟာ ယေဟောဝါအတွက် ပြဿနာမဟုတ်ဘူး။ ဥပမာ၊ ယေရှုပြောခဲ့တဲ့ မူရင်းစကားအတိအကျ နည်းနည်းပဲ ကျမ်းစာမှာပါတယ်။ (မ. ၂၇:၄၆; မာ. ၅:၄၁; ၇:၃၄; ၁၄:၃၆) ဒါပေမဲ့ ယေရှုရဲ့စကားတွေကို ဂရိစကားနဲ့၊ နောက်ပိုင်း တခြားစကားတွေနဲ့ ရရှိနိုင်အောင် ယေဟောဝါ သေချာစီစဉ်ခဲ့တယ်။ အဲဒီအပြင် ဂျူးတွေနဲ့ ခရစ်ယာန်တွေဟာ ရှေးလက်ရေးစာမူတွေကို အကြိမ်ကြိမ်ကူးရေးတဲ့အတွက် ကျမ်းစာကို မပျောက်ပျက်အောင် ကာကွယ်နိုင်ခဲ့တယ်။ သူတို့ကူးရေးတဲ့မိတ္တူတွေကို နောက်ပိုင်းမှာ ဘာသာစကားများစွာနဲ့ ဘာသာပြန်ခဲ့တယ်။ ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၄၀၀ လောက်မှာအသက်ရှင်ခဲ့တဲ့ ဂျွန်ခရိုင်စိုစတောမ်က သူ့ခေတ်မှာ ယေရှုရဲ့သွန်သင်ချက်တွေကို ဆီးရီးယား၊ အီဂျစ်၊ အင်ဒီးယန်း၊ ပါးရှား၊ အီသီယိုးပီးယား၊ တခြားဘာသာစကားများစွာနဲ့ ဘာသာပြန်ဆိုထားတယ်လို့ ပြောတယ်။

၁၂။ ကျမ်းစာဟာ ဘယ်လိုနည်းနဲ့ တိုက်ခိုက်ခံခဲ့ရသလဲ။

၁၂ နှစ်တွေတစ်လျှောက် ကျမ်းစာနဲ့ ကျမ်းစာကိုဘာသာပြန်ဖြန့်ချိသူတွေဟာ အကြီးအကျယ် တိုက်ခိုက်ခံခဲ့ရတယ်။ ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၃၀၀ လောက်မှာ ရောမဧကရာဇ် ဒိုင်အိုကလီရှန်က ကျမ်းစာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးဖို့ အမိန့်ထုတ်လိုက်တယ်။ နောက်နှစ်ပေါင်း ၁,၂၀၀ လောက်အကြာမှာ ဝီလျံတင်ဒေးဟာ ကျမ်းစာကို အင်္ဂလိပ်စကားနဲ့ စတင်ဘာသာပြန်ခဲ့တယ်။ “ဘုရားသခင်သာ ကျွန်တော့်ကို အသက်ရှည်စေမယ်ဆိုရင် လယ်သမားကောင်လေးတစ်ယောက်ကိုတောင် ခင်ဗျားထက် ကျမ်းစာ ပိုတတ်စေမယ်” လို့ ပညာတတ်တစ်ယောက်ကို တင်ဒေးပြောတယ်။ တင်ဒေးဟာ ကျမ်းစာကို ဘာသာပြန်ပြီး ထုတ်ဝေနိုင်ဖို့ အင်္ဂလန်ကနေ ထွက်ပြေးခဲ့ရတယ်။ ကျမ်းစာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးဖို့ ခရစ်ယာန်ဘုန်းကြီးတွေ ကြိုးစားပေမဲ့ တင်ဒေးရဲ့ ဘာသာပြန်ကျမ်းကတော့ လူတွေလက်ထဲ ရောက်ရှိသွားတယ်။ နောက်ဆုံး၊ တင်ဒေးဟာ လည်မျိုညှစ်သတ်ခံရပြီး သစ်တိုင်မှာ မီးရှို့ခံခဲ့ရတယ်။ သူ့ရဲ့ဘာသာပြန်ကျမ်းကတော့ အတိုက်အခံတွေကြား ဆက်တည်ရှိနိုင်ခဲ့တယ်။ တင်ဒေးရဲ့ ဘာသာပြန်ကျမ်းကို မှီငြမ်းပြီး ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့တယ်။၂ တိမောသေ ၂:၉ ကိုဖတ်ပါ။

၁၃။ ရှေးလက်ရေးစာမူတွေကို လေ့လာမှုတွေက ဘာဖော်ပြသလဲ။

၁၃ ရှေးကျတဲ့ကျမ်းစာအုပ်တချို့မှာ အမှားလေးတွေနဲ့ ကွဲပြားချက်လေးတွေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ထောင်နဲ့ချီတဲ့ ရှေးလက်ရေးစာမူတွေ၊ ရှေးလက်ရေးစာမူအပိုင်းအစတွေနဲ့ ဘာသာပြန်ကျမ်းဟောင်းတွေကို ကျမ်းပညာရှင်တွေ အသေးစိတ်လေ့လာခဲ့ကြတယ်။ လေ့လာမှုအရ အခန်းငယ်နည်းနည်းလောက်မှာပဲ အမှားလေးတွေ ရှိနေတာ တွေ့ခဲ့ကြတယ်။ ကျမ်းစာတစ်အုပ်လုံးရဲ့ သတင်းစကားကတော့ မပြောင်းလဲသွားပါဘူး။ အဲဒီလေ့လာမှုတွေအရ လက်ရှိကျမ်းစာဟာ ယေဟောဝါရဲ့ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးသားထားတဲ့ ကျမ်းစာဖြစ်တယ်ဆိုတာ ကျမ်းစာလေ့လာသူတွေ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၄၀:၈ *

၁၄။ ဒီနေ့အချိန်မှာ ကျမ်းစာကို ဘယ်လောက်ရရှိနိုင်ပြီလဲ။

၁၄ ကျမ်းစာဟာ အပြင်းအထန် တိုက်ခိုက်ခံရပေမဲ့ လူ့သမိုင်းတစ်လျှောက်မှာ ဘာသာအပြန်ရဆုံးစာပေဖြစ်တယ်။ ဘာသာစကား ၂,၈၀၀ ကျော်နဲ့ ဘာသာပြန်ဆိုထားတယ်။ လူများစွာဟာ ဘုရားကို မယုံကြပေမဲ့ ကိုယ်တော့်နှုတ်မြွက်တော်ကတော့ အဖြန့်ဝေရဆုံးစာအုပ် ဖြစ်နေဆဲပဲ။ ဘာသာပြန်ကျမ်းတချို့ဟာ သိပ်မရှင်းလင်းတာ၊ သိပ်မတိကျတာရှိပေမဲ့ အများစုကတော့ မျှော်လင့်ချက်နဲ့ ထာဝရအသက်သတင်းစကားကို သိရှိစေတယ်။

ဘာသာပြန်ကျမ်းသစ် လိုအပ်

၁၅။ (က) ၁၉၁၉ ကစပြီး ကျမ်းစာစာပေတွေ ထုတ်ဝေမှုမှာ ဘယ်လိုအပြောင်းအလဲရှိလာသလဲ။ (ခ) ကျမ်းစာစာပေတွေကို ဘာကြောင့် အင်္ဂလိပ်လို အရင်ရေးသားသလဲ။

၁၅ ၁၉၁၉ မှာ ကျမ်းစာကျောင်းသားအုပ်စုငယ်လေးဟာ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက သစ္စာရှိကျွန်ဟာ ဘုရားသခင့်လူမျိုးနဲ့ ဆက်သွယ်ရာမှာ အင်္ဂလိပ်စကားကို အဓိကအသုံးပြုတယ်။ (မ. ၂၄:၄၅) ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကျမ်းစာစာပေတွေကို ဘာသာစကား ၇၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။ ပထမရာစုခေတ်က ဂရိစကားလိုပဲ ဒီနေ့ခေတ်မှာလည်း အင်္ဂလိပ်စကားဟာ စီးပွားရေးနဲ့ ပညာရေးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အများသုံးစကားဖြစ်တယ်။ ဒါကြောင့် ကျမ်းစာစာပေတွေကို အင်္ဂလိပ်စကားနဲ့ အရင်ရေးသားပြီး တခြားဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုတယ်။

၁၆၊ ၁၇။ (က) ဘုရားသခင့်လူမျိုး ဘာလိုအပ်လာသလဲ။ (ခ) အဲဒီလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပေးခဲ့သလဲ။ (ဂ) ညီအစ်ကိုနောရ် ဘာမျှော်လင့်ခဲ့သလဲ။

၁၆ အဖွဲ့အစည်းထုတ်စာပေအားလုံးဟာ ကျမ်းစာကို အခြေခံတယ်။ အစကတော့ ဘုရားသခင့်လူမျိုးဟာ ၁၆၁၁ ခုနှစ်ထုတ် ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းကို အသုံးပြုတယ်။ ဒါပေမဲ့ အဲဒီကျမ်းစာမှာသုံးထားတဲ့ အသုံးအနှုန်းတွေဟာ ရှေးကျပြီး နားလည်ရခက်လာတယ်။ ရှေးလက်ရေးစာမူတွေမှာ ဘုရားသခင့်နာမည်ကို အကြိမ် ၇,၀၀၀ နီးပါး အသုံးပြုထားပေမဲ့ ဒီကျမ်းမှာတော့ အကြိမ်နည်းနည်းပဲ ထည့်သွင်းထားတယ်။ အဲဒီအပြင် ရှေးလက်ရေးစာမူတွေမှာ မပါတဲ့ ကျမ်းပိုတွေလည်း ပါရှိတယ်။ ဘာသာပြန်အမှားတွေလည်း ရှိတယ်။ တခြား အင်္ဂလိပ်ဘာသာပြန်ကျမ်းတွေမှာလည်း အလားတူပြဿနာတွေရှိတယ်။

၁၇ တိကျပြီး နားလည်လွယ်တဲ့ ဘာသာပြန်ကျမ်းကို ဘုရားသခင့်လူမျိုး လိုအပ်လာတာ ထင်ရှားတယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီကို ဖွဲ့စည်းပြီး ၁၉၅၀ ကနေ ၁၉၆၀ အတွင်းမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အတွဲ ၆ တွဲနဲ့ ထုတ်ဝေခဲ့တယ်။ အတွဲ ၁ ကို ၁၉၅၀၊ သြဂုတ် ၂၊ ခရိုင်စည်းဝေးမှာ ထုတ်ဝေခဲ့တယ်။ အဲဒီစည်းဝေးမှာ ညီအစ်ကိုနောရ် အခုလိုပြောတယ်– “နားလည်ပြီးသား အမှန်တရားနဲ့ကိုက်ညီတဲ့၊ နောက်ထပ်သိနားလည်လာမယ့် အမှန်တရားအတွက် အခြေခံဖြစ်မယ့်၊ မူရင်းအရေးအသားရဲ့ အဓိပ္ပာယ်ကို သစ္စာရှိရှိဖော်ပြတဲ့၊ ခေတ်သုံးစကားနဲ့ ရေးသားထားတဲ့ ဘာသာပြန်ကျမ်းကို ကျွန်တော်တို့ သိပ်လိုအပ်နေပြီ။ ခရစ်တော်ရဲ့တပည့်တွေ ရေးသားခဲ့တဲ့ မူရင်းကျမ်းတွေကို သူတို့ခေတ်က ရိုးသားနိမ့်ကျတဲ့ သာမန်လူတန်းစားတွေ နားလည်ခဲ့တဲ့နည်းအတိုင်း လက်ရှိစာဖတ်သူတွေ နားလည်နိုင်မယ့် ဘာသာပြန်ကျမ်းဖြစ်ရမယ်။” အဲဒီဘာသာပြန်ကျမ်းဟာ လူသန်းပေါင်းများစွာကို ယေဟောဝါအကြောင်း သိနားလည်စေမယ်လို့ ညီအစ်ကိုနောရ် မျှော်လင့်ခဲ့တယ်။

၁၈။ ဘယ်အရာက ကျမ်းစာဘာသာပြန်လုပ်ငန်းကို ကူညီပေးသလဲ။

၁၈ ၁၉၆၃ မှာ ညီအစ်ကိုနောရ်ရဲ့ မျှော်လင့်ချက် အကောင်အထည်ပေါ်လာတယ်။ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို နောက်ထပ် ဘာသာစကား ၆ မျိုးနဲ့ ထုတ်ဝေခဲ့တယ်။ ဒတ်ခ်ျ၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်ဘာသာစကားတွေဖြစ်တယ်။ ၁၉၈၉ မှာ ကျမ်းစာဘာသာပြန်သူတွေကို ကူညီပေးနိုင်ဖို့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ဌာနချုပ်မှာ ဌာနသစ်တစ်ခု ဖွဲ့စည်းလိုက်တယ်။ ၂၀၀၅ မှာ ကျမ်းစာကို ကင်းမျှော်စင်ကိုဘာသာပြန်နေတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ဖို့ ခွင့်ပြုလိုက်တယ်။ ရလဒ်အနေနဲ့ အခုအချိန်မှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘာသာစကား ၁၃၀ ကျော်နဲ့ ရရှိနိုင်ပြီ။

၁၉။ ၂၀၁၃ မှာ ဘယ်အရေးကြီးဖြစ်ရပ် ဖြစ်ခဲ့သလဲ။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာမလဲ။

၁၉ အချိန်ကြာလာတာနဲ့အမျှ အင်္ဂလိပ်စကားမှာ အပြောင်းအလဲတွေရှိလာတယ်။ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုလက်ရှိဘာသာစကား အပြောင်းအလဲနဲ့အညီ ပြန်တည်းဖြတ်ဖို့ လိုအပ်လာတယ်။ ၂၀၁၃၊ အောက်တိုဘာ ၅၊ ၆ မှာ ကင်းမျှော်စင်အသင်းရဲ့ ၁၂၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးကို လူကိုယ်တိုင်ဖြစ်စေ၊ အီလက်ထရွန်နစ်စနစ်နဲ့ ချိတ်ဆက်ပြီးတော့ဖြစ်စေ ၃၁ နိုင်ငံမှာရှိတဲ့ ပရိသတ် ၁,၄၁၃,၆၇၆ ယောက် တက်ရောက်ခဲ့ကြတယ်။ တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အင်္ဂလိပ်စကားနဲ့ ထုတ်ဝေလိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက် ကြေညာခဲ့တယ်။ ပရိသတ်တွေ စိတ်လှုပ်ရှားဝမ်းသာပြီး တချို့ဆို ငိုတောင်ငိုကြတယ်။ တည်းဖြတ်ကျမ်းထဲက အခန်းငယ်တွေကို ဟောပြောသူတွေ ဖတ်တဲ့အခါ ရှင်းလင်းပြီး နားလည်ရလွယ်တဲ့ကျမ်းဖြစ်မှန်း ပရိသတ်အားလုံး သိရှိခဲ့ကြတယ်။ အဲဒီတည်းဖြတ်ကျမ်းအကြောင်း၊ တခြားစကားတွေနဲ့ ဘာသာပြန်ခြင်းအကြောင်း နောက်ဆောင်းပါးမှာ လေ့လာပါမယ်။

^ စာပိုဒ်၊ 5 စက်ပ်တွားဂျင့်ဆိုတဲ့စကားလုံးက “ခုနစ်ဆယ်” လို့ အဓိပ္ပာယ်ရတယ်။ အဲဒီကျမ်းကို ဘီစီ ၃၀၀ လောက်မှာ စတင်ဘာသာပြန်ပြီး ဘီစီ ၁၅၀ မှာ ပြီးစီးခဲ့ပုံရတယ်။ အဲဒီကျမ်းက အခုထိ အရေးပါဆဲဖြစ်တယ်။ အကြောင်းကတော့ ခက်ခဲတဲ့ဟီဘရူးစကားလုံးတွေနဲ့ အခန်းငယ်တွေကို နားလည်ဖို့ ကျမ်းပညာရှင်တွေကို ကူညီပေးလို့ပဲ။

^ စာပိုဒ်၊ 6 မဿဲဟာ မဿဲကျမ်းကို ဟီဘရူးစကားနဲ့ရေးသားပြီးနောက် ဂရိစကားနဲ့ ကိုယ်တိုင်ဘာသာပြန်ခဲ့တာ ဖြစ်နိုင်တယ်လို့ တချို့ယူဆကြတယ်။

^ စာပိုဒ်၊ 8 လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်စာမျက်နှာ ၇-၉ မှာပါတဲ့ “ကျမ်းစာသည် မည်သို့တည်တံ့ခဲ့သနည်း” ဆိုတဲ့ဆောင်းပါးကို ကြည့်ပါ။

^ စာပိုဒ်၊ 13 ဧဇရ ၄:၈–၆:၁၈; ၇:၁၂-၂၆; ယေရမိ ၁၀:၁၁ နဲ့ ဒံယေလ ၂:၄–၇:၂၈ တို့ကို အာရမိတ်စကားနဲ့ ဦးဆုံးရေးသားခဲ့တယ်။