မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ

လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ

‘အကျွန်ုပ်ပြောသောစကားသည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ၊ အို ယေဟောဝါ။’ဆာ. ၁၉:၁၄

သီချင်း– ၈၂၊ ၇၇

၁၊ ၂။ ကျမ်းစာမှာ စကားပြောနိုင်စွမ်းကို မီးနဲ့ ဘာကြောင့်ခိုင်းနှိုင်းထားသလဲ။

အမေရိကန်ပြည်ထောင်စု၊ ဝစ်ကာဆင်ပြည်နယ်မှာ ၁၈၇၁ ခုနှစ်တုန်းက အကြီးအကျယ် တောမီးလောင်ခဲ့တယ်။ ချက်ချင်းဆိုသလို မီးပျံ့သွားပြီး သစ်ပင်ပေါင်း သန်းနှစ်ထောင်လောက် မီးလောင်သွားတယ်။ လူ ၁,၂၀၀ ကျော် သေဆုံးသွားတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူသေကျေမှုအများဆုံး မီးလောင်မှုဖြစ်တယ်။ သစ်တောကိုဖြတ်သွားတဲ့ ရထားတွေဆီက ဖြာထွက်လာတဲ့ မီးပွားသေးသေးလေးတွေကနေ ဒီလောက်ကြီးမားတဲ့မီးလောင်မှု အစပြုခဲ့ပုံရတယ်။ ဒီအချက်က “သေးငယ်သောမီးစသည် အလွန်ကြီးသောသစ်တောကို မီးစွဲစေတတ်” တယ်ဆိုတဲ့ ကျမ်းစကားကို အမှတ်ရစေတယ်။ (ယာ. ၃:၅) ကျမ်းရေးသူယာကုပ် ဘာကြောင့် အဲဒီလိုပြောတာလဲ။

“လျှာသည် မီးဖြစ်၏” လို့ သူရှင်းပြတယ်။ (ယာ. ၃:၆) “လျှာ” က ကျွန်တော်တို့ရဲ့ စကားပြောနိုင်စွမ်းကို ဆိုလိုတယ်။ ကျွန်တော်တို့ပြောလိုက်တဲ့စကားက မီးလိုပဲ အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်။ “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ၏” လို့တောင် ကျမ်းစာပြောတယ်။ (သု. ၁၈:၂၁) ဒါပေမဲ့ စကားပြောမှားမှာစိုးလို့ မပြောဘဲနေရတော့မယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ မီးလောင်မှာစိုးလို့ မီးကို မသုံးဘဲ မနေသလိုပေါ့။ အဲဒီအစား မီးကို ကျွန်တော်တို့ ဆင်ဆင်ခြင်ခြင် အသုံးပြုကြတယ်။ ဥပမာ၊ ချက်ပြုတ်ဖို့၊ မီးလှုံဖို့၊ အလင်းရောင်ရဖို့ မီးကို အသုံးပြုနိုင်တယ်။ အဲဒီလိုပဲ၊ စကားကို ဆင်ဆင်ခြင်ခြင် ပြောဆိုမယ်ဆိုရင် ယေဟောဝါကို ဂုဏ်တင်ဖို့၊ တခြားသူတွေကို အကျိုးပြုဖို့ စကားပြောစွမ်းရည်ကို အသုံးပြုနိုင်ပါတယ်။—ဆာ. ၁၉:၁၄

၃။ စကားပြောတဲ့အခါ ဘယ်အချက်သုံးချက်ကို သိနားလည်ဖို့ လိုအပ်သလဲ။

ကိုယ့်အတွေးနဲ့ ခံစားချက်ကို နှုတ်နဲ့ဖြစ်စေ၊ လက်ဟန်နဲ့ဖြစ်စေ ပြောနိုင်စွမ်း ယေဟောဝါ ပေးထားတယ်။ တခြားသူတွေကို အားပေးရာမှာ ဒီအဖိုးတန်ဆုလက်ဆောင်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ယာကုပ် ၃:၉၊ ၁၀ ကိုဖတ်ပါ။) ဘယ်အချိန်မှာ ပြောရမယ်၊ ဘာပြောရမယ်၊ ဘယ်လိုပြောရမယ်ဆိုတာ သိနားလည်ဖို့ လိုအပ်တယ်။

ဘယ်အချိန်မှာ စကားပြောသင့်သလဲ

၄။ ဘယ်အချိန်တွေမှာ တိတ်ဆိတ်စွာနေသင့်သလဲ။

စကားမပြောသင့်တဲ့ အချိန်တွေရှိတယ်။ “တိတ်ဆိတ်စွာနေရသောအချိန်” ရှိတယ်လို့ ကျမ်းစာပြောတယ်။ (ဒေ. ၃:၇) ဥပမာ၊ တခြားသူတွေ စကားပြောနေချိန်မှာ နားထောင်ပေးခြင်းအားဖြင့် သူတို့ကို လေးစားကြောင်းပြနိုင်တယ်။ (ယောဘ ၆:၂၄) အတွင်းရေးကိစ္စတွေ၊ လျှို့ဝှက်သင့်တဲ့ကိစ္စတွေကိုလည်း လျှောက်မပြောသင့်ဘူး။ (သု. ၂၀:၁၉) တခြားသူတွေ ကိုယ့်ကို စိတ်ဆိုးအောင်လုပ်တဲ့အခါ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာနေတာက ပညာရှိရာရောက်တယ်။—၁ ပေ. ၃:၁၀၊ ၁၁

၅။ စကားပြောနိုင်စွမ်းပေးထားတဲ့ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

ဒါပေမဲ့ စကားပြောသင့်တဲ့ အချိန်တွေလည်း ရှိပါတယ်။ (ဒေ. ၃:၇) မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးတဲ့အခါ ချောင်ထိုးထားမှာမဟုတ်ဘူး။ လက်ဆောင်ကို ကောင်းကောင်းအသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြမှာပဲ။ အဲဒီလိုပဲ၊ ယေဟောဝါပေးထားတဲ့ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ပညာရှိရှိအသုံးပြုခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တယ်။ အဲဒီလို ပညာရှိရှိအသုံးပြုခြင်းမှာ ယေဟောဝါကို ချီးမွမ်းတာ၊ တခြားသူတွေကို အားပေးတာ၊ ခံစားချက်တွေကို ရင်ဖွင့်တာ၊ ကိုယ့်လိုအပ်ရာကို ပြောပြတာတွေ ပါဝင်တယ်။ (ဆာ. ၅၁:၁၅) ဒါဆို ဘယ်အချိန်မှာ စကားပြောရမယ်ဆိုတာ ဘယ်လိုပိုင်းဖြတ်နိုင်သလဲ။

၆။ သင့်တော်တဲ့အချိန်ကို ရွေးပြီး ပြောဆိုခြင်းက ဘာကြောင့်သိပ်အရေးကြီးသလဲ။

‘သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်’ လို့ သုတ္တံ ၂၅:၁၁ (ကဘ) မှာ ပြောထားတယ်။ ရွှေပန်းသီးတွေက သိပ်လှတယ်။ ဒါပေမဲ့ ငွေလင်ပန်းထဲ ထည့်လိုက်တဲ့အခါ ပိုလှသွားပါလိမ့်မယ်။ အဲဒီလိုပဲ၊ အသင့်တော်ဆုံးအချိန်ကို ရွေးပြီး ပြောဆိုခြင်းက ကိုယ်ပြောမယ့်စကားကို ပိုလှပတင့်တယ်စေပြီး ပိုထိရောက်စေတယ်။ ဒါပေမဲ့ အသင့်တော်ဆုံးအချိန်ကို ဘယ်လိုရွေးမလဲ။

၇၊ ၈။ ဂျပန်နိုင်ငံက ညီအစ်ကိုညီအစ်မတွေဟာ ယေရှုရဲ့စံနမူနာကို ဘယ်လိုတုပခဲ့ကြသလဲ။

မသင့်တော်တဲ့အချိန်မှာ ပြောမိရင် ကိုယ့်စကားကို တခြားသူတွေ နားလည်နိုင်မှာ၊ လက်ခံနိုင်မှာ မဟုတ်ဘူး။ (သုတ္တံ ၁၅:၂၃ ကိုဖတ်ပါ။) ဥပမာ၊ ၂၀၁၁၊ မတ်လမှာ ငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ မြို့အတော်များများ ပျက်စီးသွားပြီး လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးသွားတယ်။ ယေဟောဝါသက်သေများစွာလည်း မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးသွားပေမဲ့ ဝမ်းနည်းကြေကွဲနေသူတွေကို ကျမ်းစာသုံးပြီး ကူညီပေးချင်တယ်။ ဒါပေမဲ့ လူအများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ကျမ်းစာအကြောင်း သိပ်မသိကြဘူး။ ဒါကြောင့် အဲဒီအချိန်မှာ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောမယ့်အစား လူကောင်းတွေ ဘာကြောင့် အဲဒီလိုအဖြစ်ဆိုးတွေ ကြုံရတဲ့အကြောင်း ရှင်းပြပြီး နှစ်သိမ့်ပေးကြတယ်။

ယေရှုဟာ စကားမပြောသင့်တဲ့အချိန်ကို သိသလို ပြောသင့်တဲ့အချိန်ကိုလည်း သိတယ်။ (ယော. ၁၈:၃၃-၃၇; ၁၉:၈-၁၁) တပည့်တွေကို အကြောင်းအရာတချို့ သင်ပေးဖို့ သင့်တော်တဲ့အချိန်ကို စောင့်ခဲ့တယ်။ (ယော. ၁၆:၁၂) ဂျပန်နိုင်ငံအရှေ့ပိုင်းက ညီအစ်ကိုညီအစ်မတွေဟာ ယေရှုရဲ့စံနမူနာကို တုပခဲ့တယ်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်းပြောဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းခဲ့တယ်။ ဆူနာမီဖြစ်ပြီး နှစ်နှစ်ခွဲအကြာမှာ သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား ဝေစာကို ဝေငှခဲ့ကြတယ်။ ဝေစာမှာပါတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် လူများစွာ နှစ်သိမ့်မှုရရှိကြတယ်။ ကျွန်တော်တို့လည်း ကိုယ့်ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေကို ထည့်စဉ်းစားခြင်းအားဖြင့် စကားပြောဖို့ သင့်တော်တဲ့အချိန်ကို ရွေးနိုင်ပါတယ်။

ပြောမယ့်စကားကို သေချာ စဉ်းစားပြီး သင့်တော်တဲ့အချိန်မှာ ပြောခြင်းက လူတွေရဲ့စိတ်ကို ထိမိစေနိုင်တယ်

၉။ စကားပြောဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းသင့်တဲ့ တခြားဘယ်အခြေအနေတွေ ရှိသလဲ။

စကားပြောဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းသင့်တဲ့ တခြားဘယ်အခြေအနေတွေ ရှိသလဲ။ တစ်ယောက်ယောက်က ကျွန်တော်တို့ စိတ်ဆိုးအောင် ပြောလိုက်တာဖြစ်နိုင်တယ်။ ချက်ချင်း ပြန်ချေပပြီး မဆင်မခြင်ပြောလိုက်မယ့်အစား ‘သူ တမင်ရည်ရွယ်ပြီး ပြောတာလား။ ဒီကိစ္စကို နှစ်ယောက်ချင်း ဖြေရှင်းဖို့ လိုအပ်လို့လား’ ဆိုပြီး စဉ်းစားတာက ပညာရှိရာရောက်တယ်။ ဘာမှပြန်မပြောတာက အကောင်းဆုံးဖြစ်နိုင်တယ်။ ပြန်ပြောဖို့ လိုအပ်တယ်ဆိုရင်လည်း စိတ်အေးတဲ့အချိန်အထိ စောင့်ဆိုင်းသင့်တယ်။ (သုတ္တံ ၁၅:၂၈ ကိုဖတ်ပါ။) နောက်အခြေအနေတစ်ခုကတော့ သက်သေခံမဟုတ်တဲ့ မိသားစုဝင်တွေကို အမှန်တရားအကြောင်း ပြောပြချင်တဲ့အခါမှာ ဖြစ်နိုင်တယ်။ စိတ်ရှည်ပါ။ အကင်းပါးပါ။ ပြောမယ့်စကားကို သေချာစဉ်းစားပြီး သင့်တော်တဲ့အချိန်မှာ ပြောတာက သူတို့ရဲ့စိတ်ကို ထိမိစေနိုင်တယ်။

ဘာပြောသင့်သလဲ

၁၀။ (က) ကိုယ်ပြောမယ့်စကားကို ဘာကြောင့် သေချာရွေးချယ်သင့်သလဲ။ (ခ) ဘယ်လိုစကားအပြောအဆိုကို ရှောင်ရမလဲ။

၁၀ ကိုယ်ပြောလိုက်တဲ့စကားက တခြားသူတွေရဲ့ ခံစားချက်ကို ကုစားနိုင်သလို ထိခိုက်စေနိုင်တယ်။ (သုတ္တံ ၁၂:၁၈ ကိုဖတ်ပါ။) စာတန့်လောကမှာရှိတဲ့ လူများစွာဟာ ‘မြားတွေ၊’ ‘ဓားတွေ’ နဲ့တူတဲ့ ‘ရက်စက်တဲ့စကား’ တွေသုံးပြီး တခြားသူတွေကို ထိခိုက်နာကျင်စေကြတယ်။ (ဆာ. ၆၄:၃ကဘ) ရုပ်ရှင်တွေ၊ တီဗီတွေကိုကြည့်ပြီး သူတို့ အဲဒီလိုပြောတတ်လာကြတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေကတော့ ကြမ်းတမ်းရက်စက်တဲ့စကားတွေကို ဟာသအနေနဲ့တောင် ပြောမှာမဟုတ်ဘူး။ ဟာသဉာဏ်ရှိတာ ကောင်းပါတယ်။ ကိုယ်ပြောတဲ့စကားကို ပိုစိတ်ဝင်စားစရာဖြစ်စေတယ်။ ဒါပေမဲ့ ထေ့ငေ့ါတဲ့စကားတွေကို ဘယ်တော့မှ မပြောသင့်ဘူး။ ထေ့ငေ့ါတဲ့စကားဆိုတာ တခြားသူတွေရယ်ရအောင် တစ်ယောက်ယောက်ကို နှိမ်လိုက်တာ၊ အရှက်ခွဲစော်ကား၊ အသရေဖျက်လိုက်တာဖြစ်တယ်။ အဲဒီလိုစကားတွေကို ခရစ်ယာန်တွေရှောင်ဖို့ ကျမ်းစာမှာ မိန့်မှာထားတယ်။ “သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့” လို့လည်း တိုက်တွန်းထားတယ်။—ဧ. ၄:၂၉၊ ၃၁

၁၁။ သင့်တော်တဲ့စကားလုံးကို ရွေးချယ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၁ “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” လို့ ယေရှုပြောတယ်။ (မ. ၁၂:၃၄) ဒါကြောင့် သင့်တော်တဲ့စကားလုံးကို ရွေးချယ်ခြင်းဟာ စိတ်နှလုံးကနေ အစပြုတယ်။ ကိုယ်ပြောလိုက်တဲ့စကားက တခြားသူတွေနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်ကို ဖော်ပြလေ့ရှိတယ်။ ဒါကြောင့် လူတွေကို ကျွန်တော်တို့ ချစ်တယ်၊ ဂရုစိုက်တယ်ဆိုရင် သင့်တော်တဲ့စကားလုံးကို ရွေးချယ်ပြောဆိုပါလိမ့်မယ်။ ဒါမှ ကိုယ်ပြောတဲ့စကားက အားပေးတည်ဆောက်မှု ဖြစ်စေပါလိမ့်မယ်။

၁၂။ သင့်တော်တဲ့စကားလုံးကို ရွေးချယ်ဖို့ တခြားဘယ်အချက်တွေက ကူညီပေးနိုင်သလဲ။

၁၂ သင့်တော်တဲ့စကားလုံးကို ရွေးချယ်ဖို့ဆိုရင် ကြိုးစားအားထုတ်မှု လိုအပ်တယ်။ ပညာရှိဘုရင်ရှောလမုန်တောင် နှစ်သက်စရာကောင်းတဲ့၊ တိကျမှန်ကန်တဲ့ စကားတွေကို ရေးသားနိုင်ဖို့ ‘တွေးတောဆင်ခြင်ပြီး အသေအချာ စူးစမ်းရှာဖွေ’ ခဲ့ရတယ်။ (ဒေ. ၁၂:၉၊ ၁၀ကဘ) ကိုယ်ပြောမယ့်စကားကို ရွေးချယ်နိုင်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေမှာ ဘယ်လိုပြောဆိုသုံးနှုန်းတယ်ဆိုတာ သတိပြုမှတ်သားပါ။ ကိုယ်နားမလည်တဲ့ အသုံးအနှုန်းရဲ့ အဓိပ္ပာယ်ကို သင်ယူပါ။ တခြားသူတွေကို အားပေးမှုဖြစ်စေတဲ့နည်းနဲ့ ဘယ်လိုပြောဆိုရမယ်ဆိုတာ သိနိုင်ဖို့ ယေရှုရဲ့စံနမူနာကို လေ့လာပါ။ ‘ပင်ပန်းနေသူကို အားပေးစကားပြောဆိုတတ်ဖို့’ ယေရှုကို ယေဟောဝါ သင်ပေးတဲ့အတွက် ဘာပြောရမယ်ဆိုတာ ယေရှု ကောင်းကောင်းသိတယ်။ (ဟေရှာ. ၅၀:၄ကဘ) ကိုယ်ပြောလိုက်တဲ့စကားက တခြားသူတွေကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ စဉ်းစားဖို့လည်း အရေးကြီးတယ်။ (ယာ. ၁:၁၉) ‘ဒီစကားလုံးသုံးလိုက်ရင် ငါပြောချင်တာကို သူနားလည်မလား။ သူ ဘယ်လိုခံစားရမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်နိုင်တယ်။

၁၃။ နားလည်လွယ်တဲ့စကားနဲ့ ဘာကြောင့် ပြောသင့်သလဲ။

၁၃ ရှေးအစ္စရေးခေတ်မှာ တစ်ခုခုကို အချက်ပေးတဲ့အခါ တံပိုးမှုတ်လေ့ရှိတယ်။ လူစုဖို့၊ စစ်တိုက်ဖို့ စသည်ဖြင့် အချက်ပေးတဲ့ တံပိုးမှုတ်သံအမျိုးမျိုးရှိတယ်။ တံပိုးမှုတ်သံ မပီပြင်ရင် စစ်တပ်တစ်တပ်လုံး ဘယ်လိုဖြစ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ကျမ်းစာမှာ ပီပြင်တဲ့တံပိုးမှုတ်သံကို နားလည်လွယ်တဲ့စကားနဲ့ ခိုင်းနှိုင်းထားတယ်။ ကိုယ်ပြောတဲ့စကားက မရှင်းလင်းဘဲ ဝေ့လည်ကြောင်ပတ် ဖြစ်နေမယ်ဆိုရင် လူတွေ နားရှုပ်သွားနိုင်တယ်။ နားလည်မှု လွဲသွားနိုင်တယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောတဲ့အခါမှာလည်း မရိုင်းစိုင်းအောင်၊ မလေးမစားမဖြစ်အောင် ဂရုစိုက်သင့်တယ်။၁ ကောရိန္သု ၁၄:၈၊ ၉ ကိုဖတ်ပါ။

၁၄။ နားလည်လွယ်တဲ့စကားကို ယေရှု အသုံးပြုခဲ့တဲ့ ဥပမာတစ်ခုပေးပါ။

၁၄ သင့်တော်တဲ့စကားလုံး ရွေးချယ်ရာမှာ အကောင်းဆုံးစံနမူနာကို ယေရှု ချမှတ်ခဲ့တယ်။ မဿဲအခန်းကြီး ၅ ကနေ ၇ မှာပါတဲ့ တိုတုတ်ထိရောက်တဲ့ ဟောပြောချက်ကို လေ့လာကြည့်ပါ။ ရှုပ်ထွေးနက်နဲတဲ့၊ မလိုအပ်တဲ့စကားလုံးတွေသုံးပြီး လူအထင်ကြီးအောင် ယေရှုမလုပ်ဆောင်ခဲ့ဘူး။ တခြားသူတွေကို ထိုးနှက်တဲ့စကားလုံးတွေကိုလည်း အသုံးမပြုခဲ့ဘူး။ အဓိပ္ပာယ်နက်နဲပြီး သိပ်အရေးကြီးတဲ့အကြောင်းအရာတွေကို နားလည်လွယ်တဲ့စကားနဲ့ ပြောခဲ့တယ်။ ဥပမာ၊ နေ့စဉ်အစားအစာအတွက် စိုးရိမ်နေဖို့ မလိုမှန်း တပည့်တွေကို စိတ်ချစေချင်တယ်။ ဒါကြောင့် ငှက်တွေကို ယေဟောဝါ အမြဲကျွေးမွေးတဲ့အကြောင်း ရှင်းပြပြီး “သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည်မဟုတ်လော” လို့ ပြောခဲ့တယ်။ (မ. ၆:၂၆) အဲဒီလို ရိုးရှင်းတဲ့စကားလုံးတွေအားဖြင့် အရေးကြီးသင်ခန်းစာကို နားလည်လာအောင်၊ အားတက်လာအောင် တပည့်တွေကို ယေရှု ကူညီပေးခဲ့တယ်။

ဘယ်လိုပြောသင့်သလဲ

၁၅။ ဘာကြောင့် ယဉ်ကျေးကြင်နာစွာ စကားပြောရမလဲ။

၁၅ ကိုယ်ပြောတဲ့စကားလိုပဲ ကိုယ့်ရဲ့ ပြောပုံပြောနည်းကလည်း အရေးကြီးတယ်။ ယေရှုဟာ “နှစ်လို့ဖွယ်” နည်းနဲ့၊ တစ်နည်းအားဖြင့် ကြင်ကြင်နာနာ ပြောဆိုတဲ့အတွက် ယေရှုရဲ့စကားကို လူတွေ နားထောင်ချင်ကြတယ်။ (လု. ၄:၂၂) ကျွန်တော်တို့လည်း ယဉ်ကျေးကြင်နာစွာ ပြောဆိုမယ်ဆိုရင် လူတွေ ပိုလက်ခံနားထောင်ချင်လာလိမ့်မယ်။ (သု. ၂၅:၁၅) တခြားသူတွေကို ကျွန်တော်တို့ လေးစားပြီး သူတို့ရဲ့ခံစားချက်ကို ဂရုစိုက်မယ်ဆိုရင် အဲဒီလိုပြောဆိုနိုင်ပါလိမ့်မယ်။ မိမိရဲ့စကားကို နားထောင်ဖို့ လူတွေ ဘယ်လောက်အပင်ပန်းခံမှန်း ယေရှုတွေ့တဲ့အခါ သနားသွားပြီး “များစွာသွန်သင်” ပေးခဲ့တယ်။ (မာ. ၆:၃၄) ယေရှုဟာ စော်ကားခံရချိန်မှာတောင် ကြမ်းကြမ်းတမ်းတမ်း ပြန်မပြောခဲ့ဘူး။—၁ ပေ. ၂:၂၃

၁၆၊ ၁၇။ (က) မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ယေရှုကို ဘယ်လိုတုပနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ရုပ်ပုံကို ကြည့်ပါ။) (ခ) မိခင်တစ်ယောက်ဟာ အေးဆေးကြင်နာစွာ စကားပြာဆိုတဲ့အတွက် ဘယ်လိုအကျိုးရရှိခဲ့သလဲ။

၁၆ ကိုယ်နဲ့သိပ်ရင်းနှီးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ယဉ်ယဉ်ကျေးကျေး၊ ကြင်ကြင်နာနာ ပြောဆိုဖို့ ခက်ခဲနိုင်တယ်။ သူတို့နဲ့ စကားပြောတဲ့အခါ ကိုယ့်ပြောပုံပြောနည်းကို ဂရုစိုက်ဖို့ မလိုပါဘူးလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ယေရှုဟာ မိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ဘယ်တော့မှ မစာမနာ မပြောဘူး။ ဘယ်သူအကြီးမြတ်ဆုံးလဲလို့ တပည့်တွေ ငြင်းခုံတဲ့အခါ ကလေးငယ်တစ်ယောက်ကို ဥပမာပေးပြီး ကြင်ကြင်နာနာ တည့်မတ်ပေးခဲ့တယ်။ (မာ. ၉:၃၃-၃၇) အကြီးအကဲတွေလည်း တခြားသူတွေကို “နူးညံ့သိမ်မွေ့သောစိတ်” နဲ့ သွန်သင်ဆုံးမခြင်းအားဖြင့် ယေရှုရဲ့စံနမူနာကို တုပနိုင်တယ်။—ဂလ. ၆:၁

၁၇ ကိုယ်စိတ်ဆိုးအောင် တခြားသူတွေ ပြောဆိုရင်တောင် ယဉ်ကျေးချိုသာစွာ ပြန်ပြောခြင်းအားဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်။ (သု. ၁၅:၁) ဥပမာ၊ ကြင်ဖော်မဲ့မိခင်တစ်ယောက်ရဲ့ ဆယ်ကျော်သက်သားဟာ ယေဟောဝါကို ဟန်ဆောင်ဝတ်ပြုရင်း ဘဝပုံစံနှစ်မျိုးဖြစ်လာတယ်။ ဒါကို စိတ်မကောင်းဖြစ်မိတဲ့ ညီအစ်မတစ်ယောက်က အမေဖြစ်သူကို “ကလေးကို ကောင်းကောင်းမလေ့ကျင့်ပေးနိုင်တာ တော်တော်ညံ့တာပဲ” လို့ပြောလိုက်တယ်။ အမေဖြစ်သူက ခဏစဉ်းစားပြီး “အခုလောလောဆယ် အခြေအနေမကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်မှုက ဆက်သွားနေအုံးမှာပဲလေ။ အာမဂေဒုန်ပြီးနောက်မှပဲ သေချာသိနိုင်မယ်ဆိုတော့ အဲဒီအချိန်ကျမှပဲ ပြောကြတာပေါ့” လို့ပြောလိုက်တယ်။ အဲဒီလို အေးဆေးကြင်နာစွာ ပြန်ပြောလိုက်တဲ့အတွက် ရင်းနှီးမှုလည်း မပျက်သွားဘူး။ သားဖြစ်သူကလည်း အမေပြောတာကိုကြားပြီး သူပြောင်းလဲလာမှာကို အမေယုံကြည်နေတုန်းပဲဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် မကောင်းတဲ့အပေါင်းအသင်းတွေကို အဆက်ဖြတ်လိုက်တယ်။ တဖြည်းဖြည်း တိုးတက်လာပြီး နှစ်ခြင်းခံလိုက်တယ်။ နောက်ပိုင်း၊ ဗေသလမှာတောင် အမှုဆောင်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေနဲ့ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ဖြစ်စေ၊ ကိုယ်မရင်းနှီးသူတွေနဲ့ဖြစ်စေ စကားပြောဆိုချိန်မှာ ကျွန်တော်တို့ရဲ့ စကားဟာ “ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ်ဖြစ်” နေသင့်တယ်။—ကော. ၄:၆

၁၈။ စကားပြောတဲ့အခါ ယေရှုရဲ့စံနမူနာကို ဘယ်လိုတုပနိုင်မလဲ။

၁၈ ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောနိုင်စွမ်းဟာ ယေဟောဝါဆီကရတဲ့ အံ့ဖွယ်ဆုလက်ဆောင်ပဲ။ စကားပြောဖို့ သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့စကားလုံးတွေကို ရွေးချယ်ခြင်း၊ ယဉ်ကျေးကြင်နာစွာ ပြောဆိုခြင်းအားဖြင့် ယေရှုရဲ့ စံနမူနာကို တုပကြပါစို့။ ဒီနည်းအားဖြင့် ကျွန်တော်တို့ဟာ လျှာရဲ့အစွမ်းတန်ခိုးကို တခြားသူတွေရဲ့ အကျိုးအတွက် အသုံးပြုနိုင်မှာဖြစ်ပြီး ယေဟောဝါကိုလည်း စိတ်ရွှင်လန်းစေပါလိမ့်မယ်။