မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံသို့

စာရှုသူများထံသို့

စာရှုသူများထံသို့

ဤစာစောင်မှစ၍ ကင်းမျှော်စင်ပုံစံကို အပြောင်းအလဲတချို့ ပြုလုပ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိပေးရသည့်အတွက် ဝမ်းမြောက်ပါသည်။ အဘယ်အရာများ ပြောင်းလဲသွားမည်ကို မရှင်းပြမီ ယခင်အတိုင်း ဆက်ရှိမည့်အရာကို ဖော်ပြပါမည်။

ဤမဂ္ဂဇင်း၏အမည် ကင်းမျှော်စင်၊ ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်းသည် မပြောင်းပါ။ သို့ဖြစ်၍ ကင်းမျှော်စင်သည် ယေဟောဝါကို မှန်သောဘုရားသခင်အဖြစ် ဆက်၍ချီးမြှင့်ဂုဏ်တင်ပြီး စာရှုသူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြင့် ဆက်၍နှစ်သိမ့်မည်ဖြစ်သည်။ ဤလထုတ်၏ စာမျက်နှာ ၅ မှ ၉ အထိပါသောဆောင်းပါးများက ဘုရားသခင့်နိုင်ငံတော်မှာ အဘယ်အရာဖြစ်ကြောင်းနှင့် အဘယ်အချိန်တွင် တည်ထောင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးထားသည်။ ထို့ပြင် ကင်းမျှော်စင်သည် ဆယ်စုနှစ်နှင့်ချီ လုပ်ဆောင်လာခဲ့သကဲ့သို့ ယေရှုခရစ်ကို တိုး၍ယုံကြည်စေမည်ဖြစ်ပြီး သမ္မာကျမ်းစာအမှန်တရားကို ထောက်ခံကာ သမ္မာကျမ်းစာပရောဖက်ပြုချက်များအကူအညီဖြင့် ကမ္ဘာ့ဖြစ်ရပ်များ၏ အဓိပ္ပာယ်ကိုဆက်၍ရှင်းပြသွားပါမည်။

သို့ဖြစ်လျှင် အဘယ်အရာများ ပြောင်းလဲသွားမည်နည်း။ လစဉ် ၁ ရက်ထုတ်စာစောင်တွင်ပါရှိမည့် စိတ်ဝင်စားဖွယ် အသွင်အပြင်အသစ်တချို့ကို ရှင်းပြပါမည်။ *

စိတ်နှလုံးကိုလှုံ့ဆော်ပေးသည့် ဆောင်းပါးအမျိုးမျိုး လတိုင်း ပါရှိပါမည်။ “သင်သိပါသလော” ဆောင်းပါးသည် ရွေးချယ်ထားသော ကျမ်းစာမှတ်တမ်းများ၏ အဓိပ္ပာယ်ကိုဖော်ပြသည့် စိတ်ဝင်စားဖွယ်နောက်ခံအချက်အလက်ကို ဖော်ပြပါမည်။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့” ဆောင်းပါးက သတ်သတ်မှတ်မှတ်ကျမ်းချက်များမှ ယေဟောဝါနှင့်ပတ်သက်၍ ကျွန်ုပ်တို့သင်ယူနိုင်ရာကို အလေးပေးဖော်ပြပါမည်။ “စာရှုသူများအမေး” ဆောင်းပါးက မေးလေ့မေးထရှိသော ကျမ်းစာမေးခွန်းများကို ဖြေဆိုဆွေးနွေးထားသည်။ ဥပမာ၊ လူများစွာက “ဘုရားသခင့်နိုင်ငံတော်သည် သင့်နှလုံးထဲတွင်ရှိသလော” ကိုသိလိုကြသည်။ အဖြေကို စာမျက်နှာ ၁၃ တွင်ရှာတွေ့နိုင်ပါသည်။

ပုံမှန်ဖော်ပြမည့်ဆောင်းပါးများမှာ မိသားစုအကျိုးအတွက် ရည်စူးထားပါသည်။ တစ်နှစ်လျှင် လေးကြိမ်ပါရှိမည့် “မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ” ဆောင်းပါးသည် မိသားစုပြဿနာများ၏ အခြေအနေအမှန်ကို ဖော်ပြမည်ဖြစ်ပြီး သမ္မာကျမ်းစာမူများက ထိုအခက်အခဲများကို ဖြေရှင်းရာတွင် အထောက်အကူပြုပုံကို ဖော်ပြပါမည်။ မိမိသားသမီးတို့နှင့်အတူဖတ်ရန် မိဘများအတွက် “သားသမီးတို့ကို သွန်သင်လော့” ဆောင်းပါးသည် အခြားလထုတ်တိုင်းတွင်ပါရှိပါမည်။ ထိုဆောင်းပါးမပါရှိပါက လူငယ်တစ်ဦး ကျမ်းစာလေ့လာမှုပြုရာတွင် အထောက်အကူပြုမည့် “လူငယ်စာရှုသူများအတွက်” ဆောင်းပါးပါရှိမည်။

တစ်နှစ်လျှင်လေးကြိမ်ပါရှိမည့် နောက်ထပ်ဆောင်းပါးအနည်းငယ်ရှိသည်။ “သူတို့၏ယုံကြည်ခြင်းကိုတုပကြလော့” ဆောင်းပါးသည် သမ္မာကျမ်းစာဇာတ်ကောင်တစ်ဦး၏ ပုံနမူနာကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့ကို အားပေးပါမည်။ ဥပမာ၊ ဤလထုတ်၏ စာမျက်နှာ ၁၈ မှ ၂၁ တွင် ပရောဖက်ဧလိယနှင့်ပတ်သက်၍ နှလုံးထိမိစေသောမှတ်တမ်းတစ်ခုကို ဖတ်ရမည်ဖြစ်ပြီး သူ၏ယုံကြည်ခြင်းမှ ကျွန်ုပ်တို့ မည်သို့တုပနိုင်ပုံကို သိရှိရပါမည်။ “. . . ထံမှစာ” ဆောင်းပါးက ခရစ်ယာန်သာသနာပြုများနှင့် ကမ္ဘာ့ဒေသအသီးသီးမှ အခြားသူတို့၏ ပြောပြချက်မှတ်တမ်းဖြစ်မည်။ “ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ” ဆောင်းပါးသည် ရိုးရှင်းသည့် အခြေခံသမ္မာကျမ်းစာသွန်သင်ချက် ဖြစ်ပါမည်။

ကင်းမျှော်စင်ကို သမ္မာကျမ်းစာကိုလေးမြတ်တန်ဖိုးထားသော၊ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကိုသိလိုသော စာရှုသူတို့ ဆက်၍နှစ်သက်ကြမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ဤဂျာနယ်သည် သင်၏ သမ္မာကျမ်းစာအမှန်တရားဆာမွတ်မှုကို အာသာပြေစေမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ထုတ်ဝေသူများ

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယခု ကင်းမျှော်စင်ကို ပုံစံနှစ်မျိုးဖြင့် ထုတ်ဝေပါမည်။ လ၏ ၁ ရက်ထုတ်စာစောင်ကို လူထုအတွက် ထုတ်ဝေပါမည်။ ၁၅ ရက်ထုတ်စာစောင်သည် လေ့လာရန်စာစောင်ဖြစ်ပြီး ယေဟောဝါသက်သေများ၏ အသင်းတော်အစည်းအဝေးများတွင် အသုံးပြုမည်ဖြစ်ကာ အစည်းအဝေးများကျင်းပရာနေရာကို လူထုအတွက်ပါ ဖွင့်ထားပါသည်။