မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင့်ကဲအယူအဆနှင့် သမ္မာကျမ်းစာ ကိုက်ညီပါသလော

ဆင့်ကဲအယူအဆနှင့် သမ္မာကျမ်းစာ ကိုက်ညီပါသလော

ဆင့်ကဲအယူအဆနှင့် သမ္မာကျမ်းစာ ကိုက်ညီပါသလော

ဘုရားသခင်သည် တိရစ္ဆာန်မှလူဖြစ်လာစေရန် ဆင့်ကဲဖြစ်စဉ်ကိုအသုံးပြုသည်ဟူသည့်အချက် ဖြစ်နိုင်ပါသလော။ ဗက်တီးရီးယားမှ ငါးအဖြစ်သို့ဖွံ့ဖြိုးလာပြီး ထိုမှတစ်ဖန် တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများအဖြစ်သို့ ဖွံ့ဖြိုးလာကာ နောက်ဆုံး လူဝံမျိုးနွယ်မှ လူသားများဖြစ်လာဖို့ ဘုရားသခင်စီစဉ်ခဲ့သလော။ အချို့သောသိပ္ပံပညာရှင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ဆင့်ကဲအယူအဆကိုရော သမ္မာကျမ်းစာကိုပါယုံကြည်ရန် ပြောဆိုကြသည်။ သူတို့က သမ္မာကျမ်းစာပါ ကမ္ဘာဦးကျမ်းသည် ပုံဆောင်စကားဖြစ်သည်ဟုဆိုကြသည်။ သင်ဤသို့တွေးမိကောင်းတွေးမိပေမည်– ‘လူဟာ တိရစ္ဆာန်ကနေ အဆင့်ဆင့်ဖွံ့ဖြိုးပြီးဖြစ်လာတယ်ဆိုတဲ့ သီအိုရီဟာ သမ္မာကျမ်းစာနဲ့ ကိုက်ညီရဲ့လား။’

ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်သည်၊ မည်သည့်နေရာသို့ဦးတည်နေကြသည်၊ မည်သို့အသက်ရှင်နေထိုင်သင့်သည်တို့ကို နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့၏မူလအစကို နားလည်သဘောပေါက်ဖို့ အရေးကြီးသည်။ လူ့မူလအစနှင့်ပတ်သက်သော အသိပညာကသာ ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့်ခွင့်ပြုကြောင်း၊ လူ့အနာဂတ်နှင့်ပတ်သက်သည့် ကိုယ်တော့်ရည်ရွယ်ချက်တို့ကို နားလည်သဘောပေါက်စေနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ကြောင်း မသေချာပါက ဘုရားသခင်ရှေ့မျက်နှာသာရ အနေအထားတွင်ရှိသည်ဟူသည့် ခံစားမှုမျိုး ရှိနိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် လူ့မူလအစ၊ လူ့လက်ရှိအခြေအနေ၊ လူ့အနာဂတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုကို ဆန်းစစ်ကြည့်ကြစို့။ ပြီးနောက် ဆင့်ကဲသီအိုရီသည် သမ္မာကျမ်းစာနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်ကြည့်ပါမည်။

လူတစ်ဦးသာရှိခဲ့ချိန်

ဆင့်ကဲဝါဒီများက တိရစ္ဆာန်အုပ်လိုက်ကြီးမှ လူအုပ်လိုက်ကြီးအဖြစ်သို့ တဖြည်းဖြည်းဖွံ့ဖြိုးဖြစ်ပေါ်လာသည်ဟု ယေဘုယျအားဖြင့်ဆိုကြပြီး တစ်ချိန်က လူတစ်ဦးတည်းရှိခဲ့သည်ကို ငြင်းဆိုကြသည်။ သို့သော် သမ္မာကျမ်းစာက ယင်းနှင့်အလွန်ခြားနားစွာတင်ပြသည်။ ကျွန်ုပ်တို့သည် လူတစ်ဦးဖြစ်သော အာဒံမှဆင်းသက်လာသည်ဟု ဆိုထား၏။ သမ္မာကျမ်းစာမှတ်တမ်းက အာဒံသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ သူ၏ဇနီး၊ သားသမီးတချို့၏အမည်များကို ဖော်ပြထားသည်။ သူအဘယ်အရာပြုလုပ်ခဲ့သည်၊ အဘယ်အရာပြောခဲ့သည်၊ အဘယ်အချိန်တွင်နေထိုင်ခဲ့သည်၊ အဘယ်အချိန်တွင်သေဆုံးသည်စသဖြင့် အသေးစိတ်ဖော်ပြထားသည်။ ယေရှုသည် ယင်းမှတ်တမ်းကို ပညာမတတ်သူတို့အတွက် ပုံဆောင်စကားမျှဖြစ်သည်ဟု မယူမှတ်ခဲ့ပါ။ ပညာတတ်များဖြစ်သော ဂျူးဘာသာရေးခေါင်းဆောင်များနှင့် ပြောဆိုချိန်တွင် ကိုယ်တော် ဤသို့မိန့်တော်မူခဲ့၏– “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏ . . . ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။” (မဿဲ ၁၉:၃-၅) ထို့နောက် ယေရှုသည် ကမ္ဘာဦး ၂:၂၄ တွင်မှတ်တမ်းတင်ထားသော အာဒံနှင့်ဧဝအကြောင်းပါသည့် စကားလုံးများကို ကိုးကားခဲ့သည်။

ကျမ်းရေးသူတစ်ဦးလည်းဖြစ်၊ စေ့စပ်သေချာသော သမိုင်းပညာရှင်လည်းဖြစ်သူ လုကာက အာဒံကို ယေရှုကဲ့သို့ပင် သမိုင်းတွင်ရှိခဲ့သောပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။ လုကာက ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းကို ပထမဦးဆုံးလူအထိ နောက်ကြောင်းကောက်ဖော်ပြခဲ့သည်။ (လုကာ ၃:၂၃-၃၈) ထို့ပြင် တမန်တော်ပေါလုသည် နာမည်ကြီးဂရိကျောင်းများတွင် ပညာသင်ကြားခဲ့သော အတွေးအခေါ်ပညာရှင်များပါသည့် လူအုပ်ရှေ့တွင် ဤသို့ပြောခဲ့၏– “လောကနှင့် လောက၌ရှိသမျှကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် . . . လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၍ မြေတစ်ပြင်လုံးတွင် နေထိုင်စေတော်မူ၏။” (တမန်တော် ၁၇:၂၄-၂၆ကဘ) ရှင်းနေသည်မှာ ကျွန်ုပ်တို့သည် “လူတစ်ဦးတည်းမှ” ဆင်းသက်လာကြောင်း သမ္မာကျမ်းစာက သွန်သင်သည်။ လူ့မူလအစအခြေအနေအကြောင်း သမ္မာကျမ်းစာအဆိုသည် ဆင့်ကဲအယူအဆနှင့် ကိုက်ညီပါသလော။

လူသည် စုံလင်သည့်အဖြစ်မှ လျှောကျခဲ့

သမ္မာကျမ်းစာအရ ယေဟောဝါသည် ပထမလူသားကို စုံလင်စွာဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် မစုံမလင်ဖန်ဆင်းသည်ဆိုသည်မှာ မဖြစ်နိုင်ပါ။ ဖန်ဆင်းခြင်းမှတ်တမ်းက ဤသို့ဆို၏– “ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ . . . ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ . . . ၏။” (ကမ္ဘာဦး ၁:၂၇၊ ၃၁) စုံလင်သောလူသည် မည်သို့သောသူဖြစ်သနည်း။

စုံလင်သောလူတွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိပြီး ဘုရားသခင့်ဂုဏ်ရည်တော်များကို ပြည့်ဝစုံလင်စွာတုပနိုင်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင်သည် လူကို ဖြောင့်မတ်အောင်ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များပြားသောအကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။” (ဒေ. ၇:၂၉) အာဒံသည် ဘုရားသခင်ကို ပုန်ကန်ရန် ရွေးချယ်ခဲ့သည်။ သူ၏ပုန်ကန်မှုကြောင့် အာဒံသည် သူကိုယ်တိုင်နှင့် သူ့သားမြေးများအတွက် စုံလင်မှုကို ဆုံးရှုံးခဲ့ရသည်။ လူသည် စုံလင်သည့်အဖြစ်မှ ကျဆင်းခဲ့ခြင်းကြောင့် ကျွန်ုပ်တို့သည် မှန်ကန်ရာကိုလုပ်လိုသည့်တိုင် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကို အဘယ်ကြောင့်စိတ်အလိုမကျဖြစ်ရသည်ကို ရှင်းရှင်းလင်းလင်းသိစေသည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ငါသည် . . . ကျင့်ချင်သောအကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။”—ရောမ ၇:၁၅

သမ္မာကျမ်းစာအရ စုံလင်သောလူသည် စုံလင်သည့်ကျန်းမာရေးဖြင့် ထာဝစဉ်အသက်ရှင်မည်ဖြစ်သည်။ ယင်းသို့ဖြစ်ကြောင်း အာဒံကို ဘုရားသခင်မိန့်တော်မူခဲ့သည့်စကားတွင် ထင်ရှားသည်၊ ပထမလူသားသည် ဘုရားသခင်အား နာခံမည်ဆိုပါက သူသည် ဘယ်တော့မျှသေမည်မဟုတ်ပါ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၂၂၊ ၂၃) ဖန်ဆင်းခံရသောလူသည် ဖျားနာ သို့မဟုတ် ပုန်ကန်သည့်စိတ်ရှိပြီးသူဖြစ်ခဲ့ပါမူ “အလွန်ကောင်းသည်” ဟု ယေဟောဝါမိန့်တော်မူခဲ့မည်မဟုတ်ပါ။ စုံလင်သည့်အဖြစ်မှကျဆင်းခဲ့ခြင်းကြောင့် လူ့ကိုယ်ခန္ဓာသည် အံ့ဖွယ်ကောင်းလောက်အောင် ဒီဇိုင်းပြုခံထားရသည့်တိုင် အင်္ဂါချို့တဲ့ခြင်းနှင့် ရောဂါဖြစ်လွယ်ခြင်းတို့ အဘယ်ကြောင့်ဖြစ်ရသည်ကို ရှင်းရှင်းလင်းလင်းသိစေသည်။ သို့ဖြစ်၍ ဆင့်ကဲအယူအဆသည် သမ္မာကျမ်းစာနှင့် မကိုက်ညီပါ။ ဆင့်ကဲအယူအဆက မျက်မှောက်ခေတ်လူသည် တဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာသော တိရစ္ဆာန်ဖြစ်သည်ဟုဆိုသည်။ သမ္မာကျမ်းစာကမူ မျက်မှောက်ခေတ်လူသည် စုံလင်သည့်လူတစ်ဦးမှဆင်းသက်လာသော ဆုတ်ယုတ်ကျဆင်းယိုယွင်းနေသည့် သားမြေးဖြစ်သည်ဟု ဖော်ပြသောကြောင့်ဖြစ်သည်။

လူသားဖြစ်လာစေရန် ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်ကို စီစဉ်ခဲ့သည်ဟူသည့် အယူအဆသည်လည်း ဘုရားသခင့်ဂုဏ်ရည်တော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုနှင့် မကိုက်ညီပါ။ ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်အဆင့်ဆင့်ကို စီစဉ်လမ်းညွှန်ခဲ့မည်ဆိုလျှင် ကိုယ်တော်သည် လူသားတို့အား အနာရောဂါခံစားရသော၊ ခက်ခဲဆင်းရဲမှုလွှမ်းသော လက်ရှိအခြေအနေသို့ရောက်အောင် စီစဉ်လမ်းညွှန်ခဲ့သည်ဟူသည့် အဓိပ္ပာယ်ထွက်ပေမည်။ သို့သော် သမ္မာကျမ်းစာက ဘုရားသခင်နှင့်ပတ်သက်၍ ဤသို့ဆိုထား၏– ‘ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် . . . အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင်ဖြစ်တော်မူ၏။ သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အညစ်အကြေးကပ်ကြ၏။’ (တရားဟောရာ ၃၂:၄၊ ၅) ထို့ကြောင့် လူသားတို့၏ လက်ရှိဆင်းရဲခက်ခဲမှုတို့သည် ဆင့်ကဲဖြစ်စဉ်အားဖြင့် ဘုရားသခင် ဦးတည်ပေးခဲ့သည့်ရလဒ်မဟုတ်ပါ။ လူတစ်ဦး ဘုရားသခင်ကို ပုန်ကန်ခြင်းအားဖြင့် မိမိကိုယ်တိုင်နှင့် သူ၏သားစဉ်မြေးဆက်တို့ စုံလင်မှုဆုံးရှုံးသွားခြင်းကြောင့် ဖြစ်သည်။ အာဒံအကြောင်းသုံးသပ်ပြီးဖြစ်၍ ယခု ယေရှုအကြောင်း သုံးသပ်နိုင်ပါသည်။ ယေရှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုနှင့် ဆင့်ကဲအယူအဆသည် ကိုက်ညီပါသလော။

ဆင့်ကဲအယူဝါဒကိုကော၊ ခရစ်ယာန်အယူဝါဒကိုပါ ယုံကြည်နိုင်သလော

“ခရစ်တော်သည် . . . ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။” သင်သိမည်ဖြစ်သည့်အတိုင်း ယင်းမှာ ခရစ်ယာန်ဘာသာ၏ အခြေခံအယူဝါဒတစ်ခုဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃; ၁ ပေတရု ၃:၁၈) ဤဖော်ပြချက်နှင့် ဆင့်ကဲအယူအဆမကိုက်ညီကြောင်းသိစေရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အပြစ်သားများဟု အဘယ်ကြောင့်ခေါ်ဆိုကြောင်း၊ အပြစ်သည် ကျွန်ုပ်တို့ကို အဘယ်အရာဖြစ်စေကြောင်း ဦးဆုံးနားလည်သဘောပေါက်ဖို့လိုသည်။

မေတ္တာတော်၊ တရားမျှတခြင်းစသည့် ဘုရားသခင်၏ဂုဏ်ရည်တော်များကို ပြည့်ဝစုံလင်စွာ မတုပနိုင်သည့်သဘောဖြင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့ဆို၏– ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ တန်ခိုးတော်ကို မမီကြ။’ (ရောမ ၃:၂၃ကဘ) သမ္မာကျမ်းစာက အပြစ်သည် သေရခြင်း၏အကြောင်းရင်းဖြစ်သည်ဟု ဆို၏။ ၁ ကောရိန္သု ၁၅:၅၆ [ကဘ] က “သေခြင်းတရားကို ဖြစ်စေသော အဆိပ်ဆူးကား အပြစ်တရားဖြစ်၏” ဟုဆိုသည်။ ကျွန်ုပ်တို့အမွေခံထားရသောအပြစ်သည် ဖျားနာရသည့် အခြေခံအကြောင်းရင်းလည်းဖြစ်သည်။ ဖျားနာမှုနှင့်အပြစ် ဆက်နွှယ်နေကြောင်း ယေရှုဖော်ပြခဲ့သည်။ လက်ခြေသေနေသူကို ကိုယ်တော်က “သင်၏အပြစ်ကို လွတ်စေပြီ” ဟုမိန့်တော်မူရာ ထိုသူရောဂါပျောက်ကင်းသွားသည်။—မဿဲ ၉:၂-၇

ယေရှု၏သေခြင်းက ကျွန်ုပ်တို့ကို မည်သို့အထောက်အကူပြုသနည်း။ သမ္မာကျမ်းစာက အာဒံနှင့် ယေရှုခရစ်၏ခြားနားမှုကို ဤသို့တင်ပြ၏– “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၂) ယေရှုသည် မိမိ၏အသက်ကို စွန့်လွှတ်ခြင်းအားဖြင့် အာဒံထံမှ ကျွန်ုပ်တို့အမွေရခဲ့သော အပြစ်အတွက်အဖိုးအခကို ပေးချေခဲ့သည်။ သို့ဖြစ်၍ ယေရှုကိုယုံကြည်ပြီး ကိုယ်တော်အားနာခံသူအားလုံးသည် အာဒံလက်လွတ်ဆုံးရှုံးခဲ့သည့် ထာဝရအသက်ရှင်ခွင့်အလားအလာကို ရရှိကြမည်။—ယောဟန် ၃:၁၆; ရောမ ၆:၂၃

ထို့ကြောင့် ခရစ်ယာန်အယူဝါဒသည် ဆင့်ကဲအယူနှင့် မကိုက်ညီသည်ကို သင်တွေ့ရှိပါသလော။ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်” ကိုသံသယရှိပါက “လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်” မည်ကို မည်သို့မျှော်လင့်နိုင်မည်နည်း။

ဆင့်ကဲအယူအဆကို လူတို့ အဘယ်ကြောင့် ကြိုက်နှစ်သက်ကြ

ဆင့်ကဲအယူအဆကဲ့သို့သော သွန်သင်ချက်များ ရေပန်းစားလာပုံကို သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထား၏– ‘နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသွန်သင်ချက်ကို နားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင်၊ မိမိတပ်မက်ခြင်း [“ကိုယ့်အလိုဆန္ဒများ၊” ခမ] အတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ အမှန်တရားကိုနားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။’ (၂ တိမောသေ ၄:၃၊ ၄) ဆင့်ကဲအယူအဆသည် သာမန်အားဖြင့် သိပ္ပံအသုံးအနှုန်းဖြစ်သော်လည်း အမှန်မှာ ဝတ်ပြုရေးနှင့်ဆိုင်သည့် အယူဝါဒတစ်ခုဖြစ်သည်။ ဘဝအပေါ်ရှုမြင်ပုံနှင့် ဘုရားသခင်နှင့်ပတ်သက်သောသဘောထားကို သွန်သင်၏။ ယင်း၏ယူဆချက်များက လူတို့ကို တစ်ကိုယ်ကောင်းဆန်ရန်၊ လွတ်လွတ်လပ်လပ်ပြုမူနေထိုင်လိုသော သဘောထားများဖြစ်လာရန် မသိမသာဆွဲဆောင်သည်။ ဆင့်ကဲအယူအဆကို ယုံကြည်လက်ခံသူများစွာက ဘုရားသခင်ကိုလည်းယုံကြည်သည်ဟု ဆိုကြသည်။ သို့သော် သူတို့က ဘုရားသခင်သည် ဖန်ဆင်းရှင်မဟုတ်၊ လူ့ရေးရာများတွင် ဝင်စွက်ဖက်ခြင်းမရှိ၊ လူများကိုတရားစီရင်မည်မဟုတ်စသဖြင့် လွတ်လပ်စွာထင်မြင်ယူဆကြသည်။ ယင်းမှာ လူတို့ကိုနားယားပြေစေသည့် အယူအဆတစ်ခုဖြစ်သည်။

ဆင့်ကဲအယူအဆကိုထောက်ခံသူတို့သည် အဖြစ်မှန်များဖြင့်မဟုတ်ဘဲ “ကိုယ့်အလိုဆန္ဒများ” ဖြင့် လှုံ့ဆော်ခံရလေ့ရှိကြသည်—ဆင့်ကဲအယူကိုအများစုလက်ခံသည့် သိပ္ပံအသိုင်းအဝိုင်းတစ်ခု၏ လက်သင့်ခံမှုကိုရလိုခြင်းဖြစ်နိုင်သည်။ ဘဝအသက်တာ၏အချိန်အများစုကိုအသုံးပြုကာ သက်ရှိဆဲလ်များ၏ ရှုပ်ထွေးလှသော အတွင်းဆောင်ရွက်ပုံတို့ကို လေ့လာခဲ့သူ ဇီဝဓာတုဗေဒဆိုင်ရာ ပါမောက္ခ မိုက်ကယ် ဘီဟီက ဆဲလ်တည်ဆောက်ပုံနှင့်ပတ်သက်ပြီး ဆင့်ကဲအယူအဆကိုသွန်သင်ပေးသူတို့သည် သူတို့၏အဆိုပြုချက်အတွက် အခြေအမြစ်မရှိပါဟု ရှင်းပြခဲ့သည်။ အလွန့်အလွန်သေးငယ်သော မော်လီကျူးအဆင့်တွင် ဆင့်ကဲဖြစ်စဉ်ဖြစ်နိုင်သလော။ “မော်လီကျူးဆင့်ကဲဖြစ်စဉ်သည် သိပ္ပံဆိုင်ရာခိုင်လုံသောအထောက်အထားပေါ်တွင် အခြေမခံပါ” ဟုသူရေးခဲ့၏။ “အမှန်တကယ်ရှုပ်ထွေးသည့် ဇီဝဓာတုစနစ်၏ မော်လီကျူးဆင့်ကဲဖြစ်စဉ်သည် မည်သို့ဖြစ်ပေါ်လာခဲ့ သို့မဟုတ် ဖြစ်လာနိုင်ခဲ့ဖွယ်ရှိသည်ကိုပင် ဖော်ပြသည့် သိပ္ပံစာပေ—နာမည်ကြီးဂျာနယ်များ၊ အထူးဂျာနယ်များ သို့မဟုတ် စာအုပ်များ—တွင် ထုတ်ပြန်ကြေညာထားခြင်း တစ်ခုမျှမရှိပါ။ . . . ဒါဝင်၏မော်လီကျူးဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အခိုင်အမာပြောဆိုချက်သည် ကြွားဝါခြင်းမျှသာဖြစ်သည်။”

ဆင့်ကဲပညာရှင်များသည် သူတို့၏အယူအဆကို မရှင်းပြနိုင်ကြသော်လည်း အဘယ်ကြောင့် ဤမျှအားကြိုးမာန်တက် ထောက်ခံပြောဆိုကြသနည်း။ ဘီဟီဤသို့ရှင်းပြ၏– “အရေးပါသူများ၊ လေးစားခံရသူသိပ္ပံပညာရှင်များအပါအဝင် လူများစွာသည် သဘာဝတရားထက်သာလွန်သည့်အရာကို အလိုမရှိကြသောကြောင့်ဖြစ်သည်။”

ဆင့်ကဲအယူအဆသွန်သင်ချက်သည် ပညာရှိဖြစ်လိုကြသည့် ဓမ္မဆရာများစွာကို ဆွဲဆောင်ခဲ့သည်။ သူတို့သည် ရောမရှိခရစ်ယာန်များထံ တမန်တော်ပေါလုရေးလိုက်သည့်စာတွင် ဖော်ပြထားသူတို့နှင့် တူကြသည်။ ပေါလုဤသို့ရေးခဲ့၏– “သိအပ်သောဘုရားသခင်၏အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ . . . ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုသိလျက်ပင် ဘုရားသခင်ကိုချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌တည်ကြသည်။” (ရောမ ၁:၁၉-၂၂) ဆရာအတုအယောင်တို့၏ လှည့်ဖြားမှုကို သင်မည်သို့ရှောင်နိုင်မည်နည်း။

သက်သေအထောက်အထားပေါ်အခြေခံ၍ ဖန်ဆင်းရှင်ကိုယုံကြည်ခြင်း

သမ္မာကျမ်းစာတွင် ယုံကြည်ခြင်းကိုဖော်ပြသည့်အခါ သက်သေအထောက်အထား အရေးကြီးမှုကို အလေးပေးထားသည်။ ဤသို့ဖော်ပြ၏– “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။” (ဟေဗြဲ ၁၁:၁ကဘ) ဘုရားသခင်အားအမှန်တကယ်ယုံကြည်ခြင်းသည် ဖန်ဆင်းရှင်အမှန်တည်ရှိကြောင်းဖော်ပြသည့် သက်သေအထောက်အထားပေါ် အခြေခံသင့်သည်။ သက်သေအထောက်အထား အဘယ်နေရာတွင်ရှာတွေ့နိုင်သည်ကို သမ္မာကျမ်းစာကဖော်ပြသည်။

မှုတ်သွင်းခံကျမ်းရေးသူဒါဝိဒ် ဤသို့ရေးခဲ့၏– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။” (ဆာလံ ၁၃၉:၁၄) အခြားသက်ရှိများနှင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ အံ့ဖွယ်ကောင်းလောက်အောင် ဒီဇိုင်းပြုခံထားရသည်ကို အချိန်ယူတွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့အားဖန်ဆင်းတော်မူသောအရှင်၏ ဉာဏ်ပညာကို စိုးရွံ့ထိတ်လန့်စေပါသည်။ ကျွန်ုပ်တို့အသက်ရှင်လှုပ်ရှားစေရန် ပူးပေါင်းလုပ်ဆောင်နေကြသော ခန္ဓာကိုယ်ရှိ ထောင်နှင့်ချီသောစနစ်များမှ အစိတ်အပိုင်းတိုင်းကို အကောင်းဆုံးပုံစံဖြင့် ဒီဇိုင်းပြုထားသည်။ ထို့ပြင် ရူပစကြဝဠာကြီးသည် သင်္ချာအတတ်ပညာတိကျမှန်ကန်မှု၊ စနစ်ကျမှုတို့၏ သက်သေအထောက်အထားကို တင်ပြသည်။ ဒါဝိဒ်ဤသို့ရေးခဲ့၏– ‘မိုးကောင်းကင်သည် ဘုရားသခင်၏ကျက်သရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။’—ဆာလံ ၁၉:၁

သမ္မာကျမ်းစာကိုယ်နှိုက်တွင် ဖန်ဆင်းရှင်နှင့်ပတ်သက်သည့် အထောက်အထားအလျှံပယ် ပါရှိသည်။ ကျမ်းစောင် ၆၆ စောင်၏ညီညွတ်မှု၊ ယင်းတွင်ပါသော ကိုယ်ကျင့်တရားစံနှုန်းများ၏ သာလွန်မြင့်မြတ်မှု၊ ပရောဖက်ပြုချက်များ မပျက်မကွက်ပြည့်စုံမှုတို့ကို အချိန်ယူဆန်းစစ်ခြင်းဖြင့် ယင်း၏အာဘော်ရှင်မှာ ဖန်ဆင်းရှင်ဖြစ်ကြောင်း အထောက်အထားအလျှံပယ် တွေ့ရှိမည်။ သမ္မာကျမ်းစာသွန်သင်ချက်များကို နားလည်သဘောပေါက်ခြင်းဖြင့် သမ္မာကျမ်းစာသည် ဖန်ဆင်းရှင်၏နှုတ်မြွက်စကားအမှန်ဖြစ်ကြောင်း သင့်အား ယုံကြည်စိတ်ချစေမည်။ ဥပမာ၊ ဆင်းရဲခက်ခဲမှုဖြစ်စေသည့်အကြောင်းရင်း၊ ဘုရားသခင့်နိုင်ငံတော်၊ လူသားတို့၏အနာဂတ်၊ ပျော်ရွှင်မှုကိုရှာတွေ့နိုင်ပုံစသည့် သမ္မာကျမ်းစာသွန်သင်ချက်များကို သင်နားလည်သဘောပေါက်သည့်အခါ ဘုရားသခင့်ဉာဏ်ပညာကိုဖော်ပြသည့် သက်သေအထောက်အထားများကို သင်တွေ့မြင်လာမည်။ ဤသို့ရေးခဲ့သော ပေါလုကဲ့သို့ သင်ခံစားရနိုင်ပေသည်– “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။”—ရောမ ၁၁:၃၃

အထောက်အထားများကိုဆန်းစစ်ပြီး သင့်ယုံကြည်ခြင်းသန်မာလာသည်နှင့်အမျှ သင်သည် သမ္မာကျမ်းစာကိုဖတ်ရှုသည့်အခါ သင့်အား ဖန်ဆင်းရှင်ကိုယ်တိုင်ပြောသည်ကို နားထောင်နေကြောင်း ယုံကြည်စိတ်ချလာမည်။ ကိုယ်တော် ဤသို့မိန့်တော်မူ၏– “မြေကြီးကိုငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်းဖန်ဆင်းလေပြီ။ မိုးကောင်းကင်ကို ကိုယ်လက်နှင့်ငါကြက်လေပြီ။ မိုးကောင်းကင်တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။” (ဟေရှာယ ၄၅:၁၂) ယေဟောဝါသည် အရာခပ်သိမ်းကိုဖန်ဆင်းသောအရှင်ဖြစ်ကြောင်း သက်သေထူရန် သင်ကြိုးစားအားထုတ်နေမှုသည် ဘယ်တော့မျှနောင်တရမည်မဟုတ်သည်မှာ သေချာသည်။

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

တမန်တော်ပေါလုက ပညာတတ်ဂရိလူမျိုးများအား ဤသို့ပြောခဲ့၏– ‘ဘုရားသခင်သည် လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၏’

[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]

ဆင့်ကဲအယူအဆက မျက်မှောက်ခေတ်လူသည် တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာသော တိရစ္ဆာန်ဖြစ်သည်ဟုဆိုသည်။ သမ္မာကျမ်းစာက မျက်မှောက်ခေတ်လူသည် စုံလင်သည့်လူတစ်ဦးမှဆင်းသက်လာသော ဆုတ်ယုတ်ကျဆင်းယိုယွင်းနေသည့် သားမြေးဖြစ်သည်ဟု ဖော်ပြ

[စာမျက်နှာ ၁၆ ပါ အကျဉ်းဖော်ပြချက်]

“မော်လီကျူးဆင့်ကဲဖြစ်စဉ်သည် သိပ္ပံဆိုင်ရာခိုင်လုံသော အထောက်အထားပေါ်တွင် အခြေမခံပါ”

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

သက်ရှိများ၏ အံ့ဖွယ်ကောင်းသောဒီဇိုင်းက ကျွန်ုပ်တို့အား ဖန်ဆင်းတော်မူသောအရှင်၏ ဉာဏ်ပညာကို ရိုသေ လေးစားစွာ ကြောက်ရွံ့စေပါသည်