မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နှစ်သက်ဖွယ်သော စကားများ’ ဖြင့် သင့်မိသားစုကို တည်ဆောက်ပါ

‘နှစ်သက်ဖွယ်သော စကားများ’ ဖြင့် သင့်မိသားစုကို တည်ဆောက်ပါ

‘နှစ်သက်ဖွယ်သော စကားများ’ ဖြင့် သင့်မိသားစုကို တည်ဆောက်ပါ

တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားလေတိုင်း ဒေးဗစ် ပို၍ပို၍စိတ်တိုလာသည်။ သူ့ဇနီးကို ကားထဲမှစောင့်နေရင်း နာရီကို ကြည့်ကြည့်နေသည်။ နောက်ဆုံး ဇနီးဖြစ်သူ ဒိုင်ယန်း အိမ်ထဲမှထွက်လာသည့်အခါ ဒေါသကိုမချုပ်တည်းနိုင်တော့ဘဲ ပေါက်ကွဲလေတော့သည်။

“ဘာဖြစ်လို့ ဒီလောက်တောင်ကြာနေရတာလဲ။ မင်းဟာအမြဲတမ်းနောက်ကျတယ်။ တစ်ခါလောက် အချိန်မီလေးပြီးအောင် ဘာကြောင့်မလုပ်နိုင်ရတာလဲ” ဟုအော်ပြောလိုက်သည်။

ဒိုင်ယန်းသည် အလွန်ဝမ်းနည်းသွားကာ မျက်ရည်များကျလာပြီး အိမ်ထဲသို့ပြန်ပြေးဝင်သွားသည်။ မိမိမှားသွားသည်ကို ဒေးဗစ် ချက်ချင်းသိလိုက်သည်။ သူ၏အမျက်ဒေါသက အခြေအနေကို ပိုဆိုးစေရုံသာဖြစ်ခဲ့သည်။ ယခု သူဘာလုပ်နိုင်တော့မည်နည်း။ ကားစက်ကိုရပ်၊ သက်ပြင်းရှည်ကြီးချကာ အိမ်ထဲသို့ လေးတွဲစွာဝင်သွားသည်။

ဤဥပမာသည် ဖြစ်နေကျအခြေအနေတစ်ခု မဟုတ်ပေလော။ သင်၏စကားများကို ပြန်ရုပ်သိမ်းလိုစိတ် ဖြစ်ပေါ်ဖူးသလော။ ကျွန်ုပ်တို့သည် မဆင်မခြင်ပြောဆိုမိပါက နောက်ပိုင်း နောင်တရတတ်သည်။ အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏။”—သု. ၁၅:၂၈

သို့သော် အထူးသဖြင့် ကျွန်ုပ်တို့စိတ်ဆိုး၊ စိုးရိမ်၊ နာကြည်းနေချိန်တွင် စကားမပြောမီ အသေအချာဆင်ခြင်ဖို့ဆိုသည်မှာ ခက်ခဲနိုင်ပါသည်။ အထူးသဖြင့် မိသားစုဝင်ချင်းတို့အား ကျွန်ုပ်တို့၏ ခံစားချက်ကို ပြောဖို့ကြိုးစားသည့်အခါ အခြားသူကို အပြစ်တင်ခြင်း သို့မဟုတ် ဝေဖန်ခြင်းအဖြစ်သို့ အလွယ်တကူရောက်ရှိသွားနိုင်သည်။ ယင်းက ထိခိုက်နာကြည်းသွားစေနိုင် သို့မဟုတ် အချေအတင်ပြောဆိုသည့်အဖြစ်သို့ ရောက်သွားစေနိုင်သည်။

ပို၍အပြုသဘောဆောင်သောရလဒ်ရရှိစေရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုက ကျွန်ုပ်တို့ကိုမလွှမ်းမိုးစေရန် မည်သို့ချုပ်တည်းနိုင်သနည်း။ ကျမ်းရေးသူရှောလမုန်ထံမှ အထောက်အကူပြုမည့် အကြံဉာဏ်ကို ရှာတွေ့နိုင်ပါသည်။

ပြောမည့်အရာနှင့် ပြောမည့်ပုံကို ဆင်ခြင်ပါ

သမ္မာကျမ်းစာထဲမှ ဒေသနာကျမ်းကိုရေးသားသူ၊ အသက်ရှင်ခြင်း၏အချည်းနှီးဖြစ်မှုနှင့်ပတ်သက်၍ ဆင်ခြင်တုံတရားနှင့်ညီသော ဖွင့်လှစ်ဖော်ပြချက်ကို ရေးသားခဲ့သူ ရှောလမုန်သည် သူရေးသည့်အချက်နှင့်ပတ်သက်၍ သူ့တွင် ပြင်းပြသည့်ခံစားချက်ရှိကြောင်း ထင်ရှားသည်။ “အသက်ရှင်ခြင်းကို ငါငြီးငွေ့၏” ဟုသူဆိုခဲ့သည်။ တစ်နေရာတွင် ယင်းကို ‘အချည်းနှီးသက်သက်’ ဖြစ်သည်ဟု ဆိုခဲ့သည်။ (ဒေ. ၂:၁၇; ၁၂:၈) သို့တိုင် ဒေသနာကျမ်းသည် ရှောလမုန်၏အလိုမကျမှုတို့ကို စာရင်းတင်ပြထားခြင်းမဟုတ်ပါ။ ဘဝနှင့်ပတ်သက်၍ အပျက်သဘောကိုသာ ပြောခြင်းသည် သင့်လျော်သည်ဟု သူမယူမှတ်ခဲ့ပါ။ ကျမ်း၏နိဂုံးပိုင်းတွင် ရှောလမုန်ဤသို့ဖော်ပြထား၏– သူသည် ‘နှစ်သက်ဖွယ်သောစကားများနှင့် ဖြောင့်မတ်မှန်ကန်သော စကားလုံးအရေးအသားများကို ရှာဖွေခဲ့၏။’ (ဒေ. ၁၂:၁၀ကဘ) နောက်ဘာသာပြန်ကျမ်းတစ်ခုက သူသည် “အကောင်းဆုံးနှင့် အတိကျအမှန်ကန်ဆုံးနည်းဖြင့် ထိုအရာတို့ကို ရှင်းပြနိုင်ရန် ကြိုးစားခဲ့သည်” ဟုဆိုထားသည်။—Contemporary English Version.

ရှောလမုန်သည် မိမိ၏ခံစားချက်များကို ထိန်းချုပ်ရမည်ဖြစ်ကြောင်း သူကောင်းစွာသိခဲ့သည်။ အမှန်မှာ၊ မိမိကိုယ်ကို သူဤသို့မပြတ်မေးခဲ့ခြင်းဖြစ်သည်– ‘ငါပြောမည်ဟု ကြံရွယ်ထားရာတို့သည် အမှန်ပင် တိကျမှန်ကန်ပါသလော။ ထိုစကားတို့ကို ငါပြောခဲ့လျှင် အခြားသူတို့အတွက် နှစ်သက်ဖွယ်၊ လက်ခံဖွယ်ဖြစ်မည်လော။’ မှန်ကန်သော ‘နှစ်သက်ဖွယ်စကားများ’ ကိုရှာဖွေခြင်းဖြင့် သူ၏ကိုယ်ပိုင်ခံစားချက်များက သူ၏အတွေးများကို မလွှမ်းမိုးသွားစေရန် ကာဆီးနိုင်ခဲ့သည်။

ရလဒ်မှာ အလွန်လက်ရာမြောက်သော အရေးအသားဖြစ်ရုံသာမက ဘဝအဓိပ္ပာယ်နှင့်ပတ်သက်၍ ဘုရားသခင်၏မှုတ်သွင်းခံဉာဏ်ပညာ များစွာပါရှိသော ကျမ်းဖြစ်စေသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) စိတ်လှုပ်ရှားမှုပိုင်းတွင် အခြေအနေအလွန်တင်းမာနေသော အကြောင်းအရာတစ်ခုကို ဆွေးနွေးပြောဆိုရာတွင် ရှောလမုန်၏ ချဉ်းကပ်ပုံသည် ကျွန်ုပ်တို့ချစ်ရသူတို့နှင့် ပို၍အဆင်ပြေပြေပြောဆိုဆက်ဆံမှုကို အထောက်အကူပြုနိုင်သလော။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

သင့်ခံစားချက်များကိုထိန်းချုပ်ရန် သင်ယူပါ

ပညာရည်တိုးတက်မှုမှတ်တမ်းကတ်ယူလာပြီး မှိုင်မှိုင်တွေတွေဖြင့် ကျောင်းမှ အိမ်သို့ပြန်လာသည့် ကလေးတစ်ဦး၏ ဥပမာကို ကြည့်ကြစို့။ သူ၏ဖခင်က ဘာသာရပ်စာရင်းကိုကြည့်လိုက်ရာ ဘာသာရပ်တစ်ခုတွင် အမှတ်နည်းနေသည်ကို သတိပြုမိသည်။ ဖခင်သည် ချက်ချင်းဆိုသလို ဒေါသထွက်လာကာ သားဖြစ်သူသည် အိမ်စာလုပ်ဖို့ နေ့ရွှေ့ညရွှေ့လုပ်သည်ကို စိတ်ထဲအကြိမ်ကြိမ်ပေါ်လာသည်။ ဖခင်၏စိတ်ထဲ ရုတ်ခြည်းဤသို့ပေါ်လာသည်– “မင်းဟာငပျင်းပဲ။ ဒီအတိုင်းသာဆက်သွားရင် မင်းဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။”

သူ၏တုံ့ပြန်ပြောဆိုမှုအပေါ် အပျက်သဘောထားမလွှမ်းမိုးမီ ဖခင်ဖြစ်သူသည် မိမိကိုယ်ကို ဤသို့မေးဖို့ကောင်းသည်– ‘ငါထင်တာတွေ တကယ်ကော မှန်ရဲ့လား။’ ဤမေးခွန်းက အဖြစ်မှန်အပေါ် သူ၏ခံစားချက်မလွှမ်းမိုးစေရန် အကူအညီဖြစ်စေနိုင်သည်။ (သု. ၁၇:၂၇) သားဖြစ်သူသည် ဘာသာရပ်တစ်ခုတွင် အခက်တွေ့နေသောကြောင့် သူ့ဘဝတစ်ခုလုံး တကယ်ပင် မအောင်မြင်ဖြစ်မည်လော။ သူသည် တကယ်ပင် လုံးလုံးငပျင်းလေးတစ်ဦးလော သို့မဟုတ် သူ့အတွက် ထိုဘာသာရပ်သည် နားလည်ရခက်သောကြောင့် အိမ်စာလုပ်ဖို့ ရွှေ့ဆိုင်းနေခြင်းသာဖြစ်သလော။ သမ္မာကျမ်းစာက ကိစ္စရပ်များအပေါ် အကျိုးသင့်အကြောင်းသင့်ရှိခြင်း၊ အရှိအတိုင်းရှုမြင်ခြင်း၏တန်ဖိုးကို အကြိမ်ကြိမ်အလေးပေးဖော်ပြသည်။ (တိတု ၃:၂; ယာကုပ် ၃:၁၇) ကလေးကိုပြုစုပျိုးထောင်ရာတွင် မိဘဖြစ်သူသည် ‘ဖြောင့်မတ်မှန်ကန်သောစကား’ ကိုပြောဖို့လိုသည်။

သင့်တော်သည့်စကားလုံးများကို ရှာဖွေပါ

ဖခင်ဖြစ်သူ အဘယ်အရာပြောမည်ကို ဆုံးဖြတ်ရာတွင် မိမိကိုယ်ကို ဤသို့မေးနိုင်သည်– ‘ငါ့ရဲ့သား နှစ်သက်လက်ခံဖွယ်ဖြစ်ဖို့ ဘယ်စကားလုံးတွေနဲ့ ပြောနိုင်မလဲ။’ သင့်တော်သည့်စကားလုံးရှာရန် မလွယ်ကူသည်မှာ မှန်ပါသည်။ သို့သော် အရွယ်ရောက်စလူငယ်များတွင် အောင်မြင်လျှင်အောင်မြင်၊ မအောင်မြင်လျှင် လုံးဝရှုံးနိမ့်သည်ဟူသည့် သဘောထားရှိတတ်ကြကြောင်း မိဘတို့သတိရသင့်သည်။ သူတို့သည် တစ်ကြိမ်တစ်ခါရှုံးနိမ့် သို့မဟုတ် အားနည်းခဲ့ခြင်းဖြစ်ပေမည်၊ ယင်းကို ရေးကြီးခွင့်ကျယ်လုပ်ခြင်းကြောင့် ယင်းမှစ၍ မိမိသည် ဤသို့သောသူဖြစ်သည်ဟူ၍ ရှုမြင်သတ်မှတ်ကြတော့သည်။ မိဘဖြစ်သူ လွန်လွန်ကြူးကြူးတုံ့ပြန်လျှင် မိမိကလေး၏စိတ်ထဲ အပျက်သဘောထားများကို ဖိသွင်းပေးလိုက်ခြင်း ဖြစ်သွားနိုင်သည်။ ကောလောသဲ ၃:၂၁ တွင် ဤသို့ဆိုထား၏– “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။”

“အမြဲတမ်း၊” “ဘယ်တော့မှ” စသည့်စကားလုံးများသည် အဖြစ်မှန်ကို ခြုံ၍ကောက်ချက်ချလိုက်ခြင်း သို့မဟုတ် လွန်လွန်ကြူးကြူးချဲ့ကားပြောခြင်း ဖြစ်လေ့ရှိသည်။ မိဘဖြစ်သူက “မင်းဟာ ဘယ်တော့မှ အသုံးကိုမကျဘူး” ဟုပြောလိုက်သည့်အခါ ကလေးဖြစ်သူ၏သိက္ခာ ဘာကျန်ရှိတော့သနည်း။ အခြေအနေများစွာတွင် ထိုကဲ့သို့သော အပြစ်တင်ဝေဖန်သည့်စကားဖြင့် အပြောခံရလျှင် ကလေးဖြစ်သူက မိမိသည် လုံးလုံးအသုံးမကျသူဖြစ်သည်ဟု မြင်သွားနိုင်သည်။ အမှန်မှာ ယင်းစကားလုံးသည် စိတ်ပျက်အားလျော့စေသည်သာမက မှန်ကန်သည့်စကားလည်း မဟုတ်ပါ။

မည်သည့်အခြေအနေတွင်မဆို အပြုသဘောဘက် အလေးပေးခြင်းသည် ပို၍ကောင်းလေ့ရှိသည်။ ပုံဥပမာပါဖခင်သည် ဤကဲ့သို့သောစကားမျိုး ပြောနိုင်ပါသည်– “သား၊ အဆင့်ကျသွားတဲ့အတွက် သားဝမ်းနည်းနေတာကို အဖေတွေ့ရတယ်။ တကယ်တော့ သားက သားရဲ့ကျောင်းစာတွေကို ကြိုးစားလုပ်နေတာကို အဖေသိပါတယ်။ အဆင့်ကျသွားတဲ့ ဒီဘာသာရပ်မှာ သားဘာအခက်အခဲတွေတွေ့နေတယ်၊ ဘယ်လိုလုပ်ကြမလဲဆိုတာကို ပြောကြရအောင်။” သားဖြစ်သူကို အကူအညီပေးနိုင်သည့် အကောင်းဆုံးနည်းကို ဆုံးဖြတ်ရာတွင် တစ်စုံတစ်ရာသော ပြဿနာအရင်းခံရှိမရှိ သိနိုင်ဖို့ သတ်သတ်မှတ်မှတ်မေးခွန်းတချို့ကို မေးနိုင်ပါသည်။

ထိုသို့ ကြင်နာမှုရှိပြီး ကောင်းစွာစဉ်းစားထားသည့် ချဉ်းကပ်နည်းသည် စိတ်လှုပ်ရှားမှုပေါက်ကွဲခြင်းထက် များစွာထိရောက်ဖို့ အကြောင်းရှိသည်။ သမ္မာကျမ်းစာက ဤသို့အာမခံထား၏– “သာယာသောစကားတို့သည် . . . စိတ်ဝိညာဉ်၌ချိုမြိန်လျက် ကိုယ်အရိုးကိုကျန်းမာစေလျက်ရှိကြ၏။” (သု. ၁၆:၂၄) သားသမီးများ—အမှန်မှာ၊ မိသားစုဝင်အားလုံး—သည် ငြိမ်သက်အေးချမ်း၊ မေတ္တာပြည့်ဝသည့်ဝန်းကျင်တွင် တိုးတက်အောင်မြင်ကြသည်။

“စိတ်နှလုံးအပြည့်ရှိသည်အတိုင်း”

ဆောင်းပါးအစတွင်ဖော်ပြထားသည့်ဖြစ်ရပ်မှ ခင်ပွန်းသည်ကို ပြန်စဉ်းစားကြည့်ပါ။ ဇနီးသည်ကို ဒေါသစကားလုံးများနှင့် ပေါက်ကွဲမည့်အစား မှန်ကန်သော ‘နှစ်သက်ဖွယ်စကားလုံးများ’ ကိုရှာဖို့အချိန်ယူခဲ့မည်ဆိုလျှင် ပိုအဆင်ပြေခဲ့မည်မဟုတ်လော။ ထိုအခြေအနေမျိုးတွင်ရှိနေသည့် ခင်ပွန်းသည် မိမိကိုယ်ကို ဤသို့မေးဖို့ကောင်းပေသည်– ‘ငါ့ရဲ့ဇနီးဟာ အချိန်တိကျဖို့ လိုတာမှန်ပေမဲ့ သူတကယ်ပဲ အမြဲတမ်းနောက်ကျတဲ့သူလား။ သူ့ကိုပြုပြင်ပေးဖို့ ဒါအချိန်ကောင်းပဲမဟုတ်လား။ ဒေါသထွက်ထွက်နဲ့ အပြစ်တင်တဲ့စကားလုံးတွေက သူပြောင်းလဲချင်လာအောင် လှုံ့ဆော်ပေးပါ့မလား။’ ခေတ္တရပ်ကာ ထိုကဲ့သို့သောမေးခွန်းများဖြင့် မိမိကိုယ်ကိုမေးခြင်းဖြင့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့ကို မရည်ရွယ်ဘဲ နာကြည်းမသွားစေရန် ထောက်ကူနိုင်သည်။—သု. ၂၉:၁၁

သို့သော် မိသားစုဆွေးနွေးပြောဆိုရာတွင် အချေအတင်ငြင်းခုံခြင်းနှင့် မကြာခဏအဆုံးသတ်တတ်လျှင်ကော အသို့နည်း။ ကျွန်ုပ်တို့ရွေးချယ်သုံးစွဲသည့်စကားလုံးနောက်ကွယ်ရှိ ခံစားချက်ကိုသုံးသပ်ခြင်းဖြင့် အပေါ်ယံထက်မက ထိုးထွင်းကြည့်ဖို့လိုအပ်ပေမည်။ အထူးသဖြင့် ကျွန်ုပ်တို့ စိတ်ထိခိုက်နေချိန် သို့မဟုတ် ဖိအားပေးမှုခံနေရချိန်တွင် ကျွန်ုပ်တို့ပြောဆိုရာသည် ကျွန်ုပ်တို့အတွင်းစိတ်ခံစားချက်များစွာကို ဖော်ထုတ်နိုင်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (မဿဲ ၁၂:၃၄) နောက်တစ်မျိုးပြောရလျှင် ကျွန်ုပ်တို့၏စကားက ကျွန်ုပ်တို့၏ အတွင်းစိတ်သဘောထား၊ အလိုဆန္ဒတို့ကို ဖော်ပြလေ့ရှိသည်။

ဘဝအပေါ်ကျွန်ုပ်တို့၏ရှုမြင်ပုံသည် အရှိကိုအရှိတိုင်းဖြစ်ကာ အပြုသဘောပါပြီး မျှော်လင့်ချက်ရှိပါသလော။ သို့ဆိုလျှင် ကျွန်ုပ်တို့အပြန်အလှန်ပြောဆိုသောစကားများတွင် ယင်းပေါ်လွင်နေပါလိမ့်မည်။ ကျွန်ုပ်တို့သည် မာကျောခက်ထန်ကာ အဆိုးဘက်ကိုသာရှုမြင်တတ်ပြီး ပြစ်တင်ဝေဖန်တတ်သူလော။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ပြောသည့်အရာ သို့မဟုတ် ကျွန်ုပ်တို့ပြောပုံတို့ဖြင့် အခြားသူတို့ကို စိတ်ပျက်အားလျော့စေနိုင်ပါသည်။ ကျွန်ုပ်တို့၏အတွေးအခေါ်အပျက်သဘောဖြစ်နေသည် သို့မဟုတ် ကျွန်ုပ်မည်သို့ပြောဆိုနေသည်တို့ကို သတိမထားမိခြင်းဖြစ်နိုင်သည်။ ကိစ္စရပ်များအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံရှုမြင်နည်းသည် မှန်ကန်သည်ဟု ယူမှတ်နေခြင်းပင်ဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုလှည့်စားခြင်းကို သတိပြုရပါမည်။—သု. ၁၄:၁၂

ကျွန်ုပ်တို့တွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ရှိသည့်အတွက် အလွန်အကျိုးရှိသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အတွေးအခေါ်ကို ဆန်းစစ်ရန်နှင့် အဘယ်အရာမှန်သည်၊ အဘယ်အရာမှာ ပြုပြင်ပြောင်းလဲဖို့လိုသည်တို့ကို အကဲဖြတ်ရန် အထောက်အကူပြုနိုင်သည်။ (ဟေဗြဲ ၄:၁၂; ယာကုပ် ၁:၂၅) ကျွန်ုပ်တို့တွင် မည်သည့်သဘောထားပင်အမွေခံထားရပါစေ၊ ကျွန်ုပ်တို့မည်သို့ပင်ကြီးပြင်းလာသူဖြစ်ပါစေ ကျွန်ုပ်တို့အားလုံးသည် အမှန်တကယ်ဆန္ဒရှိပါက ကျွန်ုပ်တို့တွေးခေါ်ပုံကို ပြောင်းလဲကျင့်ကြံနိုင်ပါသည်။—ဧဖက် ၄:၂၃၊ ၂၄

သမ္မာကျမ်းစာကိုအသုံးပြုခြင်းအပြင် ကျွန်ုပ်တို့၏စကားအပြန်အလှန်ပြောဆိုပုံကို အကဲဖြတ်ရန် တခြားအရာပြုလုပ်နိုင်သေးသည်။ အခြားသူတို့ကို စိတ်ရိုးမှန်ဖြင့် မေးကြည့်ပါ။ ဥပမာ၊ ဤကိစ္စနှင့်ပတ်သက်၍ သင့်အခြေအနေမည်သို့ရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြရန် သင့်အိမ်ထောင်ဖက် သို့မဟုတ် သားသမီးကို မေးကြည့်ပါ။ သင့်အကြောင်းကောင်းစွာသိသော ရင့်ကျက်သည့်မိတ်ဆွေနှင့် ပြောဆိုပါ။ သူတို့ပြောပြရာကို လက်ခံရန်နှင့် လိုကောင်းလိုမည့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် သင့်တွင် နှိမ့်ချမှုလိုမည်ဖြစ်သည်။

စကားမပြောမီ စဉ်းစားပါ

အချုပ်ဆိုရသော် ကျွန်ုပ်တို့ပြောသည့်စကားသည် အခြားသူတို့ကို ထိခိုက်နာကြည်းမှု အမှန်တကယ်မဖြစ်လိုပါက နယပုံပြင် ၁၆:၂၃ [ခမ] ပါဤဖော်ပြချက်အတိုင်း လုပ်ဆောင်ရမည်– “အသိဉာဏ်ရှိသောသူတို့သည် စကားမပြောမီ စဉ်းစားဆင်ခြင်တတ်ကြ၏။ သို့ဖြစ်၍ သူတို့ပြောသောစကားများသည် လူတို့စိတ်ကို ပို၍ဆွဲဆောင်နိုင်လေသည်။” ကျွန်ုပ်တို့၏စိတ်ခံစားချက်ကို ထိန်းချုပ်ရန်မှာ အမြဲလွယ်ကူမည်မဟုတ်ပါ။ သို့တိုင် အခြားသူကို အပြစ်ပြော သို့မဟုတ် ချိုးနှိမ်ခြင်းထက် နားလည်ပေးရန်ကြိုးစားမည်ဆိုပါက သင့်တော်သည့်စကားလုံးများရှာတွေ့ရန် ပို၍လွယ်ကူလာပေမည်။

ကျွန်ုပ်တို့ရှိသမျှသည် မစုံလင်ကြပါ။ (ယာကုပ် ၃:၂) ကျွန်ုပ်တို့အားလုံးသည် မစဉ်းစားမဆင်ခြင်ဘဲ ပြောတတ်သည့်အခါများရှိတတ်သည်။ (သု. ၁၂:၁၈) ဘုရားသခင့်နှုတ်မြွက်စကားတော်အကူအညီဖြင့် ကျွန်ုပ်တို့သည် စကားမပြောမီ စဉ်းစားဆင်ခြင်တတ်ရန်၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ခံစားချက်နှင့် အရေးကိစ္စထက် အခြားသူတို့၏ခံစားချက်နှင့် အရေးကိစ္စကို အာရုံစိုက်တတ်ရန် သင်ယူနိုင်ပါသည်။ (ဖိလိပ္ပိ ၂:၄) အထူးသဖြင့် မိသားစုဝင်များနှင့် ပြောဆိုသည့်အခါ မှန်ကန်သည့် ‘နှစ်သက်ဖွယ်သောစကားများ’ ကိုရှာဖွေရန် စိတ်ဆုံးဖြတ်ထားကြစို့။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ပြောသည့်စကားသည် နာကြည်းစေ၊ မျက်ရည်ကျစေမည်မဟုတ်ဘဲ ကျွန်ုပ်တို့ချစ်ရသူတို့ကို သက်သာမှုနှင့် တည်ဆောက်မှုဖြစ်စေပါလိမ့်မည်။—ရောမ ၁၄:၁၉

[စာမျက်နှာ ၁၂ ပါ ပုံစာ]

နောက်မှနောင်တရမည့်စကား မပြောမိစေရန် မည်သို့ရှောင်နိုင်သနည်း