မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း

ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း

ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း

ယေရှုဟောပြောသည့် အဓိကအကြောင်းအရာကား အဘယ်နည်း။ ယေရှုကိုယ်တော်တိုင်မိန့်တော်မူချက်အရ ဘုရားသခင့်နိုင်ငံတော်ဖြစ်၏။ (လုကာ ၄:၄၃) ကိုယ်တော်ဟောပြောသည်ကို လူတို့နားထောင်ကြသောအခါ ထိုဘုရားသခင့်နိုင်ငံတော်အကြောင်း မကြာခဏကိုးကားသည်ကို သူတို့ကြားခဲ့ကြသည်မှာ သေချာ၏။ သူတို့သည် စိတ်ရှုပ်ထွေး သို့မဟုတ် နားမလည်နိုင်အောင်ဖြစ်ခဲ့ကြသလော။ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်ကြောင်း ကိုယ်တော့်ကို သူတို့မေးမြန်းခဲ့ကြသလော။ မမေးမြန်းခဲ့ကြပါ။ ခရစ်ဝင်ကျမ်းများတွင် ထိုသို့သောမေးခွန်းများ မေးမြန်းထားသည်ကို မတွေ့ရပါ။ သို့ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်သည် ထိုသူတို့နှင့် ရင်းနှီးနေသောအကြောင်းအရာလော။

အမှန်တွင် သန့်ရှင်းသည်ဟု ဂျူးလူမျိုးတို့ လေးမြတ်တန်ဖိုးထားခဲ့သော ရှေးခေတ်ကျမ်းစာစောင်က ထိုဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်သည်၊ အဘယ်အရာကို ပြီးမြောက်စေမည်တို့ကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျဖြင့်ဖော်ပြခဲ့သည်။ ယနေ့ ကျွန်ုပ်တို့သည် ဂျူးလူမျိုးများပြုလုပ်ခဲ့သကဲ့သို့ သမ္မာကျမ်းစာကို အသုံးပြုခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ပို၍ပင်သင်ယူနိုင်ကြသည်။ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့အားသင်ပေးသော အမှန်တရားခုနစ်ခုကို သုံးသပ်ကြည့်ကြစို့။ ပထမသုံးခုမှာ ယေရှုခေတ်နှင့် ထိုခေတ်မတိုင်မီက ဂျူးလူမျိုးတို့ အလွယ်တကူသိရှိနိုင်သောအရာများဖြစ်ခဲ့သည်။ နောက်ထပ်သုံးခုမှာ ခရစ်တော် သို့မဟုတ် ပထမရာစုအတွင်း ကိုယ်တော့်တပည့်များအားဖြင့် ဖော်ပြခဲ့သောအရာများဖြစ်သည်။ နောက်ဆုံးအချက်မှာ ကျွန်ုပ်တို့ခေတ်တွင် ရှင်းလင်းလာခဲ့သည့်အရာဖြစ်၏။

၁။ ဘုရားသခင့်နိုင်ငံတော်သည် ထာဝစဉ်တည်တံ့သွားမည့် အမှန်တကယ်တည်ရှိသော အုပ်ချုပ်ရေးတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာ၏ပထမဆုံးပရောဖက်ပြုချက်က ဘုရားသခင်သည် တည်ကြည်သောလူသားများအတွက် ကယ်တင်ရှင်တစ်ဦးစေလွှတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “အမျိုးအနွယ်” ဟုခေါ်သောထိုပုဂ္ဂိုလ်သည် အာဒံ၊ ဧဝနှင့် စာတန်တို့ပုန်ကန်မှုကြောင့် စတင်ဖြစ်ပေါ်လာသော အခက်အခဲပြဿနာရှိရှိသမျှကို ပယ်ဖျက်ပါလိမ့်မည်။ (ကမ္ဘာဦး ၃:၁၅) နောက်အတန်ကြာသောအခါ ထို “အမျိုးအနွယ်” သို့မဟုတ် မေရှိယနှင့်ပတ်သက်သော စိတ်ဝင်စားစရာအကြောင်းကို တည်ကြည်သောဘုရင်ဒါဝိဒ်အား ဖော်ပြခဲ့သည်။ ကိုယ်တော်သည် နိုင်ငံတစ်ခု၏ဘုရင်ဖြစ်လာမည်။ ဤအုပ်ချုပ်ရေးသည် အခြားရှိရှိသမျှအုပ်ချုပ်ရေးများနှင့် ခြားနားလိမ့်မည်။ ယင်းသည် ထာဝစဉ် တည်တံ့ပါလိမ့်မည်။—၂ ဓမ္မရာဇဝင် ၇:၁၂-၁၄

၂။ ဘုရားသခင့်နိုင်ငံတော်သည် လူ့အုပ်ချုပ်ရေးအားလုံးကို ပယ်ဖျက်လိမ့်မည်။ ပရောဖက်ဒံယေလသည် ကျွန်ုပ်တို့ခေတ်အထိအကျုံးဝင်သော ဆက်တိုက်ပေါ်လာသည့် ကမ္ဘာ့အာဏာစက်များနှင့်ပတ်သက်သော စိတ်အာရုံတစ်ခုကို မြင်တွေ့ခဲ့၏။ ထိုစိတ်အာရုံ၏ ရင်သပ်ရှုမောဖွယ်အထွတ်အထိပ်ကို သတိပြုကြည့်ပါ– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ထို့ကြောင့် ဤလောကနိုင်ငံများ သို့မဟုတ် အုပ်ချုပ်မှုရှိသမျှသည် ၎င်းတို့၏စစ်မှု၊ ဖိနှိပ်မှုနှင့် ဖောက်ပြန်မှုတို့နှင့်အတူ ထာဝစဉ်ဖျက်ဆီးခံရလိမ့်မည်။ ဒံယေလပရောဖက်ပြုချက်တွင် ဖော်ပြသကဲ့သို့ ဘုရားသခင့်နိုင်ငံတော်သည် မကြာမီ ကမ္ဘာမြေတစ်ခုလုံးကို အုပ်ချုပ်ပါတော့မည်။ (ဒံယေလ ၂:၄၄၊ ၄၅) အမှန်တကယ်တည်ရှိသောအရာဖြစ်သောကြောင့် ယင်းသည် အုပ်စိုးသွားမည့်တစ်ခုတည်းသော အုပ်ချုပ်ရေးပင်ဖြစ်သည်။ *

၃။ ဘုရားသခင့်နိုင်ငံတော်သည် စစ်မှု၊ ဖျားနာမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် သေခြင်းကိုပင် အဆုံးတိုင်စေတော်မူလိမ့်မည်။ ပီတိဖြစ်စရာကောင်းသော ကျမ်းစာပရောဖက်ပြုချက်များက မြေကြီးပေါ်တွင် ဘုရားသခင့်နိုင်ငံတော်ပြုလုပ်ပေးမည့်အရာကို ဖော်ပြထားသည်။ ထိုအုပ်ချုပ်မှုသည် အဘယ်လူ့အုပ်ချုပ်မှုကမျှ မပြုလုပ်ခဲ့ဖူးသော သို့မဟုတ် ပြုလုပ်မည်မဟုတ်သောအရာကို ပြီးမြောက်စေပါလိမ့်မည်။ စဉ်းစားကြည့်ပါ—စစ်လက်နက်ရှိရှိသမျှကို ထာဝစဉ်ဖျက်ဆီးလိုက်သည်! ‘ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။’ (ဆာလံ ၄၆:၉) ဆရာဝန်များ၊ ဆေးရုံများ သို့မဟုတ် မည်သည့်ရောဂါမျှရှိတော့မည်မဟုတ်ပါ။ “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) ငတ်မွတ်ခေါင်းပါးခြင်း၊ အစာရှားပါးခြင်း၊ အာဟာရချို့တဲ့ခြင်း သို့မဟုတ် မွတ်သိပ်ခြင်းများ ရှိတော့မည်မဟုတ်။ ‘ပြည်တော်၌ များစွာသောစပါးရှိမည်။’ (ဆာလံ ၇၂:၁၆) ဈာပနအခမ်းအနားများ၊ အသုဘအိမ်တွင် ညအိပ်စောင့်ခြင်းများ၊ သင်္ချိုင်းများ၊ အအေးတိုက်များ သို့မဟုတ် အသုဘလိုက်လံပို့ဆောင်ကြသူတို့၏ ပူဆွေးဝမ်းနည်းမှုများရှိတော့မည်မဟုတ်။ အညှာအတာကင်းသောရန်သူသေခြင်းသည် နောက်ဆုံး၌ ပျောက်ကွယ်သွားလိမ့်မည်။ ဘုရားသခင်သည် ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ယေဟောဝါဘုရားသခင်သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။’—ဟေရှာယ ၂၅:၈

၄။ ဘုရားသခင့်နိုင်ငံတော်တွင် ဘုရားသခင်ရွေးချယ်ထားသော အုပ်စိုးရှင်တစ်ပါးရှိသည်။ မေရှိယသည် မိမိကိုယ်ကို အုပ်စိုးရှင်အဖြစ်ခန့်အပ်သူမဟုတ်သကဲ့သို့ မစုံလင်သောလူသားများ၏ ရွေးချယ်မှုခံရသူလည်း မဟုတ်ပါ။ ကိုယ်တော်သည် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် ရွေးချယ်ထားသူဖြစ်၏။ မေရှိယနှင့် ခရစ်တော်ဟူသော ဘွဲ့အမည်များကိုယ်နှိုက်က ထိုသို့ဘုရားသခင်ရွေးချယ်ထားခြင်းဖြစ်ကြောင်းကို တင်ပြ၏။ ထိုဘွဲ့အမည်နှစ်မျိုးစလုံးက “ဘိသိက်ပေးခြင်းခံရသူ” ဟုအဓိပ္ပာယ်သည်။ ထို့ကြောင့် ဤဘုရင်သည် ဘိသိက်ပေးခြင်းခံရသူ သို့မဟုတ် သူ၏အထူးလုပ်ငန်းတာဝန်အတွက် ယေဟောဝါခန့်အပ်ထားသူဖြစ်၏။ ကိုယ်တော်နှင့်ပတ်သက်၍ ဘုရားသခင်ဤသို့မိန့်တော်မူ၏– “ငါထောက်မသောငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကိုငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။” (ဟေရှာယ ၄၂:၁; မဿဲ ၁၂:၁၇၊ ၁၈) ကျွန်ုပ်တို့လိုအပ်သောအုပ်စိုးရှင်မျိုးကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထက် အဘယ်သူပိုသိမည်နည်း။

၅။ ဘုရားသခင့်နိုင်ငံတော်၏အုပ်စိုးရှင်သည် ရှင်ဘုရင်ဖြစ်ထိုက်ကြောင်းကို လူသားအားလုံးရှေ့မှောက်တွင် တင်ပြတော်မူခဲ့သည်။ နာဇရက်မြို့သားယေရှုသည် ကြိုဟောထားသောမေရှိယဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။ သူသည် ဘုရားသခင်ရွေးချယ်သော မိသားစုမျိုးရိုးမှ မွေးဖွားလာခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၈; ၁ ရာဇဝင်ချုပ် ၁၇:၁၁; မဿဲ ၁:၁) မြေကြီးပေါ်ရှိစဉ် ကိုယ်တော်သည် အစောပိုင်းရာစုနှစ်များစွာကတည်းက မှတ်တမ်းတင်ခဲ့သော မေရှိယဆိုင်ရာ ပရောဖက်ပြုချက်များစွာကို ပြည့်စုံစေခဲ့သည်။ ကိုယ်တော်သည် မေရှိယဖြစ်ကြောင်း ကောင်းကင်မှ အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်သည် ယေရှုအား မိမိကိုယ်တော်တိုင်၏သားတော်ဖြစ်ကြောင်း အသိအမှတ်ပြုကာ ကောင်းကင်မှမိန့်တော်မူခဲ့၏၊ ကောင်းကင်တမန်များသည် ယေရှုကို ကြိုဟောထားသောမေရှိယအဖြစ် ဖော်ထုတ်ခဲ့ကြ၏၊ ထို့ပြင် ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီသောလူတို့မျက်မှောက်တွင် ဘုရားသခင့်တန်ခိုးတော်အားဖြင့် ဖြစ်ကြောင်းထင်ရှားသည့် အံ့ဖွယ်အမှုများကို ယေရှုပြုတော်မူခဲ့သည်။ * ယေရှုသည် မိမိ မည်သို့သောအုပ်စိုးရှင်မျိုးဖြစ်မည်ကို ထပ်ခါတလဲ တင်ပြတော်မူခဲ့၏။ ကိုယ်တော်တွင် လူတို့အားကူညီပေးရန် တန်ခိုးရှိရုံသာမက ကူညီပေးလိုသည့်ဆန္ဒလည်းရှိတော်မူ၏။ (မဿဲ ၈:၁-၃) ကိုယ်တော်သည် တစ်ကိုယ်ကောင်းမဆန်၊ ထောက်ထားစာနာတတ်သူ၊ ရဲစွမ်းသတ္တိရှိသူနှင့် စိတ်နှိမ့်ချသူဖြစ်တော်မူ၏။ မြေကြီးပေါ်ရှိခဲ့စဉ်က ကိုယ်တော့်အသက်တာမှတ်တမ်းကို လူတိုင်းဖတ်ရှုနိုင်ရန် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ခဲ့သည်။

၆။ ဘုရားသခင့်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်မည့်သူ ၁၄၄,၀၀၀ ရှိသည်။ ယေရှုက မိမိ၏တမန်တော်များအပါအဝင် အခြားသူများလည်း ကောင်းကင်တွင် မိမိနှင့်အတူအုပ်ချုပ်မည့်အကြောင်း မိန့်တော်မူခဲ့၏။ ကိုယ်တော်သည် ထိုအုပ်စုကို “သိုးစုငယ်” ဟုခေါ်ဆိုခဲ့သည်။ (လုကာ ၁၂:၃၂) နောက်ပိုင်းတွင် ဤသိုးစုငယ်သည် စုစုပေါင်း ၁၄၄,၀၀၀ အရေအတွက်ရှိမည်ဖြစ်ကြောင်း တမန်တော်ယောဟန်သိရှိခဲ့သည်။ သူတို့သည် ကောင်းကင်တွင် စိတ်လှုပ်ရှားစရာကောင်းသော လုပ်ငန်းတာဝန်ရရှိကြမည်ဖြစ်ပြီး ခရစ်တော်နှင့်အတူ ရှင်ဘုရင်များအဖြစ် အုပ်စိုးကြကာ ယဇ်ပုရောဟိတ်များအဖြစ် အမှုထမ်းဆောင်ကြမည်ဖြစ်သည်။—ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊

၇။ ဘုရားသခင့်နိုင်ငံတော်သည် ယခုအခါ ကောင်းကင်တွင် အုပ်ချုပ်လျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ၎င်းအုပ်ချုပ်မှုစတင်ရန် အသင့်ဖြစ်နေပြီ။ ဤနောက်ဆုံးအမှန်တရားသည် ကျွန်ုပ်တို့လေ့လာသင်ယူနိုင်သော ပီတိဖြစ်စရာအကောင်းဆုံးအမှန်တရားဖြစ်၏။ ယေရှုသည် ကောင်းကင်တွင် ဘုရင်အဖြစ် အခွင့်အာဏာပေးအပ်ခံထားရပြီဖြစ်ကြောင်း ကျမ်းစာအထောက်အထားများစွာရှိသည်။ ကိုယ်တော်သည် ယခု ကျွန်ုပ်တို့လက်ရှိအချိန်၌ ထိုတွင် အုပ်ချုပ်လျက်ရှိပြီး မကြာမီ ကမ္ဘာမြေတစ်ခုလုံးကို ကိုယ်တော်အုပ်ချုပ်မည်ဖြစ်သဖြင့် ကျွန်ုပ်တို့ဖော်ပြခဲ့ပြီးသော အံ့ချီးဖွယ်ပရောဖက်ပြုချက်များကို ပြည့်စုံစေပါတော့မည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်သည် ယခု အုပ်ချုပ်လျက်ရှိသည်ကို ကျွန်ုပ်တို့မည်သို့သေချာသိနိုင်သနည်း။ ထို့ပြင် ကမ္ဘာမြေပေါ် မည်သည့်အချိန်တွင် စတင်အုပ်ချုပ်မည်နည်း။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ဤပရောဖက်ပြုချက်ကဲ့သို့သော အခြားပရောဖက်ပြုချက်များက ဘုရားသခင့်နိုင်ငံတော်သည် လူအများသွန်သင်ခံရသကဲ့သို့ ကျွန်ုပ်တို့နှလုံးတွင်ရှိသည့်အရာမဟုတ်ကြောင်း ဖော်ပြ၏။ စာမျက်နှာ ၁၃ ပါ “စာရှုသူများ အမေး” ဆောင်းပါးကို ရှု။