မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်နည်း

မည်သည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်နည်း

မည်သည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်နည်း

“သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော။” (တမန်တော် ၁:၆) ယေရှုသည် ကိုယ်တော့်နိုင်ငံတော်ကို မည်သည့်အချိန်တွင် တည်ထောင်မည်ကို တမန်တော်များသိလိုစိတ်ပြင်းပြခဲ့ကြသည်။ နှစ်ပေါင်း ၂,၀၀၀ ခန့်ရှိပြီဖြစ်သော ယနေ့အချိန်တွင် လူတို့သိလိုစိတ်ပြင်းပြနေဆဲဖြစ်သည့်အရာမှာ မည်သည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်နည်း ဖြစ်သည်။

ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ကို မိမိဟောပြောခြင်း၏အဓိကအကြောင်းအရာဖြစ်စေခဲ့သောကြောင့် ဤမေးခွန်းကို ကိုယ်တော်ဆွေးနွေးခဲ့မည်ဟု သင်မျှော်လင့်ပေမည်။ အမှန်ပင် ကိုယ်တော်ဆွေးနွေးခဲ့၏! မိမိ၏ “ရောက်ရှိနေချိန်” ဟုကိုယ်တော်ခေါ်ဆိုခဲ့သည့် သိသာထင်ရှားသောခေတ်ကာလတစ်ခုအကြောင်းကို ကိုယ်တော်အကြိမ်ကြိမ်မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၇ကဘ) ထိုရောက်ရှိနေခြင်းသည် မေရှိယနိုင်ငံတော်တည်ထောင်ခြင်းနှင့် အလွန်ဆက်စပ်မှုရှိ၏။ ဤရောက်ရှိနေခြင်းကား အဘယ်နည်း။ ခရစ်တော်ရောက်ရှိနေခြင်းနှင့်ပတ်သက်သည့် ကျမ်းစာဖော်ပြထားရာ အမှန်တရားလေးခုကို သုံးသပ်ကြည့်ကြစို့။

၁။ ခရစ်တော်ရောက်ရှိနေခြင်းသည် ကိုယ်တော်သေဆုံးပြီးနောက် နှစ်များစွာအကြာတွင် စတင်ပါလိမ့်မည်။ ယေရှုသည် “မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟုအကြံရှိလျက် ဝေးသောပြည်သို့သွား” သူတစ်ဦးနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ပြခဲ့သော ပုံဥပမာတစ်ခုပေးခဲ့၏။ (လုကာ ၁၉:၁၂) ဤပရောဖက်ပြုချက်ဆိုင်ရာပုံဥပမာသည် မည်သို့ပြည့်စုံခဲ့သနည်း။ ယေရှုသည် သေပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏၊ ထို့နောက် ကိုယ်တော်သည် “ဝေးသောပြည်” ဖြစ်သောကောင်းကင်သို့ တက်ကြွတော်မူခဲ့သည်။ အလားတူပုံဥပမာတစ်ခုတွင် ယေရှုကြိုဟောထားသကဲ့သို့ ဘုရင့်အာဏာနှင့် ကိုယ်တော်၏ပြန်ကြွလာခြင်းသည် “ကာလကြာမြင့်ပြီးမှ” သာဖြစ်ပါလိမ့်မည်။—မဿဲ ၂၅:၁၉

ယေရှုကောင်းကင်သို့တက်ကြွပြီးနောက် နှစ်အနည်းငယ်အကြာတွင် တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုသခင် [ယေရှု] မူကား၊ အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကိုပူဇော်ပြီးမှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍ မိမိရန်သူတို့ကို မိမိခြေတင်ရာမချမထားမီတိုင်အောင် မျှော်လင့်လျက်နေတော်မူ၏။” (ဟေဗြဲ ၁၀:၁၂၊ ၁၃) ထို့ကြောင့် ယေရှု ကောင်းကင်သို့ ရောက်တော်မူပြီးနောက် ကာလကြာရှည်စွာစောင့်ဆိုင်းရသောအချိန်ရှိခဲ့သည်။ နောက်ဆုံးတွင် ယေဟောဝါဘုရားသခင်သည် မိမိ၏သားတော်အား ကြာရှည်စွာကပင်ကကိပြုတော်မူခဲ့သော မေရှိယနိုင်ငံတော်၏ ရှင်ဘုရင်အဖြစ် တင်မြှောက်တော်မူသောအခါ စောင့်ဆိုင်းချိန် ကုန်ဆုံးသွားခဲ့သည်။ ယင်းသည် ခရစ်တော်ရောက်ရှိနေခြင်း စတင်သည့်အချိန်ဖြစ်၏။ မြေကြီးပေါ်ရှိ လူတို့သည် ဤစိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်ကို မြင်တွေ့ကြပါမည်လော။

၂။ ရောက်ရှိနေခြင်းသည် လူ့မျက်စိဖြင့် မမြင်နိုင်။ ယေရှုသည် ကိုယ်တော်၏ရောက်ရှိနေခြင်း၏နိမိတ်ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတိရပါ။ (မဿဲ ၂၄:၃ကဘ) ကိုယ်တော်ရောက်ရှိနေခြင်းသည် လူ့မျက်စိဖြင့် မြင်တွေ့နိုင်ပါက နိမိတ်ပေးစရာလိုအပ်ဦးမည်လော။ ပုံဥပမာဖြင့်ပြရသော်– သင်သည် ပင်လယ်ကိုမြင်တွေ့ရန် ခရီးသွားနေသည်ဟု မြင်ယောင်ကြည့်ပါ။ လမ်းတစ်လျှောက်တွင် သင့်အားလမ်းညွှန်ပေးသည့် လမ်းပြဆိုင်းဘုတ်များကို သင်တွေ့မြင်ပေမည်၊ သို့သော် တစ်ချိန်တွင် ပင်လယ်ကမ်းခြေသို့ သင်ရောက်ရှိသွား၏၊ မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်သည့်ရေပြင်ကြီး၏ ရေစပ်၌ သင်ရပ်နေသည်၊ “ပင်လယ်” ဟူ၍ စာလုံးကြီးကြီးဖြင့် ထင်ထင်ရှားရှားရေးထိုးထားသည့် လမ်းညွှန်မြားပြသော ဆိုင်းဘုတ်တစ်ခုမြင်တွေ့ရန် သင်မျှော်လင့်မည်လော။ မျှော်လင့်မည်မဟုတ်! သင့်မျက်စိဖြင့် အလွယ်တကူမြင်တွေ့နိုင်ပြီဖြစ်သောအရာကို ထောက်ပြန်ရန် ဆိုင်းဘုတ်တစ်ခု အဘယ်ကြောင့်လိုအပ်ဦးမည်နည်း။

ယေရှုသည် မိမိရောက်ရှိနေခြင်းဆိုင်ရာနိမိတ် ဖော်ပြခဲ့ခြင်းမှာ လူတို့မျက်စိဖြင့်မြင်တွေ့နိုင်သည့်အရာကို ထောက်ပြရန်အတွက်မဟုတ်ဘဲ ကောင်းကင်တွင်ဖြစ်ပျက်မည့်တစ်စုံတစ်ရာကို သိမြင်နားလည်ရန် ကူညီပေးဖို့အတွက် ဖော်ပြခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။” (လုကာ ၁၇:၂၀) သို့ဆိုလျှင် ဤနိမိတ်က ခရစ်တော်ရောက်ရှိနေခြင်း စတင်ပြီဖြစ်ကြောင်း မြေကြီးပေါ်ရှိလူတို့အား မည်သို့ဖော်ပြမည်နည်း။

၃။ ယေရှုရောက်ရှိနေခြင်းကို မြေကြီးပေါ်ရှိ အခက်အခဲပြဿနာအလွန်များသောကာလတစ်ခုဖြင့် မှတ်သားဖော်ပြမည်ဖြစ်သည်။ ကောင်းကင်တွင်ဘုရင်အဖြစ် မိမိရောက်ရှိနေခြင်းကို ကမ္ဘာပေါ်တွင် စစ်မှုများ၊ ငတ်မွတ်ခြင်းများ၊ မြေငလျင်များ၊ ကပ်ရောဂါများနှင့် မတရားမှုများဖြင့် မှတ်သားဖော်ပြမည်ဖြစ်ကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၇-၁၂; လုကာ ၂၁:၁၀၊ ၁၁) ဤစိတ်ဆင်းရဲစရာအားလုံးကို အဘယ်အရာက ဖြစ်စေမည်နည်း။ ဘုရင်အဖြစ် ခရစ်တော်ရောက်ရှိနေခြင်း စတင်ပြီဖြစ်ရာ “ဤလောကကိုအစိုးရသောမင်း” စာတန်သည် ယခု သူ့အတွက် အချိန်တစ်ခဏသာရှိတော့သည်ကို သိထားသောကြောင့် အလွန်ဒေါသထွက်သည်ဟု သမ္မာကျမ်းစာကရှင်းပြ၏။ (ယောဟန် ၁၂:၃၁; ဗျာ. ၁၂:၉၊ ၁၂) စာတန်၏အမျက်ဒေါသဆိုင်ရာ၊ ခရစ်တော်ရောက်ရှိနေခြင်းဆိုင်ရာ ထင်ရှားသောအထောက်အထားကို ကျွန်ုပ်တို့အချိန်တွင် များစွာမြင်တွေ့နေရသည်။ အထူးသဖြင့် အလှည့်အပြောင်းနှစ်အဖြစ် သမိုင်းဆရာများ အသိအမှတ်ပြုခဲ့ကြသည့် ၁၉၁၄ ခုနှစ်မှစ၍ ဤအထောက်အထားသည် ထူးခြားစွာနှင့် ကမ္ဘာချီအတိုင်းအတာထိ သိသာပေါ်လွင်ခဲ့သည်။

ထိုအရာအားလုံးတို့သည် သတင်းဆိုးဖြစ်ပုံရပေမည်၊ သို့သော် ထိုသို့မဟုတ်ပါ။ မေရှိယနိုင်ငံတော်သည် ကောင်းကင်တွင် ယခု အုပ်စိုးလျက်ရှိသည်ကို ဆိုလို၏။ အလွန်နီးကပ်သောအနာဂတ်တွင် ထိုအုပ်စိုးမှုသည် ဤကမ္ဘာမြေတစ်ခုလုံး စိုးမိုးတော့မည်ဖြစ်သည်။ သို့သော် လူတို့သည် ဘုရားသခင့်နိုင်ငံတော်၏အုပ်ချုပ်မှုကို လက်ခံပြီး ၎င်း၏နိုင်ငံသားများဖြစ်လာရန် ထိုဘုရားသခင့်နိုင်ငံတော်ကို သူတို့မည်သို့သိမည်နည်း။

၄။ ယေရှုရောက်ရှိနေခြင်းကို ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအားဖြင့် မှတ်သားခံရ၏။ ယေရှုရောက်ရှိနေခြင်းသည် “နောဧလက်ထက်” နှင့်တူမည်ဟု ကိုယ်တော်မိန့်တော်မူခဲ့၏။ * (မဿဲ ၂၄:၃၇-၃၉) နောဧသည် သင်္ဘောဆောက်သူတစ်ဦးမျှသာမဟုတ်ပါ၊ သူသည် ‘ဖြောင့်မတ်ခြင်းတရားကိုဟောသောသူ’ လည်းဖြစ်ခဲ့သည်။ (၂ ပေတရု ၂:၅) ဘုရားသခင်တရားစီရင်တော့မည်ဖြစ်ကြောင်း လူတို့ကို နောဧသတိပေးခဲ့၏။ ယေရှုက မိမိရောက်ရှိနေချိန်အတွင်း လူတို့ကိုသတိပေးသည့် ထပ်တူလုပ်ငန်းကို ကမ္ဘာပေါ်ရှိမိမိနောက်လိုက်များ လုပ်ဆောင်ကြလိမ့်မည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ကိုယ်တော်ဤသို့ပရောဖက်ပြုခဲ့၏– ‘လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။’—မဿဲ ၂၄:၁၄

ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီဖြစ်သည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်သည် ဤလောကအုပ်စိုးမှုရှိသမျှကို ဖျက်ဆီးတော်မူလိမ့်မည်။ ဟောပြောခြင်းလုပ်ငန်းက ဤကောင်းကင်အုပ်စိုးမှုသည် မကြာမီအရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း လူတို့အား သိရှိစေပြီး ရောက်လာမည့်ဖျက်ဆီးခြင်းမှ လွတ်မြောက်ရန်နှင့် ထိုဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံများဖြစ်လာကြရန် အားလုံးကို အခွင့်အရေးပေးလျက်ရှိသည်။ သို့ဆိုလျှင် ချက်ကျသောမေးခွန်းကား သင်မည်သို့တုံ့ပြန်မည်နည်း ဟူ၍ဖြစ်၏။

ဘုရားသခင့်နိုင်ငံတော်သည် သင့်အတွက် သတင်းကောင်းဖြစ်မည်လော

ယေရှုဟောပြောခဲ့သောသတင်းတရားသည် တုနှိုင်း၍မရသောမျှော်လင့်ချက်တစ်ခုဖြစ်၏။ လွန်ခဲ့သောနှစ်ထောင်နှင့်ချီအချိန်က ဧဒင်၌ ပုန်ကန်မှုဖြစ်ပြီးနောက် ယေဟောဝါဘုရားသခင်သည် ကိစ္စရပ်များကို တည့်မတ်စေမည့်အုပ်စိုးမှုတစ်ခု တည်ထောင်ရန်၊ ကမ္ဘာမြေပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်သော မူလကတည်းက ဘုရားသခင့်စိတ်တော်တွင်ရှိခဲ့သော ထိုအခြေအနေသို့ တည်ကြည်သောလူသားများ ပြန်ရောက်ရှိရန်တို့ကို ရည်ရွယ်တော်မူခဲ့သည်။ ကြာမြင့်စွာကတည်းက ကတိပြုတော်မူခဲ့သောအုပ်စိုးမှုသည် ယခုအချိန်တွင် ကောင်းကင်၌အုပ်ချုပ်လျက်ရှိကြောင်း သိရခြင်းထက် ပိုပြီးစိတ်လှုပ်ရှားစေသည့် အဘယ်အရာရှိနိုင်ဦးမည်နည်း။ ယင်းသည် ဖြစ်နိုင်ခြေရှိသော၊ စိတ်ကူးယဉ်သက်သက်ဖြစ်သော အယူအဆမဟုတ်ဘဲ ဖြစ်ရပ်မှန်ပင်တည်း!

ယခုအချိန်တွင် ဘုရားသခင့်ခန့်အပ်ခံဘုရင်သည် ရန်သူများအလယ်တွင် အုပ်စိုးလျက်ရှိသည်။ (ဆာလံ ၁၁၀:၂) ဘုရားသခင်ထံမှဝေးကွာနေသော ဤပျက်စီးယိုယွင်းသည့်လောကတွင် ဘုရားသခင်သည် အမှန်တကယ်တွင် မည်သို့သောဘုရားသခင်မျိုးဖြစ်သည်ကို သိကျွမ်းလိုသူနှင့် ကိုယ်တော်ကို ‘ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း’ ဝတ်ပြုကိုးကွယ်လိုသူအားလုံးတို့ကို ရှာဖွေရန်ဟူသော မိမိခမည်းတော်၏အလိုတော်ကို မေရှိယသည် ပြည့်စုံစေလျက်ရှိသည်။ (ယောဟန် ၄:၂၄) ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ထာဝစဉ်အသက်ရှင်ခြင်းမျှော်လင့်ချက်သည် လူမျိုးမရွေး၊ အသက်အရွယ်မရွေးနှင့် လူမှုရေးနောက်ခံပေါင်းစုံရှိသူအားလုံး မျှော်လင့်နိုင်သောအရာဖြစ်၏။ (တမန်တော် ၁၀:၃၄၊ ၃၅) သင့်အား ကမ်းလှမ်းလာသော ကောင်းမွန်သည့်အခွင့်ထူးကို လက်ခံရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ဘုရားသခင့်နိုင်ငံတော်၏ဖြောင့်မတ်သောအုပ်ချုပ်မှုအောက် သင် ထာဝစဉ်အသက်ရှင်နေထိုင်နိုင်ရန် ယင်းအကြောင်း ယခု လေ့လာသင်ယူပါလေ!—၁ ယောဟန် ၂:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အချို့ကျမ်းစာဘာသာပြန်ကျမ်းများက “ရောက်ရှိနေခြင်း” ဟူသောစကားလုံးကို မှားယွင်းစွာပြန်ဆိုခြင်းကြောင့် ပေါ်ထွက်လာသောမှားယွင်းသည့်အယူအဆကို ပြုပြင်တည့်မတ်ရာတွင် ယေရှု၏ဖော်ပြချက်က အထောက်အကူပြု၏။ အချို့ဘာသာပြန်ကျမ်းများက ယင်းစကားလုံးကို “ကြွလာခြင်း၊” “ပေါ်ထွန်းခြင်း၊” သို့မဟုတ် “ပြန်ကြွလာခြင်း” ဟူ၍ပြန်ဆိုထားကြသည်၊ ထိုပြန်ဆိုချက်အားလုံးက အချိန်တစ်ခုအတွင်း ခဏမျှကြာသောအဖြစ်အပျက်ကိုသာ အကျုံးဝင်စေ၏။ သို့သော် ယေရှုက မိမိရောက်ရှိနေခြင်းကို အချိန်တစ်ခုအတွင်းရှိ အဖြစ်အပျက်တစ်ခုဖြစ်သော နောဧခေတ်ရေလွှမ်းမိုးသည့်နေ့နှင့် မနှိုင်းယှဉ်ဘဲ အထွတ်အထိပ်အချိန်ကာလဖြစ်သော “နောဧလက်ထက်” နှင့်နှိုင်းယှဉ်ခဲ့သည်ကို သတိပြုပါ။ ထိုရှေးခေတ်ကာလကဲ့သို့ပင် ခရစ်တော်ရောက်ရှိနေခြင်းသည် သတိပေးချက်ကို လူတို့ သတိမမူမိသည်အထိ နေ့စဉ်ဘဝကိစ္စရပ်များ၌ အလွန်အလုပ်များနေကြမည်ဖြစ်သော ခေတ်ကာလတစ်ခုဖြစ်လိမ့်မည်။

[စာမျက်နှာ ၈ ပါ ပုံစာ]

နေ့စဉ် ကျွန်ုပ်တို့ကြားရသောသတင်းဆိုးများက ကောင်းသောအရာများ မကြာမီရောက်လာ တော့မည်ကို သက်သေထူ၏

[စာမျက်နှာ ၈ ပါ ပုံစာ]

Antiaircraft gun: U.S. Army photo