မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျှော်လင့်ချက်မဲ့နေသော လူငယ်ဘဝတွင် စိတ်သက်သာမှုကို ရှာတွေ့ခြင်း

မျှော်လင့်ချက်မဲ့နေသော လူငယ်ဘဝတွင် စိတ်သက်သာမှုကို ရှာတွေ့ခြင်း

မျှော်လင့်ချက်မဲ့နေသော လူငယ်ဘဝတွင် စိတ်သက်သာမှုကို ရှာတွေ့ခြင်း

အော်စေဘိုင်ယို မော်စီယို ပြောပြသည်

၁၉၉၃၊ စက်တင်ဘာလမှာ အထူးလုံခြုံရေးထောင်တစ်ခုကို ကျွန်တော်လည်ပတ်ခဲ့တယ်။ သွားလည်ပတ်ရတဲ့ အကြောင်းရင်းကတော့ အကျဉ်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော့်ညီမ မာရီဗီကို နှစ်ခြင်းပေးဖို့ပါ။ နှစ်ခြင်းအစီအစဉ်ကို ကျွန်တော်လုပ်ဆောင်သွားတာကို အကျဉ်းထောင်အရာရှိတွေနဲ့ အကျဉ်းသားတချို့ဟာ တလေးတစားရှုစားခဲ့ကြတယ်။ ကျွန်တော်နဲ့ကျွန်တော့်ညီမ ဒီနေရာကိုဘာကြောင့်ရောက်နေတယ် ဆိုတာကို မရှင်းပြခင် ကျွန်တော်တို့ရဲ့ အစောပိုင်းဘဝအကြောင်း ပြောပြပါရစေ။

ကျွန်တော့်ကို ၁၉၅၄၊ မေလ ၅ ရက်မှာ စပိန်နိုင်ငံမှာမွေးဖွားခဲ့ပြီး သားသမီးရှစ်ယောက်ထဲက အကြီးဆုံးဖြစ်တယ်။ မာရီဗီက သုံးယောက်မြောက်ပါ။ ကျွန်တော်တို့ရဲ့အဘွားက ကျွန်တော်တို့ကို ဝတ်ပြုရေးမှာထက်သန်တဲ့ကက်သလစ်တွေအဖြစ် ပြုစုပျိုးထောင်ခဲ့ပြီး အဘွားနဲ့ရှိခဲ့တဲ့အချိန်ဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရတယ်ဆိုတဲ့အသိနဲ့ ပျော်စရာကလေးဘဝအမှတ်ရစရာလေးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မိဘရဲ့အိမ်အခြေအနေကတော့ ဘုရားသခင်ကို ရိုသေခန့်ညားတဲ့ဝန်းကျင်မျိုးမဟုတ်ခဲ့ဘူး။ အဖေဟာ အမေနဲ့ ကျွန်တော်တို့ကလေးတွေကို အမြဲပုံမှန်ရိုက်တယ်။ ကျွန်တော်တို့ရဲ့အသက်တာမှာ ကြောက်ကြောက်နဲ့နေခဲ့ရတယ်။ အမေခံစားရတဲ့နာကျင်မှုကိုတွေ့ရလို့ ကျွန်တော်အရမ်းနာကျင်ခံစားခဲ့ရတယ်။

ကျောင်းမှာလည်း စိတ်ပျက်စရာအခြေအနေတွေ ထပ်ပြီးကြုံခဲ့ရပြန်တယ်။ ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ကျောင်းဆရာဟာ မေးခွန်းမေးလို့ ကျွန်တော်တို့အဖြေမှားရင် ကျွန်တော်တို့ရဲ့ခေါင်းကို နံရံနဲ့ဆောင့်တယ်။ နောက်တစ်ယောက်ကတော့ တပည့်တွေရဲ့အိမ်စာကို သူတို့နဲ့အတူပြန်စစ်ပေးတဲ့အချိန်တွေမှာ လိင်ဆိုင်ရာမတော်မတရားပြုတယ်။ ဒါတွေအပြင် မီးငရဲစတဲ့သွန်သင်ချက်တွေကလည်း ကျွန်တော့်ကို စိတ်ရှုပ်ထွေးစေပြီး ထိတ်လန့်ကြောက်ရွံ့စေခဲ့တယ်။ ဒါနဲ့ပဲ ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ရိုသေလေးမြတ်မှုဟာ ပြိုပျက်သွားခဲ့တယ်။

အဓိပ္ပာယ်မဲ့ဘဝတွင် ပိတ်မိနေခဲ့

ဘုရားသခင်နှစ်သက်တဲ့နည်းလမ်းနဲ့ နေထိုင်ဖို့ သွန်သင်မှုမရရှိခဲ့တဲ့အတွက် ဒစ္စကိုခန်းတွေမှာ အကျင့်ပျက်၊ အကြမ်းဖက်တဲ့လူတွေနဲ့ ကျွန်တော်စပြီး အချိန်ဖြုန်းခဲ့တယ်။ မကြာခဏဆိုသလို ရန်ပွဲတွေဖြစ်ပြီး ဓား၊ ချိန်းကြိုး၊ မှန်စ၊ ခွေးခြေထိုင်ခုံတွေကို လက်နက်အဖြစ် သုံးကြတယ်။ တမင်ရည်ရွယ်ပြီး အဲ့ဒီရန်ပွဲတွေမှာ ပါဝင်တာမဟုတ်ပေမဲ့လည်း တစ်ခါကဆို သတိလစ်မေ့မြောတဲ့အထိ အရိုက်ခံခဲ့ရတယ်။

နောက်ဆုံး အဲ့ဒီဝန်းကျင်မှာ ကျွန်တော်ငြီးငွေ့လာတဲ့အတွက် ပိုပြီးဆိတ်ငြိမ်တဲ့ဒစ္စကိုခန်းတွေကို ရှာခဲ့တယ်။ အဲ့ဒီနေရာတွေမှာကျတော့ အများအားဖြင့် မူးယစ်ဆေးသုံးကြတယ်။ မူးယစ်ဆေးက ကျွန်တော့်ကိုစိတ်ကျေနပ်မှုနဲ့ စိတ်ငြိမ်သက်မှုပေးမယ့်အစား ကျွန်တော့်စိတ်ကို ကယောင်ချောက်ချား၊ စိုးရိမ်ပူပန်စိတ်တွေဖြစ်စေခဲ့တယ်။

ကျွန်တော်သိပ်အကြိုက်မတွေ့ပေမဲ့လည်း ကျွန်တော့်ရဲ့ညီလေး ဟိုစေး လူးအီးစ်နဲ့ ကျွန်တော့်သူငယ်ချင်း မီဂေးလ်တို့ကို ကျွန်တော့်ဘဝပုံစံကိုလိုက်ဖို့ သွေးဆောင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက စပိန်မှာရှိတဲ့ တခြားလူငယ်အတော်များများလိုပဲ ကျွန်တော်တို့ဟာ ယိုယွင်းဖောက်ပြန်တဲ့ဘဝထဲမှာ ပိတ်မိနေခဲ့ကြတယ်။ မူးယစ်ဆေးအတွက်ငွေရဖို့ ဘာမဆိုကျွန်တော်လုပ်ခဲ့တယ်။ ကျွန်တော့်မှာ ဂုဏ်သိက္ခာဆိုတာ ဘာတစ်ခုမှမရှိဘူး။

ယေဟောဝါကယ်နုတ်ခဲ့

အဲ့ဒီအချိန်အတွင်းမှာ ကျွန်တော်ဟာ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဘုရားသခင်တည်ရှိကြောင်း၊ ဘဝရည်ရွယ်ချက်အကြောင်းတွေကို မကြာခဏပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ခံစားချက်တွေကို ဝေမျှပြောဆိုနိုင်မယ့်သူတစ်ယောက်ယောက်ကို ရှာဖွေခြင်းကနေ ကျွန်တော် ဘုရားသခင်ကို စပြီးရှာဖွေခဲ့တယ်။ ကျွန်တော့်ရဲ့အလုပ်ဖော်ထဲက ဖရန်သီစ်ကိုဟာ တခြားသူတွေနဲ့ တော်တော်ကွာခြားတာကို ကျွန်တော်သတိထားမိတယ်။ သူဟာ ရိုးသားတယ်၊ ကြင်နာတတ်တယ်၊ ပျော်ရွှင်နေပုံရတဲ့အတွက် သူ့ကိုရင်ဖွင့်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဖရန်သီစ်ကိုဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးအကြောင်း ဆောင်းပါးတစ်ခုပါတဲ့ ကင်းမျှော်စင်တစ်စောင် ကျွန်တော့်ကိုပေးတယ်။

ဆောင်းပါးကိုဖတ်ပြီးတဲ့နောက် အကူအညီအတွက် ဘုရားသခင်ဆီကျွန်တော်ဆုတောင်းခဲ့တယ်– “သခင်၊ ကိုယ်တော်တည်ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ ကိုယ်တော့်အကြောင်းကို ကျွန်တော်သိချင်တယ်။ ကိုယ်တော့်အလိုကိုလည်း ဆောင်ချင်တယ်။ ကျွန်တော့်ကိုကူညီပေးတော်မူပါ။” ဖရန်သီစ်ကိုနဲ့ တခြားသက်သေခံတွေက သမ္မာကျမ်းစာကိုသုံးပြီး ကျွန်တော့်ကိုအားပေးတယ်၊ ကျွန်တော်ဖတ်ဖို့ ကျမ်းစာအခြေပြုစာပေတွေကို ပေးတယ်။ ကျွန်တော် ဘုရားသခင်ဆီမှာ တောင်းလျှောက်ထားတဲ့အကူအညီကို သူတို့ပေးနေတယ်ဆိုတာကို ကျွန်တော်သဘောပေါက်လာတယ်။ မကြာခင်မှာပဲ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဟိုစေး လူးအီးစ်ကို ကျွန်တော်သိလာတဲ့အကြောင်းတွေကို စပြောတော့တယ်။

တစ်နေ့မှာ သူငယ်ချင်းတချို့နဲ့အတူ ရော့ခ်ဖျော်ဖြေပွဲကနေအပြန် အုပ်စုထဲကနေ ကျွန်တော်သီးခြားနေလိုက်တယ်။ သူတို့နဲ့မပတ်သက်တဲ့ ဘေးလူတစ်ယောက်အနေနဲ့ သူတို့ကိုသတိထားကြည့်မိတယ်။ မူးယစ်ဆေးကြောင့် ကျွန်တော်တို့ရဲ့အပြုအမူတွေ ဘယ်လောက်ထိရွံစရာဖြစ်လာတယ်ဆိုတာကို မြင်လိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီဘဝပုံစံကိုစွန့်ပစ်ပြီး ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။

ကျွန်တော် ဖရန်သီစ်ကိုကို ကျမ်းစာအုပ်တောင်းတော့ သူက ကျမ်းစာတစ်အုပ်နဲ့အတူ ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရားစာအုပ်ကိုပေးတယ်။ * ဘုရားသခင်ဟာ မျက်ရည်ရှိသမျှကိုသုတ်မယ်၊ သေခြင်းကိုတောင်ဖယ်ရှားမယ်ဆိုတဲ့ ကတိတော်ကိုဖတ်ရတဲ့အခါ လူတွေကိုလွတ်ခြင်းအခွင့်ပေးနိုင်တဲ့ အမှန်တရားတွေ့ပြီဆိုတာကို ယုံကြည်စိတ်ချခဲ့တယ်။ (ယောဟန် ၈:၃၂; ဗျာ. ၂၁:၄) နောက်ပိုင်း၊ ကျွန်တော် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတစ်ခုတက်ခဲ့တယ်။ အဲ့ဒီမှာတွေ့ရတဲ့ ရင်းနှီးဖော်ရွေမှု၊ နွေးထွေးမှုတွေကို ကျွန်တော့်စိတ်ထဲစွဲသွားတယ်။

ဝတ်ပြုရာခန်းမမှာ ကျွန်တော်ကြုံတွေ့ခဲ့ရတာကို ဝေမျှလိုတဲ့အတွက် ဟိုစေး လူးအီးစ်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ချက်ချင်းစုလိုက်ပြီး သူတို့ကိုအားလုံးပြောပြလိုက်တယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်တော်တို့အားလုံး အစည်းအဝေးတစ်ခုကို တက်ခဲ့ကြတယ်။ ကျွန်တော်တို့ထိုင်တဲ့ခုံတန်းရဲ့ အရှေ့ခုံတန်းမှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော်တို့ကို ဖျက်ခနဲလှည့်ကြည့်တယ်။ ကျွန်တော်တို့ဆံရှည်ဟစ်ပီအုပ်စုကို တွေ့လိုက်ရတဲ့အတွက် လန့်သွားတယ်ဆိုတာ အထင်းသားပေါ်တယ်၊ နောက်တစ်ခါလှည့်မကြည့်မိအောင် သူသတိထားခဲ့တယ်။ နောက်အပတ် ဝတ်ပြုရာခန်းမကို ကျွန်တော်တို့သွားတဲ့အခါ သူအံ့ကိုအံ့အားသင့်သွားရမယ်၊ ဒီအကြိမ်တော့ ကျွန်တော်တို့ဟာ ဝတ်စုံပြည့်နဲ့ လည်စည်းနဲ့လေ။

အဲ့ဒီနောက်သိပ်မကြာခင် မီဂေးလ်နဲ့ကျွန်တော်ဟာ ယေဟောဝါသက်သေတွေရဲ့ တိုက်နယ်စည်းဝေးပွဲတစ်ခုကိုလည်း တက်ရောက်ခဲ့တယ်။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ တစ်ခုမှမကြုံတွေ့ခဲ့ဖူးဘူး—အသက်အရွယ်မျိုးစုံရှိတဲ့လူတွေဟာ တကယ့်ညီအစ်ကိုအသင်းအပင်းပါပဲ။ အတော့်ကိုထူးဆန်းတာက ကျွန်တော်တို့ ရော့ခ်တေးဂီတဖျော်ဖြေပွဲ ကြည့်ခဲ့တဲ့ကဇာတ်ရုံမှာပဲ စည်းဝေးပွဲကိုကျင်းပတာဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဝန်းကျင်အခြေအနေနဲ့ တေးဂီတက ကျွန်တော်တို့စိတ်နှလုံးကို အားဖြည့်ပေးခဲ့တယ်။

ကျွန်တော်တို့တစ်အုပ်စုလုံး ကျမ်းစာသင်အံမှု စခဲ့ကြတယ်။ နောက်ရှစ်လကြာတဲ့အခါ၊ ၁၉၇၄၊ ဇူလိုင် ၂၆ ရက်နေ့မှာ မီဂေးလ်နဲ့ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး အသက် ၂၀ ဖြစ်တယ်။ နောက်လအနည်းငယ်အကြာမှာ ကျွန်တော်တို့အုပ်စုထဲက နောက်လေးယောက် နှစ်ခြင်းခံတယ်။ ကျွန်တော်ရရှိခဲ့တဲ့ သမ္မာကျမ်းစာလေ့ကျင့်ပေးမှုက အိမ်အလုပ်တွေကို စိတ်ရှည်သည်းခံစွာလုပ်ပေးခဲ့တဲ့ အမေ့ကို စပြီးအကူအညီပေးဖို့၊ ကျွန်တော်အသစ်တွေ့ရှိထားတဲ့ ယုံကြည်ခြင်းကို အမေ့ကိုဝေမျှပေးဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ကျွန်တော်တို့ ပိုပြီးရင်းနှီးလာတယ်။ အချိန်အတော်များများကိုလည်း ကျွန်တော့်ညီငယ်၊ ညီမငယ်တွေကိုကူညီပေးရာမှာ အသုံးပြုခဲ့တယ်။

အချိန်တန်တဲ့အခါ ညီတစ်ယောက်ကလွဲလို့ ကျွန်တော့်မွေးချင်းအားလုံးနဲ့ အမေဟာ သမ္မာကျမ်းစာအမှန်တရားကို သင်ယူပြီး ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံခဲ့တယ်။ ၁၉၇၇ ခုနှစ်မှာ ကျွန်တော် စော်လဒက်ကို လက်ထပ်ခဲ့တယ်။ သူကတော့ ကျွန်တော်တို့ ဦးဆုံးအကြိမ် ဘုရားသခင့်နိုင်ငံတော်ခန်းမကိုသွားတုန်းက ကျွန်တော်တို့ကိုတွေ့တဲ့အခါ လန့်သွားတဲ့မိန်းကလေးပါ။ လအနည်းငယ်အတွင်းမှာ ကျွန်တော်တို့နှစ်ယောက်စလုံး ရှေ့ဆောင်တွေဖြစ်လာတယ်၊ ရှေ့ဆောင်ဆိုတာ အချိန်ပြည့်သတောင်းကောင်းဟောသူတွေကို ယေဟောဝါသက်သေတွေခေါ်တဲ့နာမည်ပါ။

ချစ်ရသူတစ်ဦး ကယ်နုတ်ခံခဲ့ရ

ကျွန်တော့်ရဲ့ညီမ မာရီဗီဟာ ကလေးဘဝတုန်းက လိင်ဆိုင်ရာမတရားပြုခြင်း ခံခဲ့ရတယ်။ ကြောက်စရာကောင်းတဲ့ အဲ့ဒီနောက်ကြောင်းက သူ့ကို အကြီးအကျယ်ထိခိုက်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်မှာ အကျင့်ယိုယွင်းတဲ့ဘဝပုံစံထဲ ကျဆင်းခဲ့ပြီး မူးယစ်ဆေးစွဲ၊ ခိုးဝှက်၊ ပြည့်တန်ဆာပါလုပ်ခဲ့တယ်။ အသက် ၂၃ နှစ်အရွယ်မှာ သူထောင်ကျသွားပြီး အဲ့ဒီမှာလည်း ထင်ရာစိုင်းဘဝပုံစံနဲ့ ဆက်နေခဲ့တယ်။

အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်အမှုဆောင်တစ်ယောက်ဖြစ်တဲ့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေတယ်။ ၁၉၈၉ ခုနှစ်မှာ စော်လဒက်နဲ့ကျွန်တော်ဟာ မာရီဗီထောင်ကျနေတဲ့ဒေသမှာ တာဝန်ကျခဲ့တယ်။ မကြာသေးခင်ကပဲ ထောင်အရာရှိတွေက သူ့ရဲ့သားကို သူနဲ့ခွဲလိုက်တဲ့အတွက် သူဟာ စိတ်ဓာတ်လုံးလုံးကျပြီး အသက်ရှင်စိတ်မရှိဖြစ်နေတယ်။ တစ်နေ့ ကျွန်တော်သူ့ဆီလည်ပတ်ပြီး ကျွန်တော်တို့နှစ်ယောက်အတူ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတဲ့အခါ သူလက်ခံခဲ့တယ်။ တစ်လလောက်လေ့လာပြီးတဲ့အခါ မူးယစ်ဆေးနဲ့ ဆေးလိပ်ကို ဖြတ်လိုက်တယ်။ သူ့အသက်တာမှာ ဒီလိုပြောင်းလဲမှုလုပ်ဖို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါပေးတာ မြင်ရတဲ့အခါ ကျွန်တော်ဝမ်းသာပီတိဖြစ်မိတယ်။—ဟေဗြဲ ၄:၁၂

ကျမ်းစာလေ့လာပြီး သိပ်မကြာခင်မှာပဲ မာရီဗီဟာ ကျမ်းစာအမှန်တရားကို အကျဉ်းသားဖော်အချင်းချင်းနဲ့ ထောင်အရာရှိတွေကို စပြီးဝေမျှခဲ့တယ်။ ထောင်တစ်ခုကနေ နောက်တစ်ခုပြောင်းခဲ့ရပေမဲ့ သူဆက်ပြီးဟောပြောခဲ့တယ်။ ထောင်တစ်ခုမှာဆိုရင် သူဟာ အကျဉ်းခန်း တစ်ခန်းပြီးတစ်ခန်းတောင် သက်သေခံခဲ့တယ်။ နှစ်တွေတစ်လျှောက် မာရီဗီဟာ သူပြောင်းရွှေ့ခဲ့ရတဲ့ထောင်တွေမှာရှိတဲ့ အကျဉ်းသားဖော်အတော်များများနဲ့ ကျမ်းစာသင်အံမှုစခဲ့တယ်။

တစ်နေ့တော့ မာရီဗီက သူ့ရဲ့အသက်တာကို ယေဟောဝါထံအပ်နှံပြီး နှစ်ခြင်းခံချင်တဲ့အကြောင်း ကျွန်တော့်ကိုဖွင့်ပြောတယ်။ သူဟာ ထောင်ထဲကနေထွက်ခွင့်မရသလို ထောင်ထဲမှာနှစ်ခြင်းခံဖို့ ဘယ်သူမှခွင့်မပြုခဲ့ဘူး။ ထောင်ထဲကယိုယွင်းနေတဲ့ဝန်းကျင်မှာ နောက်ထပ်လေးနှစ် သူခံရပ်ခဲ့ရတယ်။ ယုံကြည်ခြင်းမှာဆက်တည်မြဲဖို့ သူ့ကို ဘာကအကူအညီပေးခဲ့တာလဲ။ ဒေသခံအသင်းတော် အစည်းအဝေးကျင်းပတဲ့ အချိန်အတိအကျမှာပဲ သူဟာ အကျဉ်းခန်းထဲမှာ အဲ့ဒီအစီအစဉ်ကိုပဲ သုံးသပ်နေခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုနဲ့ ဆုတောင်းခြင်းအစီအစဉ်တွေလည်း ရှိတယ်။

နောက်ဆုံး မာရီဗီဟာ အထူးလုံခြုံရေးထောင်ကို အပို့ခံရပြီး အဲ့ဒီမှာ ရေကူးကန်ရှိတယ်။ ဒီအခြေအနေအသစ်က နှစ်ခြင်းခံဖို့ဖြစ်နိုင်တယ်လို့ သူယူမှတ်ခဲ့တယ်။ တကယ်ပါပဲ နောက်ဆုံးတော့ မာရီဗီဟာ ခွင့်ပြုချက်ရခဲ့တယ်။ ဒါကြောင့် သူ့အတွက် နှစ်ခြင်းဟောပြောချက်ပေးဖို့ ကျွန်တော်သူ့နဲ့အတူရှိနေခဲ့တာ။ သူ့ဘဝအသက်တာရဲ့ အရေးအကြီးဆုံးအခါသမယမှာ ကျွန်တော်ဟာ သူနဲ့အတူရှိခွင့်ရခဲ့တယ်။

မာရီဗီရဲ့ အရင်တုန်းကဘဝပုံစံကြောင့် အေအိုင်ဒီအက်စ်ရောဂါရခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အမူအကျင့်ကောင်းကြောင့် ထောင်ကနေစောစောထွက်ခွင့်ရခဲ့ပြီး ၁၉၉၄၊ မတ်လမှာထွက်လာခဲ့တယ်။ အမေနဲ့အတူ အိမ်မှာနေပြီး နောက်နှစ်နှစ်အကြာ သူမသေဆုံးခင်အထိ ခရစ်ယာန်ဘဝအသက်တာမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။

အပျက်သဘောခံစားချက်များကို အနိုင်ယူခြင်း

ကျွန်တော်လည်း ကျွန်တော့်ရဲ့အရင်ကဘဝပုံစံရဲ့အကျိုးဆက်ကနေ လုံးလုံးရုန်းထွက်လို့မရခဲ့ဘူး။ အဖေ့ရဲ့လက်ထဲမှာ မတော်မတရားခံခဲ့ရတာတွေ၊ ဆယ်ကျော်သက်အရွယ်က ကျွန်တော့်ရဲ့ဘဝပုံစံတွေဟာ ကျွန်တော့်အကျင့်စရိုက်အပေါ် ထိခိုက်ခဲ့တယ်။ ကျွန်တော်လူကြီးအရွယ်မှာတောင် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေ၊ ငါဟာမထိုက်တန်ဘူးဆိုတဲ့ ခံစားချက်တွေကြောင့် မကြာခဏဆိုသလို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ကျွန်တော် အရမ်းစိတ်ဓာတ်ကျတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအပျက်သဘောခံစားချက်တွေကို တိုက်ထုတ်နိုင်ဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကနေ အဖိုးမဖြတ်နိုင်တဲ့အကူအညီရရှိတယ်။ နှစ်တွေတစ်လျှောက်မှာ ဟေရှာယ ၁:၁၈ နဲ့ ဆာလံ ၁၀၃:၈-၁၃ စတဲ့ကျမ်းချက်တွေကို အထပ်ထပ်အခါခါဆင်ခြင်သုံးသပ်ခြင်းက အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို လျော့နည်းအောင် အထောက်အကူပြုခဲ့တယ်။

ငါဟာမထိုက်တန်ဘူးဆိုတဲ့ ခံစားချက်တွေကို တိုက်လှန်တဲ့နေရာမှာ ဆုတောင်းခြင်းဟာ ကျွန်တော့်ကိုယေဟောဝါပေးတဲ့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်တယ်။ မကြာခဏဆိုသလို ကျွန်တော်ဟာ မျက်ရည်တွေစီးကျနေရင်း ယေဟောဝါထံဆုတောင်းနေတာကို ကိုယ့်ကိုယ်ကိုသတိထားမိတယ်။ ဒါပေမဲ့ ၁ ယောဟန် ၃:၁၉၊ ၂၀ [ကဘ] မှာမှတ်တမ်းတင်ထားတဲ့ ဒီစကားတွေဟာ ကျွန်တော့်ကိုခွန်အားဖြစ်စေပါတယ်– ‘ထိုသို့ချစ်လျှင် ငါတို့သည် အမှန်တရားနှင့်စပ်ဆိုင်ကြောင်း သိကြရမည်။ ကိုယ်တော့်ရှေ့မှောက်တွင် စိတ်ချစွာနေနိုင်ကြမည်။ ကိုယ့်စိတ်နှလုံးသည် ကိုယ့်ကိုယ်ကို မည်သို့ပင်အပြစ်တင်ပါစေ၊ ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် ကြီးမြတ်တော်မူသောကြောင့် အရာခပ်သိမ်းကို သိတော်မူ၏။’

“ကျိုးပဲ့ကြေမွ” တဲ့စိတ်နဲ့ ဘုရားသခင်ဆီ စိတ်ရင်းမှန်နဲ့ဆုတောင်းတဲ့အချိန်ကစပြီး ကျွန်တော့်ကိုယ်ကျွန်တော် အရင်ကထင်ခဲ့သလို ကျွန်တော်ဟာ ဒီလောက်ဆိုးသွမ်းတဲ့သူမဟုတ်ဘူးဆိုတာ သိလာတယ်။ အတိတ်ဘဝကအမူအကျင့်တွေကို အမှန်နောင်တယူပြီး ယေဟောဝါရဲ့အလိုတော်ကိုဆောင်ဖို့ ပြောင်းလဲလာတဲ့သူအားလုံးကို ကိုယ်တော်ဘယ်တော့မှအထင်မသေးဘူးဆိုတာကို သမ္မာကျမ်းစာက စိတ်ချစေပါတယ်။—ဆာလံ ၅၁:၁၇

ကိုယ့်ကိုယ်ကိုသံသယဝင်တဲ့စိတ်တွေ ပေါ်လာတဲ့အခါတိုင်း ကျွန်တော့်စိတ်ကို ဖိလိပ္ပိ ၄:၈ မှာဖော်ပြထားတဲ့ ဘုရားသခင်အလိုရှိတဲ့အတွေးတွေ၊ အပြုသဘောရှိတဲ့အတွေးတွေနဲ့ဖြည့်ဖို့ ကြိုးစားတယ်။ ဆာလံ ၂၃ နဲ့တောင်ပေါ်တရားတော်ကို စဉ်းစားတယ်။ ကျွန်တော့်စိတ်ထဲ အပျက်သဘောထားပေါ်လာရင် အဲ့ဒီကျမ်းချက်တွေနဲ့ ကိုယ့်ကိုယ်ကို ကျိုးကြောင်းဆင်ခြင်တယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာကို သန့်စင်ရေးလုပ်ဆောင်မှုဟာ အိပ်မရတဲ့ညတွေမှာ အထူးသဖြင့် အထောက်အကူဖြစ်တယ်။

အထောက်အကူဖြစ်တဲ့ နောက်ထပ်ရင်းမြစ်ကတော့ ကျွန်တော့်ဇနီးနဲ့ တခြားရင့်ကျက်တဲ့ခရစ်ယာန်တွေရဲ့ ချီးမွမ်းစကားဖြစ်တယ်။ ပထမတော့ သူတို့ဆီက အားပေးစကားတွေကို လက်ခံဖို့ခက်ခဲပေမဲ့ မေတ္တာဟာ “ခပ်သိမ်းသောအရာကိုယုံတတ်၏” ဆိုတဲ့အချက်ကိုနားလည်အောင် သမ္မာကျမ်းစာက ကျွန်တော့်ကိုကူညီခဲ့တယ်။ (၁ ကောရိန္သု ၁၃:၇) ကျွန်တော့်ရဲ့အားနည်းချက်တွေ၊ အကန့်အသတ်ဖြစ်မှုတွေကို နှိမ့်ချစွာလက်ခံဖို့ တဖြည်းဖြည်းနဲ့ သင်ယူခဲ့ရတယ်။

တစ်ဖက်ကနေပြန်ကြည့်တော့ အပျက်သဘောထားခံစားချက်တွေကို ကိုယ်တိုင်တိုက်လှန်နေရတဲ့အတွက် အဲ့ဒါက ကျွန်တော့်ကို စာနာမှုရှိတဲ့နယ်လှည့်ကြီးကြပ်မှူးဖြစ်အောင် အထောက်အကူဖြစ်ခဲ့တယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ သတင်းကောင်းကြေညာတဲ့ အချိန်ပြည့်အမှုဆောင်တွေအနေနဲ့ နှစ်ယောက်စလုံး နှစ်ပေါင်း ၃၀ နီးပါးရှိကြပြီ။ တခြားသူတွေအတွက်အမှုဆောင်ခြင်းကနေရတဲ့ရွှင်လန်းမှုဟာ ကျွန်တော့်ကိုအနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အပျက်သဘောခံစားချက်တွေ၊ အမှတ်ရစရာတွေကို တဖြည်းဖြည်းလျော့ပါးသွားအောင် ဖြစ်စေခဲ့တယ်။

ယေဟောဝါ ကျွန်တော့်ကိုပေးသနားတဲ့ ကောင်းချီးအားလုံးကို ပြန်ပြောင်းစဉ်းစားကြည့်တဲ့အခါ ဆာလံဆရာပြောခဲ့သလိုမျိုး ကျွန်တော်လည်း ခံစားရပါတယ်– ‘ထာဝရဘုရားသခင်ကို ကောင်းချီးပေးလော့။ . . . သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ သင်၏အသက်ကိုဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကြင်နာမှုနှင့် သင်၏ခေါင်းကိုပတ်ရစ်တော်မူ၏။’—ဆာလံ ၁၀၃:၁-၄

[အောက်ခြေမှက်ချက်]

^ အပိုဒ်၊ 14 ယေဟောဝါသက်သေများထုတ်ဝေခဲ့၊ သို့သော် ယခုပုံမနှိပ်တော့ပါ။

[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]

အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေ၊ ငါဟာမထိုက်တန်ဘူးဆိုတဲ့ ခံစားချက်တွေကြောင့် မကြာခဏဆိုသလို စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒါပေမဲ့ အဲ့ဒီအပျက်သဘောခံစားချက်တွေကို တိုက်ထုတ်နိုင်ဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကနေ အဖိုးမဖြတ်နိုင်တဲ့အကူအညီရရှိခဲ့တယ်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံများ]

ကျွန်တော့်ညီ ဟိုစေး လူးအီးစ်နဲ့ ကျွန်တော့်သူငယ်ချင်း မီဂေးလ်တို့ဟာ ကျွန်တော့်ရဲ့ဆိုးတဲ့ပုံသက်သေကိုရော ကောင်းတဲ့ပုံသက်သေနောက်ကိုပါ လိုက်ခဲ့ကြ

[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]

၁၉၇၃ ခုနှစ်က မော်စီယိုမိသားစု

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အကျဉ်းသားတစ်ဦးအချိန်က မာရီဗီ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီး စော်လဒက်နှင့်အတူ