မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ ကြို၍မိန့်တော်မူရာ ပြည့်စုံလာ

ယေဟောဝါ ကြို၍မိန့်တော်မူရာ ပြည့်စုံလာ

ယေဟောဝါ ကြို၍မိန့်တော်မူရာ ပြည့်စုံလာ

‘ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ။ အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြမည်။’ (ဟေရှာယ ၄၆:၉၊ ၁၀) ဤသည်မှာ အနာဂတ်ကို အမှားအယွင်းမရှိကြို၍မိန့်တော်မူနိုင်သော ယေဟောဝါ၏ မိန့်ဆိုချက်ဖြစ်သည်။

လူသည် အနာဂတ်ကို တိတိကျကျကြို၍မပြောနိုင်သည်မှာ အများသိပင်ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ပရောဖက်ပြုချက်ပါသောစာအုပ်ဖြစ်သည်ဟူသည့်အချက်က ဘုရားသခင်သည် ယင်း၏အာဘော်ရှင်ဖြစ်သည်ဟူသည့်အဆိုကို ဆန်းစစ်ရန် အမှန်တရားရှာဖွေသူအားလုံး လှုံ့ဆော်မှုဖြစ်သင့်သည်။ ပြည့်စုံပြီးဖြစ်သော ကျမ်းစာပရောဖက်ပြုချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

ရှေးခေတ်ကလူမျိုးများ

ဧဒုံ၊ မောဘနှင့် အမ္မုန်တို့သည် အစတုံးဖျက်ဆီးခံရမည်ဟု ဘုရားသခင်ကြိုဟောခဲ့သည်။ (ယေရမိ ၄၈:၄၂; ၄၉:၁၇၊ ၁၈; ၅၁:၂၄-၂၆; ဩဗဒိ ၈၊ ၁၈; ဇေဖနိ ၂:၈၊ ၉) ထင်ရှားသည့်လူမျိုးအုပ်စုများအဖြစ်မှ ထိုလူမျိုးတို့ပျောက်ကွယ်သွားခြင်းက ဘုရားသခင်၏ ပရောဖက်ပြုချက်စကားတော် တိကျမှန်ကန်ကြောင်း သက်သေဖြစ်သည်။

အင်အားကြီးနိုင်ငံတစ်ခုသည် နောက်ဆုံးတွင် တည်ရှိတော့မည်မဟုတ်ဟု မည်သူမဆို ကြိုဟောနိုင်သည်ဟု တစ်ဦးတစ်ယောက်က ငြင်းချက်ထုတ်ပေမည်။ သို့သော် ထိုငြင်းချက်က သမ္မာကျမ်းစာသည် ထိုထက်ပို၍ အသေးစိတ်ဖော်ပြသည်ဟူသည့် အရေးကြီးသည့်အချက်ကို လျစ်လျူရှုခြင်းဖြစ်သည်။ ဥပမာ၊ ဗာဗုလုန်ကျဆုံးပုံကျဆုံးနည်း အသေးစိတ်ကို ဖော်ပြထားသည်။ ဗာဗုလုန်မြို့ကို မေဒိလူမျိုးတို့က အနိုင်ယူမည်၊ ကုရုဦးဆောင်မှုအောက်ရှိ ကျူးကျော်လာသောစစ်သားများဖြစ်မည်၊ မြို့ကိုကာကွယ်ထားသည့်မြစ်ရေ ခန်းခြောက်မည်စသည်တို့ကို သမ္မာကျမ်းစာတွင် ကြိုဟောခဲ့သည်။—ဟေရှာယ ၁၃:၁၇-၁၉; ၄၄:၂၇-၄၅:၁

အောင်မြင်လျက်ရှိသောနိုင်ငံများ သို့မဟုတ် လူမျိုးများနှင့်ပတ်သက်၍ ကြိုဟောရာတွင် သမ္မာကျမ်းစာက ယင်းတို့အားလုံးအစတုံးပျောက်ကွယ်သွားမည်ဟု ကြိုမဟောခဲ့ပါ။ ယင်းအစား ဗာဗုလုန်လူမျိုးလက်ချက်ဖြင့် ယေရုရှလင်မြို့ဖျက်ဆီးခံရမည်ကို ကြိုပြောရာတွင် ဗာဗုလုန်တို့သည် သုံ့ပန်းများကို ဘယ်တော့မျှပြန်လွှတ်ရိုးထုံးစံမရှိသည့်တိုင် ယေရုရှလင်မြို့ကို ပြန်လည်တည်ထောင်မည်အကြောင်း ဘုရားသခင်မိန့်တော်မူခဲ့၏။ (ယေရမိ ၂၄:၄-၇; ၂၉:၁၀; ၃၀:၁၈၊ ၁၉) ယင်းအတိုင်းပြည့်စုံခဲ့ပြီး ဂျူးအမျိုးအနွယ်သည် ယနေ့ထိတိုင် ထင်ရှားသောလူမျိုးတစ်မျိုးအနေနှင့် ဆက်တည်ရှိနေသည်။

ထို့ပြင် အီဂျစ်နိုင်ငံသည် ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ်မှ ကျရှုံးမည်ဖြစ်သော်လည်း “ထို့နောက်မှတစ်ဖန် အဲဂုတ္တုပြည်သည် အရင်ကဲ့သို့ စည်ပင်လိမ့်မည်” ဖြစ်ကြောင်း ယေဟောဝါကြိုဟောခဲ့သည်။ အချိန်တန်သည့်အခါ ရှေးအင်အားကြီးနိုင်ငံသည် ‘အားနည်းသောနိုင်ငံ’ ဖြစ်လာမည်ဖြစ်သည်။ (ယေရမိ ၄၆:၂၅၊ ၂၆; ယေဇကျေလ ၂၉:၁၄၊ ၁၅သမ္မာ) ယင်းသည်လည်း အမှန်ပြည့်စုံခဲ့သည်။ ထို့ပြင် ဂရိနိုင်ငံသည် ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ်မှ ကျရှုံးမည်ဖြစ်ကြောင်း ယေဟောဝါကြိုဟောခဲ့သည်၊ သို့သော် ထိုနိုင်ငံသည် အစတုံးပျောက်ကွယ်သွားမည်ဟူ၍ ကိုယ်တော်တစ်ခါမျှမဆိုခဲ့ပါ။ ပျက်သုဉ်းမည်ဟု ယေဟောဝါကြိုဟောခဲ့သည့် လူမျိုးများ ပျောက်ကွယ်သွားခြင်းနှင့် ယင်းကဲ့သို့ကိုယ်တော်ကြိုမဟောသည့် အခြားလူမျိုးတို့ ဆက်တည်ရှိနေခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် မှန်ကန်ပြီးယုံကြည်စိတ်ချထိုက်သော ပရောဖက်ပြုချက်ပါရှိသည်ဟူသည့် အချက်ဖြစ်သည်။

အံ့ဖွယ်ကောင်းလောက်အောင် အသေးစိတ်ကျမှု

အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ယေဟောဝါသည် မည်သို့မည်ပုံဗာဗုလုန်ကျရှုံးမည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များစွာ ဖော်ပြခဲ့သည်။ အလားတူပင် တုရုမြို့ကျရှုံးခြင်းအကြောင်း ကြိုဟောရာတွင် ယေဇကျေလကျမ်းက ယင်းမြို့၏ကျောက်၊ သစ်သားနှင့် မြေမှုန့်တို့ကို “ရေထဲ” သို့ချမည်ဟုဆိုထားသည်။ (ယေဇကျေလ ၂၆:၄၊ ၅၊ ၁၂) ဘီစီ ၃၃၂၊ မဟာအလက်ဇန္ဒားနှင့် သူ၏စစ်တပ်သည် အနိုင်ရထားသောကုန်းမြို့အပျက်အစီးများကို တုရုကျွန်းမြို့သို့တာရိုးတည်ဆောက်ချိန်တွင် အသုံးပြုသည့်အခါ ယင်းပရောဖက်ပြုချက် ပြည့်စုံခဲ့သည်၊ ယင်းကျွန်းမြို့ကိုလည်း အနိုင်ရခဲ့သည်။

ဒံယေလ ၈:၅-၈၊ ၂၁၊ ၂၂ နှင့် ၁၁:၃၊ ၄ တို့တွင်မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်တွင်လည်း အလွန့်အလွန်တန်ခိုးကြီးသည့် ‘ဂရိရှင်ဘုရင်’ နှင့်ပတ်သက်၍ အထူးစွဲမှတ်ဖွယ်အသေးစိတ်အချက်များပါရှိသည်။ ထိုဘုရင်သည် တန်ခိုးအာဏာအထွတ်အထိပ်ရောက်ချိန်တွင် သေဆုံးမည်ဖြစ်ပြီး သူ၏နိုင်ငံကို လေးပိုင်းခွဲကြမည်၊ သို့သော် သူ၏သားမြေးများခွဲယူကြခြင်းမဟုတ်ပါ။ ယင်းပရောဖက်ပြုချက်ကိုမှတ်တမ်းတင်ပြီး နှစ်ပေါင်း ၂၀၀ ကျော်သည့်အခါ မဟာအလက်ဇန္ဒားသည် ထိုတန်ခိုးကြီးဘုရင်ဖြစ်ကြောင်း သက်သေထူခဲ့သည်။ သူသည် အချိန်မတန်မီသေဆုံးခဲ့ပြီး နောက်ဆုံးတွင် သူ၏အင်ပါယာသည် သူ၏ဗိုလ်ချုပ်ကြီးလေးဦး—သူ၏သားမြေးများမဟုတ်—က ခွဲယူခဲ့ကြကြောင်း သမိုင်းကဖော်ပြသည်။

ဝေဖန်သူတို့က ဤပရောဖက်ပြုချက်သည် ဖြစ်ပြီးနောက်မှ မှတ်တမ်းတင်ခြင်းဖြစ်ရမည်ဟု ဆိုကြသည်။ သို့သော် အထက်တွင်ကိုးကားဖော်ပြခဲ့သည့် ဒံယေလကျမ်းပါမှတ်တမ်းကို တစ်ဖန်ပြန်ကြည့်ပါ။ ပရောဖက်ပြုချက်အနေနှင့်ကြည့်သည့်အခါ ယင်း၏အသေးစိတ်အချက်အလက်များသည် အထူးမှတ်သားဖွယ်ဖြစ်သည်။ သို့သော် ပရောဖက်ပြုချက်ပုံဖမ်းထားသည့် သမိုင်းမှတ်တမ်းအဖြစ် ရှုမြင်သည့်အခါတွင်မူ အသေးစိတ်အချက်အလက်များ သိသိသာသာကင်းမဲ့နေသည်မဟုတ်လော။ အလက်ဇန္ဒားနောက်ပိုင်း အသက်ရှင်ခဲ့သည့် ကလိမ်ကျသူတစ်ဦးက ပရောဖက်ပြုချက်အဖြစ် စာဖတ်သူများအထင်မှားစေရန် ကြိုးစားခဲ့ခြင်းဖြစ်မည်ဆိုလျှင် အလက်ဇန္ဒားသေဆုံးသည်နှင့် သူ၏သားနှစ်ဦးက ဘုရင့်အရိုက်အရာယူရန် ကြိုးစားကြမည်၊ သို့သော် အသတ်ခံရမည်စသည့်အချက်တို့ အဘယ်ကြောင့်မပါသနည်း။ ဆယ်စုနှစ်နှင့်ချီကြာပြီးနောက်မှသာ ဗိုလ်ချုပ်လေးဦးက အလက်ဇန္ဒား၏အင်ပါယာကို အပိုင်းများခွဲကာ တည်ထောင်မည်ဟူသည့်အချက်ကို အဘယ်ကြောင့်မဖော်ပြခဲ့ရသနည်း။ တန်ခိုးကြီးဘုရင်၏အမည်နှင့် သူ၏ဗိုလ်ချုပ်လေးဦး၏အမည်တို့ကို အဘယ်ကြောင့်မဖော်ပြခဲ့သနည်း။

သမ္မာကျမ်းစာ ပရောဖက်ပြုချက်တို့သည် ဖြစ်ပျက်ပြီးနောက်မှသာရေးခြင်းဖြစ်သည်ဟူသည့် အဆိုသည် သက်သေအထောက်အထားကို မဆန်းစစ်ဘဲ အနာဂတ်အဖြစ်အပျက်အကြောင်း ကြိုဟောခြင်းသည် မဖြစ်နိုင်ဟုဆုံးဖြတ်ကြသူတို့၏ ကြာမြင့်စွာဆုပ်ကိုင်ထားသည့် အထောက်အထားမရှိသော ပြောဆိုချက်တစ်ခုဖြစ်သည်။ သူတို့က သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်မြွက်စကားတော်အဖြစ် လက်ခံရန်ငြင်းဆိုကြသောကြောင့် အရာရာကို လူ့ရှုထောင့်မှနေ၍ မရမကရှင်းပြရန်ကြိုးစားကြသည်။ သို့သော် ဘုရားသခင်သည် ကျမ်းစာပရောဖက်ပြုချက်များ၏ အာဘော်ရှင်ဖြစ်ကြောင်း ထင်ရှားပြရန် ပရောဖက်ပြုချက်ဆိုင်ရာ လုံလောက်သောအသေးစိတ်အချက်အလက်တို့ကို ဉာဏ်ပညာရှိရှိမှုတ်သွင်းတော်မူခဲ့သည်။ *

သင်သည် သတ်သတ်မှတ်မှတ် သမ္မာကျမ်းစာပရောဖက်ပြုချက်များနှင့် ယင်းတို့ပြည့်စုံမှုအကြောင်းကို အချိန်ပေးကာ တွေးတောဆင်ခြင်မည်ဆိုပါက သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပါသည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်ကို အဘယ်ကြောင့်မလေ့လာဘဲနေမည်နည်း။ ယင်းတို့ကိုလေ့လာနိုင်ရန် “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” စာအုပ် စာမျက်နှာ ၃၄၃ မှ ၃၄၆ [လိပ်] တွင်ပါသောဇယားများက အထောက်အကူပြုပေမည်။ * ဤအကြံပြုချက်အတိုင်း သင်လုပ်ဆောင်မည်ဆိုပါက သင့်ယုံကြည်ခြင်းတည်ဆောက်ရန်ဟူသည့် ပန်းတိုင်ဖြင့် လေ့လာမှုပြုပါ။ အလျင်စလိုနှင့် အကြောင်းအရာကို ဖတ်သွားရုံမျှမပြုလုပ်ပါနှင့်။ ယင်းအစား ယေဟောဝါကြို၍မိန့်တော်မူသမျှသည် မမှားမယွင်းပြည့်စုံသည်ဟူသည့်အချက်ကို လေးမြတ်မှုဖြင့် တွေးတောဆင်ခြင်ပါ။

[အကျဉ်းဖော်ပြချက်]

^ အပိုဒ်၊ 13 သမ္မာကျမ်းစာပရောဖက်ပြုချက်သည် ဖြစ်ပျက်ပြီးနောက်မှရေးခြင်းဖြစ်သည်ဟူသောအဆိုမှားကြောင်း ထပ်ဆင့်အချက်အလက်များအတွက် ယေဟောဝါသက်သေတို့ထုတ်ဝေသော သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါး ရှိပါသလောစာအုပ် စာမျက်နှာ ၁၀၆-၁၁ ကိုရှု။

^ အပိုဒ်၊ 14 ယေဟောဝါသက်သေများထုတ်ဝေသည်။

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အသက်ရှင်နေထိုင်ရာတွင် အထောက်အကူပြုသည့်မူများ

ဤသည်မှာ နောက်ထပ်စဉ်းစားတွေးတောရမည့်အရာဖြစ်သည်။ ကမ္ဘာ့အာဏာစက်များအတက်အကျကို ဤမျှတိကျစွာကြိုဟောတော်မူသော ဘုရားသခင်သည် အသက်ရှင်နေထိုင်ရန် သမ္မာကျမ်းစာမူများကို ပေးတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။ ယင်းမူတချို့မှာ–

သင်ကြဲသည့်အတိုင်း သင်ရိတ်ရမည်။ဂလာတိ ၆:၇

ခံယူခြင်းထက် ပေးကမ်းခြင်းသည် ပို၍ပျော်ရွှင်စေသည်။တမန်တော် ၂၀:၃၅

ပျော်ရွှင်မှုသည် ဘုရားသခင်ကိုမှီခိုဖို့လိုကြောင်း သိမှတ်ခြင်းအပေါ်တွင် မူတည်သည်။မဿဲ ၅:၃ကဘ။

သင့်ဘဝအသက်တာတွင် ယင်းမူများအတိုင်းလုပ်ဆောင်ပါက ပျော်ရွှင်၊ အောင်မြင်မည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။

[စာမျက်နှာ ၂၂၊ ၂၃ ပါ ရုပ်ပုံများ]

ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤလူမျိုးတို့ အစတုံးပျောက်ကွယ်မည်ဟု ကြိုဟောခဲ့ . . .

ဧဒုံ

ဗာဗုလုန်

သို့သော် ဤလူမျိုးတို့ကိုမူ အစတုံးပျောက်ကွယ်မည်ဟု မဆိုခဲ့

ဂရိ

အီဂျစ်

[Credit Lines]

Pictorial Archive (Near Eastern History) Est.

Who photo by Edouard Boubat

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မဟာအလက်ဇန္ဒား